သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Showing posts with label သရဲသစ္စေ. Show all posts
Showing posts with label သရဲသစ္စေ. Show all posts

Friday, May 24, 2013

“အော်! လူမှားသွားလို့ ပါရှင်”

ကျွန်တော်ငယ်ငယ်တုန်းက အဖွားက မြို့ လေးတစ်မြို့ ကို ခေါ်သွားဖူးတယ်။ အဲဒီမြို့ မှာ ကျွန်တော်တို့ အမျိုးတွေ ရှိတယ်ဆိုပြီးလေ။ မြို့ လေးနာမည်ကတော့  “ရွှေကျင်” တဲ့ ။ ရန်ကုန်-မန်းလေး လမ်းမပေါ်မှာရှိတဲ့  “ညောင်လေးပင်”ဆိုတဲ မြို့ ကနေပြီးတော့  လမ်းခွဲရတယ်။ “မဒေါက်” ဆိုတဲ့ မြို့ ဆီကို ပေါ့။ အဲဒီကနေ မှ တစ်ဆင့် “ရွှေကျင်” ဘက်ကမ်းကို စစ်တောင်းမြစ်ကို ဖြတ်ပြီးတော့  ဇက် (ကားတွေပါတင်လို့ ရတဲ့  လှေ ) တွေနဲ့ ကူးကြရတာ။ အခုတော့  တံတားကြီးထိုးထားပါတယ်။ ရွှေကျင်မြို့ ထဲကို ၀င်ဝင်ခြင်းမှာ
မြို့ ကျက်သရေဆောင် မုဒ်ဦးကြီး ရှိသဗျှ။ အနော်တွေ့ ဖူးသမျှမြို့ တွေထဲမှာ မြို့ ဝင်ဝင်ခြင်းမှာ ဆောက်ထားတဲ့ မုဒ်ဦးဆိုလို့ အဲဒီဟာ
တစ်ခုပဲ ကျန်တယ်။ မန်းလေးကတော့  မြို့ ထဲမှာ နန်းတော်ရှိတာကိုးနော့ ။ ။
အဲဒီမြို့ ကတော်တော်လေး ပျော်ဖို့ ကောင်းပါတယ်။ ညီအကို၊ မောင်နှမ တွေလည်း အများကြီးပဲ။ နောက်ပြီးတော့ 
ရွှေကျင်မြို့ ကနေ နှစ်မိုင်လောက် ဝေးတဲ့ နေရာမှာ ခြေတော်ရာရွာ ဆိုပြီးတော့ လည်း ရှိသေးတယ်။ အဲဒီရွာဆိုရင်တော့ 
တစ်ရွာလုံး အမျိုးတွေ ချည်းပဲလို့ အဖွားက ပြောဖူးတယ်။ အဲဒီရွာက အင်္ဂနီ-သံဆိပ် လမ်းမပေါ်မှာ တည်ရှိတာခင်ဗျ။
ရွှေကျင်မြို့ ကနေပြီးတော့  အဲဒီရွာကို သွားရင် လမ်းလျှောက်သွားလို့ လည်းရသလို၊ စက်ဘီးတွေနဲ့ လည်း သွားလို့ ၇တယ်။ စက်ဘီးအငှားလိုက်သူကို (ကယ်ရီယာ) လို့ ခေါ်တယ်ခင်ဗျ။ အဲဒီမြို့ ကလူတွေကလေ။ ဆိုင်ကယ်တွေ ပေါ်သေးဘူး။

အခုပြောပြမဲ့ ဇာတ်လမ်းမှာ အဲဒီလမ်းမကြီး အရေးအပါဆုံးပေါ့။ ဘာဖြစ်လို့ လဲ ဆိုရင် အဲဒီလမ်းကို ညနေခြောက်နာရီကျော်ရင် ဘယ်သူမှ မသွားတော့ ဘူး။ အရေးဟဲ့ ၊ အကြောင်းဟဲ့ သွားစရာရှိရင်လည်း လူတွေစုပြီးတော့ သွားကြတယ်။ မီးတုတ်တွေ၊ မီးတိုင်တွေနဲ့ ပေါ့။ လမ်းမကြီးကတော့ ကြောက်စရာမလိုပေ့ မယ့်  လူတွေဟာ ရွာနဲ့ မြို့ နဲ့ ကြားမှာ တည်ရှိနေတဲ့  သင်းချိုင်းကုန်းကို
ကြောက်ကြလို့ ပါ။ အရမ်းခြောက်တယ်။ အဲဒါ သချိုင်းကုန်း အလယ်လမ်းမကြီးရဲ့  ဟိုဘက်ဒီဘက်မှာ ကျွန်းပင် တစ်ပင်စီပေါက်နေတယ်။ အဲဒီကျွန်းပင်ကို “ကျွန်းပင်မောင်နှမ” လို့ ခေါ်သဗျ။ လူတွေက လူစုလူဝေးနဲ့ သွားတာတောင် အဲဒီနေရာရောက်ရင် ဟိုဘက်ကျွန်းပင်ကနေ လျှာကြီးတစ်ခုထွက်လာတယ်။ ဒီဘက်ကျွန်းပင်ကလည်း လျှာကြီးတစ်ခုထွက်လာတယ်။
အဲဒီနှစ်ခုက အလယ်မှာ တွေ့ ဆုံကြတယ်။ ပြီးရင် အသံတွေ ပေါင်းစုံနဲ့  ခြောက်လန့် တတ်တယ်။ အဲဒီကြောင့် မြို့ ကလူပဲ ဖြစ်ဖြစ်၊ ရွာက လူပဲ ဖြစ်ဖြစ် ညနေခြောက်နာရီကျော်ရင် အဲဒီလမ်းကို တော်ရုံတန်ရုံ သတ္တိနဲ့ တော့ မဖြတ်ဝံ့ဘူး။
ကျွန်တော်တို့ ရွှေကျင်မြို့ ကို ရောက်တော့   နေ့ ဆိုရင် ညီအကိုတွေနဲ့  တောတွေထဲ လျှောက်သွားတယ်။ ညဆိုရင် အိမ်အပေါ်ထပ်မှာ စုပြီးတော့  သရဲ အကြောင်းတွေ ပြောကြတယ်။ ညီအကို ဘယ်လောက်များလည်းဆိုရင် ဆယ်ယောက်ကျော်လောက်ရှိတယ်ဗျ။ ပြီးတော့ စုပြီးအိပ်ကြတာဆိုတော့  သရဲအကြောင်းပြောမိရင် တော်တော်နဲ့ မအိပ်တော့ ဘူး။ အပေါ့သွားရင်လည်း အဖော်ခေါ်၊ ရေထသောက်ရင်လည်း အဖော်ခေါ်နဲ့  ပျော်တော့ ပျော်စရာကြီးပါ။ အိပ်ရင်လည်း အနော်က အားလုံးရဲ့ အလယ်ထဲထိရောက်အောင်တိုးတာ။ ပြီးတော့ မှာ စိတ်ချလက်ချအိပ်ရဲတယ်။ မဟုတ်ရင် ကြောက်နေရော။ ပြီးတော့ ပြောတဲ့ သရဲအကြောင်းတွေကလည်း စုံတယ်။ ခြေကလိမ်မတို့ ၊ ခေါင်းပြတ်သရဲတို့ ၊ အဲဒီခေတ်အခါက ခေတ်စားနေတဲ့  ကျောပေါက်သရဲတို့ ပေါ့။ ပြောပြီးလို့ အိပ်ချိန်တန်ရင်တော့  ဟဲဟဲ ။ ။
အဲဒီတုန်းက ဦးလေးတစ်ယောက်ရှိတယ်ခင်ဗျ။ သူက တော်တော်ကြောက်တတ်တာရယ်။ ဘယ်လောက်ကြောက်တတ်လဲဆိုရင် ကျွန်တော်တို့ သရဲအကြောင်းတွေ ပြောပြီဟေ့ ဆိုရင် သူထွက်ပြေးတယ်။ ပြီးရင် နံရံကို နားကပ်ပြီး ခိုးနားထောင်တယ်။ အိပ်ရင်လည်း အလယ်ထဲမှာလာလာအိပ်တယ်။ အနော်နဲ့ ဆို ခဏခဏ ရန်ဖြစ်တာ။ ခလေးမို့ လို့ သူက ညှာပြီးတော့  အနော်ဘေးမှာ အိပ်ရတယ်။ပြီးတော့ အပေါ့သွားချင်တာတို့ အိမ်သာတတ်ချင်တာတို့ ဆို အကုန်လုံးကို လိုက်နှိုးတာ။ တော်တော်ဆိုးတယ်ခင်ဗျ..သူကလေ။ သူ့ နာမည်က “သိန်းလွင်” တဲ့ ။ အနော်တို့ က ဦးသိန်း လို့ ခေါ်တယ်။

အဲဒီလိုနေလာတုန်း တစ်နေ့ ဗျာ။ ကျွန်တော်တို့ တည်းတဲ့ ခြံရှေ့ အိမ်က အဒေါ်ကြီးတစ်ယောက် ဆုံးသွားတယ်။ သူသေသွားတာ ထူးဆန်းတယ်။ ဒီလိုဂျာ… နယ်တွေဆိုတော့  ညဆို အိမ်သာတတ်တာတွေ ဘာတွေက ခြံထဲမှာပဲ အိမ်သာတစ်လုံး ဆောက်ပြီး ကိစ္စပြီးကြတာပဲမလား? အဲဒီတော့  သေသွားတဲ့ အဒေါ်ကြီးက ညဘက် အိမ်သာသွားတတ်တယ် ဆိုပါတော့ ။ သူတို့ အိမ်ကဆောက်ထားတဲ့ ပုံစံကလည်း အိမ်နောက်ဖေးက တောင်ကုန်းကြီး။ အဲဒီတောင်ကုန်းအောက်မှာ သူတို့ အိမ်လေ။
အိမ်သာက တောင်ကုန်းနဲ့ ကပ်နေတာ။ တောင်ကုန်းပေါ်မှာက ဂျပန်ခေတ်က ကင်ပေတိုင်ရုံးရှိတယ်။ ဂျပန်တွေက လူတွေကို သတ်သတ်ပြီးတော့ တောင်ကုန်းအတိုင်း အလောင်းတွေကို ကန်ချထားတာ။ အဲဒီလို ဇာတ်လမ်းက။ အဲဒီနေရာက သရဲလည်း တော်တော်ခြောက်ပါတယ်။ အိမ်ပိုင်ရှင်အဒေါ်ကြီးက သူအိမ်သာသွားတော့  သူ့ ယောင်္ကျားကို ခေါ်သွားတယ်။ စောင့်ဖို့ လေ။
အဲဒါကို သူ့ ယောက်ျားက သူ့ ကိုတော်တော်ချစ်ပါတယ်။ မိန်းမက အိမ်သာထဲလည်းဝင်သွားရော သူလည်း အိမ်ထဲ ပြန်ဝင်သွားတယ်။:P
အိမ်သာတတ်နေတုန်း အနောက်ဘက်ကနေ “၀ုန်း ၀ုန်း” ဆိုပြီး ပြုတ်ကျလာသံကြားလို့  အဲဒီအဒေါ်ကြီးက တံခါးဖွင့်ကြည့်မိတာ။
သူမြင်လိုက်ရတဲ့  မြင်ကွင်းကို တွေ့ ပြီး သွေးလန့်ပြီး အော်ထည့် လိုက်တာ ကျွန်တော်တို့ တွေ တောင်လန့် နိုးကုန်တယ်။ အဟုတ်။
အကျယ်ကြီး။ အဲဒါနဲ့ ဘာဖြစ်လဲ ဆိုပြီး မီးခွက်တွေထွန်း ဘာထွန်းနဲ့ သွားကြည့် ကြတာ။ အိမ်ကလူကြီးတွေပါ။ ကျွန်တော်တို့ က ပါဝူး

လူကြီးတွေက ရောက်သွားတော့ အဒေါ်ကြီးက အိမ်သာထဲမှာ ကန်တော့ နော် (အီးတန်းလန်းနဲ့ သတိလစ်နေတာ)။ ဘေးအိမ်တွေက ၀ိုင်းကူပေါ့ဗျာ။ သတိရလာအောင် ၀ိုင်းလုပ်ကြတယ်။ သတိလည်းရလာရော တော်တော်နဲ့ အကြောက်မပြေသေးဘူးခင်ဗျ။ သူ့ အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ အသံကြားလို့ ထွက်ကြည့် တော့  ကောင်လေးတစ်ယောက်က မြေကြီးမှာ ကုန်းကုန်း ကုန်းကုန်းနဲ့ ၊
လက်တွေကလည်း မြေကြီးကို စမ်းနေသေးသဗျှ။ နောက်တော့ မှာ အဲဒီကောင်လေးစမ်းနေတာ သူခေါင်းကို လိုက်ရှာနေတာ ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အဲဒီအဒေါ်ကြီးလည်း လန့် ပြီးအော်တာပါပဲ။ သူက အဲဒီအဖြစ်အပျက်ကို ပြောပြီးတော့ ခဏနေတော့  ကယောင်ကတမ်းတွေ လျှောက်ပြောတော့ တာပဲ။ “ခေါင်းပြတ်ကြီးလာနေပြီ” “ငါဆီလာနေပြီ လုပ်ပါဦး” ဒီလိုတွေ အော်နေတာ။
ကိုယ်ပူရှိန်လည်းတတ်လာတယ်လေ။ နောက် ရပ်ကွက်ထဲက ဆေးဆရာက အိပ်ဆေးတစ်လုံး ထိုးပေးလိုက်တော့ မှ ငြိမ်ပြီး အိပ်ပျော်သွားတာခင်ဗျ။ ဒါပေ့ မယ် မနက်မိုးလင်းတော့ မထလာတော့ဘူးလေ ဟီး ။ အဲဒီတော့ မှ သူယောင်္ကျားလည်း ရင်ကွဲပက်လက်ဖြစ်တာ။ သရဲခြောက်ခံရလို့ အကြောက်လွန်ပြီးသေတာလား (ဒါမှမဟုတ်) ဆေးဆရာ ဆေးမှားထိုးလို့ သေတာလား ဆိုတာ ဘယ်သူမှ ခွဲခွဲခြားခြားမသိကြဘူး။ လောလောဆယ်မှာတော့  ဆေးဆရာက အချုပ်ထဲ ခဏ၀င်လိုက်ရတယ်။
ဒီလိုနဲ့  သေသွားတဲ့ အဒေါ်ကြီးရဲ့ ရုပ်အလောင်းကို ဗမာထုံးစံအရ အိမ်ရှေ့ မှာ အခေါင်းနဲ့ ထားတယ်ပေါ့ဗျာ။ ဆွေစောင့်မျိုးစောင့် ခုနှစ်ရက် ထားတယ်ဆိုပါတော့ ။ အဲဒီအချိန် အသုဘအိမ်မှာ ဖဲဝိုင်းလုပ်ပေါ့။ ကျွန်တော်တို့ ခလေးတွေကို အဖွားက အသုဘအိမ်ကို မသွားဖို့ ပြောထားတယ်။ ခလေးဆိုတော့  လိပ်ပြာငယ်တယ်လေ။ အဲဒါကြောင့်လည်းပါတယ်။ တစ်ခုခု ပူးကပ်လာမှာဆိုးလို့ ထင်ပါတယ်။ဒါပေ့ မယ် အသုဘအိမ်နဲ့ အနော်တို့ အိမ်က မျက်နှာခြင်းဆိုင်ဆိုတော့   အနော်တို့ အိမ်က ကြည့် ရင်တွေ့ နေရတယ်။ အခေါင်းကိုလေ။နောက်ပြီးတော့  ရှေးမြို့ ဆိုတော့ အိမ်တွေ ဆောက်ထားတဲ့ ပုံစံက တစ်မျိုးရယ်။ အောက်ထပ်မှာ လူတွေထိုင်ဖို့ မြေကြီးတမံတလင်းနဲ့ ။လူကြီးတွေ အိပ်ဖို့ အဆောင်တစ်ခုပဲ ဖွဲ့ ထားတာ။ အကုန်လုံးက အပေါ်တတ်အိပ်ရတာ။ အပေါ်ထပ်က ပြတင်းပေါက်တွေက သံတိုင်တွေနဲ့ လေ။ တံခါးပိတ်အိပ်ရင် အိုက်လို့ ဖွင့်ထားပြီး အိပ်ရတာ။ သေတာပဲ အဲဒါ။ တံခါးဖွင့်အိပ်တော့  အခေါင်းကို မြင်နေရရော။အနော်တို့ က အိမ်ရှေ့ ခန်းအိပ်တာဆိုတော့  ပိုသိသာတယ်လေ။ လမ်းမဘက်ကို စောင်းအိပ်မိတာနဲ့  အခေါင်းက မျက်နှာနဲ့ တည့် နေတာပဲ။ မတွေ့ လည်း ထထကြည့် ကြတာ။ ခွီး ။ ပြီးတော့ ကြောက်ပြီး ဟိုလူတိုး ဒီလူတိုးနဲ့ ဗျာ။ အဟုတ် တကယ်ပါပဲ  ခလေးဘ၀က ပျော်ဖို့ လည်းကောင်းပါတယ်။ ။

ဒီလိုနဲ့ သုံးရက်မြောက်နေ့ မှာ ခြေတော်ရာရွာမှာ ဘုရားပွဲလုပ်တယ်။ အဖွားနဲ့ ကျွန်တော် ဒီမြို့ ကို လာရတဲ့ အကြောင်းရင်းကလည်း အဲဒီပွဲ အတွတ်ပဲ။ ဘုရားပွဲကလည်း တော်တော်လေးစည်ကားတယ်ဗျ။ ညလုံးပေါက်လုပ်တာ။ ဘုရားပွဲနေ့ ဆိုလူတွေက ညနေ လောက်ကတည်းက ရွာထဲက ဘုရားပွဲကို သွားကြတာ။ လှည်းတွေရော စက်ဘီးတွေရော။ အဲဒီလမ်းမကြီးက ဖုန်းတလိမ်းလိမ်းနဲ့ ။
မြို့ ကလူတွေနဲ့ အနီးနားပတ်ဝန်းကျင်ကလာတဲ့ လှည်းတွေနဲ့ တော်တော်လေးစည်ကားတယ်။ ပွဲတော်စချိန်က ညနေ ခြောက်နာရီလောက်မှာ ရိုးရာ သိုင်းကစားပွဲနဲ့ စတယ်။ ပြီးရင် ဘုရားရှိခိုးပွဲ စတယ်။ အားလုံးကို အစီအစဉ်တကျလုပ်ပြီးသွားပြီဆိုတာနဲ့ 
ရုပ်ရှင်ကို ညလုံးပေါက် ပြတော့ တာပါပဲ။ အဲဒီလိုပြရတာ အကြောင်းရင်းရှိတယ်ဗျ။ ဘုရားပွဲပြီးချိန်က ည ၁ နာရီ၊ ၁ နာရီခွဲလောက်မှ ပြီးတာဆိုတော့   အနီးအနားရွာတွေက ပြသနာမရှိပေ့ မယ်။ သချိုင်းကုန်း ကို ဖြတ်ပြီးပြန်ရမဲ့  မြို့ သူ မြို့ သားတွေနဲ့  မြို့ ဘက်မှာရှိနေတဲ့ ရွာတွေက ပြသနာရှိတယ်။ ။ လူများများနဲ့ ပြန်သွားတာက ပြသနာမဟုတ်ပေ့ မယ်။ နောက်ကျပြီးတော့ ပြန်တဲ့ 
လေးယောက်တစ်စု၊ ငါးယောက်တစ်စု ကတော့  မပြန်ရဲကြတော့ ဘူး။ အဲဒီရွာမှာပဲ ညအိပ်ကြပြီးတော့  မနက်မိုးလင်းမှ ပြန်ကြတယ်။
အဲဒီလိုနာမည်ကြီးတာ အဲဒီသင်ချိုင်းကုန်းက။ အဲဒီတော့ ဘုရားပူဇော်ပွဲပြီးပြီး ဆိုတာနဲ့  ဘုရားဝင်းထဲမှာ ရုပ်ရှင်ပြလိုက်တယ်။ မိုးလင်းပေါက်။ အဲဒီလိုလုပ်လိုက်တော့  လူတွေက မပြန်တော့ ဘူး။ ရုပ်ရှင်ကို ညလုံးပေါက်ကြည့် ကြတယ်။ မိုးလင်းမှ ပြန်ကြတာ။
ရုပ်ရှင်ကြည့် ရင်း အိပ်နေတဲ့ လူတွေကလည်း အိပ်နေတာပဲ။ အားလုံးအတွတ် အစဉ်ပြေသွားတာပေါ့ဗျာ။ ။

ပြီးတော့ အဲဒီရွာရဲ့ ရိုးရာသိုင်းကစားပွဲကလည်း အရမ်းဂွတ်တာနော်။ တုတ်နှစ်ဖက်ကို ဟိုဘက်နဲ့ ဒီဘက်မှာ မီးတွေ ရှို့ ထားတယ်။ မီးတောက်ကြီးက အကြီးကြီးရယ်။ အဲဒီလိုရှို့ ပြီးတော့  မီးတုတ်သိုင်း ဆော့ တာ။ အာ…ပက်စက်တယ်။ တုတ်ကိုလှည့် ရင်းလှည့် ရင်းနဲ့ ။
အဲဒီမီးတောက်ဟာ အ၀ိုင်းကြီးဖြစ်သွားတယ်။ ဘယ်လောက်မြန်လည်းဆိုတာ။ မီးသိုင်းဆော့ လို့  မီးတုတ်က လွင့်လာတဲ့ မီးဖွားတွေက လူတွေကို လာလာမှန်တာ။ ဒါပေ့ မယ် လူတွေက တိုးပြီးကြည့် ကြတာပဲ။  ပြီးတော့  လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိုင်းတုတ်နှစ်ချောင်းစီနဲ့  ရိုက်ကြတာ။ အတည်ရိုက်တာနော်။ ကြမ်းတယ်။ သဲပြင်ပေါ်မှာသိုင်းကစားကြတာ ဆိုတော့  တုတ်ရိုက်ချက်တစ်ချက်ဟာ သဲမြေကို ထိလို့ ကတော့  သဲတွေက “ဖွားခနဲ” ပဲ။ လူတွေကိုတောင် လာစင်တာ။ လူတွေကလည်း ပြုံပြီးတိုးနေတော့ တာပဲ။ နောက်ပြီးတော့  ဓါးသိုင်းကတာ ရှိသေးတယ်။ အဲဒီဓလေ့ ကတော့  ဒီနေ့ အချိန်အခါမှာမရှိတော့ ပါဘူး။
မ က ပြတော့ တာ။ ဓါးသိုင်းကပြီဟေ့ ဆိုရင် ဓါးတွေကို လည်ပင်းမှာ ပတ်ပြတာ။ အဟုတ်။ ဓါးထိသွားရင် ဟက်ခနဲကွဲတာပဲ။ သွေးတော့ ထွက်မလာဘူးနော်။ အဲဒါသူတို့ ဆေးမြစ်လေးတွေရှိတယ်။ အဲဒီဟာလေး အုံ လိုက်ရင် ချက်ခြင်း ပြန်စပ်သွားတယ်။ အဲဒီဆေးမြစ်ကလည်း ဘုရားပွဲ တစ်ချိန်ပဲ စွမ်းတာ ကျန်တဲ့ အချိန်တွေ မစွမ်းဘူး။ ဟီး ။ ။ ပြီးတော့ ဘုရားပွဲက သုံးရက်တောင်လုပ်တာဗျ။ ပထမ တစ်ရက်ပဲ သိုင်းဆော့ တာ ပါတယ်။ ကျန်တဲ့ နေ့ တွေကတော့  ရုပ်ရှင်ပြတာတို့ ဘာတို့ ပါပဲ။
ပွဲဈေးတွေနဲ့ လူတွေကတော့  သုံးရက်လုံး စည်တာရယ်။

ဘုရားပွဲစတဲ့ နေ့ က အသုဘအိမ်ရဲ့ သုံးရက်မြောက်နေ့ ဖြစ်နေတယ်။ နောက်ပြီး ဘုရားပွဲက ရွာမှာလုပ်တာဆိုတော့  အိမ်ကလူတွေအားလုံးက ရွာကို သွားကြတယ်။ အနော်လည်းပါတယ်။ ရွာရောက်တော့  ပိုတောင် ပျော်ဖို့ ကောင်းသေးတယ်။
အဲဒီမှာလည်း ညီအကို မောင်နှမတွေချည်းပဲဆိုတော့ အားလုံးပေါင်း အယောက်လေးဆယ်ကျော်တယ်ခင်ဗျ။ ခလေးတွေချည်းပဲနော် အဲဒါ။ ပြီးတော့ သူတို့ က အနော်ကို ခင်တယ်။ ရှမ်းဘက်ကလာတာဆိုတော့ စကားပြောရင် အနော်ပြောတဲ့ စကားကို သူတို့ က သိပ်နာမလည်ဘူး။ ခဏခဏ ပြန်မေးတယ် သူတို့ က။ အဲဒါတစ်နေ့ ကုန်လျှောက်ဆော့ ပေါ့ဗျာ။ ထွေခင်းတယ်။ ထုတ်စီးထိုးတယ်။
ဘောလုံးကန်တယ်။ အဲဒီလိုတွေလုပ်နေတာ။ အဘိုးရဲ့ ခြံက အကျယ်ကြီးရယ်။ ခြံဝကနေ အိမ်ကို တစ်ခေါ်လောက် ဝေးတယ်။
သစ်ရိပ်ဝါးရိပ်နဲ့ ဆိုတော့ အဲဒီခြံထဲမှာ နေမထိုးဘူး။ အရိပ်ရတဲ့ နေရာတွေမှာ ဆော့ တာရယ်။ ရွာဘုရားပွဲဆိုတော့  မြို့ က အမျိုးတွေလည်း အဖိုးအိမ်မှာတည်း။ အဘွားလာတယ်ဆိုတော့  ရွာအနီးနားက အမျိုးတွေလည်း လာဆိုတော့  အဲဒီမှာပဲ လူတွေတော်တော်စည်ကားတယ်။ ပွဲတော်ဖြစ်နေတာလေ။

ဒီလိုနဲ့  ညနေစောင်းတော့  အနော်တို့ ဆော့ နေတဲ့ နေရာနားကို ဦးသိန်း ရောက်လာတယ်။ မြို့ ထဲသွားမို့ ဘယ်သူတွေလိုက်မလဲတဲ့ ။
သူက လာခေါ်တယ်လေ။ ခလေးတွေအားလုံးကလည်း ဆော့ ရတာ မောနေပြီဆိုတော့  သူ့ နွားလှည်းပေါ်မှာလိုက်ထိုင်ရင်း အမောဖြေမယ်ပေါ့နော်။ အချိန်က ညနေစောင်း လေးနာရီလောက်ဆိုတော့  ရွာထဲက ခလေးတွေက နပ်တယ်။ မလိုက်ဝူးခင်ဗျ။
အပြန်တိုင်ပတ်မှာဆိုးလို့ လေ။ အဲဒီတော့  အနော်ရယ် ဦးသိန်းရယ်။ နောက် မြို့ ထဲက ခလေးတွေပဲ ငါးယောက်လောက် လိုက်တယ်။
အဘွားကိုလည်း အနော် ခွင့်မတောင်းသွားဘူး။ မြို့ ထဲသွားဖို့ ကိုလေ။ ခဏပဲ ထင်တာပေါ့နော်။ မြို့ ထဲရောက်တော့  ဦးသိန်းက ဈေးထဲမှာလိုအပ်တာတွေဝယ် ဘာညာနဲ့  တော်တော်လေးကြာသွားပြီး အပြန်မှာ ခြောက်နာရီခွဲသွားပြီ။ ကျွန်တော်ကတော့ မသိပါဘူး။
ဒါပေ့ မယ် ဦးသိန်းရော မြို့ ထဲက ခလေးတွေရောက ရွာထဲ ပြန်မလိုက်ချင်ကြဘူး။ ဘာဖြစ်လို့ လဲဆိုတော့  သင်ချိုင်းကုန်းဖြတ်ရမှာကြောက်လို့ ။ အသွားတုန်းကတော့ လင်းလင်းထင်းထင်းကြီးဆိုတော့ အေးဆေးပဲလေ။ အပြန်ကျတော့ မှောင်နေပြီ ဆိုတော့  သူတို့ မသွားရဲ တော့ ဘူး။ ဦးသိမ်းကလည်း မရောက်ရောက်အောင်ပြန်ရမှာဆိုတော့  နွားလှည်းကို သေသေချာချာတံပိုးတွေ ဘာတွေ ပြန်တပ်တယ်။ ပြီးတော့ ရွာဘက်ကို သွားမယ် ဆိုပြီးမောင်းလာတာပေါ့နော်။ ပါးစပ်ကလည်း
“မကြောက်ပါနဲ့ ဟ။ နင်တို့ ဦးလေး ငါ သိန်းလွင် တစ်ယောက်လုံးပါပါတယ်” ဆိုပြီး အားပေးနေတယ်။ ကျွန်တော်ကတော့  ဒီမြို့ ဇာတိမဟုတ်တော့  မသိဘူး ခင်ဗျ။ အဲဒါကြောင့် မကြောက်ဘူး အဟီး ။ ။
ဒီလိုနဲ့ သွားရင်း သွားရင်းနဲ့  ရွာဘက်ကို သွားတဲ့ လမ်းကို ကွေ့ လိုက်တဲ့ အချိန်မှာ နွားတွေက တုံကနဲ ရပ်သွားတာ။ ဦးသိန်းတောင် အံ့ သြသွားတယ်။ ဘာဖြစ်တာလဲဟ ဆိုပြီးလေ။ ဘယ်လိုလုပ်လုပ် နွားလှည်းက နောက်ကိုပဲ ပြန်ရုန်းနေတာ ရှေ့ ကို မသွားဘူး။ နောက်ပြီးတော့  ဘေးနား ပတ်ဝန်းကျင်က လူပြတ်လိုက်တာ များဗျာ။ အနော်တို့ ပဲ ရှိတယ်။ အဟုတ်။ ရှေ့ နည်းနည်းလေး ဆက်တိုးရင် သချိုင်းကုန်း ရောက်တော့ မှာလေ။ ဘယ်လိုလုပ်လုပ်မရတဲ့ အဆုံး မှာ ဦးသိန်းက နောက်ကို ပြန်လှည့် လာပြီးတော့  မြို့ ထဲအိမ်ကို ပြန်ဝင်ကြတယ်။ အဆူခံရရင်လည်း မနက်မှာပဲ အဆူခံတော့ မယ်ပေါ့နော်။ ရွာထဲကလူတွေလည်း သိမှာပဲ အနော်တို့ မိုးချုပ်လို့ မလာတာဆိုပြီးလေ။ ပြီးတော့ မြို့ ထဲကို လှည်းဝင်လာတော့ လည်း မြို့ ထဲမှာ လူတွေ သိပ်မရှိကြဘူးဗျ။ အားလုံးက ရွာဘုရားပွဲသွားနေတာဆိုတော့ ။ လူနည်းတယ်။ မလိုက်နိုင်တဲ့  သက်ကြီးရွယ်အိုတွေလောက်ပဲ ရှိတာ။ အိမ်ပြန်ရောက်တော့ လည်း
အသုဘအိမ်က ရှေ့ မှာ။ ဖဲဝိုင်းတောင် နှစ်ဝိုင်းလောက်ပဲ ရှိတယ်။ အဲဒီတော့ မှာ အနော်က သိတာ ဦးသိန်းတို့ ရွာထဲ မပြန်တော့ ဘူးဆိုတာကိုလေ။ သိသိခြင်း ငိုတာပေါ့ဂျာ။ အဖွားကို ခွင့်မတောင်းပဲနဲ့ ထွက်လာတာလေ။ သိရင်ရိုက်မှာ ဟင့် L ။
အခုလို ညလုံးပေါက် သူဆီမပြန်လာတော့ ဘူးဆိုရင် ပိုဆိုးကုန်မှာပေါ့။ အဲဒါကြောင့် ငိုတာ။ ဦးသိန်းကိုလည်း ခဏခဏ ပြောတယ်။
သားကို ပြန်ပို့ ပေး။ ရွာထဲပြန်ပို့ ပေးပါဆိုပြီးလေ။ မြို့ ထဲ အိမ်ကို ရောက်တဲ့ အချိန် (၇) နာရီလောက်က စပြီးတော့ ငိုတာ။ ညကိုးနာရီလောက်အထိ ငိုတုန်း။ ညီအကိုတွေကလည်း ၀ိုင်းချော့ တယ်။ ဦးသိန်းကလည်း ချော့ တယ်။ ချောက်တယ်။ အနော်က ငိုတုန်း။ အာဗြဲကြီးနဲ့ အော်ငိုတာဆိုတော့ ။ အိမ်ရှေ့ အသုဘအိမ်က လူတွေလည်း ဘာဖြစ်တာလဲဆိုပြီး အနော်တို့ အိမ်ထဲရောက်လာတယ်။ အနော်ငိုနေတာ ရွာထဲ သွားချင်နေမှန်း သိသွားတော့  “ဟ! ဒီကောင် တောင်ပေါ်သားမလား။ ကျားမြီးဆွဲချင်တယ်ထင်တယ်။ မသွားပါနဲ့ ခလေးရယ်” ဆိုပြီး ၀ိုင်းချော့ တာ။ မရဘူး အနော်က။ သရဲထက် အဘွားကို ပိုကြောက်တယ်။
အဟုတ်။ ဘွားရင် (ဒေါ်နန်းရင်)က မရိုက်ရင် မရိုက်ဘူးဗျ။ ရိုက်ပြီဆို မေမြို့ က အိမ်ရှေ့ ဓါတ်တိုင်မှာ ကြိုးတုပ်ပြီး တီးတာ။ အဲဒီလိုကြမ်းတယ်။ တစ်ခါဆိုလည်း အနော်က ငိုတာ ဘာကိစ္စနဲ့ လည်း မသိပါဝူး။ တော်တော်ငိုတာ။ အဲဒါကို သူသည်းမခံနိုင်တော့ ဘာလုပ်တယ်ထင်တယ်။ ခြေထောက်နှစ်ချောင်းကို ကြိုးချည်ပြီးေ၇တွင်းထဲကို ထည့် တာ။ အငိုတိတ်မှ ပြန်တင်ပေးတာ။ အဲဒီလို ။
အနော် နှစ်ရက်တောင်ဖျားသွားတယ်။ ဘွားရင် ဟေ့ ဆို အနီးအနားက ခလေးတော်တော်များများက ကြောက်တယ်။ အနော်လည်းကြောက်တယ်။ ချစ်လည်းချစ်တယ် သူကို့  ဟင့်  ။

အခုလည်း သူကို ခွင့်မတိုင်ပဲ နဲ့ ထွက်လာတာဆိုတော့  ကြောက်ပြီးတော့ ငိုနေတာ။ နောက်ဆုံးအားလုံးက လက်လျှော့ လိုက်တယ်။ အနော်ကို ဒီအတိုင်း ပစ်ထားကြတယ်။ ငိုဟာ ငိုဟာ ဆိုပြီးလေ။ အနော်ကလည်း ငိုလို့ ကောင်းကောင်းနဲ့ ငိုတာ။ အသံတွေ ဘာတွေဝင်လို့ ။ အဲဒီတော့ မှ ဦးသိန်းက ဆုံးဖြတ်ချက်တစ်ခုချတယ်။ ဒီကောင် ဆက်ငိုနေရင်တော့ သေတော့ မှာပဲ ဆိုပြီးလေ။
လူကြီးတော်တော်များများလည်း အနော့် ကို ချဉ်သွားတယ်။ သောက်၇မ်းဆိုးတဲ့ ကောင် ကြောင်ချီးဆိုပြီး ဟီး ။ ဂျီတွန်လွန်းအားကြီးတယ် ဆိုပြီးလေ။ အသုဘအိမ်က ဖဲလာရိုက်တဲ့ လူတစ်ယောက်ဆို “မင်းသာ ငါ့သားဆိုရင် ဟေ့ ကောင် ဆွဲလုပ်လိုက်လို့  အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားမယ်” ဆိုပြီးတောင် ကြိမ်းတာ။ အနော်က သူတို့ ကြိမ်းလည်း ငကြိမ်းပါပဲ..
ငိုတုန်း။  အဲဒါနဲ့ နောက်ဆုံးမှာ သူတို့ ရွာပြန်ပို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဦးသိန်းက ဆုံးဖြတ်လိုက်တာပါ။ နောက်ပြီးတော့ အသုဘအိမ်က ဖဲသမားတွေလည်း လူနည်းတော့ ဖဲရိုက်ရတာ ပျင်းတယ် ဆိုပြီးတော့  ရွာထဲလိုက်ဖို့ သဘောတူလိုက်တယ်။ အဲဒီတော့ 
အုပ်ကတောင့်သွားတယ်။ အဲဒီမှာ ပြသနာတတ်တာ အသုဘအိမ်ရှင် သူက သူ့ အိမ်မှာ မိန်းမနဲ့ သူနဲ့ နှစ်ယောက်တည်းနေတာဆိုတော့ 
ဖဲသမားတွေနဲ့ အကောက်သမားတွေမှ မရှိရင် သူအိမ်မှာ ဘယ်သူမှ မရှိတော့ ဘူးလေ။ အားလုံးကလည်း ရွာထဲလိုက်မယ်လုပ်နေတာဆိုတော့ ။ သူတို့ အမျိုးတွေကလည်း မလာသေးဘူး။ အဲဒီတော့ အနော်တို့ မရှိတော့ ရင် အလောင်းကောင်မိန်းမနဲ့ သူနဲ့ နှစ်ယောက်တည်း နေရမဲ့ ကိန်းဆိုက်တာ ခွီး။ ။ အဲဒီမှာ စကားများကုန်ရော။ အားလုံးက သွားချင်တယ် အိမ်ရှင်က သူကို့ ဒီလို မပစ်ထားပါနဲ့ ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောတာ။
အဲဒါလူတစ်ယောက်က “ခင်ဗျား မိန်းမပဲဗျာ။ ချစ်လို့ ယူထားတာပဲဟာကို နေလိုက်ပေါ့” ဆိုပြီးပြောတယ်။
အိမ်ရှင်က“ဟ နင့်တို့ မေ့ လင့် သေနေပြီဟ” ဆိုပြီး ပြန်ပြောတာ။
ချစ်လို့ ယူတာပဲဗျာ။ ရှင်တုန်းကလည်း ချစ်။ သေတော့ လည်း ချစ်ပေါ့။ ဘာလဲ ခုမှ လူဆိုး။ ဆိုပြီး ၀ိုင်းစကြတယ်။ အဲဒီလူကိုလေ။
အနော်က အဲဒီအဖြစ်အပျက်ကို မြင်ပြီး ငိုတာရပ်လိုက်တယ်။ ပြီးတော့   “ခစ်ခစ်” ဆိုပြီး ရီတာ  အသေပဲ။ အနော်ရီသံကြားတော့ လူတွေက “မသာလေး ခုနကြတော့ ငိုနေပြီးတော့  အခုကျတော့ ထရီနေတယ်” ဘာညာနဲ့ ပေါ့ဗျာ။ ကျွန်တော်ရီနေတာ မြင်တော့ မှ အားလုံးက သက်ပြင်းတွေ ချပြီး ဖဲဝိုင်းပြန်စဖို့ ပြင်တယ်။ တော်တော်ကြာကြာထိမသွားကြသေးဘူး။ အဲဒါနဲ့ အနော်က မသွားသေးဘူးလားဆိုတော့  သူတို့ အားလုံးက အနော်ကို ၀ိုင်းကြည့် တယ်။ မျက်လုံးပြူးပြီးလေ။ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ သူတို့ ကအနော်ကို ချော့ လို့ ရပြီ ဆိုပြီး မသွားတော့ ပဲ နေမလို့ လေ။ ရမလား ငဇူးပဲ ပြန်ငိုလိုက်တာပေါ့  :D။ ပွဲဖြစ်သွားတယ်။ ဒေါသထွက်တဲ့ လူတွေထွက်။ ရီတဲ့ လူတွေရီနဲ့ ။ အဲဒါနဲ့ ချက်ခြင်းပဲ ရွာထဲသွားမယ်ဆိုပြီးထွက်လာကြတာ။ အသုဘအိမ်ရှင်ကလည်း မထူးတော့ ပါဘူးကွာ ဆိုပြီး သူမိန်းမ အလောင်းကို ခြံထဲ သွင်းပြီး ခြံတံပါးပိတ်ပြီး သူပါလိုက်မယ်တဲ့  :D။

အဲဒါနဲ့ အားလုံးထွက်လာလိုက်တာ ဦးသိန်းက ကျွန်တော်ကို ချီထားတယ်။ ကျန်တဲ့ ခလေးတွေက လမ်းလျှောက်။ ဒီတစ်ခါတော့ နွားလှည်းမယူလာတော့ ဘူးဗျို့ ။ ဘာလို့ လဲဆိုတော့  နွားတွေအလုပ်ရှုပ်တယ်။ သွားချင်သလိုလို မသွားချင်သလိုလိုနဲ့  မို့ လို့ ။
အားလုံး မြို့ ထဲက ထွက်လာတော့  လူတော်တော်လေးများတယ်။ ၁၂၊ ၁၅ ယောက်ကျော်ကျော်လောက်ရှိတာကိုး အဲဒီတော့ ဘယ်ကြောက်ပါ့မလဲ။
တစ်ဖြည်းဖြည်းနဲ့ လာလိုက်တာ သချိုင်းကုန်းနားကို ရောက်လာပါလောရော။ အဲဒီမှာ ပြောစရာရှိတယ်ဗျ။ သချိုင်းကုန်းတည်နေပုံနဲ့ သူနယ်နိမိတ်ပေါ့နော်။ မြို့ ထဲဘက်နေကြည့် ရင် ကျွဲတဲ တံတားဆိုတာရှိတယ်။ အဲဒီတံတားကို ဖြတ်တာနဲ့  သချိုင်းကုန်းအစပဲ။
ဘယ်မှာဆုံးလဲဆိုတော့  သချိုင်းကုန်းကို ဖြတ်သွားပြီးတော့  ဆိုက်နှိုက် တံတားဆိုတာရှိတယ်။ အဲဒီတံတား ကျော်ရင် သချိုင်းကုန်းနယ်နိမိတ်အဆုံး။ သချိုင်းကုန်းဖြတ်တဲ့ လမ်းမှာဆိုရင် ဘေးတစ်ဖက်တစ်ချပ်စီမှာ အုတ်ဂူတွေဖြူဖွေးနေတာပဲ။
ပြီးတော့  အလယ်မှာ ဇရပ်ကြီးတွေရှိတယ်။ ရှေးခေတ်ဇရပ်တွေပါ။ အုတ်တိုင်တွေဘာတွေနဲ့ သေသေချာချာလုပ်ထားတာ။
အုတ်တိုင်တွေဆို လူတစ်ဖက်ကျော်တယ်။ အဲဒီလို။

အားလုံးက သချိုင်းကုန်းနီးလေလေ ကြောက်လေလေပဲ။ သွားရင်းသွားရင်းနဲ့  ကျွဲတဲတံတားနားေ၇ာက်လာတယ်။ အဲဒီတံတားဘေးမှာ
ညောင်ပင်ကြီးအကြီးကြီးတစ်ခုရှိတယ်။ တံတားပေါ်ရောက်တဲ့ အချိန်မှာ ပြသနာက စတာပဲ။ တံတားဒီဘက်ခြမ်းကနေပြီးတော့ ပုဝါတစ်ခုက လွှင့်လာတာ ပြီးတော့  တံတား ဟိုဘက်ခြမ်းအောက်ကို ၀င်သွားတယ်။ မိတ်ဆွေတို့ မြင်ရဲ့ လားမသိဘူး။ တံတားတွေမှာဗျာ။ လက်ရန်းနှစ်ခုရှိတယ်လေ။ အဲဒီလက်ရန်းတစ်ဖက်ကနေပြီးတော့  ဟိုဘက်တစ်ဖက်ကို ပုဝါလေးလွှင့်သွားတာ။
အဲဒီလို။ အနော်တို့ အကုန်တွေ့ တယ်။ ရှင်းရှင်းကြီးရယ်။ လကလည်း သာနေတာ။ ပြီးတော့ ကျွန်တော်တို့ က တံတားပေါ်ရောက်နေတာဆိုတော့  ညောင်ပင်ကြီးက ဘေးမှာ ရှိနေတာလေ။ အားလုံးက ကြက်သေသေသွားတယ်။ ဖဲသမားတွေကလည်း ပြေးဖို့ ခြေဦးပြင်နေပြီ။ အခြေအနေက လုံးဝမကောင်းတော့ ဘူး။ ခလေးတွေကလည်း ပြေးတော့ မှာ။
အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ်။
“ဟိတ်! ဘယ်သူလဲကွ” ဆိုပြီးလေ။

အသံထွက်လာတဲ့ ဘက်ကို လှမ်းကြည့် တော့  ဦးသိန်း။ ခပ်တည်တည်နဲ့  အော်လိုက်တာ။ အားလုံးကလည်း အံ့သြသွားတယ်။
ဘယ်နှယ့် လူကြောက် ဦးသိန်းက အော်ထည့် လိုက်တာ။ အသံက မာလှချည်လားပေါ့။ အားလည်းနည်းနည်းတတ်သွားတယ်။
ပြေးမဲ့ ခြေလှမ်းတွေလည်း ပြန်တုန့် သွားတယ်။

အဲဒီအချိန်မှာ
“အော်! လူမှားသွားလို့ ပါရှင်” ဆိုပြီး အဖြေတစ်ခုပြန်လာတယ်ခင်ဗျ။

ဘယ်ကလာတယ်ထင်လဲ ညောင်ပင်ကလာတာ။ ကြက်သီးတွေထတာများဗျာ။ တစ်ဖြန်းဖြန်းပဲ။ ခေါင်းမွှေးတွေပါထောင်ကုန်လား အောက်မေ့ရတယ်။
ဖဲသမားတွေက လှည့် နေပြီ။ ပြေးဖို့ လေ။ ခလေးတွေက စုပြီးတော့ ကပ်နေတာ။ အဲဒီအချိန်မှာ ဦးသိန်းက ဘာပြောတယ်ထင်တုန်း။
“အေး၊ ငါတို့ အခု ရွာထဲသွားမလို့ ။ ဒါ ငါ့တူတွေနဲ့ ငါသူငယ်ချင်းတွေပဲ။ နင်လူမှားတယ်ဆိုရင် နောက်တစ်ယောက် ဆက်စောင့်လိုက် ဒါပဲ” ဆိုပြီး
သူက ရှေ့ ကနေသွားတာ။ အဲဒီတော့ မှာ လူကြီးတွေရော ခလေးတွေရော အားလုံး ဦးသိန်းနောက်ကို လိုက်ကြတာလေ။
လူတန်းက ဒီလိုဖြစ်သွားတယ်။ ဦးသိန်း ပြီးတော့  ခလေးတွေ။ အဲဒီနောက်မှ ဖဲသမားတွေအုပ်စုနဲ့ အသုဘအိမ်ရှင်။
တန်းစီပြီးလမ်းလျှောက်လာတာ။ တစ်ယောက်နဲ့ တစ်ယောက်လည်း စကားမပြောဘူး။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့် ပြီးတော့  ကြောက်ကြောက်လန့် လန့် နဲ့ လျှောက်လာ၇တာ။ သချိုင်းကုန်းအလယ်လောက်လည်းရောက်ရော ဇရပ်တွေကို ဖြတ်နေရပြီလေ။ ဇရပ်ထဲမှာ မှောင်မှောင်မည်းမည်းနဲ့ ဘယ်သူမှမရှိနေဘူး။ လမ်းတစ်လျှောက်မှာ အပင်တွေနဲ့ အုတ်ဂူဖွေးဖွေးတွေ။
အဲဒီအချိန်မှာ လေတွေတဖြူးဖြူး တိုက်လာပြီးတော့ ။ ဇရပ်ရဲ့ သွပ်ပြားတွေက ၀ုန်းဝုန်း ဆိုပြီးတော့ မြည်လာတယ်။
အုတ်ဂူဘေးက အပင်တိုင်းဟာ လှုပ်ယမ်းလာတယ်။ ကျွန်းပင်မောင်နှမက ရှေ့ နားမှာ အပင်တွေယိမ်းထိုးနေတယ်။
သွေးပျက်စရာပါဗျာ။ အနော်ဆို ဦးသိန်း ရင်ခွင်ထဲ ခေါင်းထိုးပြီး မျက်စိမှိတ်ထားတာ။ တစ်ချက်တစ်ချက်တော့ ခိုးကြည့် တာပေါ့နော်။
အဲဒီအချိန်မှာ ဦးသိန်းက အနော်ကို လမ်းလျှောက်ဆိုပြီး အောက်ကို ချပေးတယ်။ ပြီးတော့  သူက ခါးတောင်းကို မြှောင်နေအောင် ကျိုက်လိုက်တယ်။ ပြီးတော့ အနော့ လက်ကို ဆွဲပြီး သီချင်းတစ်ပုဒ်ကို အော်ကြီးဟစ်ကျယ်ဆိုတော့ တာပဲ။ သူသီချင်းဆိုတော့ အနောက်ကလူတွေအားလုံးကလည်း အခြေအနေကို သဘောပေါက်သွားပြီး လိုက်အော်ဆိုတာ။ အနော်လည်းပါတယ်။ ခလေးသံနဲ့ ဟီး :D။ သီချင်းတွေက အစပ်အဟက် တော့ မတည့် ပါဘူး။ ဘာတွေမှန်းမသိဘူး။
“ကျွန်တော် မမ ပုသိမ်သူ” တွေရော။ “သန်မာထွားကြိုင်းသည်။ ဒန့် ဒန့် တန့် ဒန့် တန့် ဒန်” ဟီး အဲဒီလိုတွေေ၇ာ။ စုံ စေ့ နေတာပါပဲဗျာ။
ကိုယ်ရတဲ့ သီချင်းတွေ ကိုယ်ဆိုတာ။ အဲဒီလို ဆိုဆိုပြီးတော့  လျှောက်လာရင်းနဲ့  သချိုင်းကုန်း နယ်နိမိတ်အဆုံးဖြစ်တဲ့ ဆွန်နှိုက်တံတားကိုကျော်လာတော့ မှာ အဆိုရပ်တော့ တယ်။ အားလုံးကလည်း အဲဒီတော့ မှ စိတ်ချ၇တယ်။ ဒါပေ့ မယ် ရွာနဲ့ ဝေးသေးတယ်။ ဖာလုံဝက်လောက် ဆက်လျှောက်ရမှာလေ။ အဲဒီတော့ မှ ရောက်မှာ။ အားလုံးကလည်း သချိုင်းကုန်းလွန်ပြီဆိုတော့ 
ပျော်ပြီးတော့  အေးအေးဆေးဆေး လျှောက်လာလိုက်တာ။ ခြေသံတွေ တဖျတ်ဖျတ်နဲ့ စကားတွေ လည်း ပြန်ပြောနေပြီ။ ဒါပေ့ မယ် သရဲအကြောင်းကို ယောင်လို့ မှ မ ဟ ဘူးနော်။ ကြောက်စိတ်ပြန်ဝင်လာမှာဆိုးလို့ ။ ညကလည်း  ၁၁ ကျော် ၁၂ လောက်ဖြစ်နေတာဆိုတော့ ။ ဒီလိုနဲ့ လျှောက်လာရင်း ဦးသိန်းက ရှေ့ ကနေ လက်ပြလိုက်တယ်။ အဓိပ္ပါယ်က ရပ်ဆိုတဲ့ သဘောပေါ့နော်။ အားလုံးက ရပ်လိုက်တယ်။ ခြေသံတွေလည်းရပ်သွားတယ်။ ဒါပေ့ မယ် တဖျတ်ဖျတ်နဲ့ ခြေသံတစ်ခုက ကြားနေရတုန်းခင်ဗျ။ အဲဒါအားလုံးနောက်ကို လှည့် ကြည့် လိုက်တာ။ လားလား…အရိပ်တစ်ခုဗျ။ အနော်တို့ နဲ့ သိပ်မလှမ်းဘူး။
အနော်တို့ ရပ်ကြည့် တာ မြင်တော့ သူကလည်း ရပ်နေတယ်။ အနော်တို့ ကို ပြန်ကြည့် နေတယ်။ မည်းမည်းကြီးပဲ မြင်ရတယ်လေ။
လက သာတယ်ဆိုပေ့ မယ် နည်းနည်းလှမ်းတော့ မသဲကွဲဘူး။ သေချာတာက ကောင်မလေးတစ်ယောက်ဆိုတာပဲ။ ဆံပင်ရှည်ရှည်နဲ့ ။ ကိုယ်လုံးကိုယ်ပေါက်လည်း တော်တော်လေးလှမဲ့ ပုံ။ လရောက်အောက်မှာတော့ လူတစ်ယောက်ပုံစံကို သိသာနေတယ်။
အဲဒါနဲ့ အားလုံးက တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့် တယ်။
ဦးသိန်းက “လူထင်တယ်နော်။ အဖော်မပါဘူးထင်တယ်။ သွားခေါ်လိုက်ပါ” ဆိုပြီးပြောတယ်ခင်ဗျ။ အဲဒါဖဲသမားတစ်ယောက်က
သွားခေါ်ဖို့ ဆိုပြီး အဲဒီနေရာကို သွားတယ်။ အရိပ်က နောက်ကို ရွှေ့ သွားတယ်။ ဟိုလူက ဆက်သွားတယ်။ အရိပ်ကနောက်ကို ရွှေ့ သွားတယ်။ ဖဲသမားလည်း ဆက်မလိုက်တော့ ပဲနဲ့  ပြန်လှည့်လာတယ်။ အရိပ်က ဟိုလူပြန်လှည့် လာတော့  ပြန်လိုက်လာတယ်။
နောက်ဆုံးတော့ ကျွန်တော်တို့ တစ်အုပ်လုံး အရိပ်ဆီကို သွားကြတယ်။ အရိပ်က ကျွန်တော်တို့ နဲ့ ဆန့် ကျင်ဘက်ကို ပြန်လှည့် သွားတယ်။ ကျွန်တော်တို့ ကို မလိုက်တော့ ပဲနဲ့ ပြန်လာရင် သူက ပြန်လိုက်လာတယ်။

နောက်တော့ မှ အသုဘအိမ်ရှင်က ပြောတာ
“ဟေ့ ကောင်တွေ အရိပ်နောက်ကို မလိုက်နဲ့ တော့ ။ အဲဒါငါသိတယ်။ ငါသိတယ်။ ရွာထဲရောက်အောင်သာသွား” ဆိုပြီးလေ။
အားလုံးက ဘာလဲလို့ မေးတော့ မဖြေဘူးခင်ဗျ။ ရွာထဲကိုပဲ သွားခိုင်းနေတာနဲ့ ။ အနော်တို့ လည်း ရွာထဲကို အသားကုန်လစ်တာ။
အရိပ်ကလည်း အနောက်က လိုက်လာတာ မပြတ်ဘူး။ ကျွန်တော်တို့ မြန်မြန်သွားရင် သူလည်း မြန်မြန်လိုက်တယ်။ ကျွန်တော်တို့ နှေးလိုက်ရင် သူလည်းလိုက်နှေးတယ်။ ပွဲနော်၊ ဘာပွဲမှန်းကိုတိဝူး ဟီး ။ ။
ရွာထိပ်ရောက်တော့  ဘုရားပွဲက ရုပ်ရှင်သံက တော်တော်ဝေးဝေးက ကြားနေရတယ်။ ကျွန်တော်တို့ လည်း အားတတ်ပြီးတော့ ဆက်ပြီး လျှောက်လာတာ။ အရိပ်ကတော့ ရွာထိပ်မှာနေခဲ့ သဗျှ။ အထဲကို မလိုက်လာဘူး။ အဖိုးအိမ်ရောက်တော့ အဖွားက ငိုနေတာဗျ။ အနော်တို့ ပြန်လာတယ်ဆိုတာလည်း သိရော။ အနော်ကို ဖက်ပြီး ငိုတာ အဖွားက။ တော်တော်ချစ်ပါတယ် အနော့် ကို။ သူငိုလို့ အားရမှ
ဘေးက ၀ါးခြမ်းပြား ယူပြီး လိုက်ရိုက်တာ။ အနော်တောင် ကြောင်သွားတယ်။ ဟမ် ခုနပဲ ငိုနေပြီးတော့  အခုမှ လိုက်ရိုက်တယ်ဆိုပြီးလေ။ အဖြစ်အပျက်က မြန်လွန်းလို့ ပြေးချိန်မရလိုဝူးလေ။ နှစ်ခုထိသွားတယ်။ ဟီး ။ အဖိုးတို့ ဘာတို့ က ၀ိုင်းဆွဲ၊
ဆွေမျိုးတွေက ၀ိုင်းဆွဲ ဆိုတော့  ရိုက်ပွဲက ခဏလေးနဲ့ ပြီးသွားပါတယ်။ ဒါပေ့ မယ် မပြီးတာ ဦးသိန်းပါ။ သူက အသုဘအိမ်ရှင်ကို မေးနေတာ။ အဲဒီအရိပ်က ဘာလဲ ဆိုပြီး။ အသုဘအိမ်ရှင်က မပြောချင်ဘူးထင်တယ်ခင်ဗျ။ ဦးသိန်းကလည်း အတင်းမေးနေတာနဲ့ ဆိုတော့ နောက်ဆုံး ပြောပြလိုက်ပါတယ်။
“အေး အဲဒါ ငါ့မိန်းမ” ဆိုပြီးလေ။

