သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

လယ်သမားနဲ့မြည်းပုံပြင်


တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနား စ ဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်း ရဲ့အော်သံကိုကြားရပြီးတော့ သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားတယ် ။

ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနား ချင်းတွေ ကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။

ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက် မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်း သွားခဲ့ရတယ် ။

မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက် ရတာ ကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချ လိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက် ဖို့စေခဲ့တယ် ။

လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။

#####################################

ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင် လာ တဲ့ လော ကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ် ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံး မပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ ။

သက်တန့်ချို

ရွှေသစ်ပင်.





တစ်ခါတုန်းကပေါ့ ။ တိုင်းပြည်လေးတစ်ပြည်ဟာ ဆန်ရေစပါး ပေါများစွာနဲ့ မြစ်ကြီး ငါးသွယ်ရဲ့ အလယ်မှာ အေးချမ်းစွာ တည်ရှိနေလေရဲ့ ။ အဲဒီတိုင်းပြည်လေးနာမည်က " ၀တ္တိ" လို့ ခေါ်ပါတယ် ။ ၀တ္တိပြည်မှာ အလွန်ကို ချောမောလှပပြီး မြင်သူတိုင်းတပ်မက် လောက်တဲ့ ရုပ်အဆင်းနဲ့ စိတ်သဘောထား အလွန်ကောင်းတဲ့ မင်းသမီးလေး တစ်ပါးရှိတယ်တဲ့ ။ အဲဒီမင်းသမီးလေးဟာ အလွန်ကို လှပတဲ့အတွက် သူမကို လိုချင်တပ်မက်တဲ့ ဘေးနားကတိုင်းပြည်တွေက မင်းသားတွေဟာ လက်ဆောင်ပစ္စည်းမျိုးစုံနဲ့ လာရောက်တောင်းယူကြပါတယ် ။ ဖခမည်းတော် ဘုရင်ကြီးကလည်း နေ့စဉ်သမီးတော်ကို လာရောက်တောင်းရမ်းနေတဲ့အတွက် သင့်တော်တဲ့လူနဲ့ လပ်ထပ်ပေးဖို့ စီစဉ်ပါတယ် ။ အဲဒီအခါ ဘုရင်ကြီးက သူ့သမီးတော်လေးနဲ့ တိုင်ပင်ပါတယ် ။ သမီးတော်လေးက ဥာဏ်ပညာထပ်မြက်တဲ့ သူ ဖြစ်တဲ့အတွက် သူ့ရဲ့ ခင်ပွန်းရွေးချယ်ပွဲကို သူကိုယ်တိုင် ရွေးချယ်မယ်လို့ ဖခင် ဘုရင်ကြီးကို ခွင့်ပန်လိုက်ပါတယ် ။ ဘုရင်ကြီးကလည်း သမီးတော်လေးရဲ့ ဥာဏ်ရည်ကို သိနေတဲ့အတွက် အသာတကြည်ပဲ ခွင့်ပြုတော်မူလိုက်ပါတယ် ။

အဲဒီအခါ မင်းသမီးလေးက သူ့ရဲ့ တိုင်းပြည်လေးမှာ ကြေငြာချက် တစ်ခုကို ထုတ်ပြန်လိုက်ပါတယ် ။ အဲဒီကြေငြာချက်ကတော့ ဘုရင့်သမီးတော်လေးနဲ့ လက်ထပ်လိုသူများသည် နောက်တစ်ပတ် တိတိနေ့ လည်အချိန်တွင် နန်းရင်ပြင်သို့ လာရောက်စုဝေးရမည် ဟု ဖြစ်ပါတယ် ။ အဲဒီသတင်းဟာ တောမီးပမာ တိုင်းပြည် အသီးသီး ကို တဟုန်ထိုး ပျံ့နှံ့သွားသတဲ့ ။ အနယ်နယ်အရပ်ရပ်က တိုင်းပြည်အသီးသီးက မင်းသားတွေလည်း မင်းသ မီးလေးဆီလာဖို့ ပြင်ဆင်ကြတော့တာပေါ့ ။ အဲဒီအချိန်မှာ မင်းသမီးလေးနေတဲ့ တိုင်းပြည်လေးရဲ့ မြို့ပြင်က ယာကွက်လပ်လေးမှာ ရာဟုဆိုတဲ့ တောသားလေးတစ်ယောက်နေထိုင်ပါတယ် ။ ရာဟုလေးက စိတ်သ ဘောထားနူးညံ့ပြီး ဖြောင့်မတ်တည်ကြည်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ် ။ မိခင်အိုကြီးကို သီးနှံစိုက်ခင်းတွေ စိုက်ရင်း လုပ်ကျွေးနေသူလည်း ဖြစ်ပါတယ် ။ ရာဟုကလည်း အဲဒီသတင်းကို ကြားမိသွားသတဲ့ ။ ဒါနဲ့ သူလည်း မိခင်ကို ခွင့်ပန်ပြီး ၀တ္တိပြည်ကြီးဆီကို အရောက်လာခဲ့ပါတယ် ။ အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့ သူရဲ့ ချို့တဲ့တဲ့ အသွင် သဏ္ဍာန်က တောက်ပြောင်လှပစွာ ၀တ်ဆင်လာတဲ့ မင်းညီမင်းသားတွေ အလယ်မှာ မှေးမှိန်နေတာပေါ့ ။ နန်းရင်ပြင်ထဲ ၀င်ကြတဲ့အခါ တံခါးစောင့်က ရာဟုကို သူဖုန်းစားမှတ်ပြီး ၀င်ခွင့်မပေးဘူးတဲ့ ။ အဲဒီအခါ ရာဟုလည်း စိတ်မကောင်းဖြစ်ပြီး နန်းရင်ပြင်ထဲ ငေးကြည့်နေတာပေါ့ ။ အဲဒီအခိုက်မှာပဲ မင်းသမီးလေးက ပန်းဥယျာဉ်ထဲက ရံရွေတော်တွေနဲ့ ဆော့ကစားပြီး နန်းရင်ပြင်ထဲ ပြန်ဝင်လာပါတယ် ။

မင်းသမီးလေးက ရာဟုကိုတွေ့တဲ့အခါ အကျိုးအကြောင်းမေးသတဲ့ ။ ရာဟုက ဖြစ်ကြောင်း ကုန်စင် ကိုပြောပြလိုက်တဲ့အခါ မင်းသမီးလေးက တံခါးစောင့်ကို ယနေ့တွင် ယောင်္ကျားပျို မှန်သမျှ ဆင်းရဲ ချမ်းသာအယုတ်အလတ် မရွေး လာရောက်နိုင်ကြောင်းပြောပြီး ရာဟုကို ၀င်ခွင့်ပေးစေသတဲ့ ။ ဒီလိုနဲ့ နန်းရင် ပြင်မှာ မင်းသားအကုန်စုံတဲ့အခါ မင်းသမီးလေးက စတင်ပြီး ပြောကြားပါတယ် ။ မင်းသမီးလေးက မိမိကို လက်ထပ်ချင်သော ယောင်္ကျားတိုင်းသည် နန်းရင်ပြင် အလယ်တွင် ချထားသော သစ်စေ့အိုးကြီးထဲမှ သစ်စေ့တစ်စေ့ကို ယူနိုင်ပါကြောင်း ။ တစ်နှစ် တိတိပြည့်သော နေ့တွင် သစ်စေ့လေးမှ ရွှေပင်လေးပေါက်အောင် ပြုစုပျိုးထောင်နိုင်သူကို မိမိ လက်ထပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ အဲဒီအခါမှာ မင်းညီ မင်းသားတွေဟာ သစ်စေ့အိုးကြီးထဲက သစ်စေ့တွေကို အလုအယက်ယူငင်ကြပါတယ် ။ နောက်ဆုံး မင်းညီမင်းသားတွေ အကုန်ယူငင်ပြီးတော့ ရာဟု အလှည့်လည်းရောက်ရော အသေးဆုံး အညှက်ဆုံး သစ်စေ့လေး တစ်စေ့သာ ကျန်တော့သတဲ့ ။ အဲဒီသစ်စေ့လေးကို ရာဟုက ယူလိုက်တဲ့အခါမှာ မင်းညီမင်း သားအားလုံးက ၀ိုင်းပြီး လှောင်ရယ်ကြပါတယ် ။ ဒါပေမယ့် ရာဟုက တစ်ခွန်းမှ ပြန်မပြောပဲ သစ်စေ့လေးကို ယူပြီး နန်းရင်ပြင်အပြင်ဖက်ကို လှမ်းထွက်ခဲ့ပါတော့တယ် ။

ရာဟုလေးလည်း အိမ်ပြန်ရောက်တဲ့အခါမှာ သစ်စေ့လေးကို စတင်ပြီး စိုက်ပျိုးပါတော့တယ် ။ လိုအပ်တဲ့ မြေသြဇာနဲ့ နေ့စဉ်ရေပုံမှန်လောင်းပြီး စိုက်ပျိုးပါတယ် ။ ဒီလိုနဲ့ သူ့ရဲ့ ဂရုတစိုက်နဲ့ ရေလောင်းပေါင်းသင်မှုကြောင့် သစ်ပင်လေးဟာ အစွမ်းကုန်ဖူးပွင့်လာခဲ့ပါတယ် ။ ဒါပေမယ့် မင်းသမီးလေးပြောသလိုတော့ ရွှေပင်လေး တစ်ပင်တော့ မဟုတ်ခဲ့ပါဘူး ။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီး တစ်နှစ်တင်းတင်းပြည့်တဲ့ နေ့ကို ရောက်ရှိလာခဲ့ပါတယ် ။ ရာဟုလည်း သူစိုက်ပျိုးယုယခဲ့တဲ့ သစ်ပင်လေးကို ယူဆောင်ပြီး နန်းရင်ပြင်ကြီးဆီကို တစ်ခေါက် ပြန်သွားခဲ့ပါတယ် ။ နန်းရင်ပြင်ကြီးမှာတော့ ရာဟုနည်းတူ အခြားမင်းညီမင်းသားတွေလည်း အစုံအလင်ရောက်ရှိလို့ နေပါတယ် ။ ဒါပေမယ့် သူတို့အသီးသီးရဲ့ လက်ထဲမှာ တော့ ရွှေပင်လေးတွေ ကိုင်လို့ပေါ့ ။ တစ်ဦးချင်းဆီကလည်း ဒီရွှေပင်လေးတွေ ရဖို့အတွက် မည်မျှ စိုက်ပျိုးခဲ့ကြောင်းကို ဂုဏ်ယူပြောဆိုနေကြသတဲ့ ။ အချိန်အခါသင့်တဲ့အခါ နန်းရင်ပြင်ထဲကို မင်းသမီးလေးက ကြွလှမ်းလို့လာပါတယ် ။ အဲဒီအချိန်က ရာဟုရဲ့ သစ်ပင်လေးကို အခြားမင်းသားတွေက ၀ိုင်းလှောင်နေကြတဲ့အချိန်ပေါ့ ။ နောက်တော့ မင်းသမီးလေးက မင်းသားတစ်ဦးချင်းဆီကို ရွှေပင်လေးပါရဲ့လားလို့ မေးသတဲ့ ။ မင်းသားအသီးသီးကလည်း အားရ၀မ်းသာနဲ့ ရွှေပင်လေးပါကြောင်း ပြောပြီး ထုတ်ပြသတဲ့ ။ မင်းသမီးလေးက ဘာမှ ပြန်မပြောပဲ ပြုံးနေပြီး ရာဟုအ လှည့်ရောက်တဲ့အခါမှာ ရွှေပင်လေးပါလားလို့ မေးပါတယ် ။ ရာဟုက သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်လေးကို ထုတ်ပြပြီး ဒီအပင်လေးဟာ မှန်ကန်တဲ့ မေတ္တာ တရားနဲ့ စိုက်ပျိုးထားတဲ့ မိမိ ရွှေပင်လေးပင်ဖြစ်ကြောင်း ။ အခြားမင်း သား တွေလို ရွှေအစစ်အပင်လေးကို မယူဆောင်လာနိုင်ခဲ့၍ ၀မ်းနည်းကြောင်းပြောပါတယ် ။ မင်းသမီးလေးက ရာဟုလေးကို စိုက်ကြည့်ပြီး နှစ်သက်မြတ်နိုးစွာ ပြုံးလိုက်သတဲ့ ။ ပြီးနောက် ရာဟုရဲ့ သစ်ပင်လေးကို ယူ ဆောင်ပြီး မင်းသားတွေ ကို စကားစတင်ပြောကြားပါတယ် ။

