သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

စိတ္တာနုပဿနာ ရှုပွားနည်း

ဤစိတ္တာနုပဿနာ (စိတ်ကို ရှုပုံရှုနည်း)နှင့် ပတ်သက်ပြီး မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ်ကောက်နုတ်ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။]

" ကမ္မဋ္ဌာန်းတွေကတော့ အစုံရှိတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ် ကိုယ် ရှုတာအလျော်ဆုံး (မှန်ပါ) စိတ္တာနုပဿနာပေါ့" (မှန်ပါ)

* စိတ်ဆိုတာ ဖြစ်ပြီး ပျက်ပျက်သွားတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)
* အဲဒါကို သိတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)

ဘယ်နှစ်မျိုးတုံး (နှစ်မျိုးပါဘုရား)

ဒါဖြင့် ဖြစ်ပျက်ကို သိတယ်ဆိုပါတော့ (မှန်ပါ)။

ဒါဖြင့် ဖြစ်ပျက်က အသေ၊(မှန်ပါ) မဂ်က အရှင် (မှန်ပါ) သူက နောက်မှ ပေါ်ရတာကိုး (မှန်ပါ) ဒါဖြင့် အသေကို အရှင်နဲ့ သိပေးတယ် (မှန်ပါ) ဒါ- ၀ိပဿနာပဲ၊ (မှန်ပါဘုရား)

အသေကို အရှင်နဲ့သိတာ ဘာခေါ်မယ်(၀ိပဿနာပါဘုရား)

ဟော …ဒီလိုဆိုတော့ ဒကာ-ဒကာမတို့ … ၀ိပဿနာဆိုတာ အလွယ်ကလေးပါလား (မှန်ပါဘုရား)။

အသေကို အရှင်နဲ့သိရင် ဒါ ၀ိပဿနာဖြစ်နေပြီ၊ စာလို သုံနှုန်းနေလို့ အဟန့်ကြီးပြီးတော့ ခင်ဗျားတို့က နားယောင်နေတာ(မှန်ပါ) ။ တကယ်တော့ ကိုယ့်အသေကို ကိုယ့်အရှင်စိတ်နဲ့ သိရင် ပြီးတာပဲ (မှန်ပါဘုရား) ကြည့်ပါ ဒီအထဲမှာ စိတ်ကလေးတစ်ခုပေါ်လာတယ်၊ စိတ်အသက်က ၁နှင့် ၂ ပဲရှိတယ်၊ ၁ ဆိုယင် ဖြစ်တယ်၊ ၂-ဆိုယင် ပျက်တယ် (မှန်ပါ)။

အဲဒါလေးကို နောက်သိလုံးကလေးနဲ့ နောက်စိတ်နဲ့ သိပေးလိုက်တာပေါ့ (မှန်ပါ) နောက်စိတ်နဲ့ အသက်ရှင် နေတယ် (မှန်ပါ) ဒီရှေ့စိတ်က သေသွားပြီကိုး (မှန်ပါ) လူတစ်ယောက် သေသွားပြီ၊ မောင်ဘအေးဖြင့် မောင်ဘအေးတစ်ယောက် သေသွားပြီ၊ ကိုသန်းမောင်ဖြင့် ကိုသန်းမောင်တစ်ယောက် သေသွားပြီ (မှန်ပါ)။

ကမ္မဋ္ဌာန်းကျောင်းက ဒီမှာပဲ

* အသေဟာ ဘာသစ္စာခေါ်ကြမလဲ (ဒုက္ခသစ္စာပါ) –
* အသိက (မဂ္ဂသစ္စာပါ) –

ကိုယ့်ဉာဏ်နဲ့ ကိုယ့်အသေကို သိတာ ၀ိပဿနာခေါ်တယ်(မှန်ပါ)၊ ပေါ်ကြပလား

( ပေါ်ပါပြီ ဘုရား)

ကိုင်း … ၀ိပဿနာဆိုတာ အသေကို အရှင်နဲ့ ကြည့်တာလို့မှတ် (မှန်ပါ)၊ ၀ိပဿနာဆိုတာ (အသေကို အရှင်နဲ့ကြည့်တာပါဘုရား) ခင်ဗျားတို့က တောကျောင်း၊ တောင်ကျောင်းသွားပြီး ရှုမှ ၀ိပဿနာထင်ကြတာကိုး၊ မဟုတ်ပါဘူး -တဲ့၊ (မှန်ပါဘုရား)

တောမထွက်ချင်အောင်လို့ ဘုန်းကြီးက ဟောနေတာလို့ မထင်လိုက်ကြပါနဲ့၊

ခင်ဗျားတို့ လူစုတွေက ထွက်မှာလဲ မဟုတ်ပါဘူး (မှန်ပါဘုရား)

ကဲ…လိုရင်းကတော့ ကိုယ့်အသေ ကိုယ်သိနေရင် ပြီးတာပါပဲ၊ တောထဲသွားနေပေမယ့်လို့ မြို့စိတ်ပေါက်နေမယ်၊ ရွာစိတ်ရောက်နေမယ်ဆိုရင် အလကားပါပဲ၊ ကိုယ့်အသေ ကိုယ် မရှုဘူး-မမြင်ဘူးဆိုရင် အလကားပါပဲ (မှန်ပါဘုရား)

တောကျောင်း တောင်ကျောင်းဆိုတာတွေက သမထအတွက် ဟောတာ၊ (မှန်ပါ) သမထက တိတ်ဆိတ်ဖို့ လိုအပ်တယ် (မှန်ပါ) ဒါက သုတ္တန်နည်း။

ဝိပဿနာအတွက်ကတော့ လှေကားခုံက ခြေတစ်လှမ်းဆင်းရင် တောကျောင်း တောင်ကျောင်းပဲ -တဲ့၊ ဒါ က အဘိဓမ္မာနည်း၊ (မှန်ပါဘုရား)

ဝိပဿနာအတွက်ကတော့ မြင်စိတ၊် ကြားစိတ်၊ နံစိတ်၊ စားစိတ် စတဲ့ စိတ်တွေကို ရှုတာ ဆိုတော့ နေရာမရွေးဘူး၊ (မှန်ပါ) ဘယ်နေရာမှာ ရှုရှု - ရတာပေါ့ (မှန်ပါဘုရား)။

စိတ်ရှုရမှာမဟုတ်၊ အပျက် ရှုရမှာ

*ဒကာ -ဒကာမတို့ "ကိုယ့်စိတ်ကိုယ်ရှုပါ "ဆိုတာ "ကိုယ့်စိတ်-ကိုယ်သိပါ" လို့ ပြောတာ (မှန်ပါ) "ကိုယ်စိတ်" ဆိုတာရယ် "ကိုယ်သိ" ဆိုတာရယ် ၂-စိတ် (မှန်ပါ)၊ စိတ်-စိတ် ချင်းရှုရမယ့်ကိစ္စ၊အရေးကြီးတယ် (မှန်ပါဘုရား)

"စိတ်-စိတ်ချင်းရှု" ဆိုပေမယ့် တကယ်တော့ ရှုတဲ့စိတ်ပေါ်တဲ့အချိန်မှာ အရှုခံစိတ်က မရှိတော့ပါဘူး (မှန်ပါ) ဘာပြုလို့လဲဆိုတော့ တစ်ချိန်တည်းမှာ ၂-စိတ် ပြိုင်၍ အသက်ရှင်ရိုးထုံးစံ မရှိလို့ပါပဲ (မှန်ပါ) "ဧကစိတ္တ သမာယုတ္တာ" ဆိုတဲ့အတိုင်း တစ်ချိန်မှာ တစ်စိတ်စီနဲ့သာ အသက်ရှင်ရတာ မဟုတ်လား (မှန်ပါဘုရား)

အဲဒီတော့ "ကိုယ့်စိတ် ကိုယ်သိပါ" ဆိုပေမယ့် တကယ်တော့ စိတ်ကို သိရမှာ မဟုတ်ဘူး၊ အပျက်ကို သိရမှာ (မှန်ပါဘုရား) စိတ်ကို သိရမှာလား၊ စိတ်ရဲ့ အပျက်ကို သိရမှာလား (စိတ်ရဲ့ အပျက်ကို သိရမှာပါ ဘုရား) အေး … ဟုတ်တယ်။