အဲဒီအဖြကို ကြားကြားခြင်း ဦးသိန်း သတိလစ်သွားတယ်။ မနက်မိုးလင်းလောက်မှ ပြန်သတိရလာတာ။ အဖျားကလည်း အရမ်းကြီးတယ်။ ယောင်လည်း ယောင်တယ်။ ဘာတွေမှန်းတော့ မသိပါဘူး။ သူက သရဲကြောက်လို့ ဖျားတာလား။ ဒါမှမဟုတ် ဘာဖြစ်လို့ ဖျားတာလဲတော့  ခန့် မှန်းရခက်တယ်ဗျ။ ဘာဖြစ်လို့ လဲဆိုရင် သူဖျားနေတုန်း ကယောင်ကတမ်းပြောတာတွေက
“ချစ်။ အားပွား။ မွှတ်။ အား သရဲကြီး” ဒီလိုတွေ ဆိုတော့ လေ။ ရှုပ်ထွေးနေတယ်။
အနော်တို့ လည်း ဘုရားပွဲပြီးတာနဲ့ ပြန်ခဲ့ ကြပါတယ်။ မေမြို့ ပြန်ရောက်တော့ ရွာက ဖုန်းလာတယ်။ ဦးသိန်းလည်းအဖျားပျောက်သွားတယ်။ အနော်ကိုလည်း နောက်တစ်ခါ မခေါ်လာပါနဲ့ တဲ့ ။ အဲဒီကြောင် မနိုင်ဘူး ဆိုဗြဲ။

ပြီး၏။
လေးစားစွာဖြင့်
ငဇူး
http://www.zuzuaung.info/?p=2005 မှ ကူးယူ ဖော်ပြသည် :)

"သရဲ ပြဿနာ အဖြေရှာ"

ဗုဒ္ဓဘာသာဝင်တွေကတော့ သေပြီးရင်နောက်ဘ၀ ရှိသေးတယ်ဆိုတာကို ယုံကြည်တယ်၊ ပြီးတော့ကိုယ်ပြုတဲ့ ကံအားလျော်စွာ ဘ၀အမျိုးမျိုးကို ရောက်နိုင်တယ်ဆိုတာကိုပါ လက်ခံကြတယ်။ မနေ့ကဘဲ အွန်လိုင်းကနေ စကားတခွန်း နားထောင်လိုက်ရပါတယ် စင်္ကာပူမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးပါ၊ မိမိနဲ့ရင်းနှီးတဲ့ ဒကာမတစ်ယောက်က အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်နေတာပါ၊ သူမ ပြောတာက  " ဦးဇင်းရေ CCTV ကင်မရာတွေမှာ လူအရိပ်လိုလို အရာတွေပေါ်နေတယ်တဲ့၊ ကင်မရာမှာ တခုခုများ ကပ်နေမလားဆိုပြီး သွားကြည့်တော့ ဘာမှမရှိပါဘူးတဲ့၊ သူတို့ Boss ရော သူတို့တတွေကော ယုံကြည်ကြတာက ဒါဟာ သရဲခြောက်တာဘဲလို့ ယုံကြည်ပါတယ်တဲ့ ၊ အဲဒါကို ဘယ်လို ဖြေရှင်း ကိုင်တွယ်ရမလဲဆိုတာ သိချင်ပါတယ်တဲ့"၊


                ထေရ၀ါဒ ရှုဒေါင့်ကနေဘဲ ပြန်ပြီးပြောပြခဲ့ပါတယ်၊ တစ္ဆေ သရဲဆိုတာ လူတွေရဲ့ ပတ်ဝန်းကျင် အနီးအနားမှာ ရှိနေကြတာများပါတယ် စာပေမှာတော့ ဒါကို ပြိတ္တာလို့သုံးတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကျမ်းစာတွေမှာတော့ တစ္ဆေတွေ သရဲတွေ ခြောက်ခံရလို့ ကိုင်တွယ်ဖြေရှင်းပုံတွေ အမြောက်အများရှိပါတယ်၊
ဘုရားရှင် လက်ထက်တော်အခါကပေါ့ တပည့်ရဟန်း ၅၀၀ တောထဲကို တရားထိုင်ကြွကြပါတယ်၊ တောထဲလဲရောက်ရော သရဲ တစ္ဆေတွေက အနံ့ဆိုးတွေပေး ကိုယ်ထင်တွေပြ ကိုယ်ပြတ် ခေါင်းပြတ်တွေလုပ်ပြီး ခြောက်လှန့်တော့ ရဟန်းတော်တွေ တရားအားထုတ်လို့ မရကြတော့ပါဘူး၊ ဒါနဲ့ ဘုရားရှင်ဆီ ပြန်ကြွလာကြပြီး သူတို့တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို လျှောက်ထားတော့ ဘုရားရှင်က မေတ္တာသုတ်ကိုသင်ပေးပြီး အဲဒါကိုရွတ်ဆို သွားကြလို့ လမ်းညွှန်တော်မူခဲ့ပါတယ်။


             တပည့် ရဟန်း ၅၀၀ လည်း ဘုရားရှင်လမ်းညွှန်တဲ့အတိုင်း မေတ္တာပို့ပြီး တောထဲပြန်ကြွသွားခဲ့တယ်၊ မေတ္တာပို့အပြီး မေတ္တာသုတ်ရွတ်အပြီးမှာ ခြောက်လှန့်တာတွေ ကိုယ်ထင်ပြတာတွေမရှိတော့ပါဘူး၊

                နောက်ထင်ရှားတဲ့ သာဓကတခုက ဗိမ္ဗိသာရရှင်ဘုရင်ကြီးပါ။ ညပိုင်း စက်တော်ခေါ်နေချိန် တစ္ဆေ သရဲတွေလာပြီး ခြောက်ကြ ကိုယ်ထင်ပြကြပါတယ်၊ ဘုရင်ကြီးလည်း ဘုရားရှင်ထံသွားပြီး အကျိုးအကြောင်းလျှောက်ထားတော့ ဒါတွေဟာ ဟိုးအရင်ဘ၀က သင်ရဲ့ ဆွေတော်မျိုးတော်တွေ ဖြစ်ကြောင်း သင်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုရဲ့ အမျှကိုလိုချင်လို့ လာရောက်တာဖြစ်ကြောင်း ရှင်းပြတော်မူခဲ့ပါတယ်၊ နောက်ရက်မှာ ဘုရားအမှူးရှိတဲ့ သံဃာတွေကို ပင့်ဖိတ်ပြီး အမျှအတမ်းပေးဝေလိုက်တော့ ဒီတစ္ဆေတွေ သရဲတွေနောက်ထပ်မလာကြတော့ပါဘူး၊


                 ကြားဖူးတာလေး တခုရှိပါတယ် မန္တလေးမှာ ဖြစ်ပျက်ခဲ့တာပါ မူစလင် ကောင်မလေးတယောက်ဟာ ကွယ်လွန်ပြီးတဲ့နောက်မှာ အဲဒီအိမ်မှာဘဲ သရဲဖြစ်နေခဲ့ပါတယ်၊ သူ့မိသားစုကို ကိုယ်ထင်ပြပြီး နှုတ်ဆက်လေ့ရှိပါတယ်၊ ဘ၀ခြားသူတယောက်ရဲ့ နှုတ်ဆက်မှုဟာ ကျန်ရစ်တဲ့ မိသားစုအတွက်တော့ ကြောက်လန့်စရာ ကောင်းလှပါတယ်။ ကျန်ရစ်သူမိသားစု ကိုယ်တိုင်လည်း ဘာလုပ်ရမယ် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိပါဘူး၊ တနေ့မှာ ကွယ်လွန်သွားတဲ့ မူစလင် ကောင်မလေးကိုယ်တိုင်က ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို ပင့်ပြီး ပရိတ်ရွတ်ပေးပါလို့ အိပ်မက်ပေးပါတယ်။ သူမအိပ်မက်အတိုင်း ဘုန်းကြိးတွေကို ပင့်ပြီး ပရိတ်ရွတ်လိုက်တော့ နောက်ရက်တွေမှာ ပေါ်မလာတော့ပါဘူး။ သူငယ်ချင်းပြောပြတဲ့ ဇာတ်လမ်းလေးတခုကို မျှဝေခြင်းပါ။
(အခြားဘာသာဝင်များနှင့် ၄င်းတို့ကိုးကွယ်ရာ ဘာသာတရားကို ပုတ်ခတ်စော်ကားလိုသော ရည်ရွယ်ချက်လုံးဝ မပါဝင်ပါ)


          မိမိကိုယ်တွေ့ လေးတခုကို ပြောပြချင်ပါ သေးတယ်၊ သိပ်မကြာသေးခင်က ကိုလံဘိုနဲ့ ကီလိုမီတာ ၄၅၀လောက်ဝေးတဲ့ တောထဲမှာ တရားအားထုတ်ခဲ့တယ်။ တရားအားထုတ်သူတွေ တွေ့ကြုံရတဲ့      ပရလောကသားတွေရဲ့ အနှောင့်အယှက်ကို ခံခဲ့ရတယ်၊ မိမိတရားထိုင်တာက တောတောင်တခုရဲ့ ကျောက်ဂူထဲမှာ တပါးတည်းပါ၊ သမာဓိ အားကောင်းလာတဲ့အချိန်မှာ မိမိနားအနီးနား တ၀ိုက်မှာ တရားဆက်ထိုင်လို့ မရလောက်အောင် အသံတွေဆူညံခဲ့ပါတယ်။ နှောင့်ယှက်နေပြီဆိုတာ သိတာနဲ့ မေတ္တာကို အားစိုက်ပြီးပို့ပါတယ် မရပါဘူး အဲဒီနေ့ မနက် လက်မြှောက်အရှုံးပေးပြီး တရားထိုင်တာကို ဖြုတ်လိုက်ရတယ်။


           နေ့လည်အချိန်မှာ ပြန်ထိုင်တော့လည်း ပြန်ရောက်လာပါတယ်။ မိမိလည်း ကြိုးစားပြီးမေတ္တာပို့ ပြန်ပို့ပါတယ် နေ့လည်အချိန်မှာတော့ မိမိအောင်နိုင်ခဲ့ပါတယ်။ စိတ်ရဲ့အစွမ်းဆိုတာ တကယ်သုံးရင် တကယ်ပေါ်ထွက်လာပြီး တကယ်ထိရောက်တာကိုတွေ့ရတယ်။ တစ္ဆေသရဲတွေကိုလည်း ဒီစိတ်အစွမ်းနဲ့ဖြေရှင်း နိုင်ပါတယ်၊
ထေရ၀ါဒ ရှုဒေါင့်ကနေဆိုရင်တော့ မေတ္တာပို့ပေးခြင်း အမျှပေးဝေးခြင်းတွေနဲ့ သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်၊


            ဒီနေရာမှာ မေတ္တာပို့သူရဲ့ ကိုယ့်ကျင့်တရား မြင့်ရင်မြင့်သလောက် ထိရောက်မှုလည်း ပိုပြီးရှိလာနိုင်ပါတယ်။ ဒီလိုဖြေရှင်းလို့မှ လုံးဝမရတော့ဘူးဆိုရင် ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး ကမ္မ၀ါစာ ရွတ်ရင်တော့ သေချာပေါက် သူတို့ထွက်ပြေးမှာ သေချာပါတယ်။


Credit to http://www.yawcommunity.com/2009_03_01_archive.html

One of Admins



by facebook page

"ငယ်စဉ်ဘဝ ပရ..ကိုယ်ရံတော် "

ကျွန်တော့်အတွက် ကိုယ်ရံတော် လို့ပဲခေါ်မလား.. သူတော်ကောင်းသရဲမ လို့ပဲခေါ်မလား..။ အဲ တစ်ခုသေချာတာကတော့ ကျွန်တော့်ကိုတော့ ကောင်းကျိုးပေးတာပဲ..။အရင်တုန်းက ကျွန်တော်တို့ မန်းလေးမှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖူးပါတယ်..။ စဖွင့်တုန်းက ကျွန်တော်တောင် အသက် ငယ်ငယ်လေးပဲရှိသေးတယ်.. စားသောက်ဆိုင်ဆိုပေမဲ့ ဘီယာပါတွဲရောင်းတဲ့ ဆိုင်ပေါ့.. အဲ...လွယ်လွယ်ကူကူ ဘီယာဆိုင်ပေါ့ဗျာ..။ အခု.. ကျွန်တော်အသက် ၁ရ ကျော်လို့ ၁၈ ထဲဝင်လာပါပြီ.. ဒါပေမဲ့ ဒီအိမ်မက်ကို ကျွန်တော့်အသက် ၆နှစ် ၇နှစ်ထဲက မက်တာပါ.. ဒီလို၁၀နှစ်ကျော်လောက်ကြာတဲ့အိပ်မက်ကိုပြန်မှတ်မိတာတော့ တော်တော်ထူးဆန်းတယ်ဗျ..။

                     ကျွန်တော်မှတ်မှတ်ရရ အဲ့ညက လေတွေမိုးတွေကြီးနေတဲ့ည.. ။ အခုထိစဉ်းစားရင်အသေးစိပ်ကိုမှတ်မိတယ်.. ။ ဘယ်သူတွေပါတယ်ဆိုတာ...။ ကျွန်တော်တို့မိသားစုမှာ ကျွန်တော်ရယ် မေမေရယ် ဖေဖေရယ် ကိုကိုရယ် ဘွားဘွားရယ် ရှိတယ်.. အဲ မေမေ့ ညီမ တစ်ယောက်တော့ရှိတယ်.. သူမှာက သမီး၃ယောက်ရှိတယ်..။ ကျွန်တော်တို့တွေက ဘယ်လောက်ရင်းနှီးလဲဆိုရင် ဘယ်သူမေးမေး မောင်နှမ ၅ ယောက်ရှိတယ်လို့ပဲဖြေတာ..။ အဲ့လောက်ကိုရင်းနှီးတာ..။အဲ့နေ့ညက ကျွန်တော်မက်တဲ့အိပ်မက်က ဘယ်လိုလဲဆိုတော့..။ကျွန်တော့်ကို ကျွန်တော့်ဒေါ်လေးက ပွေ့ထားတယ်...။ဘေးကိုလှည့်ကြည့်လိုက်တော့ အမ၂ယောက်နဲ့ ညီမလေးက ဘေးမှာ ရပ်နေတယ်..။ အရှေ့မှာက ဘွားဘွားရယ် မေမေရယ်.. ။ ပတ်ဝန်းကျင်ကိုမျက်စိကစားလိုက်တော့ တော်တော်လေးကိုမှောင်မဲနေတာပဲ...။ မျက်လုံးကျင့်သားရမှ မေမေ့ကိုလှမ်းမေးလိုက်တယ်.. ။ "မေမေ.. ဖေဖေနဲ့ကိုကိုဘယ်သွားလဲဗျ.. ဘာလို့ဆိုင်ကလဲအဲ့လောက်မှောင်နေတာလဲ ? ""သြော်.. သားတောင်နိုးလာပြီလား... သားဖေဖေနဲ့ ကိုကိုက မီးချောင်းသွားဝယ်တယ်လေ..။မီးတွေအကုန်ကျွှမ်းကုန်လို့လေ.. ။ သားကအိပ်နေလိုက်တာ ညနေကတည်းက အခုမှနိုးတယ်.. ။ အခုည ၃နာရီတောင် ရှိနေပြီ..။ "

                             ည၃နာရီ.. ? ည၃နာရီမှဘာလို့ဖေဖေနဲ့ကိုကိုနဲ့က မီးချောင်းသွားဝယ်ရတာလဲ..? ဘာလို့အားလုံးကလဲ ဘာလို့မအိပ်ကြသေးတာလဲ..?မေးမယ်လို့ပါးစပ်ပြင်လိုက်တော့... ။
 " ဝုန်း..!!!! " ကလူကလူ.. လန့်လိုက်တာ.. ဘာလဲဆိုပြီးလှန်းကြည့်လိုက်တော့ ပိတ်ထားတဲ့ ဆိုင်တံခါးက ပွင့်သွားတယ်...။ အပြင်မှာ မိန်းမကြီးတစ်ယောက်ရပ်နေတယ်.. ဘယ်သူလဲ.? ဘာလို့အဲ့မိန်းမကြီးက ဆံပင်ကို မျက်နှာအရှေ့ချထားရတာလဲ ? ဘာလို့အဖြူရောင်ဝတ်ပြီး လေပေါ်မှာပျံနေတာလဲ ? ကျွှန်တော်ကြည့်ဖူးတဲ့ ကာတွန်းကားထဲက ဟို စူပါမန်းဆိုလား ဘာလား.. ။ အဲ အဲ့လိုအကောင်လား.. ။  ဒါပေမဲ့ ဟိုကာတွန်းကားက အဖြူမဝတ်ပါဘူး..။ ဒါကဘာလဲ ?အဲ့တုန်းက ငယ်ငယ်လေးဆိုတော့ အကုန်လျှောက်တွေးတာ.. ။ ကျွန်တော်မညာဘူး.. ။ ကျွန်တော် အဲ့လောက်ထိကိုအသေးစိပ်မှတ်မိနေတာ..။ တစ်သက်မှာ ဒါမျိုးအိပ်မက် ၂ခါပဲမက်ဖူးတယ်.. ဒါက တစ်ခု.. နောက်တစ်ခုကိုနောက်မှရေးမယ်..။ ထားပါတော့..။ ကျွန်တော်အဲ့လိုစဉ်းစားနေတုန်းမှာ အားလုံးက ကြက်သေ သေသွားတယ်.. "မင်းတို့ထဲက ဘယ်သူကိုငါစောင့်ရှောက်ရမလဲ..? ငါဒီအိမ်မှာနေတဲ့ သူ.. " ဆိုတဲ့ အသံအက်အက်ကြီးက ကြီးစိုးနေတဲ့ အမှောင်ထုနဲ့ အသံထုကို လွှမ်းမိုးသွားတယ်..။ ရုတ်တရက် ကျွန်တော့်ကိုပွေ့ထားတဲ့ဒေါ်လေးက " သားငယ်လေးကို စောင့်ရှောက်ပါ.. သားငယ်လေးကိုလုပ်ပေးပါ " ဆိုပြီးအော်ပြောပြီး ကျွန်တော့်ကို သူ့ခေါင်းအကျော်ကို တင်လိုက်တယ်.. ။ အဲ့ချိန်မှာ အဲ့သရဲမ ဆံပင်တွေက ရုတ်တရက် လေပေါ်ကိုရောက်လာပြီး လေတွေထွက်လာသလိုပဲ ကျွန်တော်ခံစားလိုက်ရတယ်..။စိမ့်ကနည်း ဖြစ်သွားတယ်....။ ရုတ်တရက် သူ့ရဲ့ မျက်နှာပြောင်ကြီး မြင်ပြီး အိပ်ယာ လန့်နိုးလာတယ်..။ ပြီးတော့ ငိုလိုက်တာဆိုတာ တစ်ညလုံးပဲ.. ကြောက်လို့ ပြန်လဲမအိပ်ရဲ.. လူကြီးတွေကို သွားနိုးလဲ ဆူခံရမှာဆိုးတာမနိုးရဲ.. တော်တော်မှတ်မိလိုက်တဲ့တစ်ညပဲ.. စောင်လေးခေါင်းမြီးခြုံလို့ တစ်ယောက်ထဲကြောက်နေခဲ့ရတာ..။နောက်နေ့ကစပြီးလူက ကံကောင်းတာလား ဒါမှမဟုတ် အဲ့သရဲမက ပဲစောင့်ရှောက်လို့လားတော့မသိဘူး..။ ဘာမှကိုမဖြစ်တာလူက.. ။ ဥပမာ ကျွန်တော် ငယ်ငယ်က ရန်ခဏခဏ ဖြစ်တယ်.. အဲ့လို အိပ်မက် မက်ပြီးတဲ့ နောက်ပိုင်းမှာ ရန်ဖြစ်ပြီဆိုရင်ကျွန်တော် နိုင်တာများတယ်... မှတ်မှတ်ရရ ကျွန်တော့်ကို အနောက်ကနေ လူတစ်ယောက် လာရိုက်တော့မယ်ဆိုရင် နားထဲမှာ သူ့အလိုလို " သတိထား...!!! " ဆိုတဲ့ စကားတိုးတိုးလေး ကြားရတယ်.. အဲ့ဆို အနောက်ကကောင်ကလဲ ရုတ်တရက် ခဏရပ်သွားတာတို့ ချော်လဲတာတို့ဖြစ်သွားတယ်. အစကတော့ ကံကောင်းလို့ ပဲလို့ထင်တာပေါ့.. နောက်တော်တော်ကြာမှ မဟုတ်မှန်းသိတာ.. ဘယ်လောက်ထိလဲဆို စာမေးပွဲမှာ စာတစ်လုံးမှမကျက်ဘူး.. ရမ်းဖြေတာတောင် အောင်တယ်.. အကျလို့ကိုထင်တာ.. ပိုးစိုးပတ်ဆက်မကျပါစေနဲ့လို့ပဲ ဆုတောင်းချိန်မှာ  စာမေးပွဲတောင်အောင်တယ်.. ကဲ အဲ့လောက်ဆိုတော့ မူမမှန်တော့ဘူးပေါ့နော်.. တော်တော်ကြာကြာ အဲ့လိုပဲနေခဲ့တယ်..

              တစ်ခါတစ်လေဆို..ကျွန်တော်နားမှာလူတစ်ယောက်ရပ်နေတယ်လို့တောင်ခံစားရတယ်..။ ကျွန်တော့်အသက် ၁၀နှစ်ကျော်လည်း ရောက်ရော ကျွန်တော့်ကိုအိမ်က ကိုရင်ဝတ်ပေးတယ်...။ ကျွန်တော့်တို့အိမ်က ကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်.. အဲ့ဘုန်းကြီးကဆိုရင် ဝိနည်းနဲ့အရမ်းကိုညီတာ...။ ဈာန်ပါကြွတယ်..လို့ လူတွေပြောကြတယ်။ ကျွှန်တော့ကိုအဲ့ဘုန်းကြီးကျောင်းမှာ ရှင်ပြုပေးတဲ့အချိန်မှာ ကျွှန်တော့်ကိုဘုန်းဘုန်းက တစ်ချိန်လုံးပဲကြည့်နေတာ.. ကျွှန်တော်လဲ နဲနဲတော့ နေရထိုင်ရကျပ်တာပေါ့.. ။ညနေအားလုံးပြီးလို့ ခဏနားတဲ့အချိန်မှာ ဘုန်းဘုန်းက ကျွှန်တော့ကိုအခေါ်လွတ်လိုက်တယ်.။  ပြီးတော့ ကျွှန်တော့်ကိုမေးတယ်..။
"ဒီလို ပရလောကသားတွေနဲ့ပတ်သတ်ဘူးလား...??? "တဲ့. ။ ဘာလဲပေါ့ ပရလောကဆိုတာ..။ ကျွန်တော်ကလဲ ဘုန်းဘုန်းကိုလျှောက်တယ်.. တပည့်တော်မသိပါဘူးဘုရား ပေါ့.. ကျွန်တော့်ကို.." ဝိညာဉ်တွေနဲ့ပတ်သက်ဖူးလား...???" တဲ့           ( ကျွန်တော်တို့ရဲ့ အက်မင် ဝိညာဉ် ကိုပြောတာမဟုတ်ဘူးနော်..:P ) ကျွန်တော်ကလည်း ကျွန်တော်မက်ဖူးတဲ့ အိမ်မက်ကိုပြောပြလိုက်တယ်.. ပြီးတော့ အဲ့လို ထူးထူးဆန်းဆန်းတွေကိုပါပြောပြလိုက်တော့ ဘုန်းဘုန်းက သူမောင်းထုတ်ပေးမယ်တဲ့.. အဲ့လိုနာနာဘာဝတွေနဲ့ မပတ်သတ်ရဘူးတဲ့.. အသက်တိုပြီးကံနိမ့်တတ်တယ်.. ကိုယ့်ကိုပြုစားလို့ရတယ်တဲ့.. အဲ့တုန်းကတော့ ဘုန်းဘုန်းပြောတာတွေနားမလည်ပေမဲ့လည်း ကြောက်ရတော့လည်း ခေါင်းညိမ့်ရတာပေါ့.. ။ ပြီးတော့ ဘုန်းဘုန်းက ပြောတယ် သူအဲ့သရဲမကို အမျှပေးတယ်တဲ့ ဒါပေမဲ့ မကျွှတ်ဘူးတဲ့. သူကတော့ သူအရင်ရှိနေတဲ့ နေရာမှရှိနေမှာတဲ့. အဲ့တော့သတိထားနေဖို့ပြောတယ်.. ကျွန်တော်ကတော့ ထုံးစံအတိုင်း တင်ပါ့ဘုရားပေါ့.. ပြီးတော့ ကျွန်တော့်ကိုလည်း ဘုရားတရားများများလုပ်ခိုင်းတယ်. ကံအရမ်းနိမ့်နေလို့တဲ့...။ အလကားနေရင်းနဲ့တောင် ဖျားတယ်.. တော်တော်ကိုဖျားတာ.. နောက်မှ ဘုရားတရားကိုတော်တော်လုပ်မှ လူက ကံပြန်ကောင်းလာတာ...။ တစ်ခါတစ်လေ တစ်ယောက်ထဲနေလို့အပေါ်ထပ်များသွားလိုက်ရင် ဖြတ်ကနဲ နဲ့တွေ့လိုက်တယ်.. အဖြူေ၇ာင်လေးကို...။ အဲ့တုန်းက ဆို ဘုရားစာရွတ်ပြီး ပြေးတာ လုံးနေတာပဲ.. အခုတော့ကျွန်တော်တို့ဆိုင်လည်းပိတ်လိုက်ပြီ.. ဒီလည်းပြောင်းလာပြီ...။ အဲ့ဆိုင်မှာဘာဆက်ဖြစ်လည်းတော့ မသိဘူး..။ ဒါကျွန်တော့်ဘဝမှာ ပထမဆုံး အားလုံးကိုပြန်မှတ်မိတဲ့အိပ်မက်..။ နောက်တစ်ခုရှိသေးတယ်. အဲ့တာက သရဲတော့မဟုတ်ဘူး..။ အဲ့တာလဲ မှတ်မှတ်ရရပဲ.. နောက်ကြုံရင်တော့ရေးမှာပါ..။ အခုတော့ အိပ်တော့မယ်.. ည ၃း၃၀ ရှိနေပြီ...။ လူလည်းနည်းနည်းတော့ကြောက်လာပြီ..။တာ့တာ..။- Admin_King Sh!n -