မင်းသမီးလေးက မိမိဟာ တစ်သက်တာမှာ စကားတည်ကြည်ပြီး အမှန်အတိုင်း ပြောဆိုတတ်တဲ့ လိမ်ညာမ ပြောတတ်တဲ့ ယောင်္ကျားကို ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ရာဟုလေးကို လက်ဆွဲပြီး ပြောကြားပါတယ် ။ ဒီအခါမှာ မင်းသားတွေက ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြတာပေါ့ ။ မင်းသမီးလေးက ဆက်လက်ပြီးတော့ သူပေးလိုက်တဲ့ သစ်စေ့တွေဟာ သာမန်သစ်စေ့တွေဖြစ်တဲ့အတွက် မည်သည့်နည်းနှင့်မျှ ရွှေပင်ပေါက်လာ နိုင်စရာ အကြောင်းမရှိကြောင်း ။ ရွှေပင်ပေါက်သည်ဟု ပြောသည့်မင်းသားများသည် မိမိကို လိမ်ညာသော သူများသာဖြစ်ပြီး အမှန်ကို ပြောမပြော လိမ်ညာခြင်းရှိမရှိစမ်းသပ်ခြင်းသာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ် ။ ဒီအခါမှာ တိုင်းပြည်အသီးသီးက မင်းသားအားလုံးဟာ လွန်စွာ အရှက်ရကြပြီး ၀မ်းနည်းစွာ နေရပ်တိုင်း ပြည်များကို ပြန်သွားကြတော့သတဲ့ ။ မင်းသမီးလေးဟာ ရာဟုလေးကို လက်ထပ်ယူလိုက်ပြီး သူ့ရဲ့ မိခင် အိုကြီးကိုလည်း နန်းတော်ထဲ ခေါ်ဆောင်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ တစ်သက်လုံး နေထိုင်သွားကြတော့သတဲ့ကွယ် ။

ဒီပုံပြင်လေးကို ဖတ်ပြီး လောကကြီးမှာ တစ်ခါတစ်ရံ မိမိ တစ်ဦးတည်း ဖြစ်ပေမယ့်လည်း လိုအပ်တဲ့အခါမှာ မှန်ကန်တဲ့အတိုင်း ပြုမှုနေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သတိပြုမိဖို့ပဲ ဖြစ်ပါတယ် ။

ချစ်သူလေးကို ပုံပြင်လေးတွေ ပြောပြနိုင်ပါစေ....။

စာရေးသူ......သက်တန့်ချို

စကားပြောတဲ့ ဖားကလေး

အသက် ၇၂ နှစ်အရွယ် အဖိုးအို တစ်ဦးဟာ သူရဲ့ လှေပေါ်မှာ ထိုင်ပြီး ငါးမျှားနေပါတယ်.. အဲဒီချိန်လေးမှာ အသံလေးတစ်သံကို သူက ကြားလိုက်ရတယ်..  “ကယ်ပါဦး ကယ်ပါဦး ” ဆိုတဲ့ အသံလေး သေးသေးလေး….
အဖိုးအိုဟာ သူ့ ဘေးပတ်ဝန်းကျင်ကို လိုက်ရှာပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့တော့ အိပ်မက် မက်နေတယ်လို့တောင် သူက ထင်လိုက်ပါတယ်..  ဒါပေမဲ့ “ကယ်ပါဦး ” ဆိုတဲ့ အသံကိုဘဲ သူက ထပ်ထပ် ကြားလိုက်ရပြန်တယ်..  ဒါနဲ့ သေသေချာချာ လိုက်ရှာကြည့်တော့မှ ရေထဲက ကြာရွက် တစ်ရွက်ပေါ်မှာ ဖားကလေးတစ်ကောင်ကို တွေ့လိုက်ပါတယ်…
“မင်းက ငါ့ကို စကားပြောနေတာလား ” လို့ အဖိုးအိုက ဖားကလေးကို မေးလိုက်ပါတယ်..
“ဟုတ်ပါတယ်.. ရှင့်ကိုပြောနေတာပါ.. ကျွန်မကို ကယ်ပါ.. ဒီကြာရွက်ပေါ်ကနေ ဆယ်ယူပြီး ရှင်က ကျွန်မကို အနမ်းလေးတစ်ပွင့် ပေးလိုက်ပါ… ဒါဆိုရင် ကျွန်မဟာ ရှင်မြင်ဖူးသမျှ မိန်းမပျိုတွေထဲမှာမှ အလှဆုံး မိန်းခလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်..  ပြီးရင် ကျွန်မဟာ ရှင့်ရဲ့ သတို့သမီးလေး ဖြစ်လာမှာပါ…. ဒါဆိုရင် ရှင့်သူငယ်ချင်းတွေ မိတ်ဆွေတွေက ရှင့်ကို မနာလိုရလောက်အောင် ဖြစ်ကြပါလိမ့်မယ်..”
အဖိုးအိုဟာ ဖားကလေးရဲ့ စကားကို ကြားတာနဲ့ ချက်ခြင်းဘဲ ဖားကလေးကို ကောက်ပြီး သူရဲ့ အင်္ကျီ အိတ်ထောင်ထဲကို ထည့်လိုက်ပါတော့တယ်…
ဖားကလေးက “ ရှင်ရူးနေသလား.. ကျွန်မပြောတာကို ရှင်မကြားဘူးလား.. ကျွန်မကို နမ်းလိုက်ရင် ရှင့်ရဲ့ အလှပဆုံး သတို့သမီးလေး ဖြစ်လာမှာပါလို့ ပြောနေတယ်လေ……….”
အဖိုးကြီးက အိတ်ထောင်လေးကို အသာဟပြီး ဖားကလေးကို ငုံ့ကြည့်ကာပြောလိုက်ပါတယ်.
“ နေပါစေ… ငါ့အသက်အရွယ်က မိန်းမတစ်ယောက် ရှိတာထက် စကားပြောတတ်တဲ့ ဖားတစ်ကောင် ရှိတာက ပိုပြီးကောင်းလိမ့်မယ်တဲ့…………………” :)

ဒီနေရာမှာ သူငယ်ချင်းတို့ဆိုရင်ရော..ဘာကို ရွေးမလဲ....:D

အတုယူစရာ ပုံပြင်များ


(၁) အတွေ့အကြုံက ရသော အသိ

ခင်္သေရယ် ၊မြည်းရယ် ၊မြေခွေးရယ် မိတ်ဆွေဖြစ်ကြပြီး အစာရှာထွက်ခဲ့ကြသတဲ့ ။
အမဲတစ်ကောင်ကိုရတဲ့အခါ ခြင်္သေ့က မြည်းကို ဝေစုခွဲဖို့ပြောတယ် ။
မြည်းဟာ အမဲကောင်ကို သုံးပုံ အညီအမျှ ခွဲလိုက်တယ် ။
ပြီးတော့မှ ခြင်္သေ့ ကို တစ်ပုံယူစေလိုက်တယ် ။
ခြင်္သေ့ဟာ မြည်းကိုစိတ်ဆိုးသွားပြီး ကိုက်စားပစ်လိုက်ပါရော။
နောက်မြေခွေးကို ခွဲခိုင်းပြန်တယ် ။
မြေခွေးဟာ ဝေစုအားလုံးကို တစ်ပုံတည်း ပုံလိုက်တယ် ။
သူ့အတွက် အကြွင်းအကျန်နည်းနည်းပဲ ချန်ထားတာပေါ့ ။ပြီးတော့မှ
ခြင်္သေ့ကို ယူစေလိုက်တယ် ။ခြင်္သေ့က သဘောကျသွားတာပေါ့ ။
ခြင်္သေ့က သည်လိုဝေစုခွဲပုံကို ဘယ်သူ သင်ပေးတာလဲ လို့ မြေခွေးကို
မေးလိုက်တာပေါ့ ။
" မြည်းရဲ့ အဖြစ်ကို ကြည့်ပြီး သိတာပါ " လို့မြေခွေးကပြောလိုက်တယ် ။

(အခြားသူတွေ ဘေးဒုက္ခတွေ့ပုံကို ကြည့်ပြီး ကိုယ်က သင်ခန်းစာယူတတ်ရတယ်။ )


(၂) ခြင်္သေ့ ရဲ့ ပြောဆိုချက်

တစ်ခါတုန်းက ခြင်္သေ့ တစ်ကောင်နဲ့ လူတစ်ယောက် ခရီးအတူထွက်လာကြတယ် ။
နှစ်ယောက်စလုံး ဟာ တစ်ဦးကိုတစ်ဦး ကြွားဝါပြောဆိုရင်း လာခဲ့တာပေါ့ ။
ခြင်္သေ့ကို လူက ဓါးနဲ့ ထိုးသတ်နေတဲ့ ပုံကို ထုထားတဲ့ ကျောက်ရုပ်ထုကို လမ်းမှာတွေ့တယ် ။
ဒီအခါမှာ လူက ကျောက်ရုပ် ဆီလက်ညှိုးထိုးပြရင်း
" တွေ့တယ်မလား လူတွေဟာ မင်းတို့ခြင်္သေ့တွေထက် သန်စွမ်းတယ် " လို့ပြောလိုက်တယ် ။
ခြင်္သေ့က ပြုံးလိုက်တာပေါ့ကွယ် ။ ပြီးတော့ . . . . .
" ခြင်္သေ့တွေသာ ပန်းပုပညာကို တတ်မယ်ဆိုရင် လူကိုခြင်္သေ့ ကကိုက်စားနေပုံလည်း ခင်ဗျားတွေ့ရလိမ့်မယ် "
လို့ ပြန်ပြောလိုက်တယ် ။

(လုပ်ခွင့်သာတဲ့လူသာ လုပ်ခွင့်သာသလို လုပ်တတ်ကြတာ လောကဓမ္မတာပါပဲ ။)

 (၃) ပိရိအောင် မညာတတ်သူ

လှေသဘောင်္တွေနဲ့ ခရီးသွားသူတို့ဟာခွေးတွေမျောက်တွေကို ခေါ်သွားလေ့ရှိတယ် ။
ကြာရှည်လှတဲ့ ရေလမ်းခရီး တစ်လျှောက်မျာ အပျင်းဖြေအချိန်ကုန်လွန်စေဖို့တဲ့ ။
ခရီးသွားတစ်ယောက်ကတော့ မျောက်ကိုခေါ်ခဲ့တယ် ။
အာတိတ်ကမ်းခြေမှာရှိတဲ့ ဆူနီအမ် အငူက ထွက်လာရင်ပဲ ပြင်းထန်တဲ့မုန်တိုင်းကြီးကျပါလေရော။
မုန်တိုင်းဒဏ်ကြောင့် လှေလည်း မှောက်သါားတယ် ။
ဒီတော့ လူတွေရေထဲကျကုန်တယ် ။ခုနကမျောက်လည်းကျသွားတာပေါ့ ။ သူတို့ ဟာတွယ်စရာတစ်ခုကိုဖက်ပြီး ပင်လယ်ထဲ
မျောနေတာပေါ့ ။ လင်းပိုင်ငါးဟာ မျောက်ကို လူထင်မှတ်ပြီး သူ့ကျောပေါ်တင်ကာ ကမ်းဆီကယ်ဆယ်သွားတယ်။
အေသင်ပြည် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ပိုင်ရီအပ်စစ် ကိုလည်း ရောက်ရော လင်းပိုင်ငါးက
 " ခင်ဗျားဟာ အေသင်ပြည်သားလား " လို့မေးပါတယ်။
မျောက်ကလည်း ဟုတ်ပါတယ် လို့ပြန်ဖြေလိုက်တယ် ။ဒါတင်မက ဘူး ကျွန်တော့် မိဘတွေ ဟာအေသင်ပြည်မှာ
အလွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေပါ လို့ ထပ်ပြောလိုက်သေးတယ် ။
" ပိုင်ရီအပ်စ် ကိုသိပါသလား " လို့မေးတယ် ။မျောက်က ပိုင်ရီအပ်စ်ဆိုတာ လူနာမည်ဖြစ်လိမ့်မယ်လို့ထင်နေတာကိုး ။
ဒါကြောင့် ပိုင်ရီအပ်စ်ကို ကောင်းကောင်းသိတဲ့ အကြောင်း၊ ပိုင်ရီအပ်စ်ဟာ သူ့မိတ်ဆွေဖြစ်တဲ့ အကြောင်း ပြောဆိုတာပေါ့ ။
သူလိမ်ညာနေမှန်း လင်းပိုင်က သိသွားပြိး စိတ်အတော်ဆိုးသွားတယ် ။
သူ့ကိုလည်း ကျောပေါ်က ခါချပစ်လိုက်တာပေါ့ ။ ဒီလိုနဲ့မျောက် ဟာ ရေနစ်သေဆုံးသွားပါတယ် ။

(လူတွေဟာ မိမိကိုယ်တိုင် မသိမကျွမ်းတဲ့ ကိစ္စကို အခြားသူတွေ ယုံကြည်မယ်ထင်ပြီး ပုံပြင်ထဲကမျောက်လိုပဲဖြီးတတ်သူ တွေအများကြီးပါ )

ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်)
အီစွတ် ပုံပြင်ပေါင်းချုပ် မှ
ပြန်လည်တင်ပြပါသည် . . . .

