နတ်စိမ်းနဲ့ပါတ်သက်ပြီး လူတော်တော် များများ လွဲနေတဲ့အယူလဲရှိကြပါတယ်။ ဘာကောင်းမှုမှမလုပ်၊ အရက်သောက်၊ ကြက်တိုက် သေချင်သလိုသေတဲ့လူတွေကို ရှိခိုးဖို့ မထိုက်ဘူး။ မယုံကြည်ထိုက်ဘူး ဆိုတာပဲ။ ကျနော့်အမြင် ပထမအချက်ကတော့ ဟုတ်ပါတယ်။ ရှိခိုးဖူးမျှော်နေစရာမလိုပါဘူး။ ကျနော်တို့မှာကိုးကွယ်စရာ ရတနာ ၃ ပါးရှိနေတာပဲ။ ဒါပေမယ့် အကြောက်တရားတွေ ရှိနေတဲ့ သူတွေကတော့ အားကိုးနေဦးမှာပဲ။ ဥပမာ ရာထူးမတိုးမှာ ကြောက်တဲ့သူတွေ၊ အလွယ်ချမ်းသာချင်တဲ့ သူတွေပေါ့။ ကျောက်ခေတ် လူသားတွေလို သဘာဝ ဘေးအန္တရာယ်ကြောက်လို့ တောတွေ တောင်တွေကို ရှိခိုးကြသလိုပေါ့။ ဒုတိယအချက်ဖြစ်တဲ့ မယုံကြည်ထိုက်ဖူး ဆိုတာကိုတော့နည်းနည်း စဉ်းစားရပါလိမ့်မယ်။ သူတို့ရဲ့နောက်ဆုံးဘ၀မှာ ဘာမှထူးခြားတဲ့ကုသိုလ်ကောင်းမှု မလုပ်ခဲ့ပေမယ့်၊ ယခင်ဘ၀မှာ သူတို့ဘာကုသိုလ်ပြုခဲ့ကြတယ်၊ ဘယ်ကောင်းမှုတွေ လုပ်ခဲ့ကြတယ်ဆိုတာကိုတော့ ဘ၀ဟောင်းကို ပြန်လည်ဟောပြောပေးနိုင်တဲ့ ဘုရားရှင်လက်ထက်မှာသူတို့ကိုမမွေးခဲ့တာ ကိုပဲအဆိုး ဆိုရမလိုဖြစ် နေပါတယ်။ အင်္ဂုလိမာလ ကိုယ်တော်မြတ်ကြီးဟာ လူဆိုးလူမိုက် ကြီးဖြစ် ခဲ့ပေမယ့် ဘ၀ဟောင်းက ပါရမီလဲရှိ ဘုရားရှင်နဲ့လဲ စောစောတွေ့ခဲ့လို့ နောက်ဆုံး အရိယာ ရဟန္တာ ဖြစ်ခဲ့တာပဲမဟုတ်လား။ ဆိုလိုချင်တာက နတ်စိမ်းတွေ ကိုအထူးမှတ်ပြီးကိုးကွယ်နေစရာမလိုပေမယ့် မိမိ တို့နဲ့ အလွှာတလွှာလောက်ပဲခြားတဲ့ ဘုံတဘုံမှာသူတို့ရှိနေတယ် ဆိုတာတော့ ယုံကြည်ထိုက်ပါတယ်။
မြန်မာပြည်မှာ စုန်းဆိုတာနဲ့ ပါတ်သတ်ပြီဆိုရင် ထမီရင်လျားဝတ်ပြီး တောင်ဝှေးကြီးထောက်၊ ကျောက်ပေါက်မာ ဗရပွနဲ့ အဖွားကြီးတွေကိုသာစိတ်ထဲတန်းမြင်မိကြမှာပဲ။ မရှိခိုးမျိုး မလှစုန်းယိုး ဆိုတာလိုပေါ့။ လူ့အတွေးအခေါ်ကတခါတလေ တော်တော်ဆိုးပါတယ်။ စုန်းဆိုတာနဲ့ ပါတ်သတ်ပြီးသိသလောက် ပြောရရင် တကူးတက ကျင့်ကြံစရာမလိုပဲ အဖွားကမိခင်၊ မိခင်ကသမီး ကိုအမွေပေးသလိုလက်ဆင့်ကမ်း ပေးလာလို့ရတယ် ဆိုတာပဲ။ ၀မ်းတွင်း စုန်းပေါ့။ နောက်ပိုင်း သူတို့ကို စုန်းလို့လူတွေခေါ်လာတာကို ရှက်စရာကောင်း တယ်လို့ယူဆလာတာ ကတစ်ကြောင်း၊ ခောတ်ကြီးတဖြေးဖြေး ပြောင်းလဲ လာတာကတစ်ကြောင်း၊ ရိုးရာအမွေကို ထိန်းသိမ်းချင်ပေမယ့် ကိုယ့်သားသမီးတွေ ကိုဝိုင်း ကြဉ်ကြမှာ စိုးလို့ စုန်းအမေကြီး တွေကသူ့သားသမီးတွေကို စုန်း ပညာလက်ဆင့်ကမ်းပြီ ဆိုရင် ယင်းသားသမီးတွေ ကိုယ်တိုင်တောင် မသိလိုက်ရပဲ စုန်းလုံးလုံး ဖြစ်သွားတတ် ပါတယ်။ ပညာသည်တွေကျတော့ တစ်မျိုးပေါ့ ကျင့်လေ ကျင့်လေ စွမ်းရည်တက်လေပဲ။ မသိ သေးတဲ့ လူတွေ အတွက် ဗဟုသုတအနေနဲ့ တစ်ကြောင်း၊ အောက်မှာပြောမယ့် ကြောင်းအရာနဲ့ ပါတ်သက်နေတာ ကြောင့်ကျနော့်ရဲ့ နိဒါန်းနဲနဲရှည်သွားပါတယ်။ သိပြီးသားလူများ ကျော်ဖတ်ကြပေါ့ဗျာ။
ကျနော်တို့မိသားစု နေတာက ရန်ကုန်က ကန်ထရိုက်တိုက်ရဲ့ တတိယ ထပ်မှာပါ။ အဖေရယ်၊ အမေရယ်၊ ကျနော့်အစ်မရယ် မဖြူဆိုပါတော့၊ သူ့အမျိုးသားရယ် ကျနော်ရယ်ပေါ့။ ကျနော်တို့တစ်မိသားစုလုံးက ဗုဒ္ဓဘာသာဝင် တွေပါ။ အိမ်မှာ ဘုရားဆောင်ပဲရှိသလိုနတ်စင်တွေ အိမ်တွင်းတွေမရှိပါဘူး။ ဒါပေမယ့် အမေကတော့ အဖေ့ ရိုးရာ ဆိုပြီး တစ်နှစ်တစ်ခါ (၀ါတွင်းထင်ပါ့) ပဲခူးမယ်တော်ကို ရည်စူးပြီးပွဲပေးတာ၊ ငါးရံ့လွှတ်တာတော့လုပ်လေ့ရှိတယ်။ ရတနာသုံးပါးလိုမှီဝဲဆည်းကပ်တာမျိုးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အမေကပြောဖူးတယ်၊ ရိုးရာဆိုတာလုပ်ပြီးရင် တော့ ဆက်တိုက်လုပ်ရတယ်၊ ရပ်လို့မရဘူး နင်လဲအိမ်ထောင်ကျပြီးရင် နင့်အဖေ ရိုးရာကိုဆက်ယူရမယ်တဲ့။ ကျနော် ကတော့ဘာမှပြန်မပြောခဲ့ပါဘူး။ အဖေကယုံတယ်မယုံဘူးလဲ မပြောဘူး ဒါပေမယ့် ရိုးရာအတွက်ပိုက်ဆံလိုရင်တော့  သူပဲပေးရတာချည်းပဲ။
