Pages

Friday, May 24, 2013

"အတော်ဆိုးတဲ့.....ဟတ်ချိုး"

ကျွန်တော့် အတွက်တော့ ကြောက်စိတ်ဆိုတာ အမြဲတမ်းကြီးရှိမနေတတ်ဘူးထင်တယ်။ ဟိုးတစ်နှစ်ကပေါ့။  နှလုံးသားခေါ်ဆောင်ရာ စင်္ကာပူရဆိုသော ခြင်္သေ့နိုင်ငံကြီးကို တစ်ခါတစ်ခေါက်အရောက်....။
မိုးတွေကလည်းနေ့စဉ်ရက်ဆက် ။ ဘယ်ကြည့်ကြည့် စက္ကူမီးရှို့ နံ့တွေနဲ့အတူ မြူလိုလို မီးခိုးငွေ့တွေလို အရာတွေက ဝေဝေမှိုင်းမှိုင်း ။

                        အိမ်ကနေ ထွက်ပြီဆိုတာနဲ့ ပြာပုံတွေ၊ မုန့်အစုအစုလေးတွေကို ပန်းကန်လေးတွေနဲ့ ထည့်ထားတဲ့ဟာတွေကို ရှောင်ကွင်းသွားရတာလည်း တစ်ဒုက္ခ။ မရှောင်လို့လည်းစိတ်မသန့်ပြန်ဘူးလေ။ မသန့်ဆို ကိုယ်ကလည်း အငြိမ်မနေ။ ဒီကာလ ဒီပွဲတော်ရှိပါတယ်ဆိုမှ အင်တာနက်မှာလျှောက်ရှာ လျှောက်ကြည့် . . . ဒါမှအားမရဘူး။ The Maid ဆိုတဲ့ ဒီနိုင်ငံလေးထဲမှာရိုက်ထားတဲ့ သရဲကားသွားကြည့်မိပြီး နေ့လည်နေ့ခင်းမိုးများအုံ့လာပြီဆိုရင်တောင် ကျောချမ်းသလိုကဖြစ်လာပြီ။
အလုပ်ကအပြန် ရထားဂိတ်ကနေ၊ အိမ်အထိလျောက်လာတဲ့ လမ်းမှာရှိတဲ့ secondary ကျောင်းလေးဘေးက ပေါင်းကူးလေးရောက်ရင် အရိပ်တွေကလှုပ်နေသလိုလို၊နောက်က ခြေသံတွေကြားနေရသလိုလို၊ နောက်ကပဲကိုယ့်နာမည်ကို ခေါ်နေသလိုလိုနဲ့
တော်တော်ခြောက်ခြားစရာကောင်းတဲ့လ . . .။

                        ညဘက်ညဘက်ရေဘူးဘေးမှာထားပြီး ရေခဏခဏသောက်ပြီး  အိမ်သာနဲ့ နပန်းလုံးနေရတဲ့ကျနော့်မှာ အာခေါင်တွေခြောက်လွန်းမကခြောက်တာတောင် ရေမသောက်ရဲ ၊ဆီးအရမ်းသွားချင်လာတယ်ဆိုရင်တောင် ဘယ်ကိုမှမျက်စိကစားမနေဘဲ အသက်တောင်မရှူရဲခဲ့တဲ့ညတွေ၊ ဘယ်လောက်ပူပူ ပြတင်းတံခါးကို သေချာပိတ်ပြီးမှအိပ်ခဲ့တဲ့ညတွေ ကျနော့်အတွက်တော်တော့်ကို  ခြောက်ခြားစရာညတွေပါပဲ။

                     တစ်ရက် သူငယ်ချင်းလင်မယားက အိမ်မှာလာအိပ်ပါဆိုတာနဲ့  သူတို့ဆီမှာ သွားရင်းဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့   ညအိပ်ချိန်ရောက်လာပြီ။အိပ်ယာပြောင်းရင် တော်ရုံအိပ်မပျော်တတ်တဲ့အကျင့်က ဒုက္ခတော်တော်ရောက်ပါတယ်။ တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်နဲ့ မျက်လုံးမှိတ်ထားရင်လည်း အတွေးတွေကဟိုရောက်ဒီရောက် ။ အဲ့အချိန်မှာပဲ ချွတ်ကနဲကုတင်ခြေရင်းကအသံ ကြားလိုက်ပါတယ်။ ဘေးနားလှည့်ကြည့်တော့ သူငယ်ချင်းတွေကအိပ်ကြပြီ။ သူငယ်ချင်းမဟုတ်ဘူးဆိုတဲ့အသိနဲ့တင် ခေါင်းနပန်းကြီးလာပြီး ဘာများမြင်ရမလဲဆိုတဲ့အတွေးနဲ့
ကြောက်ကြောက်လန့်လန့်နဲ့ အမှောင်ထဲကိုစူးစိုက်ကြည့်နေရင်း ရိပ်ခနဲလှုပ်သွားတာမြင်လိုက်တာနဲ့တစ်ပြိုင်နက်ပဲ.....