ယုံချင်ယုံ မယုံချင်နေ စင်္ကာပူ ဖုန်းရွှေပုံပြင်များ



          ဒီအကြောင်းလေးကတော့ စင်္ကာပူက လူတစ်ယောက်နဲ့ စကားစပ်မိလို့ ပြောရင်း ဒီအကြောင်းလေးကို စိတ်ဝင်စားတာနဲ့ သူပြောတာလေးရော အင်တာနက်ထဲမှာရော ရှာဖွေရင်းနဲ့ ရေးဖြစ်သွားတာပါ။  မြန်မာပြည်မှာလည်း ဗေဒင် လက္ခဏာကို ယုံကြည်တဲ့လူများရှိသလို စင်္ကာပူမှာလည်း ဖုန်းရွှေ ပညာရပ်ကို ယုံကြည်ကြသူများလည်း ရှိပါတယ်။  ဒီအထဲမှာတော့ ထူးထူးခြားခြား အချိန်အခါနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကြောင့် စိတ်ဝင်စားသော သူများအတွက် ဒီပိုစ့်ကိုတင်လိုက်ပါတယ်။  ယုံချင်ယုံ မယုံချင်နေ ဆိုတဲ့အတိုင်း ယုံချင်မှယုံ မယုံချင်လည်း နေကြပါခင်ဗျား။











စင်္ကာပူ တစ်ဒေါ်လာတန် အကြွေစေ့ဟာ ဘာဖြစ်လို့ ထောင့် ၈ ထောင့် ဖြစ်နေရတာလည်း
          ဒါကတော့ တရုတ်လို အသံထွက် ပါ့ကွား (ပါ့ဆိုတာက ၈ ကိုပြောတာပါ။  ကွားဆိုတာက ထောင့်လို့ထင်တာဘဲ)  အဲ့ဒီလို ဂမ္ဘီရ နည်းကို ယူထားတယ်လို့ ဆိုပါတယ်။  ဖုန်းရွှေနဲ့လည်း စပ်ဆက်ပါသတဲ့။  စင်္ကာပူမှာ မြေရထားလမ်းတွေဖောက်တော့ ဖုန်းရွှေပညာရှင် အဒေါ်ကြီးက ဒါဟာ စင်္ကာပူအတွက်၊ နိုင်ငံသားတွေ အတွက် အတိတ်နမိတ်မကောင်းဘူးလို့ ဆိုပါတယ်။  ဒါကို ယတြာချေတဲ့ အနေနဲ့ ထောင့် ၈ ထောင့် ပါဝင်တဲ့ ပါ့ကွား တွေကို အိမ်တိုင်း အိမ်တိုင်းမှာ ထားရမယ်လို့ ဆိုပါတယ်။  သိတဲ့အတိုင်း စင်္ကာပူမှာက လူမျိုးစုံဆိုတော့ ဒီလိုမျိုး ဒီလိုအယုံအကြည်မျိုးရှိချင်မှလည်း ရှိမှာကိုး။  ဒါနဲ့ပဲ ထောင့် ၈ ထောင့် ပါတဲ့ စင်္ကာပူ တစ်ဒေါ်လာတန်တွေကို နိုင်ငံတစ်ဝှမ်းဖြန့်ချီတယ်လို့ဆိုပါတယ်။  ဒါ့အပြင် လီကွမ်းယုကြီးကို ဖုန်းရွှေဆရာကြီးတစ်ယောက်က စင်္ကာပူရဲ့ အိမ်တိုင်း အိမ်တိုင်းမှာ ဒီထောင့် ၈ထောင့် သင်္ကေတ ရှိနေသ၍ ဘဘကြီးလီရဲ့ အာဏာစက်ဟာ စင်္ကာပူ အ၀ှမ်း လွှမ်းနေမယ်လို့ ဟောကိန်းထုတ်ပါသတဲ့။  ဒီလိုနဲ့ပဲ စင်္ကာပူ တစ်ကျပ်တန် ဒေါ်လာစေ့ဟာ ဒေါင့် ၈ ဒေါင့် ဖြစ်နေရပါသတဲ့။







၁၉၉၇မတိုင်ခင်နှင့် နောက်ပိုင်း တစ်ဒေါ်လာ အကြွေစေ့များ
          လူတွေ သိပ်ပြီးတော့ သတိမထားမိတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ တစ်ဒေါ်လာတန် အကြွေစေ့တွေမှာ ၁၉၉၇ နောက်ပိုင်းထုတ်တွေနဲ့ ၁၉၉၇ မတိုင်ခင်က အကြွေစေ့တွေရဲ့ ခြားနားချက်ပါ။  သိကြတဲ့ အတိုင်း ၁၉၉၇ မှာ စီးပွားပျက်ကပ်ကို စင်ကာပူဟာ အလူးအလဲ ခံခဲ့ရပါသေးတယ်။  ဒါနဲ့ ဖုန်းရွှေဆရာကြီးက ဘဘကြီး လီကို အကြံပေးပါသတဲ့။  ဒါကတော့ “ဟော့ဒီမှာ ကြည့်စမ်း နိုင်ငံသားတွေ ငိုမယ့်မယ့်ဖြစ်နေတာမပြောနဲ့ တစ်ကျပ်တန် အကြွေစေ့တောင် ငိုနေပြီ…. ပိုက်ဆံတွေကို ပြုံးပြုံးလေးဖြစ်အောင် ပြောင်းပစ်ရမယ်” လို့ဆိုလေသတဲ့။



အဲ့လိုနဲ့ ၁၉၉၇ နောက်ပိုင်းထုတ်တဲ့ ၁ ကျပ်စေ့ကလေးတွေက ဟောဒီလို ဖြစ်သွားရောတဲ့ကွယ်….


         
စင်ကာပူမြို့ဟာ ဘာဖြစ်လို့ ဥယျာဉ်မြို့တော်ဖြစ်လာရတာလည်း
          စင်ကာပူမြေပုံကို ကောင်းကင်ပေါ်ကကြည့်ရင် ဂဏန်းပုံနဲ့ ဆင်ဆင်တူပါသတဲ့။  စင်ကာပူမြစ်ဟာ ဂဏန်းပုံရဲ့ ပါးစပ်ပေါက်ဖြစ်ပြီးတော့ မလေးရှားကို ကျောခိုင်းပြီး နေတဲ့ ပုံစံနဲ့ တူတယ်လို့ ဆိုပါတယ်။  ဂဏန်းဟင်းတွေ မြင်ဖူးကြမှာပါ။  ချက်ပြီးသား ဂဏန်းတွေက အနီရောင်သမ်းပါတယ်။  ဒါပေမယ့် ဂဏန်းအရှင်ကတော့ အစိမ်းရောင် သမ်းပါတယ်။  ဒီတော့ စင်ကာပူ အောင်မြင်နေဖို့ ဂဏန်းတွေ စိမ်းသလို စင်ကာပူ စိမ်းကာမှ အောင်မြင်မတဲ့။  အပေါ်ကကြည့်လို့ နီစွေးစွေးမြင်နေရရင် စင်ကာပူ မကျန်းမမာ ဖြစ်သလိုဖြစ်နေမှာလို့ ယူဆပါသတဲ့။  ဒါ့ကြောင့် စင်္ကာပူဟာ သစ်ပင်စိုက်ခြင်းအားဖြင့် ကျွန်းကို အပေါ်ယံကကြည့်လိုက်ရင် အနီရောင် မသမ်းတော့ပဲ အစိမ်းရောင် မြင်ရပါသတဲ့။  ဒီအတွက် အသုံးပြုရတဲ့ ငွေကြေးဟာလည်း မနည်းမနောပါပဲ။


မြို့နယ်နှစ်ခုကို တည်ထောင်ခြင်း
          စင်္ကာပူ ၀န်ကြီးချုပ် လီကွမ်းယူးဟာ Tanjung Pagar ဆိုတဲ့ မြို့နယ်ကို တိုးတက်အောင် လုပ်နေချိန်မှာ ဂိုချောက်တောင် ကတော့ Marine Parade ကို တိုးတက်အောင်လုပ်ပါသတဲ့။  ဒီနေရာမှာ စောစောက စင်္ကာပူ မြေပုံကို ပြန်ပြီးတော့ ကြည့်လိုက်ရင်တော့ ဒီနေရာနှစ်ခုဟာ ဂဏန်းရဲ့ လက်မနေရာတွေမှာ ရှိပါတဲ့။  သိကြတဲ့အတိုင်း ဂဏန်းတစ်ကောင်မှာ လက်မနေရက သူတို့ရဲ့ အင်အားအကြီးမားဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။   ဒီတော့ စင်္ကာပူတိုးတက်ဖို့အတွက် ရေခံမြေခံကောင်းဖြစ်တဲ့နေရာက ဂဏန်းလက်မနေရာပါတဲ့။ ဒါ့ကြောင့် သူတို့နှစ်ယောက်ဟာ ဒီ မြို့နယ်နှစ်ခုကို တိုးတက်အောင် စတင် တည်ထောင်ကြပါသတဲ့။

Kallang River (ကလန်းမြစ်) ကို ဘာဖြစ်လို့ သန့်ရှင်းရတာလဲ
          ၁၉၈၀ စီပွားပျက်ကပ်ဖြစ်တုန်းက စင်ကာပူဟာလည်း အလူးအလဲ ခံခဲ့ရပါတယ်။  စင်ကာပူရဲ့ ဂဏန်းပုံ မြေပုံမှာတော့ Kallang မြစ်ဟာ ဂဏန်းရဲ့ ပါးစပ်ပေါက်နေရာနားမှာ ရှိပါသတဲ့။  အဲ့ဒီအချိန်မှာ ဒီ Kallang မြစ်ဟာလည်း ညစ်ပတ်နေလေတော့ ဂဏန်းရဲ့ ကျန်းမာရေးမကောင်းသလို စင်ကာပူလဲ ချူချာတယ်လို့ ယူဆကြပါသတဲ့။  ဒါနဲ့ ဂဏန်းရဲ့ ပါးစပ်ကို သန့်ရှင်းစေခြင်းသည် နိုင်ငံကို စီးပွားပျက်ကပ်က လွတ်မြောက်ပြီး ၀င်ငွေတွေ စီးဝင်လာစေတယ်လို့ ယူဆကြလို့ပါတဲ့။