တနေ့နွေရာသီကျောင်းပိတ်ရက်ကြီးပေါ့ဗျာ။ အဖေနဲ့အမေကမနက်စောစောကတည်း ကဘုရားသွားကြ တယ်။ ယောက်ဖကလည်း အလုပ်သွားပြီ။ ကျနော်နဲ့မဖြူနဲ့ နှစ်ယောက်တည်း၊ ကျနော်တို့မောင်နှမ နှစ်ယောက်က လည်း အအိပ်ကြီးတယ်။ မဖြူက ၈ နာရီလောက်မှအိပ်ရာကထ မျက်နှာသစ်ပြီးဈေးသွားတော့ ၈နာရီခွဲလောက်တော့ ရှိပြီ။ ကျနော်ကအိပ်ရာထဲမှာ မှိန်းလို့ကောင်းတုန်း၊ ကျောင်းပိတ်ရက်ဆိုတော့ဇိမ်ကျနေတာပေါ့။ မဖြူကဈေးလိုက်ဖို့ ခေါ်သေးတယ်၊ မုန့်ဟင်းခါးဝယ်ခဲ့ဖို့ပဲ မှာလိုက်ပြီး ဆက်မှိန်းနေလိုက်တာ ၁၀ နာရီလောက်မှမထချင် ထချင်ထ၊ မျက် နှာသစ်ပြီး အိမ်ရှေ့မှာဗီဒီယိုကြည့်နေတာပေါ့။ ခဏနေတော့ မဖြူက ဆောင့်ဆောင့်နဲ့ ၀င်လာပါရော၊ ပြီးတော့သူ့ ဟာသူပြောနေ လိုက်တာ ဈေးမှာ ငါးစိမ်းသည်နဲ့ ရန်ဖြစ်ခဲ့တဲ့အကြောင်း၊ အဲ့ဒါကြောင့်လမ်းဘေး ဈေးရောင်းစားတဲ့အ ဆင့်က မတက်တာတွေရော ခရားရေလွှတ်ပြောနေလိုက်တာ စုံစိနေတာပဲ။ အဖေနဲ့အမေ ပြန်လာရင်လဲ သူပြောဦး မယ်၊ သူ့ယောကျာင်္း ပြန်လာရင်လဲ ထပ်ပြောဦးမယ်၊ ကျနော်ကမကြားချင်လဲထပ်ကြားရဦးမယ်လို့ စိတ်ထဲမှတ်ပြီး ပြန် လဲမမေးဘူး၊ သည်အတိုင်း ဗီဒီယိုဆက်ကြည့်နေလိုက်တယ်။ ကျနော့် အစ်မ မဖြူက စိတ်ထားကောင်းပေမယ့် မ ဟုတ်မခံတဲ့လူမျိုး၊ ရန်ဖြစ်လို့စွာပြီဆိုရင် သူ့အသံကမေဆွိကို ဟစ်ဟော့ဆိုခိုင်းသလိုအသံမျိုး။ အဲ့ဒါနဲ့ပဲ သူ့ဟာသူ အ ထုပ်တွေချ အ၀တ်လဲပေါ့။ တကယ်တော့အ၀တ်မလဲပဲ ထမီရင်လျား နဲ့မီးဖိုချောင်က တံမံတလင်းမှာ ဖင်ချထိုင်ပြီး တခုခု လုပ်နေတဲ့ပုံ။ ကျနော်ထိုင်နေတဲ့နေရာ ကနေ အနောက်ကိုမှီပြီး အသာစောင်းကြည့်လိုက်ရင်မီးဖိုချောင်ကို တန်းမြင် နေတာပေါ့။ ကျနော်ထင်တာက