ဒါဖြင့် အရှုခံစိတ်ကလေးက အပျက်၊ ဒီဘက်ရှုဉာဏ်စိတ်ကလေးက မဂ်၊ အဲလိုသွားကိုက်တယ် (မှန်ပါဘုရား) ဒါကလေးတွေက တော်တော် အရေးကြီးတဲ့ အချက်လေးတွေနော် (မှန်ပါဘုရား)

ခင်ဗျားတို့ကတော့ ထင်မယ်၊ ဘုရားက " စိတ္တာနုပဿနာ" လို့ဟောတော့ စိတ်ကို အရှုခိုင်းတယ်လို့ထင်ကြမှာ၊ (မှန်ပါ) ဘယ်ဟုတ်လိမ့်မှာလဲ၊ စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ " စိတ်၏ပျက်မှုကို ရှုပါ" - လို့ပြောတာ၊ (မှန်ပါဘုရား)

အေး… "သမုဒယဓမ္မာနုပဿီဝါ၊ ၀ယဓမ္မာနုပဿီဝါ" ဆိုတာတွေ လာလိမ့်မယ်၊ အဲဒါတွေ နောက်တော့ ပြောမယ်။ထပ်မံပြောဦးမယ်၊ စိတ်ကို အရှုခိုင်းတာ မဟုတ်၊ စိတ်၏ မရှိမှုကို ရှုခိုင်းတာ (မှန်ပါဘုရား) ရှုတဲ့အချိန်မှာ မရှိတာဘဲ တွေ့ရမယ် (မှန်ပါ) ရှိပြီးမှ မရှိဘဲ ဖြစ်သွားတဲ့ သဘောကို တွေ့ရမှာ (မှန်ပါ) စောစောက ဒီနားရှိတယ်၊ အခုမရှိတော့ဘူး၊ အဲဒီသဘောကို တွေ့ရမှာ (မှန်ပါဘုရား)

ရှိတာရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိဖြစ်တယ်၊(မှန်ပါ) မရှိတာ ရှုမှ သာလျှင် သဿတဒိဋ္ဌိက လွတ်တယ်(မှန်ပါဘုရား)

ဒါဖြင့် ဒကာ-ဒကာမတို့ "အသေကို အရှင်နဲ့ရှုပါ" ဆိုတာ အမှန်ဆုံးပဲ (မှန်ပါ) ဘာပြုလို့လဲဆိုတော့ တစ်ခု သေပြီးမှ တစ်ခု ဖြစ်ရမှာကိုး (မှန်ပါ)

ခင်ဗျားတို့က "စိတ်ကို အရှုခိုင်းတယ်" ဆိုပြီး "ကျုပ်ကတော့ စိတ်တွေလာတိုင်း ရှုနေတာပဲ" ဆိုရင် ဒါ ၀ိပဿနာ မဟုတ်ဘူး ၊ ၀ိပဿနာ အ၀ါးမ၀သေးဘူး၊ ဆရာကရင် လိုနေမယ်၊ ကိုယ်ကရင်လဲ လိုနေမယ်၊ (မှန်ပါဘုရား)

စိတ်က တစ်ချိန်တည်းမှာ ၂-ခု ပြိုင်၍ ပေါ်ကောင်းရဲ့လာ(မပေါ်ကောင်းပါ) ဒါကြောင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ မြင်လို့ မရနိုင်ဘူး၊(မှန်ပါ) ရှေ့စိတ်အပျက်ကိုသာ နောက်စိတ်နဲ့ မြင်လို့ ရနိုင်မယ် (မှန်ပါဘုရား)

ရှေ့က ပထမစိတ်ပျက်ပြီးမှ နောက်က ဒုတိယစိတ် ပေါ်နိုင်မယ် (မှန်ပါ) ပထမစိတ်က အသေ၊ ဒုတိယစိတ်က ရှင်ဆဲပါ (မှန်ပါ) အသေကို ရှင်တဲ့စိတ်နဲ့ရှု၊ ရှင်တဲ့စိတ်ထဲမှာ ဉာဏ်ပါတယ် (မှန်ပါ)၊ အသေကို ဘာနဲ့ ရှုမယ် (အရှင်နဲ့ရှုပါမယ်) အဲဒါမှ ၀ိပဿနာအစစ်ပါ (မှန်ပါဘုရား)

အပျက်မပါဘဲနဲ့ စိတ်သက်သက်ကိုသာ ရှုနေရင် ၀ိပဿနာအစစ် မဟုတ်သေးဘူး၊ ဖြစ်လဲ မဖြစ်နိုင်ဘူး(မှန်ပါ) ဘာလို့လဲဆိုတော့ နောက်က ရှုတဲ့စိတ်ပေါ်တဲ့ အချိန်မှာ ရှေ့ကစိတ်က ရှိမှ မရှိနိုင်ဘဲ (မှန်ပါဘုရား) ပျက်သွားရပြီ၊ ပျက်သွားပြီးမှသာ နောက်က စိတ်ပေါ်နိုင်ခွင့်ရတာကိုး (မှန်ပါဘုရား)

သမုဒယ - ၀ယဓမ္မာနုပဿီဝါ

"စိတ္တာနုပဿနာ = စိတ်ရှုတယ်" ဆိုတာ အပြောကတော့ ပြေချင်ပြောပေါ့၊ ဒါပေမယ့် အမှန်စင်စစ်ကတော့ " ကိုယ့်အသေကို အရှင်နဲ့ ရှုတာပါ" ဒါမှ အမှန်ဗျ (မှန်ပါဘုရား)

ဝိပဿနာဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ကြည့်တာပါ) အသေ မတွေ့သေးလို့ရှိရင်လဲ အနိစ္စမတွေ့သေးဘူး၊ (မှန်ပါ) ဒါကြောင့် ၀ိပဿနာဆိုတာ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) အေး…

စိတ္တာနုပဿနာလား၊ အသေကို အရှင်နဲ့ကြည့်တာလား(အသေကို အရှင်နဲ့ ကြည့်တာပါ ဘုရား) ဝေဒနာနုပဿနာလား၊ အသေကိုအရှင်နဲ့ ကြည့်တာလား၊ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား) ဒါမှ လမ်းမှန်ကျတယ် (မှန်ပါဘုရား)

ဒါဖြင့် စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ရုပ်ရှုရှု၊ အပျက်ကို မြင်စေရမယ်လို့ ပြောတာ (မှန်ပါဘုရား) ဒါဟာဘုရားဟော အထောက်အထားရှိလို့ပြောတာ (မှန်ပါ)

*"သမုဒယဓမ္မာနုပဿီဝါ ၀ယဓမ္မာနုပဿီဝါ စိတ္တသ္မိ`ံ ၀ိဟရတိ" -တဲ့၊ မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးမှာပါတယ်၊ မြတ်စွာဘုရား ဟောထားတာ (မှန်ပါ)

သမုဒယ- ဆိုတာ ဖြစ်တာ၊ မွေးလာတာ၊ (မှန်ပါ) ၀ယ - ဆိုတာ ပျက်တာ၊ သေတာပေါ့ (မှန်ပါ) အဲဒီမွေးလာပြီး သေသွားလိုက်၊ မွေးလာပြီး သေသွားလိုက်တွေကို ရှုရမှာ၊ ဉာဏ်နဲ့ရှုရမှာ (မှန်ပါဘုရား)

ပြောနေကျ စကားလုံးနဲ့ ပြောရရင်တော့ ဖြစ်လာပြီးပျက်သွားလိုက်၊ ဖြစ်လာပြီး ပျက်သွားလိုက်၊ အတိုကောက် "ဖြစ်-ပျက်" ပေါ့၊ အဲဒါတွေကို ဉာဏ်နဲ့ရှုရမှာ (မှန်ပါဘုရား)

မဟာသတိပဋ္ဌာန်ပါဠိတော်ကြီးထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး က အတိအလင်း ဟောထားတာပဲ(မှန်ပါ) "သမုဒယ-၀ယ" မွေးလာပြီး သေသွားတာကို မြင်အောင် ကြည့်ရမယ်ဆိုတာလေ (မှန်ပါ) အဲဒီထိအောင် သွားရမှာ၊ အဲဒီကျတော့မှ ၀ိပဿနာဖြစ်တာ(မှန်ပါ)

ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာကို ရှေ့ပိုင်းတွင်ပဲဖတ်ပြီး ရှေ့ပိုင်းတွင်ပဲပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာနုပဿီဝါ - ၀ယဓမ္မာနုပဿီဝါ) ထိအောင် လာရမှာ (မှန်ပါဘုရား )

ကဲ…ဒါဖြင့် ပြန်မေးမယ်၊ ၀ိပဿနာဆိုတာ ဘာပါလိမ့်(အသေကို အရှင်နဲ့ ရှုတာပါဘုရား) ဟုတ်တယ်၊ အရှင်-အရှင်ချင်း ကြည့်လို့ဖြစ်မလား (မဖြစ်ပါ ဘုရား) အေး… မြဲမြဲမှတ်ထားကြ၊ (မှန်ပါဘုရား)

[မိုး(၂)နှာ-၄၆၇။]


စိတ္တာနုပဿနာရှုပွားနည်းအကျဉ်းဖော်ပြချက်

၁။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ် ( အပြင်ဧည့်သည်စိတ်(၅)ခု။

၂။ လောစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတောစိတ် (အတွင်းဧည့်သည်စိတ်(၆)ခု)။

၃။ လေကိုထုတ်ယူသောစိတ်၊ လေကိုသွင်းယူသောစိတ် (အိမ်သည်စိတ် (၂)ခု)။

ရှုပွားပုံရှုပွားနည်းစနစ်မှာ - အိမ်သည်စိတ်(၂)ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေါ်ပေါ်၊ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မလွတ်အောင်း ရှုရမည်ဖြစ်သည်။

Credit to mogokdhamma.com

by facebook

သေခါနီးဖြစ်တဲ့ စိတ်

သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်းအကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ် ။ နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေကခြံပေါက်ဝမှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက
ပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲအရင်ထွက်ခွင့်ရပါတယ် ။ နွားပျိုနွားငယ်တွေကတော့ နောက်ဆုံးမှပဲထွက်ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာ အရင်ဆုံးအကျိုးပေးပါတယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။

ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင်မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေအကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာဆိတ်ငြိမ်တဲ့နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။သေမယ့်အချိန်ကို ကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ၀ိဥာဉ်မချုပ်နိုင်ပဲဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။ တစ်ချို့ကလည်းအကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ၀ိပဿနာဥာဏ်ကလည်းမရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက် လိုက်ဒီ စိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲမျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း
သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။

ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့ ငါ့ဘေးနားလည်းမနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်... အဖေရယ် အမေရယ် နိမိတ်မရှိသေစကားမပြောပါနဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင်ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။

တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ၀ိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှအစွဲဖြစ်တဲ့အတွက် ကံရှိသလောက်အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့
အသက်ရှင်နေထိုင်တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံအားထုတ်ပြီးအသေတတ်အောင် ကြိုးစားဖို့ပါပဲ ။

သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကိုဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ
မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံးကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာအရင်းခံပြီး သတိပေးလိုက်ရပါတယ် ။

Credit to အနန္တမေတ္တာ

သရဏနှင့် သရဏဂုံ – ချမ်းမြေ့ဆရာတော်

ရတနာသုံးပါးသည် သရဏ

ဗုဒ္ဓရှင်တော်မြတ်ဘုရား ကိုယ်တိုင် အကျင့်မှန် သိလို့ အဲဒီ အကျင့်မှန်ကို ကျင့်တဲ့အတွက် အရှိသဘာဝကို အရှိအတိုင်း သိမြင်တော်မူတော့ ‘လောဘ’ ‘ဒေါသ’ ‘မောဟ’ ကိလေသာတွေ ငြိမ်းလို့မို့ ဆင်းရဲငြိမ်းတော်မူတယ်။

ရှင်တော်မြတ်ဘုရားက ပြန်ပြီး ဟောကြားတော်မူတဲ့အခါမှာလဲ ဒီဆင်းရဲငြိမ်းကြောင်း တရားတွေကိုပဲ ကျင့်တော်မူ သိတော်မူတဲ့အတိုင်း ဟောကြားတော်မူတော့ ဒီတရားတော်တွေဟာ အမှန်တရားတွေ ဖြစ်လာတယ်။

အမှန်တရားတွေဆိုတော့ တရားတွေဟာလဲပဲ ဆင်းရဲငြိမ်းလိုတဲ့ ပုဂ္ဂိုလ်များ အားကိုး အားထားရာ ကိုးကွယ်ရာ ဆည်းကပ်ရာ အဖြစ်နဲ့ ယုံကြည်ရ လက်ခံရ လိုက်နာကျင့်ကြံရ ကိုးကွယ်ရမည့် ‘သရဏ’တွေပဲ။

အဲဒီ တရားတွေအတိုင်း လိုက်နာ ကျင့်ကြံကြလို့ ဆင်းရဲ တစိတ်တဒေသ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ များစွာ ငြိမ်းတဲ့ သံဃာတော်တွေ၊ ဆင်းရဲ လုံးဝ ငြိမ်းတဲ့ သံဃာတော်တွေဟာ ဘုရားရှင်ရဲ့ သာသနာတော် နှစ်ပေါင်း ၂၅၇၀ ကျော် ကာလ အတွင်းမှာ များစွာ ပေါ်ပေါက်ခဲ့တယ်။

အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိတို့က စပြီးတော့ အခု အချိန်အထိ သာသနာတော်မှာ ရှင်တော်မြတ်ဘုရား အမှန်အတိုင်း ညွှန်ကြားထားတဲ့ တရားတော်တွေအတိုင်း ကျင့်ကြံလို့ ကိလေသာငြိမ်း ဆင်းရဲငြိမ်းတဲ့ ပုဂ္ဂိုလ်တွေ များစွာ ပေါ်ပေါက်ခဲ့တယ်။

အဲဒီလို များစွာ ပေါ်ပေါက်ခဲ့တဲ့ ဒီသံဃာတော်တွေဟာလဲပဲ ကိုးကွယ် ဆည်းကပ် ကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ။ ‘သရဏ’တွေပဲ။

ဒါကြောင့် ‘ဗုဒ္ဓ’ ‘ဓမ္မ’ ‘သံဃ’ ခေါ်တဲ့ ရတနာသုံးပါးဟာ အားကိုးရာ၊ အားထားရာ ကိုးကွယ်ရာအနေနဲ့ ယုံကြည် ဆည်းကပ်ထိုက်တဲ့ ‘သရဏ’တွေပဲဆိုတာ ဘုန်းကြီးတို့ သိရတယ်။

အဲဒီတော့ ယုံကြည် ဆည်းကပ်ထိုက်တဲ့ ဒီရတနာသုံးပါးဟာ ကိလေသာဆင်းရဲ ဝဋ်ဆင်းရဲ ခပ်သိမ်း ငြိမ်းလိုတဲ့ ပုဂ္ဂိုလ်တို့ရဲ့ အားကိုးရာ အားထားရာ မှီခိုရာ ကိုးကွယ်ရာ ‘သရဏ’တွေပဲ။

+++++

ယုံကြည် ဆည်းကပ် စိတ်သည် သရဏဂုံ

ဒီ ရတနာသုံးပါးကို အားကိုး အားထားရာ ကိုးကွယ်ရာ မှီခိုရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

သရဏဂုံ … သရဏဂုံလို့ ပြောနေကြသော်လဲပဲ သရဏဂုံရဲ့ အဓိပ္ပာယ်ကို တိတိကျကျ နားလည်တာက ခပ်ရှားရှားပဲ။ ယောင်ဝါးဝါးမျှပဲ နားလည်ကြတယ်။

သရဏ = အားကိုးရာ ကိုးကွယ်ရာပဲလို့
ဂမန = ယုံကြည် ဆည်းကပ်တဲ့ စိတ်။

ဒီ ‘သရဏဂမန’ကိုပဲ မြန်မာက ‘သရဏဂုံ’လို့ ခေါ်လိုက်တယ်။

ဒီတော့ သရဏဂုံဆိုတာ အားကိုး အားထားရာ ကိုးကွယ်ရာပဲလို့ ယုံကြည် ဆည်းကပ်တဲ့ စိတ်ပဲ။

ဘုရားကို သရဏဂုံလို့ မခေါ်ဘူး။
တရားကို သရဏဂုံလို့ မခေါ်ဘူး။
သံဃာကို သရဏဂုံလို့ မခေါ်ဘူး။
‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ‘သရဏ’လို့သာ ဆိုနိုင်တယ်။ ‘သရဏဂုံ’လို့ မဆိုနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သရဏဂုံဆိုတာ ယုံကြည် ဆည်းကပ်တဲ့ စိတ်မို့ပဲ။