Singapore Flyer သို့မဟုတ် ကမ္ဘာ့အကြီးဆုံး ချား
          စင်္ကာပူရောက်ရင် ဆန်တိုစာ ကျွန်းလေးသွား၊ ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းအရုပ်ကြီးပေါ်တက် ဓာတ်ပုံရိုက်၊  ဒါမှမဟုတ် ယူနီဗာဆယ်စတူဒီယိုသွား၊ မာရီနာဘေး တစ်ခေါက် ပတ်လမ်းလျှောက်၊ ဒါမှမဟုတ်ရင် ကလပ်ကီးနဲ့ ဘုတ်ကီး တစ်ကြောက ဘီယာဆိုင်မှာ ညနေစောင်းလေး ဘီယာစုပ်။  ဒီလိုမှ မဟုတ်ရင်တော့ Singapore Flyer ကြီး သွားစီးပေါ့လေ…။ 
          Singapore Flyer က ၁၆၅ မီတာမြင့်ပြီးတော့ အဲ့ဒီမှာ အတွဲ ၂၈ ခုရှိပါတယ်။  တွဲတစ်ခုချင်းစီမှာ အဲ့ကွန်းတပ်ထားလို့ အေးအေးလူလူနဲ့ စင်ကာပူမြင်ကွင်းကို တစ်ဝကြီး ကြည့်လို့ရတယ်၊  ဟိုတစ်လောကလို မီးပျက်မသွားရင်ပေါ့လေ…။  အဲ… အရင်တုန်းကတော့ စင်္ကာပူက အဲ့ဒီချားကြီး လည်တဲ့အခါမှာ စင်ကာပူကျွန်းဘက်ကို မျက်နှာမူတဲ့ အခြမ်းကနေ စပြီးတော့ လည်ပါတယ်။  ဆိုလိုတာက တိုက်တွေဘက်ကို မျက်နှာမူပြီး လည်ပြီးတော့ ပင်လယ်ဘက်ကို နိမ့်ဆင်းသွားတာပါ။  ဒါဟာ ကြည့်လိုက်ရင် နေ၀င် နေထွက်နဲ့ ဆန့်ကျင်ဘက် အရပ်မျက်နှာကို လည်နေတာလို့ ဖုန်းရွှေပညာရှင်တွေကဆိုပါတယ်။  ဒီတော့ သဘာဝ တရားကြီးကို လွန်ဆန်သလိုဖြစ်နေလို့ ခုဆိုရင် Singapore Flyer ကြီးဟာ ပြောင်းပြန် လည်နေပြီဖြစ်ပါတယ်။  အဲ့ဒီ ချားကြီးစီးရင် သတိထားပြီးကြည့်လိုက်ပါ ပင်လယ်ဘက်ကနေ တက်သွားပြီးတော့ အဆောက်အဦးတွေဘက်ကို နိမ့်သွားပါတယ်။  ဒါဟာ သဘာဝတရားကြီးနဲ့ ကိုက်ညီတဲ့အပြင် ပြင်ပက ကံကောင်းခြင်းတွေကို စင်ကာပူကျွန်းကို သယ်ဆောင်လာတယ်လို့ အဓိပ္ပာယ်ယူပါတယ်လို့ 


ပူလောအူဘင်ကျွန်းကလေးရဲ့ ၀ိညာဉ်ပို့ ထီးများ
          ပူလောအူဘင်ဆိုတာက စင်္ကာပူကနေ လှေကလေးနဲ့သွားရင် ရောက်တဲ့ကျွန်းကလေး။  ဘာမှတော့ ရှိလှတယ်မဟုတ်ပါဘူး။  တောင်တက်၊ စက်ဘီးစီး ပြန် ဒါပါပဲ။  ဒါပေမယ့် မြို့ကြီးပြကြီးတွေမှာ လူတွေ ကြပ်ညပ်တဲ့ဒဏ်ကို ခံစားရသူတွေကတော့ စိတ်ပြေလက်ပျောက် ဘာမှ မရှိတဲ့ကျွန်းမှာ ဘာမှ မရှိတာကိုပဲ အရသာခံရက အရသာလို ဖြစ်လေတော့ တစ်ခါတစ်လေ အရသာခံကြပါတယ်။  အဲ့.. ပူလောအူဘင်ကတော့ သရဲချောက်တတ်တယ်လို့ နာမည်ကြီးပါတယ်။  ဟုတ်မဟုတ်ကတော့ မသိ။ 
ကဲထားပါတော့လေ… ပူလောအူဘင် ကိုသွားရင် လှေစီးရတယ်လို့ ပြောခဲ့ပါတယ်။  အဲ့ဒီက လှေသမားတွေမှာတော့ ထူးခြားတဲ့ ဥပဒေသ တစ်ခုရှိပါတယ်။ ဒါကတော့ သူတို့ရဲ့လှေတွေမှာ လူသေတွေကို တင်ခွင့်မပေးတာပါ။  စင်္ကာပူမှာ နေတဲ့လူတွေ ပူလောအူဘင်မှာ သေသွားခဲ့ရင် ကျွန်းမကြီးကို ပြန်သယ်လို့ မရပါဘူးတဲ့။  အဲ့ဒီကျွန်းကလေးပေါ်မှာပဲ မြှုပ်နှံကြပါသတဲ့။  ဒါပေမယ့် သေလူတို့ရဲ့ ၀ိညာဉ်ကိုတော့ ပြန်လည်ယူဆောင်ကြပါတယ်။  ဒါဆိုရင်တော့ ၀ိညာဉ်ကို ဘယ်လိုယူကြလဲဆိုတဲ့ ဓလေ့လေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ သစ်သားပြားပေါ်မှာ သေသူရဲ့ အမည်နာမကို ရေးထိုး ရွတ်ဖတ်ပြီးတော့ပြန်လည် ယူဆောင်ကြတာပါ။ 
ဒါပေမယ့် ပူလောအူဘင်က လှေသမားတွေကတော့ ဒီလိုမျိုး သစ်သားပြားတွေကို ဒီအတိုင်းသယ်ဆောင်တာကို လက်မခံကြပါဘူး။  သူတို့ရဲ့ဓလေ့ကတော့ ၀ိညာဉ်ကို ပြန်လည်သယ်ဆောင်လာဖို့ ထီးတစ်လက်ငှားတာပါ။  ထီးကတော့ တရုတ်ရိုးရာထီးပါ။  စက္ကူရယ်၊ ၀ါးရယ်နဲ့ လုပ်ထားတဲ့ထီးဖြစ်ပြီးတော့ ထီးမျက်နှာပြင်မှာ ဖယောင်းသုတ်၊ ဆေးဆိုးထားလေ့ရှိပါသတဲ့။  အဲ့ဒီထီးနဲ့ သေသူရဲ့ အမည်နာမ ထွင်းထားတဲ့ သစ်သားပြားရယ်၊ အဲ့ဒီ သစ်သားပြားရှေ့က အမွေးတိုင်ရယ်ပေါ်မှာ ထီးကို ဆောင်းပေးထားရပါတယ်။  မိုးရွာရွာ၊ နေပူပူ၊ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အဲ့ဒီထီးကို လှေပေါ်က သစ်သားပြားနဲ့ အမွှေးတိုင်ပေါ်မှ ဆောင်းပေးမှသာ သေသူရဲ့ ၀ိညာဉ်ဟာ ဘယ်ကိုမှ လွတ်ထွက်မသွားတဲ့အပြင်၊ သူတို့ရဲ့ လှေပေါ်မှာလည်း သောင်တင်နေတော့မှာ မဟုတ်ဘူးလို့ ယုံကြည့်ကြပါတယ်။ 
ဒီတော့ နောက်တစ်ခါ ပူလောအူဘင်ကျွန်းကိုသွားလို့ လှေကလေးတွေစီးရင် လှေဆိပ်ရဲ့ ခေါင်မိုးတွေကို သတိထားပြီးကြည့်လိုက်ပါ။  အဲ့ဒီမှာ စက္ကူထီးလေးတွေ ချိတ်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သွားပြီးတော့ ထိတာတို့၊ ဖွင့်တာတို့ မလုပ်ပါနဲ့တဲ့။  အဲဒီ ထီးတွေဟာ ၀ိညာဉ်တွေကို သယ်ပို့တဲ့အခါမှာ သုံးတဲ့ ထီးတွေ ဖြစ်ပါသတဲ့။

စင်ကာပူနှင့် သရဲကြီးနေ့
          စင်္ကာပူမှာတော့ တရုတ်ရိုးရာဓလေ့အတိုင်း သရဲကြီးနေ့ (Hungry Ghost Festival) ကို နှစ်စဉ်နှစ်တိုင်း လုပ်လေ့ရှိပါတယ်။  ဒါဟာ တရုတ် ပြက္ခဒိန်အရတော့ ၇ လပိုင်းမှာကျရောက်ပါတယ်။  နှစ်စဉ် ဂျူလိုင်နဲ့ သြဂုတ်လတွေဆို စင်္ကာပူက လမ်းတွေမှာတော့ သရဲစာကြွေးထားတာတွေ၊ စက္ကူမီးရှို့ထားတာတွေကို တွေ့ကြရမှာပါ။ တိုင်အို ဖုန်းရွှေယုံကြည်သူတွေကတော့ အတော့်ကို အယူသည်းပြီးတော့ ယုံယုံကြည်ကြည်ကိုလုပ်ကြပါတယ်။  အဲ့ဒီရက်တွေမှာ ငရဲတံခါးပွင့်ပြီးတော့ သရဲတွေဟာ လူ့လောကထဲကို ၀င်ရောက်လာကြတယ်လို့ ယုံကြည့်ကြပါတယ်။  ဒီတော့ သက်ဆိုင်ရာ အိမ်တွေက သက်ဆိုင်ရာ သေလွန်သူတွေကို ခေါ်ပြီးတော့ အစားအစာ၊ စက္ကူမီးရှို့ပြီး ပိုက်ဆံ စတာတွေကို ပေးကြပါတယ်။  နောက်ပြီးတော့ ရပ်ကွက်တွေထဲမှာ Getai Show လို့ခေါ်တဲ့ နတ်ပွဲလိုလို၊ ပြဇာတ်လိုလို ပွဲသေးသေးလေးတွေလည်း လုပ်ကြပါတယ်။  အဲ့ဒီ ပွဲတွေမှာ သတိထားပြီးကြည့်လိုက်ပါ ရှေ့ဆုံး ခုံတန်းတွေက လွတ်နေပါတယ်။  ဒါဟာ သရဲတွေ ကြည့်ဖို့အတွက် နေရာပေးထားတာဖြစ်ပါတယ်။  ဒီတော့ ယောင်လို့ သွားမထိုင်လေနဲ့၊  သင့်ဘေးနားက တရုပ်တွေက သင့်ကို ပြူတူးပြဲတဲ ကြည့်ကုန်ကြပါလိမ့်မယ်။
          အဲ.. နောက်ပြီးတော့ အဲဒီလတွေမှ အယူသီးတဲ့ လူတွေကတော့ ဟော့ဒီ ရှောင်ရန်အချက်ကလေးတွေကို လိုက်နာကြပါတယ်။  ဒါကတော့
၁။  ရေကူးကန်ထဲမှာ ရေမကူးကြပါဘူးတဲ့။  သူရဲတွေဟာ သူတို့ ကျွတ်လွတ်ဖို့အတွက် လူစားရှာတတ်လို့ သင့်ကို ရေကူးကန်ထဲ ဆွဲနှစ်တတ်တယ်လို့ ယုံကြည်ကြပါသတဲ့။
၂။  ကလေးရော၊ လူကြီးတွေကိုပါ အိမ်ကို စောစောပြန်လာကြဖို့ ပြောတတ်ကြပါတယ်။  သရဲတွေဟာ ညပိုင်းမှာ ကျက်စားတတ်တာမို့ ကလေးငယ်တွေကို ၀င်ရောက်ပူးကပ်တတ်တယ်လို့ ယုံကြည်ကြပါတယ်။
၃။  အဲ့ဒီ လအတွင်းမှာ အခန်းအသစ်ပြောင်းခြင်း၊ ဆိုင်အသစ်ဖွင့်ခြင်းတို့ကို ရှောင်ကြပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ သရဲကြီးလဟာ နမိတ်မကောင်းဘူးလို့ ယူဆကြလို့ပါတဲ့။
၎။ မင်္ဂလာဆောင်ခြင်းကိုလည်း ရှောင်ရှားကြပါတယ်။  အဲ့ဒီလတွေမှာ စိတ်ထားဆိုးတဲ့ သရဲတွေဟာ မင်္ဂလာမောင်နှံ အတွက် အတိတ်နမိတ်ဆိုးတွေကျရောက်အောင် ကျိန်စာတိုက်တတ်တယ်လို့ ယူဆကြသလို၊ အဲ့ဒီလမှာ လက်ထပ်ရင် ဇာတ်သိမ်းမကောင်းဘူးလို့လဲ ယူဆကြသူတွေရှိပါတယ်။
၅။ အဲ့ဒီလတွေမှာ တောထဲလျှောက်လည်တာတို့၊ တောင်တက်တာတို့ကို ရှောင်ကြပါသတဲ့။  အသေအပျောက်များတတ်တယ်လို့ ယုံကြည်ကြပါတယ်။
၆။ ကားမောင်းတဲ့အခါမှာလည်း သတိထားကြပါသတဲ့။  အစိမ်းသေနဲ့ လမ်းပေါ်မှာ ပွဲချင်းပြီး သေတဲ့ သရဲတွေဟာ အဲဒီလမှာ အထူးမြူးပြီး အဖော်ခေါ်တတ်ကြလို့တဲ့။

by blog-aunghtut

ရင်တွင်းစကား

မျက်ဝန်းရေ….မငိုနဲ့တော့
ငါ့ဒါဏ်ရာက မင်းထက်ပိုပါတယ်။
မင်း ငိုပေးယုံနဲ့
ငါဖြေသိမ့်တဲ့ ညတွေ
ရေတွက်လို့ မရခဲ့ပါဘူး။