မဖြူကြက်သွန်နွှာနေတယ်ပဲထင်တာ။ သူထိုင်နေပုံကဘုရားစင်ရှိတဲ့ အိမ် ရှေ့ကိုကျောပေး ဆောင့်ကြောင့်ထိုင်နေတာကိုပြီးမှပဲတွေးမိတယ်။ ခဏနေတော့ ရွှတ်၊ရွှတ် ဆိုပြီးရှိုက်နေတော့ ကြက်သွန်နွှာလို့မျက်ရည်ထွက်တာလို့ကျနော်ထင်တာမှားစရာမရှိပါဘူး။ အဲ့လိုနဲ့ပဲ အီး ဟီးဆိုပြီး ချုံးပွဲချငိုလဲငိုလိုက် ရော ဘာမှမသိသေးတဲ့ကျနော်က
“ယောကျာင်္းကိုလွမ်းလို့ငိုနေတာလား အချိန်တန်ပြန်လာမှာပေါ့ သဲကိုသဲတယ်”
လို့တောင်လှမ်းနောက်လိုက်သေးတယ်။ ဒါနဲ့ ကျနော်လဲ ဗိုက်ဆာတာကိုသတိရပြီး အငိုမရပ်သေးတဲ့ မဖြူကို နဲနဲ လောက်နှစ်သိမ့် ပြီးရင်မုန့်ဟင်းခါး ဘယ်မှာထားလဲလို့မေးမယ်အကြံနဲ့သူ့ဆီကိုသွားလိုက်ပါတယ်။ နောက်ဖေးရောက် တော့ ကျောပေးထားတဲ့မဖြူရဲ့ ပုခုံးသားကိုကျနော် ကိုင်ပြီး ဖွဖွ လေးလှုပ်မေးလိုက်တယ်။
“မဖြူ ဘာဖြစ်လို့လဲဟင် . . .”
လို့မေးလိုက်ကာမှရှိသေး . . . .
မတ်တပ်အနေအထား ဖြစ်တဲ့ကျနော့်ကို ဆတ်ကနဲ စောင်းမော့ကြည့်လိုက်တဲ့ပုံများ ဒီတသက် မေ့ရက်စရာကိုမရှိဘူး၊ ကိုယ့်အစ်မအရင်း မျက်နှာကိုကြည့်ဖူးသမျှထဲမှာ သည်တစ်ခါကြောက်ဖို့ အကောင်းဆုံးပဲ။ ပြူးပြဲပြီး ကြည့်နေတဲ့ သူ့ မျက်လုံးထဲမှာခုနက ကျနော်ငိုတယ်လို့ထင်ထားတဲ့ မျက်ရည်တစက်မှ မရှိတဲ့အပြင် မျက်သားဖြူဖြူတွေ ကလည်းနီရဲ လို့၊ အံကိုကြိတ်ထားပုံကလဲ အောက်မေးရိုးကရှေ့ထွက်နေတယ်။ တဆက်ထဲမှာ သူ့ပခုံးပေါ်တင်ထားတဲ့ ကျနော့် လက်ကိုပုတ်ချလိုက်တာ ဖြန်းကနဲပဲ။ ကျနော့် လက်ဖျံလေးချက်ချင်းဆိုသလို နီရဲသွားတယ်။ သူကဆက်ပြီး ထိုင်ရက် အနေအထားကပဲ ခြေဖနောင့် နဲ့ လက်သီးစုပ် စုံလိုက်ကြမ်းပြင် ကိုထုနေတာများ ‘အုန်းကနဲ’ ‘အုန်းကနဲ’ ပဲ။ ပါးစပ်ကလဲ ‘မကျေနပ်ဖူး၊ တောက်၊ လုံးဝ မကျေနပ်ဖူး’ ဆိုတာ ဆက်တိုက်ပြောနေတယ်။ ကျနော့်မှာ ထူးထူးဆန်း ဆန်း တခုခု ဖြစ်ပြီဆိုတာ သိလိုက်ပေမယ့်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး၊ အိမ်မှာဖုန်းရှိပေမယ့် အဲသည် ခေတ်က ဟန်းဖုန်းတွေ လဲမရှိသေး လို့အဖေတို့ကိုလဲခေါ်လို့မရပါဘူး။ အဲဒါကြောင့် ကျနော်တို့ကိုငယ်ငယ်လေးထဲက တူတူမတွေလိုသဘောထားတဲ့ ဘေးအိမ်က ကြီးတော်ပုကိုခေါ်ဖို့ပြေးဆင်းတော့တာပေါ့။ အိမ်အောက်ရောက်လို့ ကြီး တော်ပုအိမ်ဘက်သွားမလို့ပဲရှိသေးတယ်၊ ကျနော်တို့အိမ်နဲ့ မလှမ်းမကမ်း မှာနေတဲ့ ဒေါ်ဖွားမေနဲ့တွေ့ပါတယ်။ သူလည်းအပြင်ကပြန်လာပုံပဲ။
ဒေါ်ဖွားမေဆိုတာ သူအရွယ်ကောင်းတုန်းကနတ်ဝင်သည်ပါ။ ဒါပေမယ့် စီးပွားရေးအရ အငှားလိုက်တဲ့ နတ် ကတော်လိုမျိုးမဟုတ်ပဲ ၀ါသနာလဲပါ၊ ကိုယ်တိုင်လဲယုံကြည်လို့ သူ့ဟာသူကန္နားပေး၊ သူကိုယ်တိုင်လဲ ‘က’၊ အဲသည် လိုလူမျိုးပါ။ သူနဲ့ရင်းနှီးတဲ့လူတွေကန္နားပေးချင်ရင်တော့ ပြင်ဆင်စရာရှိတာတွေကို သူကအခမဲ့စီမံပေးလေ့ရှိပါတယ်။
အဲသည်မှာဒေါ်ဖွားမေက “ဟဲ့အငယ်ကောင်၊ ဘာဖြစ်လာတာလဲ၊ မျက်ကလဲဆံပြာနဲ့” မျက်ကလဲဆံပြာ ဆိုတာ ကျနော့်မျက်စိထဲမှာ ကြောက်တာတွေရော၊ စိုးရိမ်တာတွေရော ရောထွေးနေတယ်ဆိုတာ လူကြီးတစ်ယောက်ကအဟုတ်ဆိုလိုက်တယ်ဆိုတာနောက်မှ သဘောပေါက်လာတယ်။ “အပေါ်မှာ မဖြူတစ်ယောက် ဘာဖြစ်လဲမသိဘူး အန်တီဖွားမေ၊ လုပ်ပါဦး”၊ ဒေါ်ဖွားမေက မဆိုင်းမတွ “အေး အေး ငါလိုက်ကြည့်မယ်” ဆိုပြီး သူ့ ထီး ချိုင်းကြားညှပ်ပြီး လိုက်ဟန်ပြင်ပါတယ်။ ကျနော်လည်း လူကြီးတစ်ယောက် စစ်ကူရလာလို့ ကြီးတော်ပုတို့အိမ် ဘက်တောင်ဆက်မသွားပဲ လာရာလမ်းအတိုင်း ပြန်လှည့်ပြီးလှေကားပေါ်ပြန်ပြေး တက်လာလိုက်တာလှေကား ဘယ်နှထစ်ကိုကျော်လာမိလဲတောင်မသိတော့ပါဘူး။ အစ်မဖြစ်သူအပေါ်စိုးရိမ်တဲ့စိတ်ကို ဒေါ်ဖွားမေရဲ့ “ဟဲ့ ကလေး ငါ့ကိုလည်းစောင့်ပါဦး” ဆိုတဲ့စကားကမကျော်နိုင် ခဲ့ပါဘူး။