by facebook page

တစ်ကြိမ်တစ်ခါသာ ကြုံဖူးသေးသော ဉာတိပေတ ဥဒ္ဒိဿဒါန

လွန်ခဲ့သော ခြောက်နှစ် ခုနစ်နှစ်ခန့်က ဖြစ်သည်။
          ဖိတ်စာနှင့် ဖိတ်စာပေးသူကို ကြည့်ပြီး“ဘယ်လိုပါလိမ့်”ဟု တွေးမိလိုက်သည်။ ဤလို ဖိတ်စာမျိုးကို တစ်ခါမှ မမြင်ဖူး၊ မရဖူးဘူးသဖြင့် အံ့သြသလိုလည်း ဖြစ်သွားမိသည်။
          ဖိတ်စာပေးသူကလည်း နိကာယ်သာသနာတော် ထွန်းကားရေးအသင်း၏ ဥက္ကဋ္ဌ၊ ဝဋံသကာ (ဘီအေ) သာသနာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်(ငြိမ်း) ဦးသောင်းလွင် (ရှင်သုမန)။
          သူက ပြောသည်မှာ -
          “ကျွန်တော် ခု အသက်ခုနစ်ဆယ် ရှိပြီ၊ ခုမှ လုပ်ရကောင်းမှန်း သိလို့ ဉာတိပေတ ဥဒ္ဒိဿဒါန အလှူလုပ်မလို့”
ဟုဆိုသည်။
         သူပြောသည်ကို ကျွန်တော်သဘောပေါက်၏။ ဉာတိပေတ ဥဒ္ဒိဿ အလှူဆိုသည် မှာ သံသရာ ဘဝ အဆက်ဆက်က ဆွေမျိုးတော်စပ်ခဲ့သော မကျွတ်မလွတ်ကြသူ ပေတ(ပြိတ္တာ)များကို ရည်စူး၍ သီးသန့် အလှူလုပ်မည် ဖြစ်သည်။ သို့သော် ဤလိုပွဲမျိုးကို သီးသန့် မိမိအိမ်၌ လုပ်သူဟူ၍ စာရေးသူ တစ်ခါမှ မကြုံဖူး၊ မတွေ့ဖူးပေ။
          သူက ထိုပွဲသို့ ဗန်းမော်ဆရာတော်ကြီးကိုလည်း ပင့်ထားသည်ဟု ပြော၏။ ဗန်း မော် ဆရာတော်ကြီး ဆိုသည်မှာ ကျွန်တော်တို့ နိကာယ် သာသနာထွန်းကားရေး အသင်း၏ သြဝါဒါစရိယ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် သိရောမဏိဝဋံသကာ ဒေါက်တာ အရှင်ကုမာရ ဆရာတော်ဘုရား ကြီးကို ဆိုလိုခြင်း ဖြစ်သည်။
          ဗန်းမော် ဆရာတော်ကြီးဆီသို့ စာရေးသူသည် တစ်နှစ်လျှင် အနည်းဆုံး သုံး လေးခေါက်တော့ မရောက် မဖြစ် ရောက်ရ၏။ ရောက်ရသော အကြောင်းမှာ နိကာယ် သာသနာတော်ထွန်းကားရေးအသင်းက နှစ်စဉ်ကျင်းပနေသော နိကာယ်စာမေးပွဲ အတွက် ပုစ္ဆက သွားလျှောက်ရခြင်း၊ ပုစ္ဆာသွားယူးရခြင်း၊ စာဖြေသံဃာများ၏ အဖြေ လွှာများကို စိစစ် အမှတ်ပေးရန် ပို့ပေးခြင်း၊ ဆရာတော်ကြီး စိစစ်အမှတ်ပေးထားသော စာဖြေလွှာများကို ပြန်ယူရခြင်းတို့ကြောင့် ဖြစ်သည်။
          ဉာတိပေတ ဥဒ္ဒိဿအလှူဒါနနှင့် ပတ်သက်၍ လျှောက်ထားကြည့်ရာ ဆရာတော် ကြီးက အလွန်လုပ် သင့်သော အလှူဒါနတစ်ခုဖြစ်ကြောင်း မိန့်ကြားလေသည်။
          ဆရာတော်ကြီး၏ မိန့်ကြားပြောပြချက်အရာ သံသရာ အဆက်ဆက်က တော်စပ် ခဲ့ကြသော ဆွေမျိုး ပြိတ္တာများအတွက် ဘုရားရှင်လက်ထက်တော်က ဗိမ္ဗိသာရမင်းကြီး အလှူပေးခြင်း၊ ဆွေမျိုးပြိတ္တာများအား အမျှဝေခြင်းတို့ကို ဆရာတော်က အကျယ်တဝင့် မိန့်ကြားလေသည်။
          ထို့ပြင် ဆွေမျိုးပြိတ္တာများကိုသာမဟုတ် ပြိတ္တာများအားလုံးကို ရည်ရွယ်၍ တိပိဋက မင်းကွန်းဆရာ တော်ဘုရားကြီးသည် ကြံတောသုသာန်တွင် မကျွတ်မလွတ်ဘဲ ရှိကြကုန်သော ပေတ(ပြိတ္တာ)များအတွက် ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)ကို ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ပြုလုပ်သွားကြောင်းကိုလည်း ဆရာတော်ကြီးက မိန့်ကြားပြန်သည်။
          (ထိုစဉ်က ကြံတောသုသာန်ကို ရွှေတကော၊ ထိန်ပင်သို့ မပြောင်းမရွှေ့သေး ပေ။)
          မင်းကွန်း တိပိဋက ဆရာတော်ကြီး ဦးဆောင်ကျင်းပသော ပြိတ္တာတို့၏ အကျွတ် အလွတ်ပွဲ (ပေတ ဥဒ္ဒိဿဒါန)ကို ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင် ပါဝင်ဖူးသည်။ ထို့ အပြင် ယခု ပျံလွန်တော်မူသွားကြပြီဖြစ်သော တိပိဋက ဆရာတော်များနှင့် ဆရာ တော်ကြီး အတော်များများ ကြွရောက် ချီးမြှင့်ကြကြောင်းလည်း မိန့်ကြားသည်။
          အကျွတ်အလွတ်ပွဲပြုလုပ်သော ကာလမှာ သီတင်းကျွတ် လပြည့်ကျော်တစ်ရက်၊ နံနက် ခုနစ်နာရီတွင် နှစ်စဉ် အချိန်မပြောင်းဘဲ တိတိကျကျ ပြုလုပ်သည်။ ထိုအကျွတ် အလွတ်ပွဲကို ဦးဆောင်ကြသော လူပုဂ္ဂိုလ်များမှာ သံမဏိ ဦးမောင်မောင်နှင့် နိုင်ငံ့ဂုဏ် ရည် ဦးသူတို့က ဦးဆောင်ကြသည်။ ကြံတောသုသာန်၌ပင် ပေတဥဒ္ဒိဿဒါန(တစ္ဆေစာ)ကို အိုးကြီးအိုးငယ်တွေနှင့် ချက်ပြုတ်ကြသည်။
          ဦးမောင်မောင်မှာ အင်္ဂလိပ်တို့ အုပ်ချုပ်ရေး ခေတ်ကာလ တစ်လျှောက် ကျောင်း သားအရွယ်ကပင် အင်္ဂလိပ်အစိုးရကို တော်လှန်လာသူ၊ သံမဏိဘွဲ့ရလာသူ ဖြစ်သည်။ ထို့နောက်တွင် မင်းကွန်းဆရာတော်ကြီးနှင့်တွေ့ကာ ဆရာတော်၏ အဆုံးအမ၌ တည် လာသူ ဖြစ်သည်။
          မင်းကွန်း တိပိဋက ဆရာတော်က ကြံတောသုသာန်၌ အကျွတ်အလွတ်ပွဲ ပြုလုပ် ခြင်းမှာ ရန်ကုန်မြို့၏ အဓိက သုသာန်ကြီးဖြစ်သဖြင့် မကျွတ်မလွတ်သူများလည်း အများ အပြားပင် ရှိနေကြ၍ ဖြစ်ပေမည်။
          စာရေးသူမှာ ကမာရွတ်မြို့နယ် လှည်းတန်း၌နေသူဖြစ်ရာ နာနတ်တော၊ ခြောက် ပင်ခံ၊ ကွမ်းခြံမှသည် စာရေးသူတို့ နေသော စပယ်ခြံရှိ ကြံတောသုသာန်နှင့် နီးသော အရပ်များက လူကြီးသူမများသည် ယခုအထိ ကြံတောသုသာန်က တစ္ဆေ၊ သရဲ၊ မှင်စာ၊ ကျတ်၊ ပေတများအကြောင်းကို အခွင့်အခါသင်လျှင် ပြောကြားတတ် ကြမြဲ ဖြစ်သည်။
          ကြံတောသုသာန်ကို သက်ဆိုင်ရာက ရေဝေး၊ရွှေတကောနှင့် ထိန်ပင်ကို ပြောင်းရာ၌လည်း သရဲ တစ္ဆေကို ကားအစီးပေါင်း မည်ရွေ့မည်မျှ တိုက်ယူရသည်။ သရဲ တစ္ဆေတွေ များလွန်း၍ ကားမထွက်နိုင် ဖြစ်ကာ ပြန်ဆင်းခိုင်းရကြောင်း၊ နောက်ကားနှင့် ပို့မည်ဖြစ် ကြောင်း ပြောရသလို အလည်လွန်နေ၍ သူများတွေ ပြောင်းသွားကြသည်ကို မသိလိုက် သဖြင့် ကြံတော၌ပင် တစ္ဆေတစ်ကောင် ကျန်နေခဲရာ ညညကျလျှင် ထိုတစ္ဆေ မည်သို့ ငိုနေပုံ၊ မည်သို့ ခြောက်လှန့်ပုံတို့ကိုလည်း ရယ်စရာအဖြစ် ပြောကြားနေကြသည်ကို ကြားခဲ့ရသည်။
          ဤသို့ သုသာန်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ သီတဂူဆရာတော်ကလည်း “သီတဂူ၏ ဘဝပုံရိပ် တစ်စိတ်တစ်ဒေသ”စာအုပ်တွင် ယခု သီတဂူ အာယုဒါန ဆေးရုံ ဆောက်လုပ်ရန် ကိစ္စနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထားသည်။
          “ဆွမ်းဦးပုညရှင် အနောက်ဘက် ဆူးချုံတောတွေနဲ့ မြေရိုင်းကြီးကို ရှင်းလင်းတဲ့ အခါ နာနတ်တော သုသာန်ကလေးကို ထုလိုက်၊ ဖြိုလိုက်၊ ဖျက်လိုက် လုပ်ရပါတယ်။ ရုပ် အလောင်း မြှုပ်နှံထားတဲ့ အုပ်ဂူပေါင်း (၃၇)ဂူက အရိုးတွေကို တူးပြီး မီးရှို့ပစ်လိုက်ရပါ တယ်။
            အချို့အုတ်ဂူတွေထဲမှာ ပုပ်သိုးနေတဲ့ ရုပ်အလောင်းကောင်များကို တွေ့ရတယ်။ ရှင်းလင်းနေဆဲ မြေလွတ်ကြီးမှာ တဲထိုးလို့ နေကြရတယ်။ အလုပ်သမားတွေ၊ အင်ဂျင် နီယာတွေနဲ့ ဘုန်းကြီးတို့ တစ်တွေဟာ ညကျရင် အလှည့်နဲ့ အိပ်ပြီးတော့ သတိထား နေကြရတယ်။ တချို့အလုပ်သမားတွေကို ခေါင်းလာမ,တယ်။ တချို့ အလုပ်သမား တွေကို ခြေထောက်ကနေ အိပ်ရာပေါ်က ဆွဲချတယ်။ တစ်ခါ တစ်ခါ တဲအမိုးပေါ်ခဲတွေ ကျလာတယ်။
            သြဝါဒါစရိယ ပထမဂန္ဓာရုံဆရာတော်က သံဃာဆွမ်းကပ်၊ ပရိက္ခရာရှစ်ပါးလှူ၊ အမျှဝေ၊ ပရိတ် ရွတ်၊ အမိန့်တော်ပြန် လုပ်ရမယ်လို့ သြဝါဒပေးတဲ့အတွက် ထိုသြဝါဒ အတိုင်း အားလုံးလိုက်လုပ်ကြတယ်။ အမျှဝေ အမိန့်တော်ပြန်ပြီးတဲ့ ညနေခင်းမှာ တီအီး အလဲဗင်း အမိုးဖွင့်ကားကြီးကို အဆင်သင့်ပြင် ထားပြီး“လာကြဟေ့၊ တက်ကြဟေ့၊ မင်းတို့ကို အိမ်ပြောင်းပေးမယ်”လို့ ဖိတ်ခေါ်ပြီး အသစ်လုပ်ထားပြီး ဖြစ်တဲ့ သုသာန်ဇရပ်နဲ့ သုသာန်အသစ်ဆီသို့ မောင်းသွားပြီး အားလုံးကို ပို့လိုက်တယ်။
            တက်ပြီးလိုက်ပါလာကြတာ တစ်ယောက်ကိုမျှ မမြင်ရပေမယ့် မော်တော်ကား ကြီးရဲ့ တာယာကတော့ ပြားနေတာပဲ။ အဲဒီညရဲ့ နောက်ပိုင်းမှာတော့ ဆေးရုံမြေ ကွက်ကြီးထဲ အားလုံး အေးချမ်းစွာ အိပ်ကြရတယ်။”
ဟု ရေးသားဖော်ပြထားလေ၏။  
ဤသို့ သီတဂူဆရာတော်ကြီး၏ ကိုယ်တွေ့ဖြစ်ရပ်ကို ဖတ်ရှုရခြင်းအားဖြင့် ပေတ(ပြိတ္တာ)တို့သည် သုသာန်၌ အနေများကြသည်မှာ ထင်ရှားလေ၏။ ထို့ကြောင့် ဘဝနတ် ထံ ပျံလွန်တော်မူပြီဖြစ်သော တိပိဋက ဆရာတော်ကလည်း ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)ကို ရန်ကုန်မြို့ရှိ ကြံတောသုသာန်၌ ၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်ထိ နှစ်စဉ် နှစ်တိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်။
ပေတ(ပြိတ္တာ)ဆိုသည်မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးဘုံ၌ ပါဝင်သည်။ လူတို့ ပြောနေကြသော သရဲ၊ တစ္ဆေ၊ မှင်စာ၊ သဘက်၊ ဖုတ်၊ ကျတ်၊ ဥစ္စာစောင့်၊ ရုက္ခစိုး၊ စုန်း၊ ဘီလူး စသည်တို့မှာ အားလုံး ပေတခေါ် ပြိတ္တာ များ ဖြစ်ကြသည်။
ပြိတ္တာတို့၏ဘုံသည် ငရဲကြီးရှစ်ထပ်တို့အထက် လူ့ပတ်ဝန်းကျင်၌ ရှိ၏။ ယင်းတို့နေရာဘုံမှာ တော၊ တောင်၊ မြစ်၊ ချောင်း၊ သုသာန်၊ သစ်ပင်၊ လိုဏ်ခေါင်း၊ ကျောင်းပျက် အိမ်အို၊ ဥယျာဉ် စသည်တို့၌ နေထိုင်ကြသည်။
လူတို့သည် သေလွန်ပြီးနောက် ပြိတ္တာ ဖြစ်ကြရခြင်းအကြောင်းမှာ လူ့ဘဝ လူ့ လောက၌ အကြင်သူတို့ သည် -
  • ·         ဥစ္စာစွဲ၊ သားမယားစွဲတို့ဖြင့် သေလွန်သူများ။
  • ·         ငြူစူခြင်း၊ ဝန်တို မစ္ဆရိယနှင့် သေလွန်သူမျာ။၊
  • ·         မိမိကိုယ်တိုင် ပေးကမ်းလှူဒါန်းခြင်း မရှိသူများ။
  • ·         သူတစ်ပါးတို့ ပေးကမ်းလှူဒါန်းသည်ကို တားမြစ်အန္တရာယ်ပြုသူများ။
ထိုသူတို့သည် ပြိတ္တာဘုံ၌ ဖြစ်ကြရလေသည်။
ပြိတ္တာဘုံသို့ ကျရောက်သွားသူတို့မှ အမြဲမပြတ် အစာရေစာငတ်ပြတ်၍ နေနေကြ ရသည်။ သူတို့၏ အကုသိုလ် ဂရုံကံ၊ လဟုကံကို လိုက်၍ အနှစ်တစ်ရာ၊ အနှစ်တစ် ထောင်၊ အနှစ်တစ်သောင်း၊ အနှစ်တစ်သိန်းတို့ ကာလပတ်လုံးလည်းကောင်း၊ ဘုရားတစ် ဆူနှင့် တစ်ဆူကြား၊ ဘုရားတစ်ဆူ၊ နှစ်ဆူ၊ သုံးဆူကြား၊ လေးဆူကြား စသည်ဖြင့် အကုသိုလ်ကံ၏ အလေးအပေါ့ပေါ်တွင် ဝဋ်ခံကြရသည်။
ပြိတ္တာဘုံတို့သည် အမျိုးအစားအားဖြင့် များစွာ ရှိကုန်ကြသည်။
၁။ စန္တတ ပြိတ္တာ = သူတစ်ပါးစွန့်ထားသော တံတွေး၊ နှပ်၊ အန်ဖတ်တို့ကို စားရ သော ပြိတ္တာမျိုး။
၂။ ကုဏပါသ ပြိတ္တာ = မြွေ၊ ခွေး၊ လူသေ စသော အကောင်ပုပ်များကို စားရသော ပြိတ္တာမျိုး။
၃။ ဂုတခါဒက ပြိတ္တာ = လူ့မစင် စားရသော ပြိတ္တာမျိုး။
၎။ အဂ္ဂိဇာလမုခ ပြိတ္တာ = အစားမစားရဘဲ ပါးစပ်မှ မီးလျှံထွက်နေသော ပြိတ္တာ မျိုး။
၅။ သုစိမုခ ပြိတ္တာ = ခန္ဓာကိုယ်ကြီးပြီး ပါးစပ်က အပ်နဖားပေါက်မျှရှိကာ အစား အစာများကို ပါးစပ်က မသွင်းနိုင်၊ နားပေါက်၊ နှာခေါင်းပေါက်က သွင်း၍ စားရသော ပြိတ္တာ မျိုး။
၆။ တဏှာဋိက ပြိတ္တ = ရေမသောက်ရသော ပြိတ္တာမျိုး။ ရေတွေ့သော်လည်း ရေများမရှိတော့ဘဲ ရေများက သွေး၊ ပြည်၊ ကျင်ကြီးတွေ ဖြစ်သွားရသည့် ပြိတ္တာမျိုး။
၇။  သုနိဇ္ဈာမက ပြိတ္တာ = မီးလောင်ထားသော သစ်ငုတ်နှင့်တူပြီး ကြုံလှီပိန်ကပ် ကာ အရိုးပြိုင်းပြိုင်းနှင့် အဝတ်မရှိ ကိုယ်တုံးလုံးနေရသည်။ အနံ့အသက် အလွန်ဆိုး သည့်အပြင် ခြေခွင် လက်ခွင်နှင့် မျက်လုံးအစုံက အပြင်သို့ ပြူးထွက်နေသည်။ ထမင်းဆာခြင်း၊ ရေငတ်ခြင်းဒဏ်ကို အပြင်း အထန် ခံစားနေရသော ပြိတ္တာမျိုး။
၈။ သတ္တင်္ဂ ပြိတ္တာ = လက်သည်း ခြေသည်းတို့က ဓားလှံလို ချွန်ထက်နေပြီး မိမိ ၏ အသားကို ဖဲ့စားနေရသော ပြိတ္တာမျိုး။
၉။  ပဗ္ဗတင်္ဂ ပြိတ္တာ = ကိုယ်ခန္ဓာမှာ တောင်လောက်ရှိပြီး ဇီးကွက်မျက်နှာနှင့် ကိုယ်ခန္ဓာမှ အခိုးအလျှံတွေ အမြဲထွက်ကာ တစ်ကိုယ်လုံး မီးလောင်ကျွမ်းခံ နေရသော ပြိတ္တာမျိုး။
၁၀။  အဇဂရ ပြိတ္တာ = စပါးကြီးမြွေနှင့်တူသော ခန္ဓာရှိပြီး ညအခါ တပြောင် ပြောင် တောက်လောင်နေသော ကိုယ်ခန္ဓာနှင့် သွားလာလှည့်ပတ်နေပြီး နေ့အခါ ဆင်းရဲအမျိုးမျိုး ခံစားနေရသော ပြိတ္တာမျိုး။
၁၁။ ခုပ္ပိပါသိက ပြိတ္တာ = ထမင်းငတ် ရေငတ် အမြဲခံနေရသော ပြိတ္တာမျိုး။
၁၂။ နိဇ္ဈာမတဏှိက ပြိတ္တာ = ပါးစပ်မှ မီးလျှံတပြောင်ပြောင် ထွက်နေပြီး ရေဆာ ထမင်းဆာ ဒုက္ခကို အမြဲခံနေရသော ပြိတ္တာမျိုး။
၁၃။ ပရဒတ္တူပ ပြိတ္တာ = မိမိအစွမ်းအစနဲ့ ဘာမှ မစားရဘဲ လူ့ပြည်က ဆွေမျိုး တွေ ကုသိုလ်ပေး အမျှအတန်းဝေမှ စားရသောက်ရ အသက်ရှည်ရသော ပြိတ္တာမျိုး။
၁၄။ ကာလကဉ္စိက ပြိတ္တာ = ကိုယ်ခန္ဓာ သုံးဂါဝုတ်ရှိပြီး အသားအသွေးနည်း ကာ သစ်ရွက်ခြောက်လို အရိုးကျဲခြင်း၊ အပ်နဖားပေါက်လောက်သာ ပါးစပ်ပေါက်ရှိခြင်း၊ စားသောက်ရသောအခါ စောက်ထိုးမိုးမျှော်ပြုပြီးမှ စားသောက်ရသော ပြိတ္တာမျိုး။
၁၅။ ဝေမာနိက ပြိတ္တာ= နေ့ခံ ညစံ ပြိတ္တာမျိုး။ နေ့အခါ ငရဲထိန်း အလုပ်လုပ်ရပြီး ငရဲခွေးတို့ ကိုက်ခြင်းကို ခံရခြင်း၊ ဓားလှံလှီးဖြတ်တာ ခံရခြင်း၊ ညအခါကျမှ နတ်ကဲ့သို့ စည်းစိမ်ခံစားရသော ပြိတ္တာမျိုး။
၁၆။ မဟိန္ဓိက ပြိတ္တာ = ဝေမာနိက ပြိတ္တာမျိုးတွင် ပါဝင်၍ ငရဲပြည်မှာ ယမမင်း သွားလုပ်ရသည်။ အဆင်းလှသည်။ စည်းစိမ်ကြီးသည်၊ သို့သော် စားသောက်ချင်တိုင်း မစားရ။ တစ်ခါတစ်ရံမှ စားသောက်ရသည်။ တောင့်တမှု အာသာ ဆန္ဒပြင်းပြသော ပြိတ္တာမျိုး။
စသည်ဖြင့် မိမိပြုခဲ့သော အကုသိုလ်ကံအလိုက် ခံစားနေသော ပြိတ္တာတို့သည် များပြားစွာ ရှိကြကုန် သည်။
အပ်သွားလို အမွေးရှိသော ပြိတ္တာ၊
မိကျောင်းရေလို ကိုယ်ရေရှိသော ပြိတ္တာ၊
လက်သည်းခြေသည်း ရှည်သော ပြိတ္တာ၊
ခြေတစ်ချောင်းသာရှိသော ပြိတ္တာ၊
မျက်စိတစ်လုံးသာ ရှိသော ပြိတ္တာ၊
မျက်စိများစွာရှိသော ပြိတ္တာ၊
ပါးစပ်၊ မျက်စိ၊ နှာခေါင်းတို့သည် ရင်ဘတ်၌သာ တည်ရှိသော ပြိတ္တာ -
စသည်ဖြင့်လည်း ရှိသေးသည်။
ထိုသို့ ပြိတ္တာအမျိုးမျိုး ရှိကြရာတွင် မိမိတို့ အစာအာဟာရအလို့ငှာ လူတစ်ဦး တစ်ယောက်ကို ပူးဝင်ကာ တောင်းဆို စားသောက်ရသော ပြိတ္တာမျိုးတို့လည်း ရှိသေးသည်။
အနံ့ခံရုံနှင့် အာဟာရ ပြည့်ဝသွားသော ပြိတ္တာမျိုး၊ ချက်ကြော်ပြီးသော အာဟာရ ကိုမှ ကြိုက်တတ်သော ပြိတ္တာမျိုး၊ အစိမ်းလိုက် စားရမှ တင်းတိမ်သော ပြိတ္တာမျိုး၊ အရှင်လတ်လတ်ကိုမှ ကျွတ်ကျွတ်မြည်အောင် ဝါးစား တတ်သော ပြိတ္တာမျိုး။
ပေတ(ပြိတ္တာ)တို့ ဖြစ်ကြကုန်သော တစ္ဆေ၊ သူရဲ၊ မှင်စာ၊ သဘက်၊ ဘီလူး၊ ရုက္ခစိုး၊ ကျတ် စသည့် ပြိတ္တာတို့က လူတို့အား ခြောက်လှန့်တတ်သော အခြင်းအရာတို့မှာလည်း အမျိုးမျိုး ရှိလေသည်။
အခြောက်ခံရသူ ကံနိမ့်နေ၍ အခြောက်ခံရခြင်း၊
နောက်ပြောင် ကျီစယ်လို၍ ခြောက်ခြင်း၊
ချစ်ခင်၍ ခြောက်ခြင်း၊ အမျှအတန်းပေးဝေမှုကို ရလို၍ ခြောက်ခြင်း၊
စားသောက်လို၍ ခြောက်ခြင်း၊ ဥစ္စာပေးလို၍ ခြောက်ခြင်း၊
မှာထားလို၍ ခြောက်ခြင်း၊ နှုတ်ဆက်လို၍ ခြောက်ခြင်း၊
သားမယားတို့ကို စွဲလမ်းခင်မင်၍ ခြောက်ခြင်း၊
ဘုရားသံ တရားသံကို ကြားနေရ၍ ရွတ်ဖတ်သရဇ္ဈာယ်သည်ကို မလိုလား မနှစ်ခြိုက်ခြင်း -
စသည်တို့ကြောင့် ခြောက်လှန့်ခြင်းတို့လည်း ရှိသည်။
အမှန်မှာမူ ပြိတ္တာတို့က ခြောက်သည်မဟုတ်၊ သူတို့ဆန္ဒကို လူတို့အား ပြောပြလို ၍၊ အကူအညီ တောင်းလို၍ ကိုယ်ထင်ပြရာ သူတို့၏ အကုသိုလ်ကံကြောင့် သူတို့၏ အတ္တဘော ကိုယ်ခန္ဓာသည် ကြောက်လန့်ဖွယ် ရွံရှာဖွယ် ရှိနေသည်။ ထိုသို့သော သူတို့၏ အတ္တဘောကို လူတို့က ရုတ်တရက် မြင်ကြရသောအခါ လန့်ဖျပ်ကြောက်ရွံ့ ကုန်ကြသည်။ ဤသည်ကိုပင် တစ္ဆေခြောက်သည်ဟု လူတို့ ပြောကြသည်။
အခြောက်ခံရသူ အချို့က ပြောပြကြသည်မှာ ခေါင်းက ပုတ်လောက်၊ မျက်လုံး ကြီး နှစ်လုံးက လင်းကွင်းလောက် တစ်ကိုယ်လုံးတွင် အမွေးစုတ်ဖွား အရှည်ကြီးနှင့် စသည်ဖြင့် သူတို့ မြင်ရာကို သူတို့ ပြောကြသည်။ သူတို့မြင်သလိုပင် ထိုထိုသို့သော ရုပ်ဆင်းသဏ္ဌာန်ရှိကြသည့် ပေတများကား အများအပြားပင်။
အမှန်က လူတို့ တွေ့မြင်ရသော ထိုအတ္တဘော ကိုယ်ခန္ဓာသည် သူတို့၏ အကုသိုလ်ကံကြောင့် အမှန်တကယ်ဖြစ်နေ၊ ခံစားနေရသော ကိုယ်ခန္ဓာပင် ဖြစ်သည်။ လူတို့ကြောက်အောင် တမင်လုပ်ကြံ၍ ပြခြင်း မဟုတ်ပေ။ ပြိတ္တာတို့မှာ အမှန်တကယ် အလွန်သနားစရာကောင်းသော သတ္တဝါများ ဖြစ်ကြပေသည်။
ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူအပ်သော ပေတဝတ္ထုကား များစွာ ရှိပေသည်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည်လည်း ပေတများစွာကို ကိုယ်တိုင်မြင်တွေ့ကြရကြောင်း ပေတ ဝတ္ထုတော်မျာ၌ုပါရှိလေသည်။
ဥပမာအားဖြင့် ဂဏပေတ ဝတ္ထု၌ ဘုရားရှင် ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် အရှင်မောဂ္ဂလာန် မထေရ်မြတ်သည် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွ တော်မူလေရာ အဝတ်မပါ ဗလာကိုယ်ချည်းနှင့် ရုပ်ရည်မလှ ပိန်ချုံးကျကာ အကြော ပြိုင်းပြိုင်းထနေသော ပြိတ္တာများကို တွေ့၍ သူတို့၏ အကုသိုလ်ကံများကို မေးမြန်ကာ ဘုရားရှင်အား လျှောက်ထားသဖြင့် ဘုရားရှင်က တရားနာ ပရိသတ်တို့အား ဟောကြား တော်မူလေ သည်။
တစ်ခါကလည်း ကာလကဉ္စိက ပြိတ္တာကြီးသည် ရေငတ်လွန်း၍ အနက် တစ်ယူဇနာရှိသော မဟာဂင်္ဂါ မြစ်ကြီးထဲသို့ ရေသောက်ဆင်းသွားသည်။ ပြိတ္တာကြီး ရောက်သော် ဂင်္ဂါမြစ်ရေသည် ခန်းခြောက်ကုန်၏။ အခိုးအလျှံတွေထွက်ပြီး မြစ်ကြီး၏ အောက် ကျောက်ပြားကြီးသာ တွေ့ရသည်။ ပြိတ္တာကြီးကား ရေစီးသံကို ကြားနေရ၏။ သို့အတွက် ရေကို ဆက်လက်ရှာဖွေသည်။
ဤသို့နှင့် နံနက်အရုဏ်ကျင်းလာသည်။ ရေကိုကား ရှာမတွေ့သေး။ ထိုအချိန် မှာပင် နံနက်၌ သံဃာ အပါးသုံးဆယ်တို့သည် အရုဏ်ဆွမ်းအလို့ငှာ ထွက်ကြွလာသည်။ ထိုအခါ ရေလိုက်ရှာနေသော ပြိတ္တာကြီးနှင့် ဆုံမိကြ၏။
ရဟန်းများက ပြိတ္တာကြီးကို မေး၏။
“ပြိတ္တာကြီး၊ မဟာဂင်္ဂါမြစ်ကြီးထဲမှာ ဘယ်အရာကို လိုက်ရှာနေသနည်း”
“အရှင်ဘုရားတို့၊ တပည့်တော် ရေငတ်လွန်း၍ ရေလိုက်ရှာနေပါသည်ဘုရား။”
ထိုအခါ ရဟန်းတို့က -
“ပြိတ္တာကြီး၊ သင့်ရှေ့မှာ မဟာဂင်္ဂါမြစ်ကြီးပဲ၊ ရေတွေ တသွင်သွင် စီးနေသည် မဟုတ်လော။”
“တပည့်တော် နားထဲမှာ ရေစီးသံကိုမူ ကြားနေရပါသည်ဘုရား။ သို့သော် ရေကို ကား မမြင် မတွေ့ရပါလားဘုရား။”
ထိုအခါ ရဟန်းတော်များသည် ပြိတ္တာကြီး၏ အကုသိုလ်ကံကို သဘော ပေါက် သွားကြ၏။ ပြိတ္တာကြီးကိုလည်း အလွန်သနားသွားကြသည်။ ထို့ကြောင့် ရဟန်းတို့က-
“ပြိတ္တာကြီး၊ ဒီလောက်တောင် သင် ရေသောက်ချင်နေရင် မဟာဂင်္ဂါမြစ်ပြင်မှာ လှဲအိပ်လိုက်ပါ။ ငါတို့ သင့်အား ရေတိုက်ပေးကြပါမည်။”
ပြိတ္တာကြီးသည် ရဟန်းများ မိန့်ကြားသည့်အတိုင်း လှဲအိပ်လိုက်သည်။
ရဟန်းအပါး သုံးဆယ်တို့သည် သပိတ်အလုံးသုံးဆယ်တို့နှင့် ဂင်္ဂါမြစ်ထဲက ရေကို ခပ်ပြီး ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ လောင်းထည့်ကြသည်။
တစ်မနက်လုံး သပိတ်အလုံးသုံးဆယ်နှင့် ရဟန်းအပါး သုံးဆယ်တို့ လောင်း ထည့်ကြသော ရေသည် ပြိတ္တာကြီး၏ ပါးစပ်ထဲသို့ တစ်လက်ဆွန်းမျှသာ ဝင်သည်။ ပြိတ္တာ ကြီးကား ရေငတ်နေသော အာသာ မပြေချေ။
ဤကဲ့သို့ ရေငတ်နေသော ပြိတ္တာ၊ အစာငတ်နေသော ပြိတ္တာတို့သည် ဒုနှင့်ဒေး ရှိကြပေသည်။ ဤသို့သော ပြိတ္တာမျိုးတို့ကို ပေတဥဒ္ဒိဿဒါန ပြုရခြင်းသည် ပြိတ္တာ တို့အတွက် အလွန်အကျိုးများပေသည်။
ထို့ကြောင့်လည်း တိပိဋက မင်းကွန်းဆရာတော်ကြီးနှင့်တကွ ဆရာတော်ကြီးများ၊ ပုဂ္ဂိုလ်များသည်လည်း ပေတဥဒ္ဒိဿဒါန (အကျွတ်အလွတ်ပွဲ)လုပ်ကြသည်မှာ သနားစရာ ကောင်းသော ပြိတ္တာများအတွက် အကျိုးတရား ကြီးမားလှပေသည်။
ထို့ကြောင့်လည်း စာရေးသူသည် တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူး မကြုံဖူးဘူးသေး သော ဦးသောင်းလွင်၏ ဉာတိပေတ ဥဒ္ဒိဿဒါနအလှူပွဲသို့ ရောက်ဖြစ်အောင် အရောက် သွားခဲ့ခြင်း ဖြစ်၏။
ဦးသောင်းလွင်၏ ဆွေမျိုးပြိတ္တာများအား ဖိတ်ကြားသော ဖိတ်စာ နမူနာ တစ်ရွက် ကိုလည်းတောင်း ယူခဲ့သည်။ ထိုဖိတ်စာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဉာတိပေတ ဥဒ္ဒိဿဒါန
ဆွေမျိုးပြိတ္တာများအတွက် ရည်စူးအလှူမင်္ဂလာပွဲသို့ ဆွေမျိုးပြိတ္တာများအား
ဖိတ်ကြားလွှာ
ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် (…)လမ်း၊ အမှတ် (…)နေ့ ဦး/ဒေါ် (…)က ယခုဘဝ/ရှေးအတိတ်သံသရာ တစ်ခုသော ဘဝ/ဘဝအဆက်ဆက်တို့က ဆွေမျိုးတော်စပ်ခဲ့ကြဖူးပြီး ယနေ့ တိုင် ပေတဘဝ၌ မကျွတ်မလွတ် ရှိနေကြသည့် မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမ စသော ဆွေမျိုးပြိတ္တာတို့အား ရည်စူး၍ ၂၀၀၂ ခုနှစ် အောက်တိုဘာလ(၁၃)ရက်၊ ၁၃၆၄ ခု၊ သီတင်းကျွတ် လဆန်း (၇)ရက်၊ တနင်္ဂနွေနေ့ (ယနေ့မှနောက် (၇)ရက်မြောက်သောနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ကျားကွက်သစ် ရပ်ကွက်၊ ကျိုက္ကဆံလမ်း၊ အမှတ် (၂၂၈)နေအိမ်တွင် ဘုရား အမှူးရှိသော သံဃာတော် (၆)ပါးတို့အား နေ့လယ် ဆွမ်း ဆက်ကပ်၍ သင်္ကန်း(၆)စုံ၊ ထီး(၆)လက်၊ ဖိနပ်(၆)ရံနှင့် အခြားလှူဒါန်းဖွယ်တို့ကို စေတနာသုံးတန် ထက်သန်စွာဖြင့် လှူဒါန်းကြပါ မည်။ ထိုဉာတိပေတ ဥဒ္ဒိဿဒါန ဆွေမျိုးပြိတ္တာ ရည်စူးအလှူမင်္ဂလာပွဲသို့ သင်ဆွေမျိုး ပြိတ္တာ လူကြီးမင်း ကိုယ်တိုင် ကြွရောက်ပြီး သာဓုအနုမောဒနာ ခေါ်ဆို၍ သင်တို့အတွက် ရည်စူး၍ပြုသော ကုသိုလ်ဝေစု ကို ရယူပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။
မေတ္တာရပ်ခံချက်
ကျွန်ုပ်တို့၏ မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမ စသော ဆွေမျိုးပြိတ္တာတို့သည် တစ်စုံတစ်ခု သော အကြောင်းကြောင့် ကျွန်ုပ်တို့၏ ဖိတ်ကြားခြင်းကို မသိရှိနိုင်ခဲ့ပါလျှင် ကမ္မဇိဒ္ဓိ တန်ခိုးရှိကြသည့် ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ နယ်စောင့်နတ်၊ ကွင်းပိုင် နယ်ပိုင် ဘိုးဘိုးကြီး စသော သာသနာစောင့်နတ် သူတော်ကောင်းတို့က မိမိတို့ ပိုင်နက် နယ်ပယ် အတွင်းရှိ ကျွန်ုပ်တို့၏ ဆွေမျိုး ပြိတ္တာများအား တစ်ဆင့် ဖိတ်ကြားပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
အထက်ပါ စာသားအတိုင်း ခုနှစ် ရက်ကပင် ဆွေမျိုး ပြိတ္တာများအား ကြိုတင် ဖိတ်ကြားထားပါကြောင်း သိရပေသည်။
                                                               ကိုကြီးကောင်း
မှတ်ချက်။            ။သူရဇ္ဇမဂ္ဂဇင်း (အတွဲ(ဂ) အမှတ်(၁)၊ ၂၀၀ဂ ခုနှစ်၊ ဇန်နဝါရီလ၊ စာမျက်နှာ ၁၂၈ မှ ၁၃၁ ထိ)မှ ကူးယူ ဖော်ပြပါသည်။