နေ့တွေ တရွေ့ရွေ့ဖြတ်ခဲ့တာ
ခုဆို နှစ်တွေကူးလာပြီ။

အသည်းနာတယ်…
ရင်ကွဲပတ်လက်
ကြေကွဲရက်တွေ
တစ်စစနဲ့ လောင်မြိုက်တဲ့ရင်…
နာကျင်ပါစေတော့လေ။
ရှုံးပြီးရင်းရှုံး
အမုန်းနိဂုံးနဲ့
အဝေးဆုံးကို ပြေးထွက်သွားတာ
နှစ်နှစ်ရှိပြီနော်။
မေ့ပစ်ဖို့
ဒီရင်ကို ဘယ်လိုအမိန့်မျိုး
ပေးရပါ့မလဲ။
အိပ်မက်တော့ မဟုတ်ခဲ့ပါဘူးလေ။
နိုးလာတော့
ငါ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။
မငိုပါနဲ့တော့ မျက်ဝန်းရယ်…
ငါ့ဒဏ်ရာက မင်းထက်ပိုပါတယ်။

မွန်-ဗမာ ရွာကလေးရဲ့ ဘုန်းကြီးကျောင်းကွဲ ပုံပြင်



အိမ်ခြေ ၁၀၀ တောင် မပြည့်တတ်တဲ့ ရွာကလေးက နှစ်ခြမ်းကွဲနေလေပြီ။ ဘုန်းကြီးကျောင်းက နှစ်ကျောင်း ကွဲသွားပြီ။ ရွာရဲ့ အစည်ကားဆုံးချိန်လို့ ပြောရမယ့် ကထိန်ခင်းပွဲကျတော့လည်း ကျောင်းနှစ်ခု ကွဲသွားတော့ အရင်လို မစည်ကားတော့။
နှစ်စဉ် သဇင်ပန်းပွင့်ချိန် ရွာလယ် ညောင်ပင်ကြီးအောက်မှာ ရွာနတ်ကို ပူဇော်ပသတဲ့ နတ်ပွဲကျတော့လည်း သီးသန့်စီ ခွဲလုပ်နေကြတယ်။ သာရေးနာရေး ကိစ္စတွေမှာလည်း သူ့အုပ်စုနဲ့သူပဲ ဖိတ်ကြတော့တယ်။
မတည့်ကြတဲ့ အုပ်စုနှစ်စုက  လူတွေက တယောက်မျက်နှာ တယောက် မကြည့်ချင်ပေမယ့် ရွာက ကျဉ်းတော့ လမ်းသွားရင်းလည်း ဘယ်လိုမှ ရှောင်မလွတ်ဘူး။  မနာလိုမုန်းထားစိတ်တွေက နေရာတကာမှာ စိမ့်ဝင်နေသလား အောက်မေ့ရတယ်။
တခါတလေ တဖက်အုပ်စုက လူတယောက်က လမ်းသွားရင်း သူ့ဘာသာ တံတွေးထွေးသွားရင်တောင် နောက်တဖွဲ့က တမင်သက်သက် မထီမဲ့မြင်တဲ့ သဘောမျိုး လုပ်တယ်လို့  ထင်ပြီး တဖက်က “ထွီ” ဆိုရင် “ထွမ်း” လို့ ပြန်လုပ်တယ်။
အိမ်တအိမ်က သီချင်းသံကျယ်ကျယ်ဖွင့်ရင်တောင် တဖက်က တမျိုးထင်တတ်တယ်၊ အုပ်စုနှစ်စုဆိုပေမယ့် ဟိုအပိုင်းနဲ့ ဒီအပိုင်းကွဲတာမျိုးလည်း မဟုတ်ပြန်။ ဥပမာ ရွာအပေါ်ပိုင်းမှာပဲ အိမ်ချင်းကပ်နေတဲ့ နှစ်အိမ်က တအုပ်စုဆီမှာ ကွဲနေတာမျိုးဆိုတော့ အိမ်တအိမ်က ရယ်သံကိုတောင် ဘေးအိမ်က လူတွေက ဘာသဘောလဲ ဆိုတဲ့ မျက်လုံးနဲ့ ကြည့်တယ်။
ရွာကလေးက ဟိုတုန်းကလို ညီညီညွတ်ညွတ်နဲ့ ပျော်စရာ မကောင်းတော့၊ မယုံသင်္ကာတွေ မခံချင်စိတ်တွေနဲ့ တယောက်အမှားကို တယောက် ချောင်းမြောင်းရင်း တိတ်ဆိတ်ခြောက်ကပ်နေတယ်။
****
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရွာဦးကျောင်းဆရာတော် အသက် ၈၀ ကျော်အရွယ်မှာ နာမကျန်းဖြစ်လာတဲ့ အချိန်ကစလို့ ရွာက အက်ကြောင်းပေါ်ပါတယ်။ ဒါပေမယ့် ဆရာတော်ကို ကြောက်ရလို့ ပေါ်ပေါ်ထင်ထင်တော့ မဟုတ်သေးဘူး။ ဆရာတော်ပျံလွန်တော်မူတော့ ဟက်တက် ကွဲသွားကြတယ်လေ။
ဆရာတော်က ရွာက ဒုတိယမျိုးဆက် အမျိုးသား၊ အမျိုးသမီးအားလုံးကို စာတတ်မြောက်အောင် သင်ပေးခဲ့တဲ့ ဆရာတော်။ တတိယမျိုးဆက်ကျပြန်တော့လည်း ငယ်ငယ်ကတည်းက ဘုန်ကြီး ကျောင်းသားဘ၀နဲ့ ဆရာတော့်ကျောင်းမှာ နေဖူးသူတွေချည်း။ ကိုရင်အရွယ်မှာ ကိုရင်ဝတ်၊ ရဟန်းခံတဲ့ အချိန်မှာ ရဟန်းခံဆိုတော့ ဆရာတော့်သြဇာအောက်က တယောက်မှ မလွတ်ပါဘူး၊   ဆရာတော်က ငယ်ဖြူဆရာတော်၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်လည်းဖြစ်ပြန် ဆိုတော့ ပတ်ဝန်းကျင်ရွာတွေလည်း အပေါ်မှာ သြဇာကြီးတယ်။
တောဆေးဆရာတပိုင်း ဆိုတော့လည်း ဒီနယ်တ၀ိုက်မှာ ဆရာတော် ကယ်ထားတဲ့အသက်တွေက မနည်း။ ဒါကြောင့် ဘယ်ရွာက အလှူပွဲသွားသွား၊ သာရေးနာရေးသွားသွား၊ ဆရာတော့်ရွာကလို့ ပြောလိုက်ရင် မျက်နှာရှိတယ်။ ရွာသားတွေကလည်း ဆရာ့တော်ရွာက ဖြစ်ရတာကို အလွန်ဂုဏ်ယူကြတယ်။
****
ဆရာတော်ကြီးမှာ အာသီသတခုရှိနေတယ်။ သူ့ ပျံလွန်တော်မမူခင်မှာ သူငယ်ငယ်ကတည်းက သီတင်းသုံးခဲ့တဲ့ သစ်သားကျောင်းအိုကြီးကိုဖျက်ပြီး တိုက်ကျောင်းပြန်ဆောက်ချင်တယ်။ ပြီးတော့ ကျောင်းကို အုတ်တံတိုင်း ခတ်ချင်တယ်။ သူ့ကျောင်းဝင်းထဲမှာလည်း ဘုရားတဆူတည်ထား ကိုးကွယ်ချင်တယ်။
ဒါပေမယ့် ရွာသားတွေကို လုပ်လုပ်စားစားဆိုတော့ အကုန်အကျများမယ့် ကိစ္စကို ဆရာတော်က အတင်းမပူဆာဘဲ နေတယ်။ အသက်အရွယ်ထောက်လာ၊ ကျန်းမာရေး ချူချာလာတဲ့ အခါမှာ ဆရာတော်ရဲ့ အဲဒီဆန္ဒက ပိုလို့ ဖိစီးနှိပ်စက်လာပုံပါပဲ။ ဒကာအရင်း ရွာမိရွာဖတွေနဲ့ တွေ့တဲ့အခါမှာတော့ မကြာခဏ မိန့်ကြားတတ်တယ်။
ရွာသားတွေကလည်း သူတို့ ကြည်ညိုတဲ့ ဆရာတော့်ဆန္ဒကို ဖြည့်ဆည်းပေးချင်ကြတာပေါ့။ တဖက်မှာလည်း ငွေကြေးချမ်းသာသူတွေလည်း မဟုတ်ကြတော့ အားလုံးကိုတော့ တပြိုင်နက်တည်း မလုပ်နိုင်ဘူးပေါ့လေ။
ကျောင်းတဆောင်တော့ တင့်တင့်တယ်တယ်ဖြစ်အောင် အရင်ဆောက်ကြမယ်၊ ပြီးရင်တော့ ကျောင်းတံတိုင်းခတ်တာနဲ့ ဘုရားတည်တာကို လုပ်ကြတာပေါ့လို့ အားလုံး သဘောတူပြီး ကျောင်းဆောက်ဖို့ အားတက်သရော ပြင်ကြပါတယ်။ ကျောင်းရဲ့ အုတ်တံတိုင်းနဲ့ ဘုရားတည်ဖို့ မထည့်ငွေအတွက်လည်း ဘယ်သူက ဘယ်လောက်ဆိုပြီး သတ်မှတ် လိုက်ကြပါတယ်။
****
ဒီနေရာမှာ ဆရာတော့်ရွာကလေးရဲ့ ထူးခြားချက်နဲ့ ဒီနယ်အကြောင်း မိတ်ဆက်ပေးမှ ဇာတ်ရည်လည်မယ် ထင်ပါတယ်။ ရွာကလေး နှစ်ခြမ်းကွဲသွားတာနဲ့လည်း ပတ်သက်နေလို့ပါ။ ဆရာတော့်ရွာကလေးက မွန်ပြည်နယ်ထဲက ဗမာလူမျိုး (ဗမာစကားပြောတဲ့ လူတွေ) အများစု နေခဲ့ကြတဲ့ရွာပါ။ အနီးအနားမှာတော့ မွန်ရွာတွေနဲ့ ၀ိုင်းနေပါတယ်။
နယ်မြေမအေးချမ်းတဲ့ကာလမှာ အစိုးရစစ်ကြောင်းတွေ နယ်လှည့်လာရင် ဗမာရွာကလေးမှာပဲ ညအိပ်ညနေ တည်းခိုလေ့ရှိပါတယ်၊ အနီးအနားက ရွာတွေမှာတော့ မွန်သူပုန်နဲ့ ဆက်သွယ်လို့ ဆိုပြီး အစိုးရတပ်က ဘယ်ရွာက ရွာသားကို၊ ဘယ်ရွာက ရွာသူကြီးကို ရိုက်နှက်နှိပ်စက်တယ်၊ ဘယ်စစ်ဗိုလ်ကတော့ ဘယ်ရွာမှာ ဘယ်လို ကြမ်းတယ်ဟေ့လို့ နာမည်ကြီးပေမယ့် ဒီရွာရောက်ရင်တော့ စစ်သားတွေက အိမ်တကာမှာ အမေ၊ အဖေနဲ့ ဟင်းတွေလဲစားကြ၊ အိမ်အလုပ်တွေ ကူတန်ကူဆိုတော့ ရွာခံတွေကလည်း မိသားစုနဲ့ မခြား နွေးနွေးထွေးထွေး ရှိကြပါတယ်။
ဒီအခြေအနေနောက်ခံမှာ ဗမာရွာလေးဆီကို နှိပ်စက်ခံရတဲ့ အနီးအနားမွန်ရွာတွေက ရွာသားတွေ တဖြည်းဖြည်းနဲ့ ပြောင်းရွှေ့လာကြပါတယ်။ တရွာနဲ့ တရွာ ကူးလူးဆက်ဆံမှုလည်း ရှိနေတော့ အိမ်ထောင်ရပ်သား ကြတာတွေလည်း ရှိပါတယ်။ တဖက်မှာလည်း ဒီရွာက ပထမမျိုးဆက်၊ ဒုတိယမျိုးဆက် တချို့ကလည်း မအေးချမ်းတဲ့ ရွာကလေးကို စွန့်ပြီး မြို့နဲ့ နီးရာကို ပြောင်းရွှေ့ကုန်ကြပါတယ်။ ဒီလိုနဲ့ ရွာကလေးမှာ ဗမာလူမျိုးတွေထက်၊ မွန်လူမျိုးတွေက လူဦးရေ ပိုများလာပါတယ်။
****
အစပိုင်းတော့ ရွာခံ ဗမာတွေအပေါ် ပြောင်းရွှေ့အခြေချလာတဲ့ မွန်လူမျိုးတွေက အောက်ကျို့ဆက်ဆံကြပါတယ်။ သူတို့က မြေပိုင်ယာပိုင်လည်း မရှိကြပါဘူး။ အတန်းပညာလည်း မတတ်သလောက်ပါပဲ၊ ဒါကြောင့် အများအားဖြင့် ၁၉၉၀ နောက်ပိုင်းမှာ ယိုးဒယား၊ မလေးရှား၊ စင်ကာပူတို့မှာ အလုပ်ထွက်လုပ်ကြပါတယ်။ ခပ်တိုတိုဆိုရင် အဲဒီနိုင်ငံတွေမှာ အလုပ်လုပ်ရင်း ရတဲ့ငွေကြောင့် ကြီးပွားလာကြပါတယ်။
ရွာကို ပြန်လာကြပြီး လွန်ခဲ့တဲ့နှစ်တွေက ရွာကနေ မြို့ဘက်ကို ပြောင်းရွှေသွားတဲ့ လူတွေရဲ့ လယ်မြေလွတ်တွေကို ဈေးပေါပေါနဲ့ ၀ယ်ယူရင်း မြေပိုင်လာကြပါတယ်။ နိုင်ငံခြားက ပြန်ပို့တဲ့ငွေတွေနဲ့ အိမ်ကြီးရခိုင်တွေ ပိုင်ဆိုင်လာကြပါတယ်။ ရွာခံ ဗမာလူမျိုးအများစုကလည်း လယ်မြေတွေကို မစွန့်ခွာနိုင်၊ နိုင်ငံခြားမှာလည်း မစွန့်စားချင်သေးတဲ့ အခြေအနေမှာ ပြောင်းရွှေ့လာတဲ့ မွန်လူမျိုးတွေက ကြီးပွားချမ်းသာလာကြပါတယ်။
အဲဒီကာလမှာပဲ အပစ်အခတ်ရပ်စဲရေးကြောင့် ပတ်ပတ်လည်က မွန်ရွာတွေကလည်း တစုံတရာ ငြိမ်းချမ်းလာပါတယ်။ မွန်သူပုန်တွေကလည်း အရင်လို ပုန်းပုန်းလျှိုးလျှိုးမဟုတ်တော့ဘဲ နယ်ပိုင်တွေ၊ စစ်ဘုရင်တွေဆန်ဆန် ဖြစ်လာပါတယ်။