                                             "ဟပ်ချိုး . . .!!!!"

ဆိုတဲ့အသံကို ကြားလိုက်ရသည်။ သိပ်ကျယ်လောင်နေတာမဟုတ်ပေမယ့်  တိတ်ဆိတ်ငြိမ်သက်နေတဲ့ညသန်းခေါင်အချိန်ကြီးမှာ
ထို ဟပ်ချိုးဆိုတဲ့အသံကြီးက ကျနော့်တစ်ကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်းထ ခေါင်းကြောတွေထောင်သွားတဲ့အထိ ခြောက်ခြားစရာကောင်းလှသည်။မှောင်မဲနေတဲ့ ကုတင်ခြေရင်းကိုကြည့်လိုက်တော့လည်း တစ်စုံတစ်ယောက် ငုတ်တုတ်ထိုင်နေသလိုလို။ သေချာကြည့်ရင် ထိုအရာကလှုပ်လာသလိုလို
နောက်ဆုံး ခေါင်းမြီးခြုံရင်း မျက်စိကိုအတင်းမှိတ်လိုက်ရသည် ။ကြောက်စိတ်ကြောင့်ထင်တယ် ပိုပြီးအိပ်မပျော်ဖြစ်ရတဲ့အထဲ တစ်ချက်တစ်ချက် ကြားရတဲ့ ဟပ်ချိုးအသံကြောင့် လူကတစ်ကိုယ်လုံး တုန်သွားသည်။ ဒီလိုနဲ့ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ မိုးလင်းလေရောပေါ့ . . .။

                              မနက်လင်းတော့ မနက်စာစား အင်တာနက်လေးသုံး သီချင်းလေးနားထောင်ရင်း သူငယ်ချင်းကို ဒီအကြောင်းပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလားလို့ စဉ်းစားနေတုန်း ဟပ်ချိုး ဆိုတဲ့အသံက ကုတင်ခြေရင်းကနေထပ်ထွက်လာလို့ အမယ်လေးလို့တောင် ယောင်အော်လိုက်မိတယ်။ အဲ့ဒါဘယ်ကအသံလဲ ဘယ်ကထွက်တာလဲလို့ သူငယ်ချင်းကိုမေးတော့မှ ကျနော့်အဖြစ်ကို ခွက်ထိုးခွက်လှန်ရယ်ရင်း ကုတင်ခြေရင်း အဲကွန်းဘေးမှာတပ်ထားတဲ့ စပီကာလိုဟာလေးကို လက်ညှိုးထိုးပြပါလေရော။ အဲဖရက်ရှာ(air fresher)လေတဲ့ ။ နေ့လည်ဆိုပိတ်ထားတာ ညမှဖွင့်တာတဲ့ ။
ခုပိတ်ဖို့မေ့နေလို့တဲ့ ။ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ အဲ့ဒါလေးကိုသေချာကြည့်နေရင်း တော်တော်ကြာတော့ ဟပ်ချိုး ဆိုတဲ့အသံနဲ့အတူ အဲ့ဒါလေးကနေ ရေငွေ့လေးတွေထွက်လာတော့မှ ကျနော်သက်ပြင်းချနိုင်တော့တယ်။

မစူးမစမ်းကြောက်မိတဲ့ကျနော့်အဖြစ်လေးပါ . . . အဲ့ညကိုပြန်ပြောရင် ခုချိန်ထိ အဲ့လင်မယားကျနော့်ကို ဝိုင်းဟားးတုန်းးပဲ . . .
တော်တော်ဆိုးတဲ့ ဟပ်ချိုး ပါ . . . 


Credit to Myanmar Cybermedia Forum

ဟတ်ချိုးချေသံ မကြားချင်တော့သူ

(အက်ဒမင်-ရွာတော်ရှင်)


by facebook page

No comments:

Post a Comment