အိမ်ထဲပြန်ရောက်တော့ ထူဆန်းတာတွေ ဆက်ဆက်ပြီး ဖြစ်နေတာတွေကို မျက်ဝါးထင်ထင် ဆက်မြင်လိုက် ရပြန်ပါတယ်။ မဖြူဟာ ထိုင်ရက် ကျောခိုင်းထားတဲ့ အနေအထားနဲ့ပဲ ရှေ့ခြေထောက်တွေကို ကွေးချီ ဆန့်ချီ တွန်း တွန်းပြီး ဖင်တရွတ် တိုက်နောက်ပြန် တွန်းလာလိုက်တာ ဧည့်ခန်းဝထိတောင်ရောက်နေပါပြီ။ သူ့ရဲ့ဂုတ်ထောက်ဆံပင် ကကျနော်နောက်ဆုံးမြင်ခဲ့တုန်းက ဖွဖွစည်းထားပါသေးတယ်။ ခုတော့ဖားယားကြီးဖြစ်နေပြီ။ ကိုယ့်အစ်မ ကိုထမီရင် လျားနဲ့ နောက်ပြန်ဖင်တရွတ်တိုက်လာနေတဲ့ ပုံကိုမျက်စိရှေ့မှာမြင်ရတဲ့ ခံစားချက်မျိုးနောက်ဘယ်တော့မှမကြုံရပါ စေနဲ့လို့ နောက်ပိုင်းဆုတောင်းမိပါသေးတယ်။ ကျနော်မဖြူကိုကြောင်ကြည့်နေတုန်းပဲ ဒေါ်ဖွားမေ၀င်လာတာကို ကျနော့် အသိကလှည့်မကြည့်ပဲ သိလိုက်ပါတယ်။ ခဏကြာတဲ့အထိ ဒေါ်ဖွားမေဘက်ကတုန့်ပြန်သံမကြားလို့ ကျနော် လှည့်ကြည့်လိုက်တော့ ဒေါ်ဖွားမေကဘုရားစင်ဘက်ကို မတ်တပ်ရပ်ပြီး ဦးချနေပါတယ်။ ကန်ထရိုက်တိုက်ဆိုတော့ ဘုရားခန်းရယ်လို့သက်သက်ကြီးမဟုတ်ပဲ ၀င်ပေါက်၊ ပြီးတော့ဘုရားစင်၊ ပြီးရင်အိပ်ခန်း၊ ပြီးမှနောက်ဖေးမီးဖိုချောင်ပါ။ ဒေါ်ဖွားမေကသူ့ရဲ့ချီထားတဲ့လက်အုပ်ကိုသူ့နဖူးနဲ့ ဖြန်း ဖြန်း ဖြန်း ဖြန်း ရိုက်ပြီးတော့ မဖြူဘက်ကိုတုန်တုန်ရင်ရင် လှည့်ပြီးလက်ညှိုးငေါက်ငေါက်ထိုးပါတော့တယ်။ နှုတ်မှလည်း “ဟဲ့အမိုက်မ ဒီဘက်ကိုလှည့်စမ်း” လို့အမိန့်ပေးလိုက် ပါတယ်။ မဖြူကဖင်တရွတ်တိုက်အနေအထားနဲ့ပဲ ဖြည်းဖြည်းချင်းလှည့်ပါတယ်။ ခေါင်းကိုတော့လုံးဝမမော့ပါဘူး၊ ဒေါ် ဖွားမေကိုလည်းမကြည့်ပါဘူး။ ဒါလဲတစ်မျိုးကောင်းတာပေါ့၊ သူ့မျက်နှာကြီးဘယ်လိုဖြစ်နေတယ်ဆိုတာကျနော် မမြင် ရဘူးပေါ့၊ လက်သီးကိုတော့ကျစ်ကျစ်ဆုပ်ထားဆဲပါ။ . . .