အဆိုးထဲက အကောင်းကတော့ မြေပိုင်ယာပိုင်မရှိလို့၊ ရွာတွေမှာ မငြိမ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေကို စွန့်စားပြီး ထွက်သွားကြတဲ့ သူတွေက ထင်ထားတာထက် ပိုအဆင်ပြေကြပါတယ်။ ခေတ်မကောင်းလို့ တိုင်းတပါးမှာ အလုပ်လုပ်ရင်း ပြန်ပို့တဲ့ ငွေတွေနဲ့ ချမ်းသာလာကြ၊ သူတို့ အိမ်တွေ၊ သူတို့ရွာတွေက ဘုန်းကြီးကျောင်းတွေလည်း နန်းတော်ကြီးတွေလို ဖြစ်လာကြပါတယ်။
****
ဒီလောက်ဆိုရင် ဆရာတော့် ရွာကလေးအကြောင်းကို ဆက်လို့ရပြီထင်ပါတယ်။ ခုနက ပြောခဲ့တဲ့အတိုင်းပဲ အရင်က ဗမာရွာကို ရောက်ခါစ အောက်ကျို့နေကြတဲ့ လူတွေက လူ့သဘာဝအတိုင်း ငွေကြေးရှိလာတဲ့ခါမှာ ဆက်ဆံရေးပုံစံတွေ စပြီး ပြောင်းလဲလာပါတယ်။ ရွာခံတွေနဲ့ ပုခုံးချင်းယှဉ်လာပါတယ်၊
စောစောက ဆရာတော်က သူ့ ပျံလွန်တော်မမူခင်မှာ ကျောင်းကို အသစ်ဆောက်ချင်၊ အုတ်တံတိုင်းခတ်ချင်၊ စေတီတော်တဆူ တည်ထားကိုးကွယ်ချင်တဲ့ အကြောင်းပြောခဲ့ပါတယ်။ ကျောင်းကို စဆောက်တဲ့ အချိန်မှာ ငွေများများ လှူနိုင်တဲ့လူတွေက ဆရာတော်ကျောင်းမှာ အရာရောက်လာပါတယ်။
အဲဒီကာလမှာပဲ ဆရာတော်ရဲ့ သဘောတူညီချက်နဲ့ စောစောက လူတွေက မွန်ရဟန်းပျိုတပါးကို ပင့်လာပါတယ်။ ရဟန်းပျိုက မြို့က ဓမ္မကထိက တပါးဖြစ်ပြီး လုပ်ရည်ကိုင်လည်း ရှိပါတယ်၊ အဲဒီအချိန်အထိ ဆရာတော့် ကျောင်းမှာ အတည်တကျ ရဟန်းတပါးမှ မရှိပါဘူး။ အသစ်ရောက်လာတဲ့ ရဟန်းပျိုက ဆောက်လုပ်စကျောင်းကို ပြီးအောင်၊ ဆရာတော် ဖြစ်ချင်တဲ့ အုတ်တံတိုင်း၊ ကျောင်းဝင်းထဲမှာ ဘုရားကိုလည်း တည်ဖြစ်အောင် အလှူငွေတွေကို အချိန်တိုအတွင်းမှာ ရှာဖွေပါတယ်။
တဖြည်းဖြည်းနဲ့ ဆရာတော့်ကျန်းမာရေးက ဆိုးလာပြီး အကြားအာရုံနဲ့  အမြင်အာရုံလည်း ပျက်သလောက် ဖြစ်နေပါပြီ၊ အိပ်ယာထဲမှာ လဲနေတဲ့အချိန်များပြီး ရွာက ဒကာတွေ အလှည့်ကျ စောင့်အိပ်နေရပါတယ်။ ကျောင်းကိစ္စအ၀၀ဟာ အသစ်ရောက်လာတဲ့ ရဟန်းပျိုလက်ထဲရောက် သွားပါတယ်။ ကျောင်းကိစ္စ၊ အုတ်တံတိုင်းကိစ္စ၊ ဘုရားကိစ္စမှာလည်း သူ့လက်သူ့ခြေ ဖြစ်လာပါတယ်။
ဆရာတော်ကျောင်းမှာ အစဉ်အလာ သြဇာလွှမ်းမိုးတဲ့ ရွာခံ ဒကာတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး သူ့ကို ပင့်လာတဲ့ ဒကာတွေကိုပဲ ကျောင်းမှာ တဖြည်းဖြည်းပေးလာတယ်ဆိုပြီး  ရွာခံတွေနဲ့ အဆင်မပြေဖြစ်လာပါတယ်။
****
ရွာခံတွေဟာ ရဟန်းပျိုလေးက သူ့လက်သူ့ခြေလုပ်သမျှ ကိစ္စအ၀၀မှာ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာပါတယ်၊ အစပိုင်းက သူတို့ကိုယ်တိုင် သဘောတူပြီး ရည်စူးထားတဲ့ အလှူအတန်းကိစ္စတွေမှာ (ကျောင်းဆောက် ဘုရားတည်ကိစ္စမျိုးလို) စတိသဘောလောက်ပဲ ထည့်ဝင်ကြတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ရွာခံတွေဟာ ဘုရားတည်ဖို့ ကိစ္စနဲ့ မဆိုင်သလို ဖြစ်လာပါတယ်။
ရဟန်းပျိုကလည်း ရွာဦးကျောင်းကနေ ညနေတိုင်း အသံချဲ့စက်နဲ့ ဘယ်ဒကာက ဘယ်လောက်လှူတဲ့အကြောင်း ဘုရားအတွက် အလှူငွေ ဘယ်လောက်ရတဲ့အကြောင်း ဘယ်ဒကာတွေက ငွေမလှူတဲ့အကြောင်း ကြေညာပါတယ်၊ လှူတဲ့လူတွေက ရွာကိုနောက်မှ ပြောင်းလာတဲ့လူတွေဖြစ်ပြီး မလှူတဲ့လူတွေက ရွာခံတွေ ဖြစ်နေတတ်ပါတယ်။
ရဟန်းပျိုက ဓမ္မကထိကလည်း ဖြစ်ပြန်တော့ ဘုရားကိစ္စမှာ လှူတာ ဘယ်လောက် အကျိုးများတဲ့ အကြောင်း၊ မလှူတဲ့အတွက် ဘယ်လို ဆိုးတဲ့အကြောင်းတွေကို တရွာလုံးကြားအောင် ဥပမာနဲ့ မိန့်ကြားတော့ မလှူတဲ့ ရွာခံတွေက သူတို့ကို သက်သက်စောင်းပြောတာ၊ အရှက်ခွဲတာဆိုပြီး မကျေမနပ် ဖြစ်ကြပြန်ပါတယ်။
ရွာဦးကျောင်းဆရာတော်ကြီးကတော့ အဲဒီအချိန်မှာ အမြင်အာရုံနဲ့ အကြားအာရုံတွေ အတော်ချို့ယွင်းနေလို့ အသေးစိတ်တွေ ဘာမှမသိတော့ပါဘူး။ ရွာက စိတ်ဝမ်းကွဲမှုကတော့ ဆိုးရွားပြီးရင်း ဆိုးရွားသွားပါပြီ၊
****
ဒီဇာတ်လမ်းမှာ နောက်ထပ် ဇာတ်ကောင်တယောက်ရှိပါတယ်။ ဒီရွာကနေ မြို့ကို ပြောင်းသွားပြီး ကြီးပွားချမ်းသာ နေတဲ့ သူဌေးတဦးပါ။ သူဌေးက ငယ်ငယ်ကတည်းက ဆရာတော့်ကျောင်းမှာ ကြီးပြင်းခဲ့တဲ့လူလည်းဖြစ်၊ ရွာခံတွေနဲ့လည်း ဆွေမကင်းမျိုး မကင်းဖြစ်ပြန်၊ ဆရာတော့်ကျောင်းက ကထိန်၊ ရွာရဲ့ သာရေးနာရေး ကိစ္စတွေမှာ အရင်ကတည်းက တက်တက်ကြွကြွလုပ်တတ်သူ၊ ဆရာတော်ကလည်း အားကိုးသလို၊ ရွာမှာလည်း သြဇာကြီးတဲ့သူပါ။
ရွာခံတွေနဲ့ နောက်မှ ပြောင်းလာတဲ့လူတွေရဲ့ အုပ်စုနှစ်စုလို့သာ ဆိုပေမယ့် တကယ့်တကယ်မှာတော့ တချို့ရွာခံတွေထဲမှာလည်း အကြောင်းအမျိုးမျိုးနဲ့ နှစ်ဘက်အုပ်စုတွေမှာ ပါနေတာလည်းရှိပါတယ်။ ဒီလိုပဲ နောက်မှ ပြောင်းလာတဲ့လူတွေထဲက ရွာခံတွေဘက်က ပါနေတဲ့ တချို့လည်းရှိပြန်ပါတယ်။
တိုတိုတိုဆိုရရင် ဒီလိုနဲ့ ဘုရားထီးတင်တဲ့နေ့ကို ရောက်လာပါတယ်။ ရွာကို နောက်မှ ပြောင်းလာတဲ့ အုပ်စုရဲ့ ပွဲပေါ့လေ။ အဲဒီအုပ်စုက မြိုကက သူဌေးကို ရွာဘုရားမှာ လာပြိး ထီးတင်ပေးဖို့ အခေါ်လွှတ်ကြပါတယ်။ ဆရာတော်က အခေါ်ခိုင်းလိုက်တဲ့ အကြောင်းသွားပြောကြပါတယ်၊ ဆရာတော်ကလည်း တကယ်ကို အခေါ်ခိုင်းလိုက်တာပါပဲ။
ဘုရားတည်တဲ့ မွန်ရဟန်းပျိုကို မကျေနပ်တာကတကြောင်း၊ ရွာကို နောက်မှ ရောက်လာတဲ့ သူတွေက သူတို့ရွာက ဘုရားတည်တဲ့ကိစ္စမှာ ခြယ်လှယ်နေတာကို မကျေနပ်တဲ့ ရွာခံတွေ ဘက်ကလည်း  ဒီဘုရားထီးတင်ပွဲကို မလာဖို့ သူတို့ အဖွဲ့ထဲက သူဌေးနဲ့ ရင်းနှီးတဲ့ လူတွေကို လွှတ်ပြီး ရှင်းပြခိုင်းပါတယ်။ နှစ်ဘက်လုံးက မျက်နှာနာစရာလူတွေလည်းပါနေ၊ ရွာက ဘုရားထီးတင်နေတဲ့ ကိစ္စလည်း ဖြစ်နေတော့ သူဌေးက နှစ်ဘက်စလုံးကို အလိုက်သင့်ပဲ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်၊ ဘုရားထီးတင်တဲ့နေ့အထိ မြို့က သူဌေး လာမယ်၊ မလာဘူး မသေချာပါဘူး။
ဘုရားထီးတင်မယ့် နာရီပိုင်းလောက်ကျမှ သူဌေးနဲ့ မိသားစု မြို့ကနေ ကားနဲ့ ရောက်လာပါတယ်၊ အနီးအနား ရွာတွေကလည်း ဒီရွာကလေးမှာ ရွာသားတွေ အချင်းချင်း မပြေလည်တာတွေကို မေ့ထားလိုက်ပြီး ဘုရားထီးတင်ပွဲကို လာကြလို့ ဘုရားထီးတင်ပွဲက အတော်လေး စည်စည်ကားကား ရှိပါတယ်။ ဘုရားထီးတင်ပွဲကို သွားချင်ရက်နဲ့ မသွားရတဲ့ ရွာခံ အမျိုးသမီးကြီးတွေက ဘုရားထီးတင်ပွဲက ဆိုင်းသံဗုံသံတွေကို ကြားတဲ့အခါတိုင်း အိမ်ထဲမှာ ကျိတ်ငိုကြရှာပါတယ်။
ရွာခံယောက်ျားကြီးတွေကလည်း မျက်နှာ မသာမယာနဲ့ အလုပ်များ သလိုလို၊ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ထရံမှာ ချိတ်ထားတဲ့ ခမောက်ဆောင်းပြီး လယ်ကွင်း ဘက်က ထွက်သွားကြပါတယ်။
****
ရွာခံတွေက ဆရာတော်ပျံလွန်တော်မူတဲ့အခါမှာ ရွာကျောင်းကို ဗမာဆရာတော်တပါးကို ကျောင်းထိုင် စေချင်ပါတယ်။ ဒါပေမယ့် ရွာကို နောက်မှ ပြောင်းလာတဲ့ လူတွေက သူတို့နဲ့ ဘာသာစကားတူတဲ့ မွန်ရဟန်းပျိုတပါးကို ခပ်စောစောကတည်းက ဆရာတော့် သဘောတူညီချက်နဲ့ ပင့်ထားခဲ့ပါတယ်။
ရွာခံတွေက ဒါသက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလို့ နားလည်ကြပေမယ့် ဆရာတော်ကို ကြောက်ရလို့ ဘာမှ မပြောရဲကြပါဘူး။ အောက်ခြေမှာတော့ ဘက်နှစ်ဘက် ချောင်းမြောင်းစောင်းမြောင်းနေတဲ့ အခြေအနေ၊ တခါတလေ လူမျိုးရေးပဋိက္ခ အသွင်တောင်ဆောင်လာပါတယ်။
တခါတလေ ရွာဦးကျောင်းကနေ ရဟန်းပျိုလေးက မွန်ဘာသာနဲ့ တရားအခွေတွေကို တရွာလုံးကြားအောင် အသံချဲ့စက်နဲ့ ဖွင့်တဲ့အခါ၊ မွန်သီချင်းတွေကို ဖွင့်တဲ့အခါ ရွာခံ ဗမာတွေက အသည်းနာကြပါတယ်။ တရားပွဲတွေမှာလည်း မွန်ဘာသာနဲ့ ဟောတတ်လို့ ရွာခံဗမာတွေက ရက်ကြီးအခါကြီးတွေလည်း ဥပုသ်စောင့်ဖို့၊ သီလယူဖို့ ကျောင်းကို မသွားကြတော့ပါဘူး။ ရွာခံတွေကဘက်ကလုပ်တဲ့ သာရေးနာရေးတွေကိုလည်း မွန်ရဟန်းပျိုကလေးက မကြွတော့ပါဘူး။