ဘယ်သူ့ကို ယုံကြည် ဆည်းကပ်တာလဲ?
ဗုဒ္ဓ – ရှင်တော်မြတ်ဘုရားကို ယုံကြည် ဆည်းကပ်တယ်။
ဓမ္မ – တရားတော်ကို ယုံကြည် ဆည်းကပ်တယ်။
သံဃ – သံဃာတော်ကို ယုံကြည် ဆည်းကပ်တယ်။

အဲဒီတော့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ ရတနာသုံးပါးက အားကိုး အားထားရာဖြစ်တဲ့ ‘သရဏ’တွေ။

အဲဒီ ယုံကြည်ထိုက် ကိုးကွယ်ထိုက် ဆည်းကပ်ထိုက်တဲ့ ‘ဘုရား’ ‘တရား’ ‘သံဃာ’ကို ယုံကြည်တဲ့ စိတ်၊ ဆည်းကပ် ကိုးကွယ်တဲ့ စိတ်က ‘သရဏဂုံ’။

+++++

သရဏဂုံ တည်သူနှင့် မတည်သူ

အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်က ဆည်းကပ် ကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ရှိတယ်။ အဲဒီ စိတ်ရှိသူကို သရဏဂုံတည်သူလို့ ခေါ်တယ်။

အဲဒီ ယုံကြည် ဆည်းကပ်တဲ့ စိတ်မရှိရင် သရဏဂုံတည်သူလို့ မခေါ်နိုင်ဘူး။ သရဏဂုံ မတည်သူပဲ။
သရဏဂုံ မတည်ရင် အဲဒီ ပုဂ္ဂိုလ်ကို ဗုဒ္ဓဘာသာဝင်လို့ မခေါ်နိုင်ဘူး။
သရဏဂုံတည်မှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တယ်။

+++++

သရဏဂုံ ညစ်နွမ်းခြင်း လေးမျိုး

(၁) ရတနာသုံးပါး၏ ဂုဏ်တော်တို့ကို မသိခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တို့ကို နားမလည်က ယုံကြည် ဆည်းကပ်စိတ် အားပျော့သွားသဖြင့် သရဏဂုံ ညစ်နွမ်း၏။

(၂) ရတနာသုံးပါး၏ ဂုဏ်ကို အသိမှားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

မြတ်စွာဘုရား၏ ဂုဏ်တော်အရှိက တခြား၊ မိမိသိထားသည်က တမျိုးဖြစ်ပါက အသိမှားသောကြောင့် ယုံကြည် ဆည်းကပ်စိတ် အားပျော့၊ သရဏဂုံ ညစ်နွမ်း၏။

(၃) ဘုရား၊ တရား၊ သံဃာကို ယုံမှား သံသယဖြစ်ခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ဘုရားဆိုတာ တကယ် ပွင့်ခဲ့တာမှ ဟုတ်ရဲ့လား၊ သဗ္ဗညုတဉာဏ်ကို ရတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား၊ တရားကကော တရားစစ် တရားမှန် ဟုတ်ရဲ့လား၊ ဒီတရားအတိုင်း လိုက်နာရင် အကျိုးရှိနိုင်ပါ့မလား၊ ချမ်းသာရစေနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား၊ ဒီတရားအတိုင်းကျင့်ရင် စီးပွားရေးတွေ မဆုတ်ယုတ်ကုန်ပေဘူးလား၊ သံဃာကကော ကိုးကွယ် ဆည်းကပ်ထိုက်တဲ့ သံဃာဟုတ်ပါ့မလား၊ လူတွေနဲ့ ဘာထူးသလဲ၊ အဲဒီလို စသည်ဖြင့် ရတနာသုံးပါးအပေါ်မှာ ဖြစ်စေ၊ တစ်ပါးပါးအပေါ်မှာ ဖြစ်စေ ယုံမှား သံသယ ဒွိဟစိတ် ဝိစိကိစ္ဆာစိတ်တွေ ဖြစ်နေပါက ယုံကြည် ဆည်းကပ်မှု အားပျော့သွားပြီး သရဏဂုံ ညစ်နွမ်း၏။

(၄) ရတနာသုံးပါးကို မရိုသေ မလေးစားခြင်းကြောင့် သရဏဂုံ ညစ်နွမ်းခြင်း။

ရတနာသုံးပါးအကြောင်းကို သေသေချာချာ မလေ့လာ မသိရှိဘဲ၊ သာမန်မျှ မဖြစ်စလောက် အသိကလေးပေါ် အခြေခံပြီး ရတနာသုံးပါးအပေါ်မှာ အထင်သေး အမြင်သေး ရိုသေ လေးစားမှု မရှိခြင်းကြောင့် ယုံကြည် ဆည်းကပ်စိတ် အားနည်းကာ သရဏဂုံ ညစ်နွမ်း၏။

ဆောင်ပုဒ်

ရတနာ့ဂုဏ်ရည်၊ မသိပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ သိမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာ့ဂုဏ်ရည်၊ ယုံမှားပြီ၊ ညစ်သည် သရဏဂုံ။
ရတနာသုံးထွေ၊ မရိုသေ၊ ညစ်လေ သရဏဂုံ။

+++++

သရဏဂုံ နှစ်မျိုး

(၁) လောကီသရဏဂုံ

မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေး၍ အရိယာ မဖြစ်သေးသော ပုထုဇဉ်တို့၏ သန္တာန်၌ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

ဤလောကီသရဏဂုံသည် သရဏဂုံ ပျက်ခြင်း ၂-မျိုးဖြစ်သော – ဗုဒ္ဓဝါဒမှတပါး တခြား ဘာသာအယူဝါဒကို ပြောင်းလဲ ယုံကြည် ဆည်းကပ်ခြင်းကြောင့် ပျက်ခြင်း၊ သေဆုံး ကွယ်လွန်၍ ပျက်ခြင်း တို့ကြောင့် ပျက်စီးနိုင်၏။

(၂) လောကုတ္တရာသရဏဂုံ

မဂ်ဉာဏ် ဖိုလ်ဉာဏ်ရသော အရိယာတို့၏ သန္တာန်မှာ ရှိသော ယုံကြည် ဆည်းကပ်စိတ်။

အရိယာတို့၏ သန္တာန်မှာ မဂ်ဉာဏ်နှင့် အတူတကွ ဖြစ်ပေါ်လာသော ရတနာသုံးပါးကို ယုံကြည် ဆည်းကပ်စိတ်သည် ခိုင်မြဲပြီး ဘယ်တော့မှ မပျက်တော့ပေ။

+++++

ချမ်းမြေ့ဆရာတော်၏ “၁၉၈၅ ခုနှစ်၊ တက္ကသိုလ်ဓမ္မသဘင်၊ ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေးတရားတော်များ” မှ

by facebook

မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ

လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့၊

များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့် ၊

တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျှက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တစ်လွှား ၊ ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း ...........