(အက်ဒမင် - ရွာတော်ရှင်)


by facebook page

"ပုပ္ပါးတောင် သန်းခေါင်ယံည"

ပုပ္ပါးကိုအလည်သွားကြတုန်းက ဘန်ဂလိုပုံအဆောင်လေးတွေရှိတဲ့ ဟိုတယ်မှာတည်းကြရော ။ ညနေခင်းနဲ့ ညဦးပိုင်းက စားသောက်ပြီးသမျှကို room service အားကိုးနဲ့သိမ်းဆည်းမနေတော့... ။ ဘေးဆောင်ဘေးခန်းတွေ မီးမှိတ်လို့အိပ်ကြတော့ ငါလည်း အိပ်ချိန်တန်ပြီဟု ကိုယ့်စိတ်ကိုယ် force လုပ်ပြီး အိပ်ယာဝင်ခဲ့သည် ။ ခေါင်းအုံးပေါ် ခေါင်းချပြီးမှ ရန်ကုန်က မနေနိုင်မထိုင်နိုင်သယ်လာတဲ့ မုန့်ထုပ်တွေ ရှေ့ဝရန်တာမှာ ကျန်ခဲ့တာကို သတိရသည်။ ငါမသိမ်းမိပြန်ဘူး ။ ဝရန်တာမှာလည်း စားကြွင်းစားကျန်တွေကော မုန့်ထုပ်တွေကော၊ ကြွက်ပဲဆွဲမလား ကြောင်ပဲဆွဲမလား မျောက်တွေများရှိနေမလား မနက်မိုးလင်းလို့အပြင်လည်းအထွက် မျောက်တအုပ်ကြီး အစာမျှော်နေတာများတွေ့ရမလား ? ငါကခြောက်ပြုထုတ်လိုက်ရင် ငါ့ကိုဝိုင်းကုတ်ကြမလားမသိဘူး ။ ဒီကောင်တွေကအတော်စွာတယ် ကြားတယ် ။ အောင်မလေးနော် မျောက်ကမှတော်သေးတယ် ။ တော်ကြာနေ သရဲတွေအနံ့ရလို့ ငါ့ဘန်ဂလိုရှေ့ကို ရောက်လာ ၊ နောက်ပြီး စားကြသောက်ကြ ၊ စားပြီးသောက်ပြီးလို့ မပြန်ပဲ ငါ့ဆီမှာအစာပေါတယ်ဆိုပြီး ညတိုင်းလာမျှော်နေရင် ငါသေရချည်သေးရဲ့ ။ တွေးရင်းတွေးရင်း ကြက်သီးတွေ တဖြန်းဖြန်းထလာသည် ။


            ထိုစဉ်တစုံတခုက ပြတင်းပေါက်ရှေ့မှ ရိပ်ခနဲ ဖြတ်ပြေးသွားသလို ။ ဟယ်ဘာကြီးလဲ ? သရဲလား လူအရပ်လောက်တော့ ရှိတာပဲ ......တွေးနေရင်း အဲ့ဒီရိပ်ခနဲ ရိပ်ခနဲတွေကလည်း စိတ်လာသည် ။ အခန်းဖော် မမချောကိုလည်း မသေချာပဲ မနှိုးချင် ၊ သေချာလျှင်လည်း မနှိုးချင်ပါ ။ သူကအသဲငယ်လှသည် ။ ရိပ်ခနဲတွေ ရပ်သွားတော့ တီးတိုးစကားသံတွေ ဟိုတစဒီတစ ကြားရသလိုလို ။ ဘေးဆောင်က ဆွေမျိုးတွေဆီဖုန်းဆက်နှိုးလျှင်တော့ရသည် ။ သို့သော် အဲ့ဒီလောက် သတ္တိမကြောင်ပြချင်ပါ ။ ပြီးတော့ ငါ့ဟာငါများစိတ်ထင်တာလားဆိုတဲ့ သံသယစိတ်ကလည်းရှိသေး ။ ဟော .. တီးတိုးသံတွေပိုထင်ရှားလာပြီ ။ ထကြည့်မယ်ကွာ ။ အခန်းထဲမှာ ဘုရားရှိတယ် စိတ်ပုတီးရှိတယ် ဘုရားစာအုပ်လည်းရှိတယ် ။ ဘာကိုကြောက်ရမတုန်း?


           သတ္တိမွေးပြီး ကိုယ်ဖော့လျှောက် ၊ ပြတင်းတံခါးဆီသွား ၊ ခန်းဆီးစကို အသာလှပ်ကြည့်တော့ ...... "အောင်မလေးး ! " အသံထွက်ပြီးမအော်မိဖို့ ကိုယ့်ပါးစပ်ကိုယ်အချိန်မှီလက်ဝါးနဲ့အုပ်လိုက်ရသည် ။ ဝရံတာတွင် ပြဒါးယောင်တမျိုးဖြာထွက်နေသော ၊ ယနေ့ခေတ်အဝတ်အစားမဟုတ်သော ဝတ်ပုံစားပုံဆန်းတမျိုးနှင့် ယောက်ျား၊ မိန်းမ ဆယ့်ငါးယောက် အယောက်နှစ်ဆယ်လောက် အခန်းရှိရာသို့ မျက်နှာမူပြီးရပ်နေကြသည် ။ မျက်လုံးတွေပြာဝေပြီး ခေါင်းနားပန်းတွေကြီးလာသည်။ ရင်ကလည်းတဒိတ်ဒိတ်ခုန်ကာမောလာသည် ။ ခုတင်ဆီသို့ အားတင်းပြန်လျှောက်လာပြီး ၊ မေတ္တသုတ်ရွတ် အမျှဝေသည် ။ ထပ်ခါထပ်ခါရွတ် ထပ်ခါထပ်ခါ အမျှဝေပြီးသော် စိတ်လုံခြုံမှုရှိလာ၍ ခန်းဆီးစကြားမှ မနေနိုင်မထိုင်နိုင် ချောင်းကြည့်မိပြန်သည် ။
မိန်းမတယောက်ထဲ ကျန်ခဲ့သည် ။ ယခုနက လူအုပ်လိုက်ကြီးမရှိတော့ ။ ခေါင်းဆောင်တို့၏ ရုပ်ရည်မျိုးနှင့် ထိုမိန်းမက ချောင်းကြည့်နေရာသို့ ပြုံးပြုံးကြီးစိုက်ကြည့်လာ၍ ခန်းဆီးစအသာချကာ ခုတင်ပေါ်ပြန်တက် ၊ ဘုရားစာရွတ်ရင်းမိုးလင်းခဲ့ရသည် ။
(အဒေါ်တယောက်၏ ကိုယ်တွေ့ ။ ၂၀၁၁ခု ၁လပိုင်း တွင်မှ ဖြစ်သွားခြင်းဖြစ်သည် ။ )


ကာယကံရှင်၏ ဆန္ဒအရ အမည်မဖော်ပြပဲ ကျေးဇူးတင်လိုက်ပါသည်။

တီးတိုးသံများကို မုန်းသူ
(အက်ဒမင်-ရွာတော်ရှင်)


by facebook page

"အတော်ဆိုးတဲ့.....ဟတ်ချိုး"

ကျွန်တော့် အတွက်တော့ ကြောက်စိတ်ဆိုတာ အမြဲတမ်းကြီးရှိမနေတတ်ဘူးထင်တယ်။ ဟိုးတစ်နှစ်ကပေါ့။  နှလုံးသားခေါ်ဆောင်ရာ စင်္ကာပူရဆိုသော ခြင်္သေ့နိုင်ငံကြီးကို တစ်ခါတစ်ခေါက်အရောက်....။
မိုးတွေကလည်းနေ့စဉ်ရက်ဆက် ။ ဘယ်ကြည့်ကြည့် စက္ကူမီးရှို့ နံ့တွေနဲ့အတူ မြူလိုလို မီးခိုးငွေ့တွေလို အရာတွေက ဝေဝေမှိုင်းမှိုင်း ။

                        အိမ်ကနေ ထွက်ပြီဆိုတာနဲ့ ပြာပုံတွေ၊ မုန့်အစုအစုလေးတွေကို ပန်းကန်လေးတွေနဲ့ ထည့်ထားတဲ့ဟာတွေကို ရှောင်ကွင်းသွားရတာလည်း တစ်ဒုက္ခ။ မရှောင်လို့လည်းစိတ်မသန့်ပြန်ဘူးလေ။ မသန့်ဆို ကိုယ်ကလည်း အငြိမ်မနေ။ ဒီကာလ ဒီပွဲတော်ရှိပါတယ်ဆိုမှ အင်တာနက်မှာလျှောက်ရှာ လျှောက်ကြည့် . . . ဒါမှအားမရဘူး။ The Maid ဆိုတဲ့ ဒီနိုင်ငံလေးထဲမှာရိုက်ထားတဲ့ သရဲကားသွားကြည့်မိပြီး နေ့လည်နေ့ခင်းမိုးများအုံ့လာပြီဆိုရင်တောင် ကျောချမ်းသလိုကဖြစ်လာပြီ။
အလုပ်ကအပြန် ရထားဂိတ်ကနေ၊ အိမ်အထိလျောက်လာတဲ့ လမ်းမှာရှိတဲ့ secondary ကျောင်းလေးဘေးက ပေါင်းကူးလေးရောက်ရင် အရိပ်တွေကလှုပ်နေသလိုလို၊နောက်က ခြေသံတွေကြားနေရသလိုလို၊ နောက်ကပဲကိုယ့်နာမည်ကို ခေါ်နေသလိုလိုနဲ့
တော်တော်ခြောက်ခြားစရာကောင်းတဲ့လ . . .။

                        ညဘက်ညဘက်ရေဘူးဘေးမှာထားပြီး ရေခဏခဏသောက်ပြီး  အိမ်သာနဲ့ နပန်းလုံးနေရတဲ့ကျနော့်မှာ အာခေါင်တွေခြောက်လွန်းမကခြောက်တာတောင် ရေမသောက်ရဲ ၊ဆီးအရမ်းသွားချင်လာတယ်ဆိုရင်တောင် ဘယ်ကိုမှမျက်စိကစားမနေဘဲ အသက်တောင်မရှူရဲခဲ့တဲ့ညတွေ၊ ဘယ်လောက်ပူပူ ပြတင်းတံခါးကို သေချာပိတ်ပြီးမှအိပ်ခဲ့တဲ့ညတွေ ကျနော့်အတွက်တော်တော့်ကို  ခြောက်ခြားစရာညတွေပါပဲ။

                     တစ်ရက် သူငယ်ချင်းလင်မယားက အိမ်မှာလာအိပ်ပါဆိုတာနဲ့  သူတို့ဆီမှာ သွားရင်းဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့   ညအိပ်ချိန်ရောက်လာပြီ။အိပ်ယာပြောင်းရင် တော်ရုံအိပ်မပျော်တတ်တဲ့အကျင့်က ဒုက္ခတော်တော်ရောက်ပါတယ်။ တစ်ညလုံး ဟိုလှိမ့်ဒီလှိမ့်နဲ့ မျက်လုံးမှိတ်ထားရင်လည်း အတွေးတွေကဟိုရောက်ဒီရောက် ။ အဲ့အချိန်မှာပဲ ချွတ်ကနဲကုတင်ခြေရင်းကအသံ ကြားလိုက်ပါတယ်။ ဘေးနားလှည့်ကြည့်တော့ သူငယ်ချင်းတွေကအိပ်ကြပြီ။ သူငယ်ချင်းမဟုတ်ဘူးဆိုတဲ့အသိနဲ့တင် ခေါင်းနပန်းကြီးလာပြီး ဘာများမြင်ရမလဲဆိုတဲ့အတွေးနဲ့
ကြောက်ကြောက်လန့်လန့်နဲ့ အမှောင်ထဲကိုစူးစိုက်ကြည့်နေရင်း ရိပ်ခနဲလှုပ်သွားတာမြင်လိုက်တာနဲ့တစ်ပြိုင်နက်ပဲ.....

                                             "ဟပ်ချိုး . . .!!!!"

ဆိုတဲ့အသံကို ကြားလိုက်ရသည်။ သိပ်ကျယ်လောင်နေတာမဟုတ်ပေမယ့်  တိတ်ဆိတ်ငြိမ်သက်နေတဲ့ညသန်းခေါင်အချိန်ကြီးမှာ
ထို ဟပ်ချိုးဆိုတဲ့အသံကြီးက ကျနော့်တစ်ကိုယ်လုံး ကြက်သီးတွေ တဖြန်းဖြန်းထ ခေါင်းကြောတွေထောင်သွားတဲ့အထိ ခြောက်ခြားစရာကောင်းလှသည်။မှောင်မဲနေတဲ့ ကုတင်ခြေရင်းကိုကြည့်လိုက်တော့လည်း တစ်စုံတစ်ယောက် ငုတ်တုတ်ထိုင်နေသလိုလို။ သေချာကြည့်ရင် ထိုအရာကလှုပ်လာသလိုလို
နောက်ဆုံး ခေါင်းမြီးခြုံရင်း မျက်စိကိုအတင်းမှိတ်လိုက်ရသည် ။ကြောက်စိတ်ကြောင့်ထင်တယ် ပိုပြီးအိပ်မပျော်ဖြစ်ရတဲ့အထဲ တစ်ချက်တစ်ချက် ကြားရတဲ့ ဟပ်ချိုးအသံကြောင့် လူကတစ်ကိုယ်လုံး တုန်သွားသည်။ ဒီလိုနဲ့ နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ မိုးလင်းလေရောပေါ့ . . .။

                              မနက်လင်းတော့ မနက်စာစား အင်တာနက်လေးသုံး သီချင်းလေးနားထောင်ရင်း သူငယ်ချင်းကို ဒီအကြောင်းပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလားလို့ စဉ်းစားနေတုန်း ဟပ်ချိုး ဆိုတဲ့အသံက ကုတင်ခြေရင်းကနေထပ်ထွက်လာလို့ အမယ်လေးလို့တောင် ယောင်အော်လိုက်မိတယ်။ အဲ့ဒါဘယ်ကအသံလဲ ဘယ်ကထွက်တာလဲလို့ သူငယ်ချင်းကိုမေးတော့မှ ကျနော့်အဖြစ်ကို ခွက်ထိုးခွက်လှန်ရယ်ရင်း ကုတင်ခြေရင်း အဲကွန်းဘေးမှာတပ်ထားတဲ့ စပီကာလိုဟာလေးကို လက်ညှိုးထိုးပြပါလေရော။ အဲဖရက်ရှာ(air fresher)လေတဲ့ ။ နေ့လည်ဆိုပိတ်ထားတာ ညမှဖွင့်တာတဲ့ ။
ခုပိတ်ဖို့မေ့နေလို့တဲ့ ။ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ အဲ့ဒါလေးကိုသေချာကြည့်နေရင်း တော်တော်ကြာတော့ ဟပ်ချိုး ဆိုတဲ့အသံနဲ့အတူ အဲ့ဒါလေးကနေ ရေငွေ့လေးတွေထွက်လာတော့မှ ကျနော်သက်ပြင်းချနိုင်တော့တယ်။

မစူးမစမ်းကြောက်မိတဲ့ကျနော့်အဖြစ်လေးပါ . . . အဲ့ညကိုပြန်ပြောရင် ခုချိန်ထိ အဲ့လင်မယားကျနော့်ကို ဝိုင်းဟားးတုန်းးပဲ . . .
တော်တော်ဆိုးတဲ့ ဟပ်ချိုး ပါ . . . 


Credit to Myanmar Cybermedia Forum

ဟတ်ချိုးချေသံ မကြားချင်တော့သူ

(အက်ဒမင်-ရွာတော်ရှင်)


by facebook page

"အဖွားငယ်ဘဝ...ပရအတွေ့အကြုံ"

သရဲအကြောင်းရေးဆိုရေးစရာတွေကအများကြီးပါပဲ။ ခက်နေတာကကိုယ်တွေ့မဟုတ်ပဲသူများတွေ(ဥပမာ- အဖိုး၊အဖွား၊အမေ၊အမ)ရဲ့ ကြုံဆုံခဲ့ရပုံတွေဆိုတော့ပြောရတာသိပ်အရသာမရှိဘူးဖြစ်နေတယ်။ဘာပဲပြောပြောလေ တတ်နိုင်သလောက်တော့  ကောင်းအောင်ရေးပြီးလိုက်ပါတယ်။ အဖွားငယ်ငယ်တုံးက ကြုံခဲ့ရတာလေးပေါ့ ။ အဖွားတောင်ငါးနှစ်သမီးလောက်တုံးကဆိုတော့ ၁၉၄၀ ဝန်းကျင်လောက်ကပေါ့၊ ဂျပန်တွေမဝင်ခင်အင်္ဂလိပ်ခေတ်မှာပါ။

                                        ဒီလောက်ငယ်ငယ်လေးတုံးကအဖြစ်အပျက်ကိုခုထိမှတ်မိသေးလားဆိုတော့ ဟုတ်ပါတယ် အဖွားကို ကိုယ်တိုင်မေးကြည့်ဖူးပါတယ်။ အဖွားကပြောတယ် သူဘယ်လောက်ငယ်ငယ် အသဲထဲစွဲလောက်အောင်ကိုကြောက်ခဲ့၊ကြုံခဲ့ရတဲ့အဖြစ်အပျက်ဆိုတော့ ခုပြန်ပြောပြရင် ခုမျက်စိထဲပြန်မြင်ပါတယ်တဲ့ ။ အဖွားကမွေးချင်းလေးယောက်ထဲမှာဒုတိယမြောက်ပါ။ အဖွားတို့မောင်နှမလေးယောက်၊ အဖေ၊ အမေနှင့်ခလေးထိန်းကုလားမကြီး(အာရားမ လို့အဲဒီခေတ်ကအခေါ်)၊ ပေါင်းခုနှစ်ယောက် မအူကုန်း(ယခုယူဇနပလာဇာရှေ့)က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးမှာနေကြပါတယ်။ အဖေ၊ အမေနှင့် အငယ်ဆုံးလေးက အောက်ထပ်အခန်းမှာနေကြပြီး အဖွား၊ အဖွားရဲ့အထက်ကအကိုကြီး၊ အဖွားအောက်ကညီမအငယ်နှင့် အာရားမကြီးတို့က အပေါ်ထပ်ကအခန်းမှာနေကြပါတယ်။ စပြောင်းပြောင်းချင်းညမှာပဲ လူခြေတိတ်ချိန်ရောက်ပြီဆိုတာနှင့် အဖွားတို့အခန်းတံခါးက အလိုလိုပွင့်လာပြီး ဆာရီအဖြူရောင်ဝတ်ထားတဲ့ ခေါင်းမြီးခြုံကုလားမကြီးဟာခလေးသုံးယောက်နဲ့၊ အထုပ်တစ်ထုပ်ခေါင်းမှာရွက်ပြီးတော့ ကုတင်ဘေးနားမှာလာကြည့်နေတာပါ။ အဲလိုမျိုးလာလာကြည့်တာလည်း ညစဉ်ညတိုင်းမပျက်မကွက်ပဲတဲ့။

             တစ်ခန်းတည်း အတူအိပ်ကြတာဆိုပေမယ့် တစ်ယောက်အိပ်ကုတင်လေးတွေ တစ်ယောက်တစ်လုံး ကိုယ်စီနဲ့အိပ်ရတဲ့ အဖွားတို့မှာကြောက်လွန်းလို့အသံမထွက်ရဲကြဘူးတဲ့။ အာရားမကြီးကလည်း သတ္တိအရာမှာနှစ်ယောက်မရှိဆိုပဲ။ ခလေးတွေနည်းတူ စောင်ခေါင်းမူးခြုံပြီးအိပ်တာ :D ။ ကုလားမကြီးနဲ့သူ့ခလေးတွေမရှိတော့မှပဲ အော်ငိုရဲကြတဲ့ အဖွားတို့ကိုချော့ပြီးသူလည်းပြန်အိပ်တယ်တဲ့(အဲလိုအားကိုးရတာ :P) ။  နောက်တော့အဖွားတို့လည်း ကုလားမကြီးညတိုင်းလာပေမယ့် အော်တော့မငိုဖြစ်ကြတော့ဘူးတဲ့။ ကြောက်တာတော့ကြောက်တုံးပဲတဲ့။ သရဲဆိုလုံးဝအယုံအကြည်မရှိတဲ့၊ နဲနဲလည်း ဘိုဆန်တဲ့မိဘတွေနဲ့ဆိုတော့ တော်တော်လေးကြာတဲ့အထိ အဖွားတို့အဲဒီအိမ်မှာဆက်နေဖြစ်ကြတယ်တဲ့။အနေကလည်း နဲနဲကြာလာပြီး ပတ်ဝန်းကျင်နဲ့လည်း တော်တော်လေးရင်းနှီးလာတော့မှ သိရတာက အဖွားတို့အခုနေတဲ့အိမ်က အိမ်ရှင်ကုလားမကြီးနဲ့မိသားစုဟာ ဟိန္ဒူ၊မွတ်စလင် အရေးအခင်းမှာအသတ်ခံလိုက်ရတာပါ။ အဖွားတို့နေနေတဲ့အခန်းဟာလည်း ကုလားမကြီး သူ့ခလေးသုံးယောက်ကိုထားတဲ့အခန်းဆိုတော့ စိတ်စွဲပြီးညညလာလာကြည့်ကြည့်နေတာထင်ပါတယ်။ အဖွားတို့ကလည်း မောင်နှမသုံးယောက်စလုံး အဲဒီအခန်းထဲမှာအိပ်ကြရတာဆိုတော့ကွက်တိပေါ့။  ဒီတော့မှအဖွားတို့အမေလည်း အိမ်မြန်မြန်ပြောင်းဖို့စီစဉ်တော့တာတဲ့ ။

                                      အဲဒီကပြောင်းပြီး နောက်အိမ်တခုရောက်တော့ ဘာမှမဖြစ်ပဲအကုန်အေးဆေးပါပဲတဲ့။ နောက်အိမ်တစ်ခုကတော့အဖွား အဖိုးနဲ့အိမ်ထောင်ကျပြီးမှနေတဲ့ စူနီယမ်ပါ့ခ်(ကမ္ဘာအေး)က အရင်ဂျပန်တွေအသုံးပြုခဲ့တဲ့ကင်ပေတိုင်အိမ်ပါပဲ။ အဲဒီအိမ်ကတော့ဘယ်လောက်ခြောက်သလဲဆိုရင် လူမဝင်အောင်တံခါးပိတ်ထားရတဲ့ အိမ်အလယ်တည့်တည့်က အခန်းတစ်ခန်းတောင်ရှိပါတယ်။ ယောင်မှားပြီးနေ့လယ်ဘက်ဝင်မိတာတောင် ကြက်သီးတွေထပြီး အသဲထဲကနေကို စိမ့်တက်ပြီးကြောက်လာရအောင်ကိုထူးခြားတာပါ။ အဲဒီအခန်းဟာ အရင်တုန်းက ကင်ပေတိုင်တွေက လူမျိုးခြားတွေကိုဖမ်းပြီး နှိပ်စက်စစ်ဆေးခဲ့တဲ့အခန်းပါ။ အဲဒီအိမ်ကသရဲတွေ ရဲတင်းချက်ကတော့ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ကိုခြောက်တာပါ။ အိမ်သာသွားတဲ့ အဖိုးရှေ့ကနေ တဖက်နံရံကထွက်လာပြီး  နောက်တဖက်နံရံထဲဝင်သွားလို့ အဖိုးက အိမ်သာထဲမှာထောင်ထားတဲ့ လှော်တက်ကြီးတခုနဲ့တောင် လိုက်ရိုက်လိုက်တာ အဲလောက်အတင့်ရဲတဲ့သရဲကို ။ အဲဒီအိမ်ရဲ့သတင်းကြောင့် အဖွားမကြောက်အောင်လာနေပေးတဲ့ အဖွားရဲ့အဒေါ်ကတော့ သရဲဆိုတာတကယ်မရှိဘူး ကြောက်စရာလဲမလိုဘူးဆိုတာ အဲဒီအိမ်ရောက်ထဲကအဖွားကိုပြောနေကြပါ။ တရက်သူလည်းအိမ်သာသွားရော(အဖိုးသွားခဲ့တဲ့ရေချိုးခန်းပါအိမ်သာမဟုတ်ပါ) အိမ်သာထဲကထုပ်တန်း(အရင်ခေတ်ကအိမ်သာတွေရဲ့ပုံစံအတိုင်း)ပေါ်ကနေ အင်္ဂလိပ်မကြီးတစ်ယောက် ဇောက်ထိုးကြီးထိုးဆင်းလာတာမြင်တော့မှပဲ အောင်မလေးကြောက်ပါပြီတွေ ဘာတွေအော်ပြီး အိမ်ကိုပတ်ပြေးရော(မှတ်ပြီလားတဲ့သရဲမက :P) နောက်များမှပဲအဖိုးရဲ့အတွေ့အကြုံတွေထပ်ရေးပေးပါအုန်းမယ်။


ဖြစ်ရပ်မှန်အကြောင်းအရာများကို အချိန်ယူပြောပြပေးသူ မ Wai Thi အား အထူးကျေးဇူးတင်လျှက်....