နောက်ဆုံး ရဟန်းပျိုကလေးနဲ့ မတည့်တဲ့ဘက်က နာရေးကိစ္စပေါ်လို့ သရဏံဂုံ တင်ဖို့ ရဟန်ပျိုလေးက မကြွလို့ တခြားရွာက ဘုန်းကြီးကို သွားပင့်ရတဲ့ အထိ ဖြစ်ကြပါတယ်။
****
အဲဒီအချိန်မှာ အစိုးရနဲ့ မွန်သူပုန်တပ်တွေနဲ့ အပစ်ရပ်ထားပြီးတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အစိုးရတပ်တွေ အဲဒီနယ်ကို မလာသလောက်ဖြစ်သွားပြီး၊ မွန်သူပုန်တပ်တွေကပဲ အဲဒီနယ်မှာ စိုးမိုးနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် တချို့က နယ်ထိန်း မွန်ပြည်သစ်တပ်က အရာရှိတွေ အားကိုးနဲ့ အာဏာပါဝါပြတဲ့ အခါမျိုးလည်း ရှိပါတယ်။ အရင်က အစိုးရ စစ်တပ်ကို မွန်ရွာတွေက ကြောက်ခဲ့ရသလိုပဲ၊ အခုတော့ မွန်စစ်တပ်ကို ဗမာရွာကလေးက ကြောက်ရတဲ့ အခြေအနေမျိုး ပြောင်းသွားပါတယ်။
ရွာက ဥက္ကဌ ရွေးတဲ့အခါမှာလည်း ကိုယ့်အုပ်စုက လူဖြစ်ရေးကို နှစ်ဘက်စလုံးက အသည်းအသန် ကြိုးပမ်းကြပါတယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း မြို့နယ်အရာရှိကို ငွေပေးနိုင်တဲ့ ပြောင်းရွှေလာ သူတွေဘက်က တင်တဲ့လူက ဥက္ကဌဖြစ်ပြီး၊ ရွာခံတွေကဘက်က သဘောထားပျော့ပြောင်း သူက အတွင်းရေးမှူး ရာထူးလိုမျိုးရကြပါတယ်။
****
ရွာခံတွေကြားမှာ ဘယ်တော့မှ အခဲမကျေနိုင်တဲ့ ကိစ္စတခုလည်း ဖြစ်ခဲ့ပါတယ်၊ တခါက ရွာပြင်က ရာဘာခြံတခြံမှာ ရာဘာပင်ပျိုတွေ အညွန့်ကနေ ပြတ်နေတဲ့ကိစ္စကို တယောက်ယောက်က ဓားနဲ့ ၀င်ခုတ်တာဆိုပြီး ခြံပိုင်ရှင်က ရွာဥက္ကဌဆီမှာ အမှုဖွင့်ပါတယ်။
စွပ်စွဲခံရတဲ့ အဘိုးကြီးက တချိန်က ရပ်မိရပ်ဖတယောက်၊ သူ့ဇနီးကွယ်လွန်သွားတဲ့ နောက်မှာ စိတ်တွေ ဂယောက်ဂယက်ဖြစ်နေပြီး၊ ဆောင်ဓားတလက်နဲ့ သူ့ဇနီးကို မြှုပ်ထားတဲ့ ရွာပြင်သချုင်္ိင်းကုန်းကို မကြာခဏသွားတတ်ပါတယ်။ အမှုရင်ဆိုင်ကြတော့ ရာဘာပင်ပေါက်တွေကို သူခုတ်ခဲ့သလား၊ မခုတ်ခဲ့ဘူးလား ဘာမှ မပြောနိုင်ပါဘူး၊ ရွာဥက္ကဌက တရားလိုဘက်က ကျေနပ်အောင် အဘိုးကြီးကို ဒဏ်ငွေရိုက်လိုက်ပါတယ်။
ဒီကိစ္စမှာ တရားလိုက ရွာကို နောက်မှ ပြောင်းလာတဲ့ အုပ်စုဘက်ကဖြစ်နေ၊ စွပ်စွဲတာက ရွာခံဘက်က ရပ်မိရပ်ဖဖြစ်နေ၊ အဆုံးအဖြတ်ပေးတာကလည်း နောက်မှ ပြောင်းလာတဲ့ အုပ်စုဘက်က ဖြစ်နေတော့ ဒီအမှုက ရိုးရိုးသာမန်အမှုတခုအဖြစ် မမြင်ကြတော့ပါဘူး။
နောက်ပိုင်းမှာ ရာဘာပင်ပျိုတွေ မကြာခဏပြတ်နေတာကို တွေ့ရတော့မှ၊ တောထဲက ဂျီတွေ၊ ဒရယ်တွေ ကိုက်ဖြတ်တာလို့ ရွာခံတွေကြားထဲမှာ ပြောလာကြပြန်ပါတယ်၊ ဒါပေမယ့် စောစောက ရွာခံ အဘိုးကြီးကတော့ ဒဏ်ရိုက်ခံရိုက်ပြီး မကြာခင်မှာပဲ မစားမသောက်ဘဲနေရင်း ကွယ်လွန်သွားခဲ့ပါတယ်။
****
ဆရာတော် အသည်းအသန် ဖြစ်နေတဲ့အချိန်မှာတော့ ကျောင်းကို တရားဝင်လွှဲပြောင်းဖို့ ဖြစ်ပါတယ်။ ရွာကို နောက်မှ ရောက်လာတဲ့ လူတွေက သူ့တို့ပင့်ထားတဲ့ မွန်ရဟန်းပျိုကို ကျောင်းအပ်ဖို့ ဆရာတော်ကို လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီအချိန်မှာ ရွာခံတွေက ဗမာရဟန်းပျိုတပါးကို ပင့်ထားပါတယ်။ ရွာခံတွေက ကျောင်းဒကာ မြို့က သူဌေးကို ခေါ်လာပြီး ဗမာရဟန်းပျိုကို လွှဲပေးဖို့ ဆရာတော့်ကို တိုက်တွန်းခိုင်းပြန်ပါတယ်။
ဒီတခါတော့မြို့က သူဌေးက ငယ်ပေါင်းကြီးဖော် ရွာခံတွေဘက်က လိုက်ညပီး ဆောင်ရွက်ပေးပါတယ်။ ဆရာတော်ခမျာမှာ မျက်စိကမွဲ၊ နားက ကောင်းကောင်း မကြားပေမယ့်လည်း သူ့ဒကာတွေ သွေးကွဲနေတာကိုတော့ သူမပျံ လွန်ခင်လေးမှာ သိသွားရှာပါတယ်။
စကားမပြောနိုင်တော့လို့ ဘာမှ မပြောခဲ့ပေမယ့် ရွာခံဒကာတွေဘက်က ဗမာဆရာတော်ကို ကျောင်းအပ်ဖို့ လက်မှတ်ထိုးပေးသွားခဲ့ပါတယ်။ ဒါကြောင့် ရွာခံတွေဘက်က ဗမာဆရာတော်တပါး ကျောင်းထိုင်ဖြစ်လာပြီး မွန်လူမျိုး ရဟန်းပျိုကလေးကို ကျောင်းပေါ်ကနေ အတင်းနှင်ချလိုက်ပါတယ်။
****
ဒါကို မကျေနပ်တဲ့အုပ်စုက သူတို့ ပင့်ထားတဲ့ မွန်ဆရာတော်အတွက် ရွာပြင်မှာ ကျောင်းတဆောင် ဆောက်ပါတယ်။ အဲဒီအနားမှာပဲ နောက်ထပ် ဘုရားတဆူကို တည်ပါတယ်၊ ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားကိုလည်း သပိတ်မှောက်ကြပါတယ်။ နဂိုရွာခံတွေကပဲ မြို့က သူဌေးတွေနဲ့ ဆရာတော့်ရဲ့ နောက်ဆုံးခရီးကို စည်စည်ကားကား ဖြစ်အောင် ကျင်းပပေးလိုက်ကြပါတယ်။
အုပ်စုနှစ်စုလို့ ဆိုပေမယ့် တချိုကလည်း ငယ်ငယ်ကတည်းက ဆရာတော်ကျောင်းမှာ အတူတူကစားဖက်၊ စာသင်ဖက်တွေ ဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ တချိုကဆိုရင် ဒီရွာကလေးမှာ ခေတ်ဆိုးကို အတူတူဖြတ်သန်းခဲ့တဲ့၊ ရွာကလေးကို သူခိုးဒမြတွေ ရန်ကနေ ကာကွယ်ခဲ့ကြတဲ့ ရွာကို တကယ်အမှန်တကယ် ချစ်တဲ့ ရွာသားကြီးတွေပါ။
ဒါပေမယ့် ခေတ်ပြောင်းလာတဲ့ အချိန်ကျတော့မှ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်ပြီး တအုပ်စုဆီ ဖြစ်သွားကြပါတယ်။ နောက်တခုကလည်း လူမျိုးရေးပဋိပက္ခက ဒီရွာတရွာတည်းမှာ ကွက်ညပီး ဖြစ်နေတာပါ၊ ရွာခံတွေနဲ့ နောက်မှ ပြောင်းလာတဲ့ မွန်လူမျိုးတွေကြား အဆင်မပြေဖြစ်ကြပေမယ့် ရွာခံဗမာလူမျိုးတွေက အနီးအနားက မွန်ရွာတွေနဲ့ကျပြန်တော့လည်း ဟိုတုန်းကအတိုင်းပဲ ဆက်ဆံရေးမပျက် ချစ်ချစ်ခင်ခင်ပါပဲ။
****
ဒီလိုနဲ့ ဆရာတော် ပျံလွန်တော်မူတဲ့အခါ ဆရာတော်ဈာပနကို သပိတ်မှောက်သူတွေက ဘုရားထီးတင်ခဲ့ကြတဲ့ မွန်ရဟန်းပျိုလေးတို့ အဖွဲ့ဖြစ်သွားပြန်ပါတယ်။  အဲဒီအဖွဲ့မှာ ပါနေပေမယ့် ငယ်ငယ်က ဆရာတော့်ကျောင်းမှာ စာအံခဲ့တဲ့ ရွာခံ အမျိုးသမီးကြီးတွေဟာ ငယ်ငယ်ကတည်းက သူတို့ ကြောက်ချစ်ရိုသေခဲ့ရတဲ့ ဆရာတော်ကြီးကို နောက်ဆုံးအချိန်အဖြစ် ဖူးချင်ကြပါတယ်၊ ရှိခိုးဦးခိုက်ချင်ကြပါတယ်။
ဒါပေမယ့် မခံချင်စိတ်နဲ့ အဖွဲ့လိုက် သပိတ်မှောက်ထားကြတော့ သွားချင်ရက်နဲ့ မသွားရရှာပါဘူး၊  တဖက်အုပ်စုက အရှက်ခွဲပြီး မောင်းလွှတ်မှာလည်း စိုးရိမ်ကြပါတယ်၊ ဒါကြောင့် ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ဆရာတော်ကျောင်းမှာ အတူတူပြေးပြေးလွှားလွှား ကစားခဲ့တာတွေကို တစိမ့်စိမ့်တွေးရင်း ဆရာတော့်ဈာပနရဲ့ ငိုချင်းသီချင်းနဲ့ အိမ်ထဲမှာပဲ ကြိတ်ငိုကြပါတယ်။
ဒါနဲ့ မကျေနပ်တဲ့အခါ “ဟယ် -ဘာပဲဖြစ်ဖြစ် ငါတို့ ဆရာတော်ကြီးရဲ့ နောက်ဆုံးအချိန်မှာ ဘယ်သူတွေ ဘာပြောပြော သွားကန်တော့မှပဲ” လို့ စိတ်ပိုင်းဖြတ်ပြီး ဆရာတော့်ကျောင်းဘက်ကို သွားမယ်လို့ ဆုံးဖြတ်ပြီးမှ “မဖြစ်ပါဘူးလေ” ဆိုပြီး နောက်ပြန်လှည့် ရွာရိုးကိုးပေါက်လျှောက်ရင်း ဟိုအိမ်ဝင်ရကောင်းနိုး၊ ဒီအိမ်ဝင်ရကောင်းနိုး၊ ဘယ်အိမ်မှ မ၀င်ဘဲ ရွာလည်လမ်းမတလျှောက် နေမထိထိုင်မသာ ခေါက်တုံခေါက်ပြန် လျှောက်ရင်း ငိုကြယိုကြပြန်ပါတယ်။
ငယ်သံယောဇာဉ် မကုန်တဲ့ တချို့အမျိုးသမီးကြီးတွေက “သနားပါတယ်ဟယ်၊ ဒီကောင်မတွေ နဂိုကတည်းက ငါတို့ဘက်က နေလိုက်ရင် ဒီလိုမငိုရပါဘူး” လို့ ကွယ်ရာမှာ တိုးတိုးဆိုကြပါတယ်။ ဒါပေမယ့် တချို့က “အို -- ရွာဘုရားပွဲတုန်းကလည်း  ငါတို့ ဒီလိုပဲ ငိုခဲ့ရတာပဲ၊ ဒီတခါတော့ ဒင်းတို့ အလှည့်” ဆိုပြီး လျစ်လျူရှု ထားလိုက်ကြ ပါတယ်။
အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ရွာရဲ့ ဘုန်းကြီးကျောင်းအကွဲအပြဲက စလိုက်တဲ့ ပြဿနာဟာ ဘယ်လိုမှ စေ့စပ်မရ အောင်ပါပဲ။ သာရေးနာရေး လူမှုရေး အသေးအဖွဲတွေကနေ  လူမျိုးရေးအထိ အကျယ်ချဲ့ကြတယ်။ လူကြီးတွေက အလှူအတန်းနဲ့ စီးပွားမှာလည်း အကြွားပြိုင်ကြတော့ ရွာလူငယ်တွေမှာပါ တစောင်စောင် တကျက်ကျက်ပါပဲ။
ဒီရွာရဲ့ မပြီးမစီးနို်င် တနေ့တမျိုးမရိုးတဲ့ ဇာတ်လမ်းတွေကို အနီးနားက ရွာတွေကတော့ သန်းတုတ်ရင်း ပြောကြ၊ လက်ဘက်ရည်ခြမ်းဝိုင်း ထိုင်ရင်း မြည်းကြလေရဲ့။