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း ......။ ။

(မိုးကုတ်ဆရာတော်ဘုရားကြီး)

by facebook

ကြောက်ရွံ့သော ဥပါသကာနှင့် ရဲရင့်သော ဥပါသကာ

တခါသော် မြတ်စွာဘုရားသခင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့အား
ကြောက်ရွံ့သော ဥပါသကာနှင့် ရဲရင့်သော ဥပါသကာ-တို့ ကွဲပြားခြားနာပုံကို ဤသို့ ဟောကြားတော်မူသည်။

ရဟန်းတို့၊ တရားငါးမျိုးနှင့်ပြည့်စုံသော ဥပါသကာသည် ကြောက်ရွံ့တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ
၁။ သူ့အသက်ကို သတ်လေ့ရှိခြင်း။
၂။ မပေးသည်ကို ယူလေ့ရှိခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိခြင်း။
၎။ မဟုတ်မမှန် ပြောလေ့ရှိခြင်း။
၅။ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်လေ့ရှိခြင်းတို့ ဖြစ်၏။

ရဟန်းတို့၊ ဤတရားငါးမျိုးနှင့် ပြည့်စုံသော ဥပါသကာသည်ကား ရဲရင့်တတ်၏။
အဘယ်တရားငါးမျိုးတို့နည်း ဟူမူ-
၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ မပေးသည်ကို ယူုခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၎။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း။
၅။ မူးယစ်မေ့လျောခြင်း၏ အကြောင်းရင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှေင်ကြဉ်ခြင်းတို့ ဖြစ်၏။

( အင်္ဂုတ္တိုရ် ဥပါသကာဝဂ်၊ ၁-သာရဇ္ဇသုတ် )

by facebook

အလှူအကျိုး

အခါတပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောရှိ ကျောင်းကြီး၌ သီတင်းသုံးနေတော်မူသည်။ ထိုစဉ် သီဟစစ်သူကြီးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ အရှင်ဘုရား အလှူ၏အကျိုးကို ကိုယ်တိုင်သိမြင်နိုင် ပါသလော-ဟု လျှောက်၏။

မြတ်စွာဘုရားက သီဟ-သိမြင်နိုင်၏-ဟု မိန့်တော်မူကာ
သီဟ ပေးလှူတတ်သော အလှူရှင်ကို
၁။ လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။
၂။ သူတော်ကောင်းတို့သည် ချဉ်းကပ်ကြကုန်၏။
၃။ အလှူရှင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ တက်၏။
၎။ မင်းပရိသတ်သို့ ဖြစ်စေ၊ ပုဏ္ဏားပရိသတ်သို့ ဖြစ်စေ၊ သူကြွယ်ပရိသတ်သို့ ဖြစ်စေ၊ ရဟန်းပရိသတ်သို့ ဖြစ်စေ ပရိသတ်တမျိုးမျိုးသို့ ချဉ်းကပ်ခဲ့မူ ရဲရဲဝံ့ဝံ့ မျက်နှာရွှင်ပျစွာ ချဉ်းကပ်ရ၏။
၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည့်နောက်၌ ကောင်းသောလားရာ နတ်ပြည်လောကသို့ ရောက်ရ၏။ ဟူ၍ ဟောကြားတော်မူ၏။

သီဟစစ်သူကြီးသည် အရှင်ဘုရား ကျွန်ုပ်သည် ပေးလှူတတ်သည့် အလှူရှင်ပါတည်း။
အရှင်ဘုရား ဟောတော်မူသည့် ကိုယ်တိုင်သိမြင်ရသော အလှူ၏ အကျိုး ၅-မျိုးအနက် ၄-မျိုးကို ကိုယ်တိုင်ခံစား သိရှိရပါ၏။
ကျန်တမျိုးဖြစ်သည့် အလှူရှင်သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရ၏။ ဟူသော အကျိုးတရားကိုမူ အကျွန်ုပ် မသိရပါ။
ဤအကျိုးနှင့် ပတ်သက်၍ မြတ်စွာဘုရားအား ယုံကြည်မှုရှိသဖြင့် လက်ခံပါ၏-ဟူ၍ လျှောက်၏။

ထိုအခါ မြတ်စွာဘုရားက ဤအကျိုးသည် အမှန်ဖြစ်၏။ ပေးလှူတတ်သော အလှူရှင်သည် သေပြီးသည့်နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ဧကန်ပင် ရောက်ရှိရ၏-ဟူ၍ မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ် သုမန၀ဂ်၊ သီဟသေနာပတိသုတ် )

by facebook

နိုးကြားသူ

တခါသော် မြတ်စွာဘုရားသခင်သည် နိုးကြားမှု အမြဲရှိသင့်ကြောင်း ဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ ငါ၏စကားကို နာယူကြကုန်လော့၊ အိပ်ပျော်နေသောသင်တို့သည် နိုးကြားကြကုန်လော့။ အိပ်ပျော်နေခြင်းထက် နိုးကြားခြင်းသည် မြတ်၏၊ နိုးကြားမှု အမြဲရှိသူအား ဘေးမရှိ။

အကြင်သူသည် နိုးလည်းနိုးကြား၏၊ သတိမြဲ၏၊ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံ၏၊ တည်ကြည်မှု ရှိ၏၊
ဝမ်းမြောက်မှု ရှိ၏၊ ကြည်လင်သောစိတ် ရှိ၏၊ ထိုသူသည် အခါအားလျော်စွာ တရားကို စူးစမ်းရှာဖွေလျက် တည်ကြည်သောစိတ်ဖြင့် မသိမှုကို ပယ်ဖျောက်နိုင်၏။

ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏၊ လုံ့လ၀ီရိယနှင့် ပြည့်စုံသော နိုးကြားမှုရှိသော ပညာရှိသည် ဤဘ၀၌ပင် အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏။

( ဣတိဝုတ် ပါဠိတော်၊ ဒုကနိပါတ်၊ ဒုတိယ၀ဂ်၊ ဇာဂရိယသုတ် )

ပြုစုရခက်သူ နှင့် လွယ်သူ


တနေ့သ၌ မြတ်စွာဘုရားသခင်သည် ရဟန်းတို့အား ပြုစုရခက်သော သူနာနှင့် ပြုစုရလွယ်သောသူတို့အကြောင်း ဤသို့ ဟောကြားတော်မူသည်။

ရဟန်းတို့ ပြုစုရခက်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ
၁။ ရောဂါနှင့် မသင့်သည်ကို ပြုလုပ်၏။
၂။ ရောဂါ၏အတိုင်းအရှည်ကို မသိ။
၃။ ဆေးမစား။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို မပြော။
၅။ ဝေဒနာကို သည်းမခံ။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူဖြစ်၏။

ရဟန်းတို့ ပြုစုရလွယ်သော သူနာငါးမျိုး ရှိ၏။ ယင်းတို့မှာ-
၁။ ရောဂါနှင့် သင့်သည်ကို ပြု၏။
၂။ ရောဂါ၏ အတိုင်းအရှည်ကို သိ၏။
၃။ ဆေးစား၏။
၎။ ရောဂါ တိုးသည်၊ ဆုတ်သည်၊ တန့်သည်ကို ပြော၏။
၅။ ဝေဒနာကို သည်းခံ၏။
ဤတရားငါးမျိုးနှင့် ပြည့်စုံသော သူနာသည် ပြုစုလွယ်သူ ဖြစ်၏-ဟု မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ်ပဉ္စကနိပါတ်၊ ပထမဥပဋ္ဌာကသုတ် )