လှော်တက် ဆောင်လိုသူ
(အက်ဒမင်-ရွာတော်ရှင်)


by facebook page

မခေါ်ပဲလာတဲ့ ကျိုက်ထီးရိုးက လက်ဝှေ့ဒိုင်

"ကျွန်မ သူငယ်ချင်း ကြုံရတဲ့ ကျိုက်ထီးရိုးဇတ်လမ်းလေးပါ။
သူ့ ကို အားလုံးဝိုင်းပြောကြပေမဲ့ သူက အောက်တန်းကျကျ ညာတတ်တဲ့ လူတယောက်ကို ဝဋ်ကြွေးပါလို့  ထင်ရဲ့ ချစ်မိနေတယ်။ ဒါနဲ့ ဘဲ ကျိုက်ထီးရိုးသွားကြတယ်ပေါ့။
ရင်ပြင်တော်ပေါါ် က တည်းခိုခန်းတခုမှာတည်းတယ်ပေါ့။
အဲ့ဒီ့ အခန်းရဲ့ မှန်ပြတင်း ပေါက်က ပိတ်လို့  မရလို့  ၃ပေလောက် ရှိတဲ့ ဝါးလုံးတခုနဲ့ ထောက်ထားရတယ်။ ။
သူငယ်ချင်း က ညာတာ လုံးဝ မကြိုက်တဲ့ အပြင် အစောင့်အရှောက်လည်း ကောင်းတယ်ထင်ပါတယ်။
အဲ့ ည မှာ နေရင်းထိုင်ရင်း စိတ်က ပေါက်ထွတ်နေတယ်လို့  ပြောတယ်။ ဒီအကောင် အိပ်ပျော်ကာစ ဖြစ်ပြီဆိုတာနဲ့ ဝါလုံးကိုင်ထားပြီး ဖေါင်း ကနဲရိုက် ပစ်တယ်ပေါ့ ။ နောက် အော်ဟစ်ရန်ဖြစ်ပြီး ခနနေ ဒီကောင် အိပ်ပျော်ကာစ ဖြစ်ပြီ ဆိုရင် ဝါးလုံးနဲ့ ပိတ်တီးပြန်ရော ။. ရန်ဖြစ် ပြီး အကောင်က ပြန်အိပ်ပေါ့။
အကောင် က ကလိမ်ကျစ်များတော့ stress တွေ ရှိနေမှာပေါ့ 
ဆေးတွေ ကစ် ထားတယ်လို့  ပြောတာဘဲ ။
အဲ့လို ၃ ,၄ ခေါက်လောက် လုပ်အပြီး မှန်တံခါး ခေါက်သံ စကြားရတယ်တဲ့။ ဘေးခန်းက လူတွေ လုပ်တယ် ထင်တာပေါ့ ။
၁၅မိနစ် မိနစ် ၂၀ ကြားတခါ မှန်တံခါးကို ခေါက်နေတာတဲ့။
အဲ့ အထိ ဘယ်လိုမှ မထင်သေးဘူး။ နောက်တော့ အဝင်သစ်သားတံခါး ကို လာခေါက်ရောတဲ့ ။ ည ၂နာရီလောက်ကြီးတဲ့။ သူငယ်ချင်းက ဝါလုံးကြီး ကိုင်ပြီး ငုတ်တုတ်ထိုင် နေတော့  အကုန်သိရတာပေါ့။
တံခါးခေါက်တာ ပြင်းလာတော့ ဟို အကောင်ကို နှိုးရတော့ တာပေါ့။
အဲ့ အကောင် က တံခါးဖွင့်ကြည့် ဘာမှ မရှိဘူးပေါ့။
တံခါးပြန်ပိတ်လိုက်တာနဲ့ ချက်ချင်းဘဲ ဒုန်းဒုန်းနဲ့မရပ်မနားကို ခေါက်တော့ တာဘဲတဲ့။ အဲ့ဒီ့တော့ မှ ဒီ ပေတ မှာ ရေးထားကြသလို မနောက်နဲ့ ကွာ ။ ငါတို့ ပြုတဲ့ကုသိုလ်တွေလည်း
အမျှဝေပါတယ်။ ဘာညာ ပြောမှ ချက်ချင်း တိတိသွားတာတဲ့။
ပြောချင်တာက သူငယ်ချင်းက အရမ်းပေါက်နေပြီး ဝါလုံးနဲ့
ချက်ကောင်း ကို တီးထဲ့ တော့မယ်လို့  ကီ သွင်းနေတုံးမှာ အဲ့လိုစဖြစ်တာဆိုတော့ ။ ကျိုက်ထီးရိုး က အစောင့်အရှောက်တွေက မဖြစ်သင့်တာ မဖြစ်အောင် လို့ သူ့ ကို
အသံပေးတာ ဖြစ်မှာ ဆိုပြီး ပြောပြတယ်။
အဲ့ ဒါကြောင့် လောကကြီးက ဆန်းကြယ်ပါတယ်။
ဒီခေတ်ကြီးထဲမှာ လည်း တိုင်တည်သစွာဆိုရင် ထူးခြားတဲ့ ဖြစ်ရပ်တွေ ကိုယ်တိုင်လည်း ကြုံဘူးထားလို့  သူ အထိတ်တလန့်
ပြောပြတဲ့ အဲ့ အကြောင်းလေးကို ရေးကြည့်လိုက်တာပါ။
တယောက်ပေါ် တယောက် လိမ်ညာခြင်းတွေ ကင်းဝေးနိင်ပါစေနော်။
စကားမစပ် အဲ့ အကောင်က ခရမ်းသုံးခွ ဇာတိ က ၊ အခုတော့ စလုံးမှာဘဲ အလုပ်လုပ်နေတုံးပါ။

ကိုယ်တွေ့ဖြစ်ရပ်များကို တစ်ဆင့်ဖောက်သည်ချပေးပါတဲ့ မန်ဘာ Kelly Rose ကို အထူးပဲ ကျေးဇူးတင်ပါတယ်ဗျ...

တစ်ကျော့ပြန် ခစ်ခစ်


by facebook page

"တွေ့ကြုံဆုံရ ဘန်ကောက်ည"

အခု အဖြစ်က ၂၀၀၂ နွေပိုင်း လောက်က ပါ။ ကျွန်တော် 2nd year engineering အပြီး ကျွန်တော်ရယ် ကျွန်တော်အကို ၀မ်းကွဲ ကိုရဲမိုး ( နံမည်ပြောင်းတားသည်) တို့ သူငယ်ချင်းတစ်ယောက်အိမ်မှာ ဖဲရိုက်အရက်သောက်ကြတယ်။ အဲဒါကို ဘယ်သကောင့်သား က ကိုရဲမိုးအမေကို သွားချွန်သလဲမသိ၊ ကျွန်တော်တို့အုပ်စု ဖဲ၊ အရက်၊မိန်းခလေး တွေ ပါ သောင်းကျန်းနေတယ် ဆိုပြီး သူ့အမေက ကျွန်တော်သူငယ်ချင်းရဲ့ လုံးချင်းအိမ်ကို လိုက်လာပါလေရော။ သူငယ်ချင်း ရဲ့ ဦးလေးနဲ့ အဒေါ်က ကျွန်တော် တို့ university က ဆရာနဲ့ ဆရာမပါ။ သူတို့ကနွေကျောင်းပိတ်ရက် မြန်မာပြည် ပြန်ကြတော့ အိမ်ကလွတ်နေတာ။ လိုရင်းပြောရင် အဲဒီ ကျွန်တော့်အဒေါ်လိုက်လာတာနဲ့ ပတ်သက်ပြီး ကျွန်တော့်အကိုက တင်းပြီးအိမ်မပြန်ဘူး ဖြစ်ရော။ ကျွန်တော်ပါရောပြီး သူ့နဲ့စိတ်ပြေလက်ပျောက်လိုက်နေမယ်ဆိုပြီးဖြစ် တယ်။နောက်တော့ ကျွန်တော်တို့မှာ ပြင်သစ်မှာ နေတဲ့အဖွား ဆောင်းလာခိုတတ်တဲ့ လုံးချင်း အိမ်တစ်လုံးသော့ခတ်ထားတာရှိတယ်။အဲဒီအိမ်က ကျွန်တော်တို့ university နဲ့နီးတယ်ဗျာ။ ဆိုတော့ အဖွားမလာခင် ကျွန်တော်အတန်းတွေဘာတွေပြီးရင်သွားနား သွားအိပ်လေ့ရှိတယ်။ အဲဒီအချိန်တုန်းက အဲဒီအိမ်သစ်မှာ အဘွားဆောင်းလာမခိုသေးတော့ ပိတ်ထားတယ်။ အဲဒီမှာသွားနေမယ် hotel ခသက်သာတယ်ဆိုပြီး။ ကျွန်တော်က အဖေ့အခန်းက သော့သွားပြန်ခိုး၊ အကိုက သူ့အိမ်က rice cooker, မီးဖိုတွေသွားပြန်ယူတယ်။ ပြီးတော့ အခု ကျွန်တော်အဘွားအိမ် ( detached house ) မှာသွားနေတယ်။ အဲဒီမှာ အခုဇာတ်လမ်းစပါလေရောလား..........................။


                 အဲဒီအိမ်က အခု ဒီစာရေးတဲ့ အချိန် အထိ ကျွန်တော့်အဘွားအတွက် ငှားထားဆဲပါ။ တစ်ခုသော ဘန်ကောက်က international university တစ်ခု ရဲ့ ကျောင်းလမ်း က လမ်းနံပါတ် ၃မှာ ပါ။ပထမ သုံးလေးညမသိသာဘူး။ တစ်ညတော့ ကျွန်တော်တို့ ညကြီးခေါက်ဆွဲပြုတ်စားကြပြီး ဆေးလိပ်သောက်စကားပြောနေတဲ့အချိန်မှာ အိမ်အောက်ထပ်က တံခါး မျောက်လက်ကို ကိုင်ပြီး လှုပ်သံတွေ။ စားပွဲနဲ့ ကုလားထိုင် ရွှေ့သံတွေ ပီပီသသ ကြားရပါရော။ အကိုရော ကျွန်တော်ရော ဟော ကြားလားပေါ့။ အိမ်ပုံစံက အပေါ်မှာ အခန်းကြီး တစ်ခန်း ၊ အခန်းလေး တစ်ခန်း ရှိတယ်။ ကျွန်တော်နဲ့အကိုနဲ့က အခန်းလေးမှာပါ။ ည ၂း၀၀ ၃း၀၀ လောက်ဖြစ်မယ်။ အဲဒါနဲ့ အကို က အောက်ကို ကြည့်ရအောင် ဆိုပြီး အပေါ်လှေခါးထိပ်က ငှံကြည့်တာဘယ်သူမှ မရှိဘူး။ အောက်ထပ်တစ်ခုလုံးမှောင်မဲလို့။ အဲဒါနဲ့ ဆက်ပြီးစကားပြောနေတာ။..........အောက်ထပ်ကနေ ချွမ်..ချွမ် ဆိုပြီး အသံကြားပါလေရော။ ကျွန်တော် တစ်ခုကို သွားသတိရတာ က အောက်ထပ်က fridge အပေါ်မှာ တင်ထားတဲ့ ပုဂံလေးရယ် ပေါင်မုန့်လှီးတဲ့ ဓါးရယ်။ ကျွန်တော်လဲ ဒေါကန်တာနဲ့ အောက်ထပ်ကို ဆင်း ပြီး fridge ရှေ့မှာရပ်ပြီး ကျွန်တော်ရဲ့လက် နဲ့အဲဒီဒါးကို ကိုင်ပြီး ပုဂံကိုခေါက်တယ်။ ပြီးတော့ အပေါ်အခန်းက အကိုကို လှမ်းမေးတယ်။ဒီအသံလားပေါ့။ အပေါ်ကအကိုက ...

              "ဟုတ်တယ် တာတေ(ဆွေမျိုးတွေပေးထားတဲ့ ကျွန်တော့်နာမည်) မင်း အမြန်တက်လာခဲ့တော့!!!!!! .... "တဲ့။

အမှောင်ထဲကို ကျွန်တော်ကြည့်သေးတယ်။ဘာများထူးထူးခြားခြားဖြစ်မလဲပေါ့။ ကြက်သီးထသလိုဖြစ်တာကလွဲလို့အမှောင်ထဲမှာ ဘာမှမထူးခြားဘူး တစ်ခုပဲ တစ်ယောက်ယောက် ရှိနေသလိုတော့ဖြစ်တယ်။ အနောက်လှည့်လိုက်ရင် အနောက်မှာ ပြန်ရှိနေသလိုလို ။ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ပေါ့။


                     အပေါ်ပြန်တက်လာတော့ အကိုက မင်း နောက်ထပ်အောက်မဆင်းနဲ့တော့တဲ့... နှစ်ယောက်အတူတူဆင်းမယ်ဆိုတုန်းကတော့မလိုက်လာဘူး။
အဲဒါပြီးတော့ ကျွန်တော်တို့အိပ်မယ် ပြင်ခါနီးမှာ အိမ်ရှေ့အခန်းကြီးထဲက ခုတင်ပေါ်ကို တစ်ယောက်ယောက်ခုန်တက်သလိုမျိုး ပီပီသသ
ကြီးကိုကြားရတယ်။ ကျွန်တော်လည်း အသံကြားကြားချင်း အခန်းကြီးတံခါးပြေးဖွင့်ကြည့်တာပေါ့။ တံခါးဖွင့်ဖွင့်ချင်းမှာ တကိုယ်လုံးကို
လေဟပ်သွားသလိုပဲ။ အခန်းထဲမှာ ဘာမှမရှိဘူး။ ထင်တာပဲ မှောင်လဲမှောင်နေတာကိုး....။
ပြီးတော့... ကျွန်တော်လည်း အခန်းလေးမှာ အကို နဲ့ ပြန်ထိုင်ပြီး အိပ်ဖို့ပြင်တယ်။ ကျွန်တော်အသိကောင်းကောင်းရှိပါတယ်။
ထူးဆန်းတာက နောက်တစ်နေ့မှာ ကျွန်တော်အကို ပြန်ပြောတဲ့ စကားပဲ။ (မှတ်မိသလောက် အနီးစပ်ဆုံးပြန် ရေးပြမယ် )

ကိုရဲမိုး .... " မင်းမနေ့က အခန်းကြီးတံခါးဖွင့်ကြည့်တာဘာတွေ့သလဲ....???တဲ့။

ကျွန်တော် .. "ဘာမှမတွေ့ပါဘူး။ဘာဖြစ်လို့လဲ????"

ကိုရဲမိုး ...."မင်းမနေ့က အခန်းကြီးတံခါးဖွင့်ကြည့်ပြီးပြန် လှည့်လာတော့ မင်းမျက်နှာတစ်ခုလုံးဖြူနေတယ်။ ငါလည်း မင်း သရဲများဝင်ပူး
လာပြီလား ဆိုပြီးကြည့်နေတာ မျက်နာ ဖြူဖပ်ဖြူလျော် ဖြစ်နေတာကလွဲလို့ အားလုံးပုံမှန်ပဲ။ ပြီးတော့လည်း အေးအေးဆေးဆေးအိပ်သွားတာပဲ။"

                  ဒီလောက်ပါပဲ.....။ ကျွန်တော်ကိုယ်တိုင် သတိရှိတယ် ဆိုပေမယ့်အဲ့ဒီ ညမှာဘယ်လိုအိပ်သွားတယ်ဆိုတာ အခုထိ recall လုပ်လို့မရဘူး။နောက်တစ်ခါ အဲ့ဒီအိမ်မှာ ထပ်ကြုံရတာလေးတခု ပြောပြရဦးမယ်။

                               တစ်နေ့ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းကရင်ကြီး တစ်ယောက် ရယ် အဲဒီအိမ်မှာ ညနက်သွားတာနဲ့ အိမ်မပြန်တော့ပဲ အဲဒီမှာ အိပ်ကြမယ်ဆိုပြီး အပေါ်ထပ်က အခန်းကြီးမှာ အိပ်ကြတယ်။မီးတွေပိတ်ပြီး လှဲနေရင်းစကားပြောနေကြရင်း  မျက်စိထဲမှာ အစိမ်းရောင်အလုံးတစ်ခုက အခန်းထဲမှာ ဖြတ်သွားတယ်။ ကျွန်တော်တို့လည်း ကြောင်သွားတယ်။ ဘာလဲပေါ့။ အဲဒါနဲ့ စကားပြောတာရပ်ပြီး စောင့်ကြည့်တာပေါ့။ ကရင်ကြီးတော့ ကျွန်တော်ဘေးနားကို ကပ်ပြီးတော့ တုန်နေပြီ။ အဲဒီအကြိမ်မှာ အနုမြုအရောင် မီးလုံးလို က ကျွန်တော်တို့ ကုတင်ခြေရင်းကနေဖြတ်သွားတာဗျာ။ ရိပ်ကနဲပါ။ ဒါပေမယ့် တအိမ်လုံးမှောင်မဲနေတော့ တင်းကနဲပဲ။ အခန်းထောင့်မှာ ပျောက်သွားတယ်။ သူငယ်ချင်းကရင်ကြီးဆို အော်လိုက်တာ။ မီးထဖွင့်ပြီး ဘယ်ကလာနိုင်တဲ့မီးရောင်လဲဆိုတာ ကြည့်ကြတယ်။ ဘယ်ကမှ မလာနိုင်ဘူး။ ကြမ်းပြင်ကဖြတ်သွားတဲ့
မီးရောင်ဆိုတော့ ဘယ်လိုမှအပြင်က ၀င်နိုင်စရာမရှိဘူးလေ။ သူငယ်ချင်းကဆက်မအိပ်ရဲတော့ပဲ အပြင်မှာ ညဘက်ဖွင့်တဲ့ ဆန်ပြုတ်သွားစားမယ်ဆိုပြီး ပြောတာနဲ့အပြင်ပြန်ထွက်ကြတယ်။ ည ၂း၃၀ လောက်တော့ရှိပြီ။ ကျွန်တော် apartment လမ်းထိပ်မှာပါ။ စားပြီးတော့ သူငယ်ချင်းက သူ့အိပ်ပြန်အိပ်တော့မယ်တဲ့။ ကျွန်တော်ကိုလည်း အဲဒီအိပ်ကို ဘယ်လိုမှ ပြန်မသွားခိုင်းတော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း  တစ်ယောက်တည်း ပြန်မသွားဖြစ်တော့ဘူး စိတ်လဲ မသိုးမသန့်ဖြစ်တာနဲ့။ အဲဒါကလည်း ခပ်ကောင်းကောင်းပါ။

နောက်တစ်နေ့မှာ ကရင်ကြီးက ဖုန်းဆက်လာတယ်။ (အတိအကျမဟုတ်မေမယ့်မှတ်မိသလောက်ပေါ့)

ကရင်ကြီး။    ။"ဟေ့ရောင် မင်းမနေ့က ပြန်သွားမအိပ်တာ အရမ်းကံကောင်းတယ်။ နောက်လည်း အဲ့မှာ မအိပ်နဲ့တော့!!!"

ကျွန်တော်။      ။"ဘာဖြစ်လို့....???"

ကရင်ကြီး။      ။"မင်းအကို ကိုရဲမိုး နဲ့ ငါနဲ့ တွေ့တယ်။ (  အဲဒီအချိန်တုန်းက ကိုရဲမိုးနဲ့ကျွန်တော်  ကထောက်ကဆဖြစ်         ပြီးစကားမပြောဖြစ်ကြတဲ့အချိန်) ။ မင်းအကိုပြောတာ အဲဒီအိမ်ကသရဲခြောက်တယ်လို့သူ့ရှမ်းသူငယ်ချင်းတွေ
ဆီကကြားတယ်။"

ကျွန်တော်။       ။"ဟုတ်လား....????ခါတိုင်း.....ကျွန်တော်တစ်ယောက်တည်း...တစ်ခါတလေအိပ်ရင်ဘာမှ မဖြစ်ပါဘူး။"

ကရင်ကြီး။      ။"မင်းအကိုနဲ့ပါလာစကားပြောကြည့်။"

အဲဒါနဲ့ ကရင်ကြီးနဲ့ကိုရဲမိုးတို့ဆီ သွားစကားပြောဖြစ်တယ်ဆိုပါတေှာ့ဗျာ။ အကိုနဲ့လည်းပြန်စကားပြောဖြစ်တယ်။ အဲဒီမှာ ကိုရဲမိုးကမေးတယ်။အဲဒီမတိုင်ရက်မတိုင်ခင် တစ်ရက်နှစ်ရက်လောက်က ကျွန်တော့်ကောင်မလေးရှမ်းမကို အဲဒီမှာခေါ်အိပ်သလားပေါ့။ ကျွန်တော်က မတွေ့ဘူးဘာဖြစ်လို့လဲပေါ့။ သူပြောတာကအဲဒီ နေ့မတိုင်မီ နှစ်ရက်လောက် အလိုက ကျွန်တော်အဲဒီအိမ်ထဲကိုဝင်သွားတာတွေ့လိုက်တယ်ပေါ့။ အကိုကလည်း ကြည့်နေတာ။ အဲဒီအချိန်မှာသူက ဓါးလွယ်ခုတ်နားက စားသောက်ဆိုင်မှာပေါ့။ နောက်သူထပ်မြင်လိုက်တာက ဆံပင်ဖားလျားချထားတဲ့ကောင်မလေးတစ်ယောက်ဝတ်စုံအဖြူနဲ့ ၀င်သွားတာတွေ့လိုက်တယ်တဲ့။ အကိုလည်း နောက်ကနေပြီး လိုက်ကြည့်တယ်တဲ့။ တံခါးကနေပြီးတော့ ဘာမှမမြင်ဘူးတဲ့။
ကျွန်တော်သေချာတယ်။ အဲဒီညက ကျွန်တော် တစ်ယောက်တည်း အဲဒီမှာအိပ်တာပါ။ ဘယ်ကောင်မလေးမှလည်းမလာပါဘူး။


ပရလောက ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ပြန်လည်မျှဝေပေးပါသော ကိုThantZin Soe အား အထူးကျေးဇူးတင်စွာဖြင့်....



