သရဲအကြောင်းရေးဆိုရေးစရာတွေကအများကြီးပါပဲ။
ခက်နေတာကကိုယ်တွေ့မဟုတ်ပဲသူများတွေ(ဥပမာ- အဖိုး၊အဖွား၊အမေ၊အမ)ရဲ့
ကြုံဆုံခဲ့ရပုံတွေဆိုတော့ပြောရတာသိပ်အရသာမရှိဘူးဖြစ်နေတယ်။ဘာပဲပြောပြောလေ
တတ်နိုင်သလောက်တော့ ကောင်းအောင်ရေးပြီးလိုက်ပါတယ်။ အဖွားငယ်ငယ်တုံးက
ကြုံခဲ့ရတာလေးပေါ့ ။ အဖွားတောင်ငါးနှစ်သမီးလောက်တုံးကဆိုတော့ ၁၉၄၀
ဝန်းကျင်လောက်ကပေါ့၊ ဂျပန်တွေမဝင်ခင်အင်္ဂလိပ်ခေတ်မှာပါ။
ဒီလောက်ငယ်ငယ်လေးတုံးကအဖြစ်အပျက်ကိုခုထိမှတ်မိသေးလားဆိုတော့ ဟုတ်ပါတယ် အဖွားကို ကိုယ်တိုင်မေးကြည့်ဖူးပါတယ်။ အဖွားကပြောတယ် သူဘယ်လောက်ငယ်ငယ် အသဲထဲစွဲလောက်အောင်ကိုကြောက်ခဲ့၊ကြုံခဲ့ရတဲ့အဖြစ်အပျက်ဆိုတော့ ခုပြန်ပြောပြရင် ခုမျက်စိထဲပြန်မြင်ပါတယ်တဲ့ ။ အဖွားကမွေးချင်းလေးယောက်ထဲမှာဒုတိယမြောက်ပါ။ အဖွားတို့မောင်နှမလေးယောက်၊ အဖေ၊ အမေနှင့်ခလေးထိန်းကုလားမကြီး(အာရားမ လို့အဲဒီခေတ်ကအခေါ်)၊ ပေါင်းခုနှစ်ယောက် မအူကုန်း(ယခုယူဇနပလာဇာရှေ့)က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးမှာနေကြပါတယ်။ အဖေ၊ အမေနှင့် အငယ်ဆုံးလေးက အောက်ထပ်အခန်းမှာနေကြပြီး အဖွား၊ အဖွားရဲ့အထက်ကအကိုကြီး၊ အဖွားအောက်ကညီမအငယ်နှင့် အာရားမကြီးတို့က အပေါ်ထပ်ကအခန်းမှာနေကြပါတယ်။ စပြောင်းပြောင်းချင်းညမှာပဲ လူခြေတိတ်ချိန်ရောက်ပြီဆိုတာနှင့် အဖွားတို့အခန်းတံခါးက အလိုလိုပွင့်လာပြီး ဆာရီအဖြူရောင်ဝတ်ထားတဲ့ ခေါင်းမြီးခြုံကုလားမကြီးဟာခလေးသုံးယောက်နဲ့၊ အထုပ်တစ်ထုပ်ခေါင်းမှာရွက်ပြီးတော့ ကုတင်ဘေးနားမှာလာကြည့်နေတာပါ။ အဲလိုမျိုးလာလာကြည့်တာလည်း ညစဉ်ညတိုင်းမပျက်မကွက်ပဲတဲ့။
တစ်ခန်းတည်း အတူအိပ်ကြတာဆိုပေမယ့် တစ်ယောက်အိပ်ကုတင်လေးတွေ တစ်ယောက်တစ်လုံး ကိုယ်စီနဲ့အိပ်ရတဲ့ အဖွားတို့မှာကြောက်လွန်းလို့အသံမထွက်ရဲကြဘူးတဲ့။ အာရားမကြီးကလည်း သတ္တိအရာမှာနှစ်ယောက်မရှိဆိုပဲ။ ခလေးတွေနည်းတူ စောင်ခေါင်းမူးခြုံပြီးအိပ်တာ :D ။ ကုလားမကြီးနဲ့သူ့ခလေးတွေမရှိတော့မှပဲ အော်ငိုရဲကြတဲ့ အဖွားတို့ကိုချော့ပြီးသူလည်းပြန်အိပ်တယ်တဲ့(အဲလိုအားကိုးရတာ :P) ။ နောက်တော့အဖွားတို့လည်း ကုလားမကြီးညတိုင်းလာပေမယ့် အော်တော့မငိုဖြစ်ကြတော့ဘူးတဲ့။ ကြောက်တာတော့ကြောက်တုံးပဲတဲ့။ သရဲဆိုလုံးဝအယုံအကြည်မရှိတဲ့၊ နဲနဲလည်း ဘိုဆန်တဲ့မိဘတွေနဲ့ဆိုတော့ တော်တော်လေးကြာတဲ့အထိ အဖွားတို့အဲဒီအိမ်မှာဆက်နေဖြစ်ကြတယ်တဲ့။အနေကလည်း