Pages

Friday, May 24, 2013

"ပုပ္ပါးတောင် သန်းခေါင်ယံည"

ပုပ္ပါးကိုအလည်သွားကြတုန်းက ဘန်ဂလိုပုံအဆောင်လေးတွေရှိတဲ့ ဟိုတယ်မှာတည်းကြရော ။ ညနေခင်းနဲ့ ညဦးပိုင်းက စားသောက်ပြီးသမျှကို room service အားကိုးနဲ့သိမ်းဆည်းမနေတော့... ။ ဘေးဆောင်ဘေးခန်းတွေ မီးမှိတ်လို့အိပ်ကြတော့ ငါလည်း အိပ်ချိန်တန်ပြီဟု ကိုယ့်စိတ်ကိုယ် force လုပ်ပြီး အိပ်ယာဝင်ခဲ့သည် ။ ခေါင်းအုံးပေါ် ခေါင်းချပြီးမှ ရန်ကုန်က မနေနိုင်မထိုင်နိုင်သယ်လာတဲ့ မုန့်ထုပ်တွေ ရှေ့ဝရန်တာမှာ ကျန်ခဲ့တာကို သတိရသည်။ ငါမသိမ်းမိပြန်ဘူး ။ ဝရန်တာမှာလည်း စားကြွင်းစားကျန်တွေကော မုန့်ထုပ်တွေကော၊ ကြွက်ပဲဆွဲမလား ကြောင်ပဲဆွဲမလား မျောက်တွေများရှိနေမလား မနက်မိုးလင်းလို့အပြင်လည်းအထွက် မျောက်တအုပ်ကြီး အစာမျှော်နေတာများတွေ့ရမလား ? ငါကခြောက်ပြုထုတ်လိုက်ရင် ငါ့ကိုဝိုင်းကုတ်ကြမလားမသိဘူး ။ ဒီကောင်တွေကအတော်စွာတယ် ကြားတယ် ။ အောင်မလေးနော် မျောက်ကမှတော်သေးတယ် ။ တော်ကြာနေ သရဲတွေအနံ့ရလို့ ငါ့ဘန်ဂလိုရှေ့ကို ရောက်လာ ၊ နောက်ပြီး စားကြသောက်ကြ ၊ စားပြီးသောက်ပြီးလို့ မပြန်ပဲ ငါ့ဆီမှာအစာပေါတယ်ဆိုပြီး ညတိုင်းလာမျှော်နေရင် ငါသေရချည်သေးရဲ့ ။ တွေးရင်းတွေးရင်း ကြက်သီးတွေ တဖြန်းဖြန်းထလာသည် ။


            ထိုစဉ်တစုံတခုက ပြတင်းပေါက်ရှေ့မှ ရိပ်ခနဲ ဖြတ်ပြေးသွားသလို ။ ဟယ်ဘာကြီးလဲ ? သရဲလား လူအရပ်လောက်တော့ ရှိတာပဲ ......တွေးနေရင်း အဲ့ဒီရိပ်ခနဲ ရိပ်ခနဲတွေကလည်း စိတ်လာသည် ။ အခန်းဖော် မမချောကိုလည်း မသေချာပဲ မနှိုးချင် ၊ သေချာလျှင်လည်း မနှိုးချင်ပါ ။ သူကအသဲငယ်လှသည် ။ ရိပ်ခနဲတွေ ရပ်သွားတော့ တီးတိုးစကားသံတွေ ဟိုတစဒီတစ ကြားရသလိုလို ။ ဘေးဆောင်က ဆွေမျိုးတွေဆီဖုန်းဆက်နှိုးလျှင်တော့ရသည် ။ သို့သော် အဲ့ဒီလောက် သတ္တိမကြောင်ပြချင်ပါ ။ ပြီးတော့ ငါ့ဟာငါများစိတ်ထင်တာလားဆိုတဲ့ သံသယစိတ်ကလည်းရှိသေး ။ ဟော .. တီးတိုးသံတွေပိုထင်ရှားလာပြီ ။ ထကြည့်မယ်ကွာ ။ အခန်းထဲမှာ ဘုရားရှိတယ် စိတ်ပုတီးရှိတယ် ဘုရားစာအုပ်လည်းရှိတယ် ။ ဘာကိုကြောက်ရမတုန်း?


           သတ္တိမွေးပြီး ကိုယ်ဖော့လျှောက် ၊ ပြတင်းတံခါးဆီသွား ၊ ခန်းဆီးစကို အသာလှပ်ကြည့်တော့ ...... "အောင်မလေးး ! " အသံထွက်ပြီးမအော်မိဖို့ ကိုယ့်ပါးစပ်ကိုယ်အချိန်မှီလက်ဝါးနဲ့အုပ်လိုက်ရသည် ။ ဝရံတာတွင် ပြဒါးယောင်တမျိုးဖြာထွက်နေသော ၊ ယနေ့ခေတ်အဝတ်အစားမဟုတ်သော ဝတ်ပုံစားပုံဆန်းတမျိုးနှင့် ယောက်ျား၊ မိန်းမ ဆယ့်ငါးယောက် အယောက်နှစ်ဆယ်လောက် အခန်းရှိရာသို့ မျက်နှာမူပြီးရပ်နေကြသည် ။ မျက်လုံးတွေပြာဝေပြီး ခေါင်းနားပန်းတွေကြီးလာသည်။ ရင်ကလည်းတဒိတ်ဒိတ်ခုန်ကာမောလာသည် ။ ခုတင်ဆီသို့ အားတင်းပြန်လျှောက်လာပြီး ၊ မေတ္တသုတ်ရွတ် အမျှဝေသည် ။ ထပ်ခါထပ်ခါရွတ် ထပ်ခါထပ်ခါ အမျှဝေပြီးသော် စိတ်လုံခြုံမှုရှိလာ၍ ခန်းဆီးစကြားမှ မနေနိုင်မထိုင်နိုင် ချောင်းကြည့်မိပြန်သည် ။
မိန်းမတယောက်ထဲ ကျန်ခဲ့သည် ။ ယခုနက လူအုပ်လိုက်ကြီးမရှိတော့ ။ ခေါင်းဆောင်တို့၏ ရုပ်ရည်မျိုးနှင့် ထိုမိန်းမက ချောင်းကြည့်နေရာသို့ ပြုံးပြုံးကြီးစိုက်ကြည့်လာ၍ ခန်းဆီးစအသာချကာ ခုတင်ပေါ်ပြန်တက် ၊ ဘုရားစာရွတ်ရင်းမိုးလင်းခဲ့ရသည် ။
(အဒေါ်တယောက်၏ ကိုယ်တွေ့ ။ ၂၀၁၁ခု ၁လပိုင်း တွင်မှ ဖြစ်သွားခြင်းဖြစ်သည် ။ )


ကာယကံရှင်၏ ဆန္ဒအရ အမည်မဖော်ပြပဲ ကျေးဇူးတင်လိုက်ပါသည်။

တီးတိုးသံများကို မုန်းသူ
(အက်ဒမင်-ရွာတော်ရှင်)


by facebook page

No comments:

Post a Comment