ကြုံရာတွင် မအိပ်လိုတော့သူ
(အက်ဒမင်-ရွာတော်ရှင်)


by facebook page

"မှတ်မှတ်ရရ... မလေးရှားည"

Malaysia နိုင်ငံမှ ကိုNay Yaung ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်

                            ပေတမှာ သရဲအကြောင်းတွေ ဖတ်ရတော့ ကျွန်တော်လည်း ကိုယ်တွေ့တစ်ခုကို ပြောပြချင်ပါတယ်။
စာရေးမကောင်းလို့ ဖတ်မကောင်းရင် ကြိုပြီး တောင်းပန်ပါရစေ။

                             ၂၀၁၁ ဂျူလိုင်လမှာ ဖြစ်ပျက်ခဲ့တာပါ။ကျွန်တော်နေတာက PJ (Petaling Jaya)state ရဲ့ အစွန်းပိုင်း Damansara Perdana ဆိုတဲ့ နေရာမှာပါ။ကျွန်တော့်မှာ အိပ်ခန်းနှစ်ခန်း ရှိပါတယ်။ တစ်ခုက သူငယ်ချင်းတွေနဲ့ နေတာပါ။ အဲဒီ အခန်းက တောင်ကုန်းအမြင့်ကြီးပေါ်က ကွန်ဒို မီနီယံမှာ။ အဲ့မှာက အရမ်းခင်တဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ ချက်စားပြုတ်စားလို့ရပါတယ်။ ဒါကြောင့် သူတို့နဲ့ နေပါတယ်။ ကွန်ဒိုတွေရဲ့ထုံးစံအတိုင်း အပြင်လူစိမ်းဝင်မယ်ဆိုရင် Passort တွေပေးရ၊ ၀င်ခွင့်ကတ်တွေ လဲရပြုရ အလုပ် ရှုပ်တာနဲ့ တခြားသူငယ်ချင်းတွေ သူတို့အလုပ်နားရက်လာလည်ရင် ၀င်ရထွက်ရ စိတ်၇ှုပ်လို့ သီးသန့် အခန်းတခန်း ထပ်ငှားထားပါတယ်။ သူတို့ အေးဆေးလာနေလို့ရအောင်ပါ။အလုပ်မရှိတဲ့ တချို့သူငယ်ချင်းတွေလည်း လာနေလို့ရအောင်ပါ။ ဇာတ်လမ်းက အဲ့မှာစတာပါ...။

                            ကျတော်ထပ်သီးသန့်ငှားထားတဲ့ အခန်းက Orang asli လို့ခေါ်တဲ့ လူမျိုးစုတွေရဲ့ ရပ်ကွက်ထဲမှာပါ။အဲ့ဒီနေရာလေးက တောင်ခြေက ချိုင့်ကြီးထဲမှာ ရှိတဲ့  Apartment ပါ။အရမ်းလည်း မှောင်သလို လူလည်းအဆက်ပြတ်ပါတယ်။ သစ်ပင်တွေ ဝေဆာနေတဲ့ လေးထပ်အဆောင်ပါ။ကျွန်တော်ငှားထားတဲ့ အခန်းက တတိယ အထပ်မှာ ပါ။

                             တနေ့ ကျတော်အလုပ်ပြန်တဲ့အချိန်က ည ၁၁ နာရီရှိပါပြီ။ကျွန်တော့် အဆောင်ကိုရောက်တော့ ၁၁နာရီခွဲလောက်ရှိပြီ။ လမ်းလျှောက်ပြီး ပြန်တာ ဆိုတော့ လူကလည်း တော်တော် မောနေပြီ။ ဒီလိုနဲ့ လူက မောမောနဲ့ အဆောင်ကိုရောက်တော့  အိပ်ခန်းရှိတဲ့ သုံးထပ်ကို အားစိုက်ပြီးတက်နေတာပါ။ ကံကောင်းတာလား ကံဆိုးတာလား မသိပါဘူး။ လှေကားအတက် အဆင်းမှာ လူတစ်ယောက်မှကို မတွေ့တာ။ လူတော်တော်များများလည်း အိပ်နေလောက်ပြီထင်ပါတယ်။
လှေကားထစ်တွေကို တက်နေရင်းနဲ့ ဒုတိယထပ်ကို အရောက်မှာ အပေါ်ကနေ ဆင်းလာတဲ့ မလေးအမျိုးသမီးလေး တစ်ယောက်နဲ့
တွေ့ပါလေရော....။ကျွန်တော် ပျော်သွားတာပေါ့ ။ ဘာပဲပြောပြောစိုးရိမ်စိတ်မရှိတော့ဘူးဆိုပြီး ထုံးစံ အရ ကျွန်တော်လည်း လှေကားထိပ်က သူမကို ပြုံးပြလိုက်ပါတယ်။ သူမက ပြန်ပြုံးပြတာတော့ မတွေ့ပါဘူး။ မီးရောင်တွေပဲ မှိန်နေလို့လား ကျွန်တော်ကိုယ်တိုင်ပဲ မောနေလို့လားတော့ မသိပါဝူး။ မလေးအမျိုးသမီးတွေရဲ့ဝတ်စုံက အင်္ကျီအရှည်ကြီးတွေပါ။ ၀တ်ရုံလို ဟာမျိုးပေါ့။

                            သူမက ဆင်းအလာ ကျွန်တော်က အတက်  လှေကားထစ်တစ်ခုမှာ ကျွန်တော် ရပ်နေလိုက်ပါတယ်။ အဲ့အချိန်မှာ ကျွန်တော့်တကိုယ်လုံး ကြက်သီးတွေထလာတာ ဘာဖြစ်လို့ဖြစ်မှန်းကို မသိဘူး။ လူပဲ တုန်လာ သလိုလိုနဲ့။ ကျွန်တော်ရပ်နေတဲ့လှေကားထစ်နဲ့ဘေးချင်းယှဉ် သူက အဆင်း၊ ကျွန်တော်ကလည်းအတက်မှာ သူမကို လှည့်ကြည့်လိုက်မိတာ ခါးအောက်ပိုင်းက လုံးဝကိုပျောက်နေတာ..။ လေထဲမှာ အပေါ်ပိုင်းပဲ ရှိတယ်။ ဘယ်ပြောကောင်းမလဲ ဘာမှမကြာတဲ့ အချိန်လေးအတွင်းမှာ ကျွန်တော် သေသလို ဖြစ်သွားတယ်။ "အမေရေ... !!"လို့ အော်ြ့ပီးတက်ပြေးတာ လည်ချောင်းကသာလှုပ်ရှားပြီး ဘာအသံမှကို မထွက်တာ။ လူက တုန်နေတာပဲ။

                           ကျွန်တော်ကိုယ်တိုင်လည်း ဘယ်လို ဘယ်လို အခန်းတံခါးကိုဖွင့်ပြီး အိမ်ကို ၀င်သွားလဲ မသိဘူး။ တစ်ကိုယ်လုံးတုန်ပြီး ရေတွေ ဘာတွေသောက်၊ အနားယူပြီး အခန်းဘေးက လူတွေနဲ့စကားတွေ ဘာတွေ ပြောပြီး အိပ်လိုက်တာ..။ မနက်ကျတော့ ထုံးစံအတိုင်း အဲ့ဒီလှေကားက ဆင်းပြီး အလုပ်တွေ ဘာတွေ သွားတာပေါ့။ နေ့လည်ကျတော့ အပေါ်ကွန်ဒိုက သူငယ်ချင်းတွေက မင်းအဲ့ဒီမှာ မအိပ်ရဲရင် ငါတို့နဲ့လာအိပ်ဆိုပြီးပြောကြပါတယ်။ သူတို့အ၀တ်အစားတွေပါသွားယူလာပေးတာ။ ညဘက်အလုပ်ပြီးတဲ့ ဆယ်နာရီခွဲအချိန်မှာ ဗိုက်ထဲက  အရမ်းအောင့်သလို နာသလို ကျဉ်သလိုနဲ့ အိမ်ပြန်ချိန်ရောက်လေ ပိုဆိုးလေပဲ..။နောက်နေ့ကတော့ ကျွန်တော့်နားရက်ဆိုတော့ အကိုတွေ ရှိတဲ့နေရာကိုပဲသွားမယ်ဆိုပြီး မနက်ထဲက Laptop ကို ကျောပိုးအိတ်ထဲ ထည့်လာတာနဲ့ပဲ အိမ်ကို မပြန်တော့ပဲ အကိုတွေ ရှိတဲ့နေရာကို တန်းသွားလိုက်တယ်။ ထူးဆန်းတာက အဲ့လို သွားလိုက်တာနဲ့ စောစောတုန်းက ဗိုက်အောင့်သလိုလို နာသလိုလို ဖျားချင်သလိုလိုက လုံးဝကိုပျောက်သွားတာ။

                            နားရက် မှာ စိတ်ရှိလက်ရှိ အိပ်တာ နေ့လည်တနာရီထိုးမှ အိပ်ယာနိုးတယ်။ နိုးနိုးချင်း ဖုန်းထဲကို မက်ဆေ့ ၀င်လာတယ်။ "u r lucky man "ဆိုပြီးသူငယ်ချင်းတွေက ပို့လာတာ။ ကျွန်တော်လည်း အူကြောင်ကြောင်နဲ့ ဘာလို့ကံကောင်းတာလဲ ဆိုပြီးဖုန်းဆက်မေးတော့ ညတုန်းက ကျွန်တော်တို့ အိမ်ကို ဓါးပြ ၀င်တိုက်သွားတာတဲ့။ တိုက်တာကလည်း နှစ်ခါကြီးများတောင် ၀င်တိုက်တာတဲ့။ ပထမတစ်ခါက ဆယ်နာရီလောက်ပဲ ရှိသေးတယ်။ အလုပ်က လူတွေ ပြန်မရောက်ကြသေးဘူးဆိုတော့ ဘာမှပါမသွားဘူး။ မနက်ငါးနာရီမှာ နောက်တခါ ထပ်ဝင်တာ။ဘေးခန်းက Laptop သုံးလုံး၊ ဖုန်းတွေ၊ ပိုက်ဆံတွေ အကုန်ကို ပါသွားတာ။ DVD စက်တွေတောင် မ,သွားတာဗျာ။ဓါးပြတွေက ငါးယောက်။ ဓါးတွေနဲ့လေ...။ ကျွန်တော့်အခန်းလည်းဝင်ပြီးမွှေသွားတာ ဘာပြောကောင်းမလဲ။ အ၀တ်အစားတစ်ချို့လည်း ရှုပ်ပွကုန်တယ်... ။ Head Phone နှစ်ခုတော့ ပါသွားတယ်။ အဲ့အိမ်က လူတွေလည်း ရဲစခန်းမှာ Report သွားလုပ်တာ နဲ့ဘာနဲ့ တစ်ညလုံး မအိပ်လိုက်ရပါဘူး။ ကျွန်တော်က  အကိုအိမ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အချိန် သူတို့တွေ ဒုက္ခများနေတာ။

                               ကျွန်တော်စဉ်းစားတယ်...အဲ့ဒီသရဲမသာ ကျွန်တော့်ကို မခြောက်ခဲ့ရင်၊
ကျွန်တော်ကလည်းပေတေပြီး  အဲ့ဒီရပ်ကွက်ထဲက အိမ်မှာပြန်အိပ်ခဲ့ရင်၊ ကျွန်တော်လည်း ဖုန်းတွေ Laptop တွေ ပိုက်ဆံတွေ ပါကုန်မှာ...။
သူခြောက်ခဲ့တာက ကျွန်တော်ကံကောင်းဖို့ ဖြစ်လာလို့ အဲ့ဒီသရဲမကို ကျေးဇူးတင်နေပါတော့တယ်။ ဒါကတော့...ကျွန်တော့်ရဲ့ မလေးရှားက အမှတ်တရ တခုပါ...။ သူ့ကို ခါးအောက်ပိုင်းပျောက်နေတာကို တွေ့တဲ့အချိန် ခံစားမှုကတော့ ဘယ်လိုပြောပြရမှန်းတောင် မသိတော့ပါဘူး။ ကြောက်တာရော...လန့်တာရော...လူဆို အဲ့နေရာတင် လဲကျသွားမတတ်ပဲ...။

ကိုယ်တွေ့ဖြစ်ရပ်မှန် အကြောင်းအရာကို ပြန်လည်ဖောက်သည်ချသူ ကိုNay Yaung(Malaysia)အား Terimah kasih banyak ပါ ခင်ဗျာ။

နှုတ်ဆက်ရမှာကို မလိုလားသူ

(အက်ဒမင်-ရွာတော်ရှင်)


by facebook page

ဇ,ရှိသူမို့ ခြောက်ဝံ့သည်

သရဲဆိုလို့ မော်လမြိုင်နည်းပညာတက္ကသိုလ်မှာတော့ ရှိတယ်။ ကျောင်းသစ်ကြီးရဲ့ နှစ်ထပ်မြောက် အိမ်သာအခန်း မှာပေါ့။ နာမည်ကြီးဘဲဗျို့။ ဒါပေမယ့် ကျနော်ကြားဖူးတာက သရဲဆိုတာ ညမှခြောက်တာ။ အခုက ညလည်းခြောက် တယ်။ မနက်အစောကြီးလဲခြောက်တယ်။ ဘယ်လိုလဲဆိုတော့ ကျောင်းက B.Tech အတန်းမှာသင်တဲ့ အင်္ဂလိပ်စာ ဆရာ ခြောက်ခံထိတာဗျို့။

              မနက်စောစော ကျောင်းမှာ Project တစ်ခုရှိလို့ကျောင်းလာတာ။ ကျောင်းမှာက ဘယ်သူမှတော့ မရှိသေးဘူး။ အဲ့ဒါနဲ့ ဆရာက အိမ်သာထဲဝင်တော့ ယောက်ျားလေးအိမ်သာခန်းထဲမှာ ဆံပင်ဖားလျားနဲ့မိန်းမတစ်ယောက် အိမ်သာခွက်ပေါ်မှာတက်ထိုင်နေလို့။ ဆရာလည်း တကယ့်မိန်းကလေးထင်လို့ မျက်နှာပူပြီး အိမ်သာတံခါးကိုပြန်ပိတ်လိုက်တာ။ ခဏနေတော့ အရင်ကလူတွေပြောပြောနေတဲ့ သရဲခြောက်တဲ့အိမ်သာမှန်း သတိရသွားမိလို့ တံခါးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ အဲ့ဒီ ဆံပင်ဖားလျားနဲ့ မိန်းမလေး မရှိတော့ဘူး။ ပျောက်သွားတာဘဲဗျို့။

            နောက်ကျောင်းဆောက်တော့ ဟောခန်းထဲမှာ မိန်းမတစ်ယောက် ငိုသံအမြဲကြားရတယ်။ အလုပ်သမားတွေကတော့ အမြဲခြောက်ခံထိလို့ ရိုးနေပြီ ဘာမှမဖြစ်တော့ဘူး ။ ဘုန်းကြီးတွေနဲ့ ပရိတ်ရွတ်တော့လည်း ဘာမှမထူးဘူးဗျ။ အဲ့ဒီလိုဘဲ ညဘက်ကျရင် အမြဲတမ်း ဟောခန်းထဲမှာ ငိုနေတဲ့မိန်းမတစ်ယောက်အသံကတော့ ကြားနေရတုန်းဘဲ။ ညတိုင်းတော့မဟုတ်ဘူးပေါ့။ လူရှိရင်တော့ခြောက်ချင်ခြောက်မှာပေါ့။  ကျောင်းဘေးနားမှာက ဘာရှိလဲဆိုတော့ သချိုင်းကုန်းရှိတယ်။ဘေးချင်းကပ်ရပ်ဘဲနော်။ ကျနော်တို့တောင် သချိုင်းကုန်းထဲမှာ ဆိုင်ကယ်လျှောက်စီးဖူးသေးတယ်ဗျ .။

           နောက်ပြီးထူးဆန်းတာက ည7နာ ရီလောက်ဘဲရှိသေးတယ် ကျောင်းလှေကားမှာ မိန်းမတစ်ယောက်မတ်တပ်ရပ်နေလို့ ကျောင်းသားတွေ သွားငမ်းလိုက်တာ ပြန်လှည့်ကြည့်လိုက်တော့ မျက်နှာက ပလိန်းကြီးဗျ မျက်လုံး နှာခေါင်းတွေလဲမပါဘူး။ အဲ့ဒါနဲ့ ကျောင်းသား
တွေလည်း ပြေးထွက်ကြတာပေါ့။ ကျောင်းသားဆိုလို့ ကျောင်းသားသုံးယောက်ဘဲနော်။ သရဲမက နည်းတဲ့ဇတော့မဟုတ်ဘူး ပုံမှန် သရဲခြောက်ရင် လူတစ်ယောက်ထဲရှိမှခြောက်ကြတာများတယ်။ အခုက လူသုံးယောက်တောင်ရှိနေ
တဲ့ဟာကို ရအောင်ခြောက်တယ်ဆိုတော့  တော်တော်ဇမသေးတဲ့ သရဲမဘဲဗျို့။
 by facebook page

ပြင်ဦးလွင်မြို့ ပေတဒါန

(၈) မိုင် သုဿန်ကို ၇း၂၀ လောက်မှာ ရောက်ပါတယ်..။  ဒါ သချိုင်းလား ဇာတ်ပွဲလားလို့တောင် ထင်မိပါ တယ်..။ လူတွေ တော်တော်ကြီးကိုများပါတယ်..။ သုဿန်က ကျယ်လို့သာ တော်ပါတော့တယ်..။လူတွေလည်း အုံးအုံးထနေပါတယ်..။  လူတွေ ဒီလောက်များမယ်လို့ ထင်မထားပါဘူး။ ကားကြီး၊ ကားငယ်၊ သုံးဘီး၊ ဆိုင်ကယ် အသွယ်သွယ်နဲ့ လူ ၃၀၀၀ နီးပါး ရှိပါတယ်..။၈ နာရီလောက်မှာတော့ တရားပွဲစပါတယ်…။ တရားဟောမယ့် ဆရာတော်က မန္တလေး ဗြဟ္မစိုရ် နာရေးကူညီမှုအသင်းရဲ့ နာယကဆရာတော် ဖြစ်ပါတယ်..။အဲ့ဒီ့ဆရာတော်က ၈ နာရီကနေပြီးတော့ အစာကျွေးမယ့်အချိန် (၁၁) အထိ တရားဟော ပါတယ်..။

           ဆရာတော်ဟောတဲ့ တရားထဲက  မှတ်မိသလောက် ပြန်ပြန်ပြောပြရရင်..။ ကျမ်း နှစ် ကျမ်းပေါင်းရဲ့ အဆိုအရ ပြိတ္တာပေါင်း ၃၂ မျိုးရှိပါတယ်..။ ဒါပေမယ့် တူရာတူရာ အမျိုးတူစုလိုက်ရင် စုစုပေါင်း အဓိက အမျိုးအစား (၄) မျိုးပဲ ရှိတယ်လို့သိရပါတယ်…။ ကိုယ်မှာအမြဲတမ်း မီးလောင်သလို ပူလောင်နေတဲ့ သူများ၊ လူတွေ ရဲ့ အညစ်အကျေးတွေကို စားရတဲ့သူများ.. စသည်ဖြင့် အဓိက အမျိုးအစား (၄) မျိုးရှိပါတယ်…။
ဆရာတော်က ဆက်လက်ပြီး သရဲခြောက်တယ်ဆိုတဲ့အကြောင်းကိုလည်း ဟောကြားပါတယ်…။ သရဲအခြောက်ခံရတယ်ဆိုတာ အမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်..။ အောက်ပါအတိုင်း အခြောက်ခံရခြင်း (၄) မျိုးခွဲခြားနိုင်ပါတယ်..။
(၁) မိမိမှ ဘုန်းကံ နိမ့်နေသောကြောင့် ဖြစ်ခြင်း။
(၂) ၄င်းတို့မှ မိမိတို့အား ကျီစယ်လိုသောကြောင့် ဖြစ်ခြင်း။
(၃) အကူအညီတောင်းလိုသောကြောင့် ဖြစ်ခြင်း။
(၄) နှုတ်ဆက် အသိပေးလိုသောကြောင့် ဖြစ်ခြင်း။
ဆက်လက်ပြီး ဆရာတော်က အပုတ်နံ့များနဲ့ ခြောက်လှန့်ခြင်းရဲ့ ရည်ရွယ်ချက်ကို ဆက်ဟောပါတယ်..။ အပုပ်နံ့ ပေးရခြင်းဟာ အကူအညီတောင်းလိုခြင်း အမျိုးအစားထဲတွင် ပါဝင်ပြီး ၄င်းအနေဖြင့် ကောင်းရာမွန်ရာ ဘုံဘ၀သို့မရောက်ရှိပဲ နိမ့်ကျသည့် ဘ၀မျိုးတွင် ရောက်ရှိနေသောကြောင့်..။ ကျန်ရစ်သူ ဆွေမျိုး မိတ်ဆွေများမှ အလှူအတန်းပြုလုပ်ကာ ကူညီ (ကယ်ဆယ်) ပေးရန် အသိပေးခြင်းဖြစ်ပါတယ်..။ အမွှေးနံ့များပေးခြင်းကတော့..။ ထိုကဲ့သို့ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးကာ အမျှအတန်းပေးဝေခြင်းကြောင့် ၄င်းတို့ ကောင်းရာ မွန်ရာဘုံဘ၀ကို ရောက်သွားပြီ ဖြစ်ကြောင်း အသိပေးခြင်း ဖြစ် တယ်လို့ ဆရာတော်က ဟောကြားပါတယ်…။
ဆရာတော်၏ ဟောကြားချက်အရ နာမ်လောကသားများသည် သရဏဂုံ သုံးပါးတည်သော သူများနှင့် ငါးပါးသီလ လုံခြုံသောသူများကို ခြောက်လှန့်ခြင်း မပြုလုပ်နိုင်ကြောင်း…။ နောက်ပိုင်းမှာတော့ မြန်မာလူမျိုးတို့ရဲ့ နာရေးအပေါ် အယူသီးမှုများ..။ လွဲမှားသော ခံယူချက်များအကြောင်း ဟောကြားပါတယ်…။

        ဆရာတော်ဟောတဲ့အထဲက ကောက်နှုတ်ပြီး ပြောချင်တဲ့အချက်တစ်ခုကတော့ လူတော်တော်များများမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကို ဆရာတော် ရှင်းလင်း ထားပုံပါ..။ လူတွေက မေးကြပါတယ်..။ ကုသိုလ်လုပ်ပြီး အမျှဝေရင် ကိုယ်ပဲ ကုသိုလ်လုပ်တာမို့လို ကိုယ်ပဲရမှာပေါ့..။ ဘယ်လိုလုပ် အမျှဝေရုံနဲ့ နာမ်လောကသား တွေ ရပါ့မလဲလို့ မေးတတ်ကြပါတယ်..။ အဲ့ဒါကို ဆရာတော်ရှင်းပြသွားပုံက လူတို့သည် မြင့်မြတ်သောကြောင့် တောင်ကုန်းတစ်ခုပေါ်တွင် နေကြ သည်ပဲ ဆိုပါတော့..။ နာမ်လောကသားများသည် တောင်ကုန်း၏ အောက်ခြေမှာ နေကြပါတယ်..။ မိုးရွာတဲ့အခါ တောင်ကုန်းပေါ်ကို ရေကျပါက..။ အဲ့ဒီ့ရေဟာ တောင်ကုန်းအောက်ကို စီးဆင်းသွားသလိုပဲ…။ ကျွန်တော်တို့ ကုသိုလ်ကောင်းမှုလုပ်ကာ အမျှပေးဝေပါက ပြုလုပ်သည့် ကာယကံရှင်လောက် မဟုတ် တောင်…။ အနဲအကျင်းဖြစ်ဖြစ်တော့ သူတို့ စီကို အဲ့ဒီ့ ကုသိုလ်ဟာ စီးဆင်းသွားတတ်ကြောင်း ဟောကြားခဲ့ပါတယ်…။
ဒီလိုနဲ့ အစာကျွေးဖို့အချိန်ကိုရောက်လာပါတယ်..။ မိုးကလည်း အဆက်မပြတ်ရွာနေဆဲပါ..။  ဆရာတော်လည်း တရားဟောပြီးတော့ ပြန်ကြွသွားပါတယ်…။
အဲ့ဒီ့မှာ ပွဲစပါတယ်…။
ဒီအလှုရဲ့ ခင်းကျင်းထားပုံကို ရှင်းပြပါမယ်..။ သုဿန်မှာ ရှိတဲ့ မီးသဂြိုလ် စက်ရဲ့ ဘေးမှာ ဇရပ်ရှိပါတယ်..။ အဲ့ဒီ့ဇရပ်မှာက တရားပွဲလုပ်ပါတယ်..။ ဇရပ်နဲ့ မလှမ်းမကမ်းမှာက သူ့အကန့်နဲ့သူ ပရ၀ဏ်တွေခတ်ထားပြီး အစာကျွေးဖို့အတွက် ခြံလေးတွေ သီးသန့်လုပ်ထားပါတယ်..။  အဲ့ဒီ့မှာ သဲပုံစေတီလေး တစ်ခုလည်း ပါပါတယ်..။ ဘာလုပ်ဖို့လဲ မေးကြည့်တော့ ပြိတ္တာများ အစာလာရောက်စားသောက်ကြသည့်အခါ ဘုရားဖူးလိုက ဖူးနိုင်အောင်လို့ ပြောပါတယ်…။
အဲ့ဒီ့ သဲပုံစေတီ ၀န်းလေးရဲ့နောက်မှာတော့ သူ့နာမည်နဲ့ သူ ခြံဝန်းလေးတွေခတ်ထားပါတယ်..။ ပထမဆုံးတွေ့ရတာကတော့ မြေစောင့်နတ်ကို အစာကျွေးဖို့နေရာ ဖြစ်ပါတယ်..။ သူ့ဘေးမှာ သချိုင်းစောင့် အတွက် အစာကျွေးဖို့ ခြံလေးရှိပါတယ်..။ သူ့ဘေးမှာ ကိုစံမှဲ့ မဖဲဝါ မောင်နှစ်မအတွက် ခြံရှိပါတယ်..။ နောက်ဆုံးမှာတော့ မြေဖုတ်ဘီလူးအတွက် နေရာဖြစ်ပါတယ်…။ မြေစောင့်နတ်နဲ့ သချိုင်းစောင့်အတွက် အပြင်အဆင်က မထူးခြားပေမယ့် မောင်နှစ်မ နှစ်ယောက်နဲ့ မြေဖုတ်ဘီလူးအတွက် စီစဉ်ထားတာကတော့ ထူးခြားပါတယ်…။ ကိုစံမှဲ့က အသားစိမ်း ငါးစိမ်းပဲ စားတယ်လို့ သိရပါတယ်..။ ဒါကြောင့် သူ့အတွက် အစားအစာ ပြင်တဲ့အခါမှာ အသားစိမ်း ငါးစိမ်း စီစဉ်ပေးရပါတယ် (အောက်က ပုံများကိုကြည့်ပါ) မဖဲဝါကတော့ သက်သက်လွတ် ပဲ စားတဲ့အတွက် သူ့အတွက်က သီးသန့် တစ်ခု ပြင်ဆင်ပေးရပါတယ်..။ သူတို့ခြံထဲမှာက အပြင်အဆင် ၂ မျိုး ဖြစ်သွားပါတယ်..။ မြေဖုတ် ဘီလူးအတွက်ကတော့ သူတို့ခြံထဲမှာ 3 Column 4 Roll ကြွင်းထူးထားပါတယ်…။ ပထမ ကော်လံက သတ်သတ်လွတ်စားတဲ့ မြေဖုတ်ဘီလူးတွေအတွက်ပါ..။ ဒုတိယ ကော်လံက အစုံစား တဲ့ သူတွေအတွက်ပါ..။ နောက်ဆုံးကော်လံက (ဒီအချက်ကတော့ ပွဲစီစဉ်သူတွေကို လေးစားဖို့ကောင်းပါတယ်) ဘာသာ အသီးသီးမှ သေဆုံးသူတွေကို ဖိတ်ကျွေးတာ ဖြစ်တဲ့အတွက် ဘာသာအမျိုးမျိုးအတွက် စဉ်းစားပြီး စီစဉ်ပေးထားပါတယ်..။ ဆိုလိုတာက နောက်ဆုံး ကော်လံမှာ အမဲ၊ ၀က် မပါ ပါဘူး..။ အခြား အသားတွေနဲ့ ဖြစ်ပါတယ်…။