by facebook

ပရိတ်ကြီး ၁၁-သုတ် အကျိုးတော်များ

* အစိန္တေယျ, ဂုဏ်ပေါင်းခသည့်, လောကတန်ဆောင်, ငါးမာရ်အောင်ဟု, ဘုန်းရောင်လျှံကြွား, ရှင်တော်ဘုရား၏, ဘေးဆီးရန်တား, ဟောကြားညွှန်ပြီး, ပရိတ်ကြီးလာ, ကျိုးများမှာကား, မသိသူချော်, သိသူဖော်၍, သုံးခဲ့လေပြီး, ကိုယ်တွေ့နည်းကို, ပြညွှန်းဆိုအံ့---* မင်္ဂလသုတ်---ကျိုးညွှန်းထုတ်သော်, လောကုတ်လောကီ, နှစ်လီမင်္ဂလာ, ချမ်းသာကောင်းကျိုး, ရွာသွန်းမိုးသို့, ဝေဖြိုးလျှံပ, တိုးပွားရသည်, သုံး၍မကုန်, မြဲအောင်ခြုံလော့---* ရတနသုတ်---သုံးကြိမ်ထုတ်က, သက်ပြတ်ခန္ဓာ, ရောဂါဥပါဒ်, ငတ်မွတ်ခေါင်းပါး, ကပ်သုံးပါးတို့, ရှောင်ရှားဝေးက, ငြိမ်းအေးလှသည်, သုံးစားမကုန်, ရတနာစုံတည်း---* မေတ္တသုတ်မှာ---ဒေဝါနတ်များ, ချစ်ခင်ပွား၍, ဆိုးရွားအိပ်မက်, မမြင်မက်ဘဲ, အိပ်မက်နိုးထ, ချမ်းသာရလျက်, ရန်စရန်ညှောင့်, မြန်ပျောက်လိုက, ရွတ်ကြအဟုတ်, ခုနစ်အုပ်တည်း---* ခန္ဓသုတ်မွန်---ဆိတ်ထန်ဆိုးရွား, မြွေကင်းများနှင့်, သစ်ကျားဝန်အောင်း, သရဲပေါင်းတို့, ကွာရှောင်းဝေးရာ, ဖယ်သွားခွါအောင်, ရွတ်ဆောင်နေ့ည, ကိုးကြိမ်ပြသည်, မှတ်ယူသုံးတော့, ကိုယ်တွေ့တည်း---* မောရသုတ်မှာ---ရာဇဝတ်ဘေး, ပြေး၍မလွတ်, မချွတ်ရောက်ကြ, ရင်ဆိုင်ရသော်, စိတ်အားမပျက်, နေထွက်-နေဝင်, မြဲလျှင်မပြတ်, ကိုးကြိမ်မှတ်ခါ, ရွတ်အပ်ပါ၏---* ဝဋ္ဋသုတ်မှာ---ရွာမီးမြို့မီး, တောမီးမကျန်, မီးမှန်သမျှ, ဘေးရန်ပအောင်, မိမိမျက်နှာ, တည်ရာအရ, ရွတ်ပွားကြသည်, ရှေးကသူသုံး, နည်းညွှန်ထုံးတည်း---* ဓဇဂ္ဂသုတ်မှာ---ပြင်းစွာကြောက်လှ, တုံလှုပ်ကြ၍, စိတ်ကချောက်ခြား, ထိတ်လန့်များလျှက်, ကြောက်အားဖိစီး, ကြက်သီးဖြန်းလာ, ရွတ်ဆိုရာကား, ဆယ်ကာဆယ်ခေါက်, ခရီးရောက်၏---* အာဋာနာဋိယ---ရှစ်ကြိမ်ရွတ်လေ, တစ္ဆေ-မှင်စာ, မာတြာ-မြေဘုတ်, ဖုတ်-သဘက်-ကြတ်, နတ်ဆိုးမကျန်, ကုမ္ဘဏ်-ဘီလူး, ထူးထူးနှောင့်ယှက်, နှိပ်စက်မရှိ, ချမ်းသာဘိ၏---* အင်္ဂုလိမာလ---သုတ်အရမူ, မိမ္မ-ဓမ္မတာ, မီးဖွားခါနီး, ဆင်းရဲကြီးက, မငြီးသန့်စင်, ဖွားမြင်စေလို, ရေကို-သုံးခါ, စစ်ပြီးပါမှ, ခုနစ်ခါမန်း, တိုက်လျှင်ဘေးဘျမ်း, စင်စစ်လမ်းတည်း---* ဗောဇ္ဈင်သုတ်မြတ်---သုံးကြိမ်ထပ်မူ, စွဲကပ်ရောဂါ, ဝေဒနာမှာ, ပိန်းကြာဖက်ပြား, ရေမနားသလို, ဘေးပချမ်းသာ, အေးမြပါ၏---* ပုဗ္ဗဏှသုတ်---ဆယ့်နှစ်အုပ်ကို, ရွတ်ဆိုပူဇော်, ဂြိုဟ်သော်စီးနင်း, ဆိုးရွားခြင်းတွင်, နိမ့်ဆင်းကြမ္မာ, ဆိုးဒသာနှင့်, ဇာတာစန်းလဂ်, ညှိုးနွမ်းချက်မှ, ဆက်ဆက်ကာလျှင်း, ကင်းကြသည်, ဒိဋ္ဌလာဘ်ကောင်း, အကျိုးတည်း။


* မဟာမင်္ဂလ---ပရိတ္တကား, သုခများစွာ, မင်္ဂလာပွားတက်, ဘုန်းကြက်သရေ, ပြည့်ဖြိုးဝေ၏၊* သုံးထွေသောကပ်, သက်ပြတ်ဒုဗ္ဘိက်, နံနှိပ်ဖျက်ဆီး, မှုကြီးရောက်လာ, ရတနပရိတ်, ရည်ညွှန်းနှိပ်၍, စိတ်သစ္စာပြု, ရွတ်မှုမှန်စွာ, လွန်ချမ်းသာ၏၊* ဗျာပါသောက, စိတ်ဒုက္ခနှင့်, နေ့ညမရွှင်, အိပ်လျှင်မပျော်, သူတို့သော်ကား, အော်အော်ညှင်းဆဲ, မေတ္တာနဲက, ရွတ်မြဲရိုတုပ်, မေတ္တသုတ်တည်း၊* ကြမ်းကြုတ်သစ်ကျား, မြွေများ ကင်းသန်း, စုန်းဖမ်းနတ်တိုက်, အလိုက်သူပြု, အမှုရှိက, ရွတ်ပါခန္ဓ, ပရိတ္တတည်း၊* ဘယနှောင်သွင်း, ခြေကျင်းကျိုးတတ်, ထိပ်ခပ်ဗန္ဓ, ရှိလေကမူ, မောရပရိတ်, မအိပ်မနေ, ရိုသေနေ့ည, ကြိုးလုံ့လလော့၊* တေဇအဂ္ဂိ, မီးဘေးရှိက, ဝဋ္ဋသုတ်ပင်, ရွတ်လေခြင်လော့၊* မှုအင်ဘေးကြီး, ရောက်တုံပြီးသော်, ကြက်သီးမွှေးညှင်း, ပူပြင်းထန်စွာ, ရှိသောခါလျှင်, မဟာဓဇဂ္ဂ, သုတ်မြတ်လှကို, မှန်လှစေ့စေ့, ရွတ်အောက်မေ့က, ပျောက်ပျက်ရ၏၊* ကိုယ်မှာရောဂါ, ဖျားနာတထူး, ဘီလူးသဘက်, နှိပ်စက်ဖမ်းခါ, အာဋာနာဋိယ, ပရိတ္တကို, နေ့ညရွတ်ပါ, ကျန်းမာပကတိ, ဧကန်ရှိ၏၊* မချိပြင်းပြ, ဣတ္ထိယတို့, ဂဗ္ဘကိုယ်ဝန်, သားမွန်မဖွား, ခက်ခဲငြားမူ, စကားသစ္စာ, မှန်စွာကြီးဘိ, အင်္ဂုလိဟု, မည်ရှိပရိတ္တာ, ရေသာ မန်းတိုက်, ကိုယ်၌အန္တရာယ်, သားဖွားလွယ်၏၊* လူငယ်လူကြီး, ဖျက်ဆီးဆန်များ, နာဖျားတာရှည်, မတည်စိတ်စက်, မသက်မသာ, ရှိသောခါလျှင်, မဟာဗောဇ္ဈင်, ပရိတ်ပင်တည်း၊* အိပ်လျှင်နိမိတ်, အတိတ်အနာဂတ်, မြင်လတ်သောအခါ, သင်္ချာဗေဒ, ပုဗ္ဗဏှကို, နေ့ညရွတ်လေ, ပျောက်ပေအန္တရာယ်, ရှင်းရှင်းပယ်သည်, မှတ်ဖွယ်ကျမ်းလာ အပြီးတည်း။



( ပရိတ်ကို ဤသို့ စီရင်၍ ရွတ်သင့်သည် )ပရိတ်ရွတ်ရာ၌ ရေ, ချည် တို့ကို ယူလာသူ ဒါယကာ ဒါယိကာမတို့အား “ငါ ရွတ်သော ပရိတ်တရား၏ တန်ခိုးတေဇော် အာဏာတော်သည် ထို ရေ, ချည် ထဲသို့ ဝင်စေအံ့” ဟု လက်ဖြင့် ရေကို လှုပ်ခြင်း၊ ချည်ကို နယ်ခြင်း၊ ပြုလျက် ရွတ်ဖတ်ပေးအပ်၏-ဟု ပါရာဇိကဏ် အဋ္ဌကထာ၌ ဆို၏။ ထိုသို့ လှုပ်နယ်ခြင်းသည် ထို ရေ, ချည် တို့၌ ပရိတ်အာဏာ ထည့်သွင်းပေးသည် မည်၏-ဟု ဝိမတိဋီကာ၌ ဆို၏။ထို့ပြင် ဘီလူးဘေး ကာကွယ်ရန် အိမ်တံခါးဝ၌ မဏ္ဍပ်အလယ် အင်းပျဉ်ပေါ်တွင် သူငယ်ကို အိပ်စေ၍ ရဟန်းတော်တို့ ဝန်းရံလျက် ၇-ရက်တိုင်တိုင် နေ့ညမပြတ် ဘုရားရှင်အမိန့်အရ ပရိတ်ရွတ်ဖတ်ကြ၍ ထိုသူငယ် ၇-ရက်နှင့် သေမည်ဖြစ်သော်လည်း အသက် ၁၂၀-တိုးရှည်သောကြောင့် အာယုဝဍ္ဎန သတို့သားဟု ထင်ရှား၏။(ဓမ္မပဒ အဋ္ဌကထာ) ဤသူငယ်ကို အလယ်ထား၍ ရွတ်ဖတ်ကြသည်ကို အတုပြုသင့်၏။အလောင်းတော် ဗြဟ္မဒတ်မင်းသား ဖြစ်စဉ်က အရှင်ပစ္စေကဗုဒ္ဓါများက ပရိတ်ချည် ပရိတ်ပန်း ပရိတ်သဲများ ရွတ်ဖတ်ပေးလိုက်သည်ကို ဆောင်ယူသွား၍ ဘီလူးဘေး ကင်းလွတ်ကြောင်း, ဧကနိပါတ် တေလပတ္တဇာတ်-၌ ဆိုသဖြင့် ပရိတ်ရွတ်ရာတွင် ပရိတ်ချည်, ပန်း, သဲ, ရေမန်း, စုံလင်စွာ ထားသင့်သည်ဟု သိရသည်။ ရေကို လှုပ်, ချည်ကို နယ်, ပန်းကို ကိုင်, သဲကို ဆုတ်ခြင်းပြု၍ ရွတ်သင့်၏။
by facebook

ရုပ်ပုံတော်ဖွင့် ဘုရားပင့်

ပစ္ဆိမံ ဖလဒါနေန၊ ဗဟုံ ပစိတပါရမီ။
ယဿ ဝေသံ သုမာပေန္တိ၊ ကေနာပိ အသမံ သမံ။
အနုကမ္ပံ ဥပါဒါယ၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ။


ဗဟုံ-ဤရွေ့ဤမျှ, ဂဏန်းချ၍, မရနှိုင်းညှိ, အတိုင်းမရှိရလေအောင်၊
ပစိတပါရမီ-လေသင်္ချေကိန်း, ကပ်တသိန်းက, ထိန်းသိမ်းစုဆောင်း, ပါရမီတော်အပေါင်းတို့သည်၊
ပစ္ဆိမံ ဖလဒါနေန-ဖြစ်ပျက်ဖန်ခါ, သံသရာဝယ်, ခန္ဓာကိုယ်ရေး, အဆုံးစွန်အကျိုးပေးသောအားဖြင့်၊
ယဿ ဘဂဝတော-အကြင်ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရား၏၊
ဝေသံ-ရွှေမျက်နှာတော်, လက်ခြေတော်နှင့်, ကိုယ်တော်သဏ္ဌာန်, ပုံဟန်ထင်ပေါ်, အသွင်အပြင်တော်ကို၊
ကေနာပိ-လူမင်း-နတ်မင်း, ဗြဟ္မာမင်းဝယ်, ဘယ်သူတယောက်နှင့်မျှ၊
အသမံ-လက္ခဏာတော်ကြီးငယ်, အသွယ်သွယ်ဖြင့်, ဘယ်ဝယ်တိုင်းတာ, မနှိုင်းသာ သည်ဖြစ်၍၊ သမံ-တကိုယ်တော်လုံး, ရွှေတုံးရွှေနှစ်, ဇမ္ဗူရစ်သိင်္ဂီ, နာရဏီမျှ, သာကီစင်သွေး, အယဉ်ကျေးဆုံး
ဖြစ်ရလေအောင်၊
သုမာပေန္တိ-တက်သစ်-နေဝန်း, ထွန်းသစ်-လစန်း, ပွင့်သစ်-ပန်းသို့, ဆန်းအဖုံဖုံ, စခန်းစုံအောင်, အစွမ်းကုန် ဖန်ဆင်းလိုက်ကြပေသည်တကား။

ဗုဒ္ဓေါ-လူတွင်အမြတ်, နတ်တွင်အမှူး, ချီးကျူးမကုန်, သုံးဘုံသခင်, ရှင်တော်မြတ်ဘုရားသည်၊ အနုကမ္ပံ-အစဉ် ထောက်ထား, ညှာသနားသည်ကို၊
ဥပါဒါယ-ငဲ့စောင်းရည်မှု, အကြောင်းပြု၍၊
မေ(မမ)-ရုပ်နှင့် နာမ်သာ, ထိုနှစ်ဖြာကို, သက္ကာယစွဲ, အထင်လွဲ၍, ငါပဲသမုတ်,အကျွန်ုပ်၏၊
သီသကေ-ဦးခေါင်းရတနာ, မြတ်ရာထားတင်, ဦးထိပ်ပြင်၌၊
ဌာတု-ဘေးရန်ခပ်သိမ်း, ကင်းငြိမ်းစေမှု, မေတ္တာပြု၍, ကြည့်ရှုကိုယ်တိုင်, ခိုင်ခိုင်မတ်မတ်, ရပ်တန့်တည်နေတော်မူလှည့်ပါ, အသရေမဆုံး, နေတနှုန်းကဲ့သို့, ရွှေဘုန်းတော်သခင်,
အရှင်မြတ်ကြီးဘုရား။


ကြည့်ရှုမှတ်သားဖွယ်---
ဘုရားရှင်၏ ရူပကာယတော်။ ။ ဘုရားရှင်၏ ကောင်းမှုပါရမီတော်များသည် လေးအသေင်္ချနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး စုဆောင်းဆည်းပူးတော်မူခဲ့သောကြောင့် ဤရွေ့ဤမျှရှိ၏ဟု ဂဏန်းချလျက် နှိုင်းဆရေတွက်၍ မရလောက်အောင် များပြားလှပေ၏။ ကမ္ဘာလောက၌ ရှိရှိသမျှ သတ္တဝါအပေါင်း၏ ကောင်းမှုပါရမီတွေကို စုပေါင်း၍ အဆတရာမြှောက်ပြီးလျှင် တဆူသောဘုရားရှင်၏ ပါရမီကုသိုလ်တော်နှင့် ပြိုင်ယှဉ်သည်ရှိသော် ဘုရားတဆူ၏ ကုသိုလ်ကောင်းမှုများကပင် သာလွန်ဖွယ်ရှိပါသည်။


ထိုမျှလောက် များပြားသော ပါရမီကုသိုလ်တော်များသည် ဘုရားရှင်၏ ရူပကာယတော်အရပ်ရပ်၌
ယောက်ျားမြတ်တို့၏ အမှတ်လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်များကို တံဆိပ်ခတ်နှိပ်လျက် တကိုယ်တော်လုံး ရွှေတုံးရွှေနှစ်သဖွယ် အလွန်တင့်တယ်သပ္ပာယ်စွာ ပြိုင်ဖက် ကင်းအောင် အယဉ်ကျေးဆုံး ကျက်သရေအရှိဆုံး ဖန်ဆင်းတော်မူထားပေသည်။ တက်သစ်စ,နေဝန်း ထွန်းသစ်စ,လစန်း ပွင့်သစ်စ,ပန်းကဲ့သို့ လောက၌ ဆန်းဆိုသမျှ စခန်းစုံအောင် အစွမ်းကုန် ဖန်ဆင်းထားသောကြောင့် ဘုရားရှင်၏ ရူပကာယတော်သည် ဖူးမြော်၍မဝ အားမရနိုင်အောင်
ဖြစ်ကြရပေသည်။