နဲနဲကြာလာပြီး ပတ်ဝန်းကျင်နဲ့လည်း တော်တော်လေးရင်းနှီးလာတော့မှ သိရတာက အဖွားတို့အခုနေတဲ့အိမ်က အိမ်ရှင်ကုလားမကြီးနဲ့မိသားစုဟာ ဟိန္ဒူ၊မွတ်စလင် အရေးအခင်းမှာအသတ်ခံလိုက်ရတာပါ။ အဖွားတို့နေနေတဲ့အခန်းဟာလည်း ကုလားမကြီး သူ့ခလေးသုံးယောက်ကိုထားတဲ့အခန်းဆိုတော့ စိတ်စွဲပြီးညညလာလာကြည့်ကြည့်နေတာထင်ပါတယ်။ အဖွားတို့ကလည်း မောင်နှမသုံးယောက်စလုံး အဲဒီအခန်းထဲမှာအိပ်ကြရတာဆိုတော့ကွက်တိပေါ့။ ဒီတော့မှအဖွားတို့အမေလည်း အိမ်မြန်မြန်ပြောင်းဖို့စီစဉ်တော့တာတဲ့ ။
အဲဒီကပြောင်းပြီး နောက်အိမ်တခုရောက်တော့ ဘာမှမဖြစ်ပဲအကုန်အေးဆေးပါပဲတဲ့။ နောက်အိမ်တစ်ခုကတော့အဖွား အဖိုးနဲ့အိမ်ထောင်ကျပြီးမှနေတဲ့ စူနီယမ်ပါ့ခ်(ကမ္ဘာအေး)က အရင်ဂျပန်တွေအသုံးပြုခဲ့တဲ့ကင်ပေတိုင်အိမ်ပါပဲ။ အဲဒီအိမ်ကတော့ဘယ်လောက်ခြောက်သလဲဆိုရင် လူမဝင်အောင်တံခါးပိတ်ထားရတဲ့ အိမ်အလယ်တည့်တည့်က အခန်းတစ်ခန်းတောင်ရှိပါတယ်။ ယောင်မှားပြီးနေ့လယ်ဘက်ဝင်မိတာတောင် ကြက်သီးတွေထပြီး အသဲထဲကနေကို စိမ့်တက်ပြီးကြောက်လာရအောင်ကိုထူးခြားတာပါ။ အဲဒီအခန်းဟာ အရင်တုန်းက ကင်ပေတိုင်တွေက လူမျိုးခြားတွေကိုဖမ်းပြီး နှိပ်စက်စစ်ဆေးခဲ့တဲ့အခန်းပါ။ အဲဒီအိမ်ကသရဲတွေ ရဲတင်းချက်ကတော့ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ကိုခြောက်တာပါ။ အိမ်သာသွားတဲ့ အဖိုးရှေ့ကနေ တဖက်နံရံကထွက်လာပြီး နောက်တဖက်နံရံထဲဝင်သွားလို့ အဖိုးက အိမ်သာထဲမှာထောင်ထားတဲ့ လှော်တက်ကြီးတခုနဲ့တောင် လိုက်ရိုက်လိုက်တာ အဲလောက်အတင့်ရဲတဲ့သရဲကို ။ အဲဒီအိမ်ရဲ့သတင်းကြောင့် အဖွားမကြောက်အောင်လာနေပေးတဲ့ အဖွားရဲ့အဒေါ်ကတော့ သရဲဆိုတာတကယ်မရှိဘူး ကြောက်စရာလဲမလိုဘူးဆိုတာ အဲဒီအိမ်ရောက်ထဲကအဖွားကိုပြောနေကြပါ။ တရက်သူလည်းအိမ်သာသွားရော(အဖိုးသွားခဲ့တဲ့ရေချိုးခန်းပါအိမ်သာမဟုတ်ပါ) အိမ်သာထဲကထုပ်တန်း(အရင်ခေတ်ကအိမ်သာတွေရဲ့ပုံစံအတိုင်း)ပေါ်ကနေ အင်္ဂလိပ်မကြီးတစ်ယောက် ဇောက်ထိုးကြီးထိုးဆင်းလာတာမြင်တော့မှပဲ အောင်မလေးကြောက်ပါပြီတွေ ဘာတွေအော်ပြီး အိမ်ကိုပတ်ပြေးရော(မှတ်ပြီလားတဲ့သရဲမက :P) နောက်များမှပဲအဖိုးရဲ့အတွေ့အကြုံတွေထပ်ရေးပေးပါအုန်းမယ်။
ဖြစ်ရပ်မှန်အကြောင်းအရာများကို အချိန်ယူပြောပြပေးသူ မ Wai Thi အား အထူးကျေးဇူးတင်လျှက်....
လှော်တက် ဆောင်လိုသူ
(အက်ဒမင်-ရွာတော်ရှင်)
by facebook page

No comments:
Post a Comment