              ကျွေးပုံကတော့ ထမင်းနဲ့ အမဲသားနဲ့ နယ်ပြီး ဖတ်လေးနဲ့ ခင်းပြီးကျွေးပါတယ်..။ ရေခွက်လေးတွေလည်း ချပေးထားပါတယ်..။ သက်သက်လွတ်စားတဲ့သူအတွက် ဆိုရင် ထမင်းနဲ့ ငှက်ပျော်သီးနဲ့ ကျွေးပါတယ်…။ ကျွေးတဲ့နေရာမှာလည်း အစဉ်လိုက် (ပါဝါ အစဉ်လိုက်) ကျွေးရပါတယ်..။
ပထမဆုံး မြေစောင့်နတ်မင်းကို အရင်ဆုံး ပင့်ဖိတ်ကာ ကျွေးပါတယ်..။ ဒုတိယအနေဲ့ သချိုင်းစောင့်ကို ကျွေးပါတယ်..။ တတိယ ကိုစံမှဲ့၊ မဖဲဝါ ဖြစ်ပါတယ်..။ နောက်ဆုံးကတော့ မြေဖုတ်ဘီလူးဖြစ်ပါတယ်..။ အခြားသူတွေကို ကျွေးတာ ဖက်ရွက်ခင်းကျွေးတာခြင်းတူပေမယ့် မြေဖတ်ဘီလူးကိုတော့ ကျွေး ဖို့တော့ သူတို့က ကျွင်းလေးတွေတူးထားပါတယ်..။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ၁၂ ကြွင်းမှာ ထမင်းထုပ်လေးတွေကို ဖက်နဲ့ထုပ်ပြီး မြေကြီးထဲ မြှုပ်ပေးရပါတယ်။
ယခုပြင်ဦးလွင်မှာ ပြုလုပ်တဲ့အကြိမ်မှာတော့ ဆရာတော် တစ်ပါး ပါမလာလို့ပါ..။ ပါလာရင် မြေဖုတ်ဘီလူးကို ကြည့်ခွင့်ရှိတယ်လို့ သိရပါတယ်..။ မြေဖုတ်ဘီလူးကို မြင်ရဖို့ မျက်စိမှာ အနီရောင် ပ၀ါစီးရပါတယ်…။ ဒါဆို ပြတ်ပြတ်သားသား မြင်ရတယ်လို့ ပြောပါတယ်..။ အခြားမြို့များနဲ့ အကြိမ်များမှာ ပြုလုပ်ခဲ့တုန်းက ထူးခြားတဲ့ ဓာတ်ပုံမှတ်တမ်း များကိုလည်း ကြိုးများနဲ့ ချိတ်ဆွဲ ပြီး ပြသထားပေးပါတယ်…။
ဒီလို ခြံဝန်းလေးတွေနဲ့ ကျွေးတာက ပါဝါကြီးတဲ့ သူတွေကိုပါ..။ အခြား နာမ်လောကသားတွေကိုတော့ ကြိုက်တဲ့နေရာမှာ ဖက်ခင်းပြီး ကျွေးနိုင်ပါတယ်..။ သီးသန့် နေရာ သတ်မှတ်ပေးထားတာ မရှိပါဘူး..။ ဒီလိုကျွေးနိုင်ဖို့ (အလှူလုပ်နိုင်ဖို့) တစ်ရက်ကြိုပြီး ကိုးမြို့ရှင်တို့ ဘာတို့ ဆိုင်ရာ ပိုင်ရာ နတ်တွေကို အရင် ကြိုသွားပြီး ခွင့်တောင်းရတယ်လို့ ဆိုပါတယ်..။ အနယ်နယ်အရပ်ရပ်က လာကြတဲ့ နာမ်လောကသားတွေအတွက် ဒီတစ်ည အစာစားဖို့နဲ့ နောက်နေ့မနက် တရားနာ အမျှဝေနိုင်ရန် နယ်မြေအတွင်းသို့ ၀င်ခွင့်ပေးရန် ခွင့်တောင်းခြင်း ဖြစ်ပါတယ်…။ (အချို့ကိစ္စတွေမှာ ထေရ၀ါဒနဲ့ မညီညွတ်တာတွေ ရှိပေမယ့် ..။ ဈေးသုံးလဲ မလွယ်နဲ့ ရှေးထုံးလည်း မပယ်နဲ့ဆိုတဲ့အတိုင်း သူ့စည်း သူ့ကနားနဲ့ ဆောင်ရွက်ရတယ်လို့ ထင်ပါတယ်..။)
ဒီလိုမျိုး ကိုးမြို့ရှင်တို့ သချိုင်းစောင့်တို့ ကိုစံမှဲ့တို့ မြေစောင့်နတ်တို့က ခွင့်ပြုမှသာ ဒီနာမ်လောကသားတွေဟာ အလှူလုပ်မယ့် သုဿန်သို့ ၀င်ခွင့် (လာခွင့်) ရမှာ ဖြစ်ပါတယ်…။
၁၁း ၄၅ လောက်မှာ ကျွေးဖို့ အားလုံးပြင်ဆင်ပြီးတဲ့နောက် မီးအားလုံးအမှောင်ချလိုက်ပါတယ်..။ အမှောင်မချခင် သန္တိသုခအသင်းသားများမှ လူတွေကို အစားအစာ များနား မကပ်အောင် နောက်ဆုတ်ခိုင်းပြီး သူတို့က ထိုင်စောင့်ပေးပါတယ်…။ မီးအမှောင်ချလိုက်တဲ့အချိန်မှာလည်း လက်နှိပ်ဓာတ်မီးထိုးခြင်း၊ ခဲနဲ့ပေါက်ခြင်း များ မပြုလုပ်ဖို့ အထူးတားမြစ်ထားပါတယ်..။ ဒီပေတဒါနပွဲကို ဦးစီးဆောင်ရွက်ပေးတဲ့အသင်း (မေတ္တာရှင် အသင်း) မှ ညွှန်ကြားချက်တွေပေးနေတဲ့ လူပေးတဲ့ ဥပမာက လည်း မှတ်သားဖို့ကောင်းပါတယ်..။
“ပရိတ်သတ်ကြီးခဗျာ..။ ဒီ နာမ်လောကသားတွေဟာ ဒီလိုအလှူပွဲမျိုး (အကျွတ်အလွတ်) ကို ကြုံတွေ့ရဖို့ မနေ့တစ်နေ့ကမှ ကြားပြီးလာကြတာမဟုတ်ပါဘူး..။ ဘ၀ပေါင်းများစွာ နှစ်ကို ရာနဲ့ ထောင်နဲ့ချီပြီး စောင့်နေခဲ့ရတဲ့သူတွေ အများကြီးပါပါတယ်..။ ဒါ့ကြောင့် ကျွန်တော်တို့ မီးတွေ မှီတ်လိုက်လို့..။ သူတို့ ပျော်ပျော်ရွှင်ရွှင် ကြည်နူးစွာ စားသောက်နေတဲ့အချိန်မှာ ခင်ဗျားတို့က ဓာတ်မီးနဲ့ ထိုးတာတို့ ခဲနဲ့ပေါက်တာတို့လုပ်လို့ သူတို့ လန့်ဖျန့်ပြီး မစားပဲ ထွက်ပြေးသွားကြမယ်ဆိုရင် ခင်ဗျားတို့ စဉ်းစားကြည့်ပါ..။ ခင်ဗျားတို့ ရေသောက်ခါနီး လက်ကို ရိုက်ချခံရသလို ဖြစ်ပါလိ့မ်မယ်..။ သူတို့က ဒီလိုမစားလိုက်ရတဲ့အတွက် ခင်ဗျားတို့အပေါ် ငါတို့ ဒုက္ခရောက်သလို..။ သူတို့မရောက်ကြပါစေနဲ့ဆိုပြီး နာကြင်ကျေကွဲစွာ မေတ္တာပို့သွားရင် ခင်ဗျားတို့ပဲ မေတ္တာစူးပြီး ဒုက္ခရောက်ကြပါလိ့မ်မယ်…”
  အဲ့လို မီးမှိတ်ပြီး အစာကျွေးနေတဲ့အချိန်မှာ ဆန္ဒရှိက မေတ္တာပို့နိုင်ပေမယ့်..။ ဘုရားဂုဏ်တော်တွေ၊ ဂါထာတွေ၊ ဘုရားစာတွေကို မရွတ်ဖို့လည်း သတိပေးနေပါတယ်…။

  မိနစ် ၂၀ ခန့် မှာတော့ မီးတွေအကုန် ပြန်ဖွင့်လိုက်ပါတယ်..။ လူတွေလည်း အုံးအုံးကျွတ်ကျွတ် ဖြစ်ကုန်ပါတယ်..။ ဟုတ်ပါတယ်..။ ဒီနေ့ပွဲအတွက် ဒီအချိန်က အသက် Climax ပါပဲ…။ ကိုယ်ကျွေးထားတဲ့ ဖက်လေးတွေလိုက်ရှာ..။ အလုအယက် ကြည့်ကြ..။

                မျက်စိရှေ့တည့်တည့်မှာ အရာအားလုံးက ရှင်းလင်းလွန်းပါတယ်..။ ခြံဝန်းလေးတွေထဲမှာ သဲလေးတွေ ခင်းထား ပါတယ်…။ အစာတွေ ၀င်ချပြီး ပင့်ဖိတ်ပြီးတဲ့အချိန်မှာ..။ အဲ့ဒီ့သဲတွေကို အားလုံး ညီညာနေအောင် သစ်သားတုံးနဲ့ ညှိကြပါတယ်…။ ပြီးတော့ လူတွေ အားလုံးကို မီးမပိတ်ခင်မှာ အစာကျွေးတဲ့နေရာနဲ့ ဝေးတဲ့နေရာမှာ စည်းတစ်ခုာထားပြီး နေစေပါတယ်..။ အဲ့ဒီ့လူတွေရဲ့ ရှေ့မှာလည်း အသင်းမှ အသင်းသားများက လက်များ ချိတ်ကာ အရှေ့သို့ မသွားနိုင်အောင် ကာထားပေးပါတယ်…။
မီး ပြန်ဖွင့်လိုက်တယ်…။
ဖက်ရွက်တွေ ပလူပျံ့အောင် ပွထနေပါတယ်…။ စားထားတဲ့ ဖက်ရွက်တွေ အများအပြားပါ..။ ထမင်းတွေ လျော့သွားတယ် (အကုန်တော့ မစားကြဘူးဗျ..။ သူတို့ ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ (ဘုရားဟောအရ) နဲ့ အကုသိုလ်ကံကြောင့် အကုန်တော့ မစားနိုင်ကြပါဘူး..။ ဒါပေမယ့် ထမင်းတွေ ဟင်းတွေဟာ သိသိသာသာ ခြေရာ လက်ရာတွေ ပျက်သွားပါတယ်..။ တစ်ဝက်ကျော်ကျော်ရော့သွားတဲ့ ဖက်ရွက်တွေ အများအပြားရှိသလို ဘာမှ မစားသွားတဲ့ ဖက်ရွက်တွေလည်းရှိပါတယ်…။
အထူးခြားဆုံးအချက်ကတော့ ခြေရာများနဲ့ မြေကြီးထဲမြုပ်ထားတဲ့ မြေဖုတ်ဘီလူးများအတွက် ကျွေးထားတဲ့ ဖက်ရွက်များပဲ ဖြစ်ပါတယ်…။ အပြင်ဘက်မှာ ဒီအတိုင်း ဖက်ခင်းပြီးကျွေးထားတဲ့နေရာမှာ ထမင်းတွေ လျော့သွားတာကလွဲပြီး မထူးခြားပေမယ့်..။ ခြံနဲ့ကျွေးထားတဲ့ (သဲခင်းထားတဲ့နေရာမှာတော့) ခြေရာတွေပါ ကျန်ခဲ့ပါ တယ်..။ အရွယ်စုံ ဆိုဒ်အဆုံပါပဲ..။ (ပြိတ္တာတွေ ဖိနပ်မစီးဘူးဆိုတာတော့  ခြေရာတွေအရသိရပါတယ်..။ အတည်ပါ..။ မနောက်ပါဘူး) သဲပုံစေတီ..။ ကိုစံမှဲ့ ၊ မဖဲဝါ..။ သချိုင်းစောင့်တို့ရဲ့ သဲတွေပေါ်မှာ ခြေရာတွေ အသီးသီးပေါ်နေပါတယ်…။
အထူးခြားဆုံးကတော့ မြေဖုတ်ဘီလူးနေရာပဲ ဖြစ်ပါတယ်..။ ရှေ့မှာတင် သေသေချာချာ မြေမြှုပ်ပြီးကျွေးထားခဲ့တဲ့ ဖက်ရွက်တွေဟာ အကုန် မြေကြီးအပေါ် ပြန်ရောက်နေပါတယ်….။ အပုပ်နံ့ပေးတာတွေ၊ အမွှေးနံ့ပေးတာတွေ၊ ၀င်ပူးတာ စီးတာတွေတော့ အခု ပြင်ဦးလွင်ပွဲမှာ မတွေ့ခဲ့ရပါဘူး..။
ဒါကတော့ ကြုံတွေ့ခဲ့ရသမျှ အသေးစိတ် နီးပါးပဲ ဖြစ်ပါတယ်…။


အကြောင်းအရာအသေးစိတ်နှင့် ဓါတ်ပုံများကို ဝေမျှပေးသော တပ်မတော်အရာရှိတစ်ဦးအား အထူးကျေးဇူးတင်ရှိပါသည်။ယခုရေးသားတင်ပြသော အကြောင်းအရာများကို http://www.blackdream21.com/...2%E1%80%AB%E1%80%94/ မှ ပြန်လည်ထုတ်နှုတ်တင်ပြထားခြင်း ဖြစ်ပါသည်။


ဆွေတော်မျိုးတော်များကို စတင်ဖိတ်ကြားပါပြီ။ "ဘာအတွက်လုပ်သလဲသိချင်နေသူများ https://www.facebook.com/...80%E1%80%95%E1%80%AB www.facebook.com.." ကိုဖတ်ကြပါ။


by facebook page

" ရဲဘော်!! သင်သွားလိုရာ သွားနိုင်ပြီ .. "

လွန်ခဲ့တဲ့ (၈)နှစ်ဝန်းကျင်လောက်တုန်းကပေါ့လေ.. ဟိုးအဝေးက တနေရာမှာတာဝန်ကျနေတုန်းကပေါ့.. မနက်မိုးလင်းတာနဲ့ ဘာမှမမြင်ရ မြူတွေပဲဆိုင်းနေခဲ့တာလေ လူဆိုလို့တလနေလို့တခါတောင်မှမတွေ့ရတဲ့နေရာတွေပေါ့ဗျာ.. ဟိုးခပ်လှမ်းလှမ်းမှာက အလံတလူလူနဲ့ယိုးဒယားနယ်ခြားစောင့် စခန်းလေးပေါ့ (၂၀၀၁)ခုနှစ်နယ်စပ်ဖြစ်စဉ်တွေမဖြစ်သေးခင်ကာလပေါ့ဗျာ.. အေးချမ်းပါတယ်ဆိုပေမဲ့လဲ သမိုင်းကြောင်းတလျှောက် အခဲမကျေခဲ့တဲ့သူတွေဆိုတော့လဲ သတိကတော့ပိုတယ်တော့မရှိဘူးပေါ့ဗျာ.. အဲဒီမှာတွေ့ခဲ့ရတဲ့ ကိုယ်တွေလေးတခုကို ပြောပြမယ်ဗျ.. တပည့်တယောက်က သင်တန်းတခုတက်စရာရှိလို့ ရှေ့တန်းကနေပြီးတော့ နောက်ကိုပြန်သွားတယ်ဗျ..
ဒီကောင်လေးကနောက်တန်းမှာ သင်တန်းပြီးသွားတော့ ရောဂါတခုနဲ့နောက်မှာပဲ ဆုံးသွားရှာတယ်ဗျာ.. ခံရတာတွေက အဲဒီတော့မှစတာတော့ပဲဗျာ..

အဲဒီကောင်လေးသေသွားမှန်းကို ကျွန်တော်ကမသိသေးဘူး.. အဲဒီနေ့ညက ညဘက်ကြေးနန်းပို့ပြီးတော့ နေတဲ့တဲကို ပြန်အလာမှာ နောက်ကတယောက်ယောက် လိုက်လာသလိုခံစားရလို့လှည့်ကြည့်လိုက်ရော ဘာမှမတွေ့ရဘူးဗျ.. ညအိပ်ပျော်တော့လဲ တယောက်ကလာနှိုးတာဗျ ဘယ်သူမှန်းလဲ မသိဘူး.. ည (၂)နာရီဝန်းကျင်လောက်လဲရောက်ရော တပည့်ကျော်တွေက ၀ရုန်းသုန်းကားနဲ့ အခန်းထဲရောက်လာကြပါလေရောဗျာ.. သူတို့ကိုခုတင်ပေါ်ကဆွဲချလို့တဲ့.. အဲဒါနဲ့ပဲ ကျွန်တော့်ဆီကိုပြေးလာကြပါရောလား ကျွန်တော်လည်းလန့်ပေမဲ့ ကိုယ်ကခေါင်းဆောင်ဆိုတော့ မနည်းထိန်းထားရတာလေ.. သူတို့ရှေ့မှာမို့လို့ပေါ့ နောက်မို့....ဒီလိုဘယ်နေတော့မလဲ ရသမျှဘုရားစာတွေကို လှိမ်ံရွတ်နေပြီပေါ့.... အဲဒီနေ့ညကတော့ ကျွန်တော်လည်းသူတို့နဲ့ပဲ ရောအိပ်လိုက်တယ်.. တညလုံးဗျာ အိပ်ရာပတ်လည်ကနေဖိနပ်သံပေးလိုက် စောင်တွေဆွဲလိုက်နဲ့အိပ်မရပါဘူး... တရေးမှမရပဲမိုးလင်းသွားတော့ မျက်တွင်းလေးတွေတောင်ချောင်လို့  တပည့်ကျော်လေးတွေလဲတူတူပဲဗျ.. ကင်းသမားကင်းစောင့်တာတောင်မှ (၃)ယောက်ဝိုင်းစောင့်ပေးရတယ်... စိတ်ထဲကတော့ သံသယ၀င်လာပြီလေ ဘာလို့ဒီလိုဖြစ်ရတာလဲဆိုပြီးတော့ မနက်စက်ပေါ်တော့ တပ်ရင်းဌာနချုပ်ကိုလှမ်းမေးရတော့တာပေါ့

တပ်ရင်းဌာနချုပ်ကတော့ လှမ်းပြောပါပြီဗျာ အဲဒီကောင်လေးရဲ့အကြောင်းတွေကိုလေ.. ကောင်လေး လောကကြီးမှာမရှိတော့တာတွေရော.. တခြားသောအကြောင်းအရာတွေရောပေါ့.. ကျွန်တော်လည်းအဲတော့မှ လန့်ရမှန်းကိုသိတာဗျို့..

ညလဲရောက်ရောအားလုံးဝိုင်းဖွဲ့ပြီးထမင်းစားကြတာပေါ့.. ဖယောင်းတိုင်မီးလေးတွေကိုထွန်းပြီး ကင်းသမားကလွဲလို့ကျန်တဲ့သူ အားလုံးတပျော်တပါးဝိုင်းစားကြတယ်လေ.. ဟိုဘက်ကမ်းမှာတော့ ပရောချက်တို့ရဲ့ တော်ဝင်ထိုင်းတပ်မတော်ကင်းတွေက မီးလှုံရင်းနဲ့ငါးသုံးလုံးနဲ့ ဂျော်နီလမ်းလျှောက်ကို ခဲနေကြလေရဲ့ဗျာ (စကားမစပ်တခုတော့ ပြောချင်ရဲ့ဗျာ သူတို့တပ်တွေက ရှေ့တန်းအထိ ရဟတ်ယာဉ်နဲ့ရိက္ခာပို့ပေးတယ်ဗျ အစားအသောက်ကနေပြီးတော့ နောက်ဆုံးကုန်ကုန်ပြောရရင် ကောင်မလေးအထိဗျာ အကုန်ကိုပို့ပေးတယိဗျ ထားပါတော့လေ... ) အဲလိုထမင်းစားတော့ ဖယောင်းတိုင်မီးတွေက အများကြီးထွန်းထားတာပေါ့ဗျာ ကြောက်တာလဲပါတယ် မနက်ကသတင်းရထားပြီးဆိုတော့လေ... ည ၆နာရီခွဲလောက်မှာ ထွန်းထားတဲ့ဖယောင်းတိုင်အားလုံးငြိမ်းသွားတာဗျ တစ်မိနစ်လောက်လည်းကြာရော အဲဒီမီးအားလုံးက ဖြတ်ခနဲဆိုပြီးတော့ ပြန်လင်းလာကြတာများဗျာ ပြောရရင်ယုံနိုင်စရာတောင်မရှိဘူးဗျ ... အဲဒီထဲက အားလုံးကသွေးပျက်နေကြပြီလေ ဘယ်လောက်မှမကြာဘူး ကျွန်တော့်ခါးကိုနောက်ကနေပြီးတော့ တယောက်ယောက်ကလာတို့သလို ခံစားရလို့နောက်ကို  လှည့်လဲကြည့်လိုက်ရော ဘာမှမရှိဘူးဗျ.. ဘာရမလဲကျွန်တော်လည်း  ထမင်းစားနေရင်းအသံနက်ကြီးနဲ့အော်ပြီးပြေးတော့ နောက်ကတပည့်ကျော်များလဲ ထပြေးကြပါလေရော့ဗျို့.. ထမင်းဝိုင်းလဲပျက်တာပဲ ညလဲကျရောမနေ့ညကလိုပဲ အားလုံးစုအိပ်ပြီးတော့ မနက်လဲကျရောကျွန်တော်က အမိန့်ပြန်ရတော့တာပါပဲလေ... ညကစုအိပ်တဲ့တဲထဲမှာ ပန်းကန်တွေလေထဲဝဲနေတာတွေ လူမရှိပဲဝုန်းဒိုင်းကြဲနေတာတွေကတော့ ကျွန်တော့်တသက်မမေ့နိုင်တော့ပါဘူးလေ............

နောက်ရက်ကျတော့ တပ်ရင်းကိုထပ်ပြောရတယ် ကျွန်တော်တို့တပ်ခွဲကနောက်ချန်အင်အားတွေက တပ်ရင်းမှာကျန်ခဲ့တော့ သူတို့ကိုဟိုချာတိတ်ကဒီမှာဒီလို သောင်းကျန်းနေတဲ့အကြောင်းပြောပြပြီးတော့ ဘာလုပ်ရမလဲဆိုတာကို အကူညီတောင်းရတော့တယ်.. ဘေးနားကစီနီယာတွေနေတဲ့စခန်းကိုတော့ အကူညီတောင်းရဲဘူး တော်ကြာဒီကောင်ဒီလောက် သရဲကြောက်ရလားဆိုပြီးတော့ ဟားနေကြဦးမှာလေ ကျွန်တော်ကလည်းလူကသာတုန်နေအောင်ကြောက်နေတာ လူရှေ့ကျရင်တော့ ရုပ်တည်ကြီးနဲ့သိပ်နေတတ်တော့ စခန်းကရဲဘော်တွေကသူတို့အာစရိသတ္တိသိပ်ကောင်းတယ်လို့ ထင်နေကြတာဗျား... တကယ်ကကျွန်တော် ဒီစခန်းကနေပြီးတော့ ပြောင်းပြေးချင်နေတာဘယ်သူမှမသိပဲကိုး .. နောက်တော့အကြံရလာတယ် ဒီကောင်ပစ္စည်းတွေကိုစုပုံပြီးတော့ အမိန့်ပြန်တမ်းထုတ် နောက်တန်းပြန်မဲ့အဖွဲ့နဲ့ထည့်ပေးပြီးတော့ မှာရသေးတယ်ဗျ မင်းကောင်းကောင်းမွန်မွန်လိုက်သွားပါ တော်ကြာဒီကောင်တွေကမင်းပစ္စည်းတွေကို လမ်းမှာပစ်ချထားခဲ့ရင်ငါမသိဘူးလို့ပြော ပြီးတော့နောက်တန်းကိုလဲ ထပ်ပြီးတော့သပိတ်သွပ်အမျှဝေတစ်ကြိမ်လုပ်ပေးပါလို့မှာနဲ့ အဲဒီလကအမေပို့ထားတဲ့ငွေလေး သရဲစားသွားတာပေါ့ဗျာ.. ကျွန်တော်လည်းတတ်သလောက်မှတ်သလောက် နည်းမျိုးစုံနဲ့သုံးရတာပေါ့ဗျာ ဘုန်းကြီးပင့်ပရိတ်ရွတ်ဖို့က လူတောင်မှမရောက်တဲ့နေရာဆိုမှပဲ ဘုန်းကြီးကျောင်းဆိုရင်ဝေးရောပေါ့.. တပ်ခွဲပိုင်ကက်ဆက်ထဲမှာကလဲ ၀ိုင်းဝိုင်းတို့ ဇော်ပိုင်တို့ခွေတွေပဲ ပါလာကြတာလေ... တရားခွေကပါမလာတော့ဖွင့်လို့မရ ဘာသာရေးကိုအဲလောက်တောင်မှ လိုက်စားကြတာဆိုတော့ ခံရတာတောင်မှနည်းသေးဗျား .... သရဲကို မင်းနဲ့မှချစ်တတ်ပြီတို့ မေ့မှာပါတို့ဖွင့်ပြလို့ကတော့ မသွားတဲ့အပြင်သဘောကျလို့ကုတ်ကပ်တောင်မှပဲ နေနေဦးမှာလေဗျာ..ညဘက်တွေမှာတပည့်တွေ ကင်းစောင့်ရင်း မငိုက်တာတော့ ဒီကောင့်ကိုအတော်ကျေးဇူးတင်တာဗျ တစ်ကင်းကိုသုံးယောက်တောင်စောင့်နေကြတာဆိုတော့လေ.. ညဘက်ဆိုစောင်ဆွဲလိုက် ခုတင်ပေါ်ဝုန်းခနဲတက်လာသံကြားလိုက် ဘုရားစာကိုအမြီးအမောက်မတည့်ရွတ်လိုက်နဲ့ (၅)ညလောက်ကုန်လာပြီးတော့ နောက်တန်းပြန်ဆင်းတဲ့အဖွဲ့တွေ ချီတက်သွားမှပဲကျွန်တော်တို့ အိပ်ကောင်းခြင်း အိပ်ရတော့တယ်.. ငါ့လက်ကလွတ် ဗြွတ် ဆိုပြီးတော့ပေါ့ဗျာ ဒီကောင်ကသူ့ပစ္စည်းတွေကိုစွဲလမ်းပြီးတော့ ဒီမှာလာသောင်းကျန်းတာကိုး ပြီးတော့တပ်ခွဲက ကျွန်တော်အပါအ၀င် ရဲဘော်ရဲဘက်တွေကို သံယောဇဉ်မကုန်သေးတာလို့လည်း ဖြစ်တာဆိုပြီးတော့နောက်တန်းပြန်ရောက်တော့ အဲဒါမျိုးတွေနဲနဲပါးပါးနားလည်တဲ့ ဆရာကြီးတွေကပြောပြမှသိတာလေ..
နောက်တန်းကိုပြန်ဆင်းတဲ့အဖွဲ့တွေပြန်ရောက်တော့ ဒီကောင်သောင်းကျန်းလို့ တခြားသူ့သူငယ်ချင်းငပြောင်တွေ အချုပ်ထဲဝင်ရတဲ့ဇာတ်လမ်းတွေက ရှိသေးတယ်ဗျ..

ုတပည့်လေးရဲ့ပိုင်ဆိုင်သမျှကို နောက်တန်းထည့်ပေးလိုက် နောက်တန်းလဲရောက်ရော ကျန်တဲ့သူ့သူငယ်ချင်းတွေက ဒီကောင်လူပျိုဆောင်မှနေခဲ့တဲ့နေရာလေးမှာ နေရာချပြီးတော့သူတို့ပြောတဲ့ ၀ိညာဉ်ခေါ်တဲ့ပန်းခက်လေးနဲ့ ဒီကောင်ကိုခေါ်ထားပြီးတော့ လူတယောက်အတိုင်းပဲထမင်းဆေးလိပ် မပြတ်တမ်းထားတာပေါ့ဗျာ.. ဒီကောင့်သူငယ်ချင်းတွေထဲမှာ ခပ်ရွတ်ရွတ်ကောင်တွေလဲပါသေးတော့ တညနေမှာဒီကောင့်ကိုခေါ်ထားတဲ့ပန်းခက်လေးကိုယူ “သူငယ်ချင်းရေငါတို့နဲ့လိုက်ခဲ့”ဆိုပြီးတော့ တပည့်လေးမသေခင်က ပိုးပန်းဖူးတဲ့(ခုတော့လဲယောက်ျားရသွားပါပြီ ) ကောင်မလေးရှိတဲ့တပ်ဘေးနားရွာက ဈေးတန်းလေးကိုထွက်သွားကြလေသတဲ့.. အဲဒီကပြန်အထွက်မှာ ပန်းခက်ထည့်ထားတဲ့သူက အကောင်သေးသးအသံစူးစူးလေးဗျ အသံတွေပြောင်းပြီးတော့ တို့တပ်ခွဲအဆောင်ကိုပြန်မယ်ဆိုပြီး ဖြစ်ပါလေရောတဲ့.. တော်တော်ကြီးကိုဝုန်းဒိုင်းကြဲပြီးတော့သောင်းကျန်းတော့ ကျန်တဲ့သူတွေကလဲဘယ်လိုမှကို မနိုင်တော့ဘုး အဲဒါနဲ့တပ်မှာကျန်ခဲ့တဲ့ စီနီယာနောင်တော်တယောက်ကိုပြေးခေါ် သူကယူနီဖောင်းအပြည့်အစုံနဲ့အမိန့်ပြန် ပြီးတော့ပတ်ထားတဲ့ နိုင်ငံတော်တံဆိပ်ပါတဲ့ ခါးပတ်နဲ့ချွတ်ရိုက်တော့လဲ မဖြုံဘူးတဲ့ဗျ.. နောက်ဆုံးတယောက်ကအကြံရပြီးတော့ ဒီကောင်လေးကိုဝိုင်းချုပ်ပြီးတော့ သူ့အင်္ကျီအိတ်ထဲကဟိုပန်းခက်လေးကို ထုတ်လိုက်တော့မှပဲ “ဟင်း.....” ဆိုတဲ့အသံကြီးထွက်လာပြီးတော့ အဆင်ပြေတာတဲ့.. အဲဒီကောင်လေးကလူဗလံလေးပါ ဒါပေမဲ့အဲဒီနေ့က၀ိုင်းချုပ်တော့ သန်သန်မာမာ(၅)ယောက်လောက်ချုပ်မှရတာဆိုတော့ မမြင်ရတဲ့စွမ်းအားတွေများသူ့ဆီမှာ ရောက်သွားလို့လားမသိဘူးနော်.. နောင်တော်ကြီးလည်းဒေါကန်ပြီးတော့ ဒီလောက်တောင်မှပဲမဆော့သင့်တာဆော့တဲ့ ကောင်တွေဆိုပြီးတော့တပ်ရင်းအချုပ်ထဲကို တပတ်လောက်ပို့ပစ်လိုက်တာတဲ့.. အမျှဝေတဲ့ညမှာလဲ တဆောင်လုံးကအ၀တ်လှမ်းတဲ့ကြိုးတန်းတွေ ၀ုန်းဒိုင်းကြဲပြီးတော့ဆူညံပွက်လောရိုက် ခဲတွေကိုမမြင်ရပဲနဲ့ လူပျိုဆောင်မှာခဲကျသံတွေညံနဲ့ တော်တော်ကိုပွဲပျက်သွားကြတာတဲ့.. နောက်ပြီးတော့ ကံနိမ့်တဲ့ကောင်လေးတွေက မြင်လိုက်၇သေးတယ် သူမသေခင်တုန်းကအတိုင်း မျက်မှန်တပ်ပြီးဂျင်းဘောင်းဘီနဲ့ လူပျိုဆောင်အနောက်မှာ လမ်းသလားနေတော့ တဆောင်လုံးတနေရထဲကို စုအိပ်နေရတာတဲ့ဗျား........ အဲဒါ တော့မကြုံလိုက်ပါဘူး နောက်တန်းပြန်ရောက်တော့မှ ကျွန်တော့်ကို အဲလိုဖြစ်သွားတယ်ဆိုပြီးတော့ ပြောပြကြတာပါဗျာ...............


Credit to Myanmar Cyber Media Forum
One of Admin


by facebook page

 

လပ်ကီးမြို့တော်