ရွှေမျက်နှာတော် လက်ခြေတော်နှင့် ကိုယ်တော်သဏ္ဌာန်။ ။ ချဲ့ဦးအံ့၊ ရှင်တော်မြတ်ဘုရား၏ မျက်နှာတော်ဝယ် ညိုမှောင်သော မျက်ခုံးနှစ်သွယ်၏ အလယ်အကြား၌ “ဥဏ္ဏလုံ”ခေါ် ဆွတ်ဆွတ်ဖြူသော မွေးရှင်တော်
မြတ်သည် ဆန့်၍ထားလျှင် နှစ်တောင်ခန့်ရှည်လျား၍ ပင်ကိုယ်အတိုင်း ထားလျှင် ငွေနန်းချည်မျှင်
ခွေထားသကဲ့သို့ လက်ယာရစ်ခွေလျက် စိန်အစစ်တင်ထားသည့်ပမာ လွန်စွာကျက်သရေရှိလှ
ပေသည်။ ရွှေဝါရောင် အသားအရေပေါ်ဝယ် မျက်ခုံးတော်နှစ်သွယ်၏ ညိုမှောင်မည်းနက်သော အရောင်ကြောင့် ဆွတ်ဆွတ်ဖြူသော ဤ“ဥဏ္ဏလုံ”ခေါ် မွေးရှင်တော်မြတ်သည် မျက်နှာတော်ကို ပေါ်လွင်အောင် ဆင်ထားသကဲ့သို့ အများတကာ ဖူးမြင်မဝအောင် အထူးပင်ထင်ရှားလှပေသည်။


“ဥဏ္ဏလုံ”ခေါ် မွေးရှင်တော်မြတ်၏ အောက်နား၌ ဝဲယာနှစ်ဘက်က မျက်တောင်တော်များကလည်း အထက်သို့ အဖျားများကော့လျက် မွေးရှင်တော်မြတ်ကို မော်၍ဖူးမြော်သကဲ့သို့ ထင်ရပေသည်။ ပတ္တမြားလုံး တင်ထားသကဲ့သို့ ခပ်မို့မို့ ထင်လင်းသည့် မျက်လုံးတော်အတွင်းဝယ် နှစ်သွယ်သော မျက်ဖြူတော်၏ အလယ်အချက်က မျက်နက်ဝန်းတော်မှာမူ ကုမုဒြာကြာဖြူပန်းအတွင်းမှ ပိတုန်းကလေးများ ထွက်ပြူနေသည့်ပမာ ရှိနေပါသည်။


မျက်လုံးတော်နှစ်ဘက် အလယ်မှ အောက်သို့သက်သော နှာတံတော်သည်ကား မပိမပြား ထင်ရှားပေါ်လွင်၍ မျက်နှာတော်ကို တန်ဆာဆင်သည့်ပမာ ရှိနေပါသည်။ နှုတ်းခမ်းတော်အစုံအထွက်မှာ ဟင်္သပြဒါးရည်ဖျန်းပက် သကဲ့သို့ ရက်ရက်စက်စက် နီးမြန်းတော်မူပြီးလျှင် စိန်အစဉ်စီထားသလို ထင်မှားလောက်သော သွားတော် အစဉ်၏ ဖြူဆွတ်ပုံကိုပင် ပြုံးတော်မူသည့်အခါ ကျက်သရေချင်းပြိုင်ယှဉ်မည်ကဲ့သို့ ထင်ပေသည်။ ဤသို့ အမြွက်မျှပြအပ်သော ရွှေမျက်နှာတော်နှင့်တကွ ပြေပြစ်ညက်ညောသော လက်တော်ခြေတော် ညီညွတ်ခန့်ညားသော အလုံးအရပ်တော်စသည့် ဘုရားရှင်၏ ရူပကာယအနေ ကျက်သရေတော်သည် နတ်ဗြဟ္မာအပေါင်း၏ မျက်လုံးကို စုရုံးဆွဲငင်ထားသကဲ့သို့ ဖူးမြော်၍မဝနိုင်အောင် ရှိလှပေသည်။

တလံမျှလောက် အမြဲထွန်းတောက်ပနေသော ရောင်ခြည်တော်ဝန်းရှိ၍ ဦးထိပ်ဆံဖျားပေါ်၌
ရောင်ခြည်တော်တွေ စုတက်ကာ ထွန်းဖြာလျက်ရှိသော “ကေတုမာလာ”ခေါ် ရောင်လျှံတော်တမျိုးကလည်း ရှိသေးသည်။ ကွန့်မြူးစံပယ်လိုသောအခါ အိမ်လုံးတောင်လုံးခန့်မျှမက ကြီးမားလှစွာ ကွန့်မြူးဖြာထွက် လာသော ရောင်ခြည်တော်ခြောက်သွယ်တို့မှာလည်း ရှုမဝဖွယ် တင့်တယ်သောကျက်သရေကို
ဆောင်တော်မူလျက် ရှိပေသည်။


ဤသို့လျှင် ဘုရားရှင်သည် လွန်စွာကြီးမား ထင်ရှားသိသာလှသော အရောင်အလင်း အဆင်းတော်အားဖြင့်သာ တင့်တယ်ခြင်း အသရေတော်ကို ဆောင်နိုင်တော်မူသည် မဟုတ်သေး။ ရပ်တော်မူပုံ လှမ်းကြွတော်မူပုံ ထိုင်တော်မူပုံ လျောင်းတော်မူပုံနှင့် တရားဓမ္မဟောပြောဆုံးမတော်မူပုံ စသည်တို့မှာလည်း ရှုကြည့်မဝ နားထောင်၍ အားမရနိုင်လောက်အောင် တင့်တယ်ခြင်း အသရေကို ဆောင်တော်မူနိုင်ပေသည်။


ခန္ဓာကိုယ်အရေးနှင့်စပ်၍ နောက်ထပ်အကျိုးပေးစရာ မကျန်အောင် အစွမ်းကုန် အဆုံးစွန် အကျိုးပေးထားသည်ဖြစ်သောကြောင့် နတ်လူဗြဟ္မာ မည်သူနှင့်မျှ မယှဉ်သာအောင် အတင့်တယ်ဆုံး အသပ္ပာယ်ဆုံး အယဉ်ကျေးဆုံး ကျက်သရေအရှိဆုံး ဖြစ်တော်မူရပေသည်။ ဤသို့ ဖူးမြော်၍ မဝနိုင်အောင် လွန်စွာသပ္ပာယ်သော ဘုရားရှင်၏ ကျက်သရေတော်များကား “သီရိဘုန်းတော် ဂုဏ်တော်” များပင်
ဖြစ်ပေသည်။

ဘုရားပုံတော်ကို အာရုံပြုသင့်ပုံ။ ။ “ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်” စီးဖြန်းပွားများရာ၌ ဘုရားရှင်၏ ပုံတော်ဒြပ်တော်ကို အာရုံပြု၍ မစီးဖြန်းရ၊ ဂုဏ်တော်ကိုသာ အာရုံပြု၍ စီးဖြန်းရမည်ဟု ပြောကြသည်၊ ဘုရားရှင်၏ ရုပ်ပုံတော် သပ္ပယ်ပုံသည် ဘဂဝါဂုဏ်တော်၌ ပါဝင်သော“သီရိဘုန်းတော်”ပင်တည်း။ ထို့ကြောင့် ရုပ်ပုံတော်ဖွင့်ကို စဉ်းစားသောအခါ ဘုရားရှင်၏ အမျိုးဇာတ်အားဖြင့် ပင်ကိုယ်အတိုင်းပင် အလွန်တင့်တယ်တော်မူပုံ တခါတရံ ရောင်ခြည်တော်ခြောက်သွယ်ဖြင့် သာ၍သပ္ပာယ်တော်မူပုံ ထိုမျှလောက် တင့်တယ်သပ္ပာယ်သော ကိုယ်တော်ဖြင့် အားလပ်ခွင့်မရအောင် သတ္တဝါများ၏ အကျိုးကို ပရိနိဗ္ဗာန်စံတော်မူချိန်အထိ
ဆောင်ရွက်တော်မူပုံများကို စိတ်ထဲ၌ ကြည်နူးဖွယ်ရာထင်မြင်လာပါလိမ့်မည်။ ယင်းသို့ ထင်မြင်လာသော ဘုရားအာရုံကို ပျောက်ကွယ်မသွားစေပဲ အဖန်တလဲလဲ စွဲမြဲစွာ အာရုံယူနေမှုကို “ဗုဒ္ဓါနုဿတိ=ဘုရားကို အဖန်ဖန် အထပ်ထပ် အမှတ်ရနေသော ကမ္မဋ္ဌာန်း”တမျိုးဟု မှတ်ပါလေ။
by facebook

 

လပ်ကီးမြို့တော်