by maukkha

အပြီးမသတ်သောပုံပြင်

ဟိုးရှေးရှေးတုန်းက ကျေးငှက်တိရစ္ဆာန်နဲ့ တောကောင်ငယ်အများစုသာ နေထိုင်တဲ့ သာယာလှပတဲ့ တောအုပ်ငယ်လေးတစ်ခုမှာ တိရစ္ဆာန်လေးတွေဟာ အချင်းချင်း အတူတကွ ပျော်ရွှင်ညီညွတ်စွာနဲ့ နေထိုင်ကြသတဲ့ကွယ်။ အဲ့ဒီတောအုပ်လေးကို စည်းစံနစ်တကျ အုပ်ချုပ်နေတဲ့သူကတော့ ပညာရှိ ဦးဇီးကွက်ကြီးပဲပေါ့။ ဦးဇီးကွက်ရဲ့ ဆုံးဖြတ်မှု၊ ဆုံးမမှုအောက်မှာ တိရစ္ဆာန်လေးတွေ အားလုံးဟာ သင့်မြတ်ပျော်ရွှင်စွာ နေထိုင်ကြသတဲ့ကွယ်။ ဖြူဖွေးတို့ ယုန်မိသားစုဟာလည်း ဒီတောအုပ်လေးထဲမှာ စံပြလို့ပြောလို့ရအောင် နေထိုင်ကြတဲ့ မိသားစုလို့ ပြောလို့ရတယ်ကွဲ့။
တစ်နေ့မှာ တစ်ဖက်တောအုပ်ကြီးထဲက မြေခွေးဖိုးရှုပ်ဟာ ဖြူဖွေးတို့ရှိတဲ့ တောအုပ်ငယ်လေးထဲကို ရောက်လာလေတယ် ။ တကယ်တမ်းက ဖိုးရှုပ်ဟာ သူနေထိုင်ရာတောကို စွန့်ခွာထွက်ပြေးရင်း လေလွင့်လာကာ ဖြူဖွေးတို့ရှိရာ တောအုပ်လေးထဲကို မျက်စေ့လည် လမ်းမှားပြီး ရောက်လာခဲ့တာကွဲ့။ သူနေခဲ့တဲ့ တောအုပ်ကြီးထဲမှာ သူ့ထက်အားနည်းတဲ့ တိရစ္ဆာန်တွေကို ညှာတာမှုမဲ့ လွန်လွန်ကျူးကျူး ဖမ်းဆီးသတ်ဖြတ် စားသောက်လို့ တောဘုရင် ကေသရာဇာခြသေ့င်္မင်းကိုယ်တိုင် ပြန်မလာရအမိန့်နဲ့ မြိုင်ရပ်ကနေ နှင်ထုတ်ခြင်း ခံထားရသူပေါ့ကွယ်။
ဒီလိုနဲ့ မြေခွေးဖိုးရှုပ်တစ်ကောင် ယုန်လေးဖြူဖွေးတို့ မိသားစုရှိရာ တောအုပ်ကို ရောက်ပြန်တော့လည်း ဗီဇဟောင်းက မဖုံးဖိနိုင်ပဲ တိရစ္ဆာန်ငယ်လေးများကို တစ်နေ့တစ်မျိုးကျ ဖမ်းယူစားသောက် ပွဲတော်တည်နေလေသတဲ့။ ဖြူဖွေးတို့ရဲ့ အေးချမ်းနေတဲ့ တောအုပ်လေးလဲ အရင်လို မဟုတ်တော့ပဲ မြေခွေးဖိုးရှုပ်ကြောင့် ပူပန်ရ၊ ကြောက်ရွံ့ရ၊ သောကတွေပွေလို့ ရုတ်ရုတ်သည်းသည်း ဖြစ်နေရတော့တာပေါ့ကွယ်။ တောကောင်ငယ်လေးတွေ ဖြစ်နေတာရော၊ နဂိုထဲက အေးအေးဆေးဆေးနေတတ်တဲ့ တိရစ္ဆာန်လေးတွေပဲရှိတာကြောင့် ဖိုးရှုပ်ရဲ့အန္တရာယ်ကို ဘယ်လို ကာကွယ်ရမှန်း မသိကြပေမယ့် အားလုံးက သတိအနေအထားနဲ့ ရင်တမမရှိကာ နေနေရတာပေါ့ကွယ်။ အေး… ဒီလိုနဲ့ မြေခွေးဖိုးရှုပ်လည်း တစ်နေ့တမျိုးနဲ့ ဖမ်းယူစားသောက်ရင်းက တစ်နေ့မှာတော့ “ ငါ ယုန်သားမစားဘူးသေးဘူး။ ယုန်သားက ချိုတယ်။ အရသာရှိတယ်လို့ ငါကြားဖူးတယ်။ အင်း… ဒီနေ့တော့ ယုန်သားကို ရအောင် ဖမ်းစားရမယ် ” ဆို သံဓိဋ္ဌာန်ချလို့ ယုန်ရှာဖွေထွက်ခဲ့သတဲ့ကွယ်။
မြေခွေးဖိုးရှုပ်ရဲ့ တီးတိုးကြိမ်းဝါးသံကို ခေါက်ရှာငှက်လေးက သစ်ပင်ပေါ်ကနေကြားပြီး တောအုပ်ငယ်ထဲမှာ ရှိသမျှ ယုန်မိသားစုများကို လိုက်လံသတိပေးသတဲ့။
“ ယုန်မိသားစုများအားလုံး သတိဝီရိယနဲ့သာ နေပေတော့။ မြေခွေးဖိုးရှုပ်တော့ ဒီတစ်ခါ ယုန်သားစားမယ်လို့ ကြိမ်းဝါးနေသံကြားရတယ် ”
ခေါက်ရှာငှက်လေး သတိပေးလို့ ပညာရှိဦးဇီးကွက်အပါအ၀င် တောထဲက တိရစ္ဆာန်ငယ်လေး တွေအားလုံးဟာ ဖိုးရှုပ်လာရင် သူ့ရန်က ဘယ်လို ကာကွယ်ရမယ်ဆိုတာ ကြိုတင်ပြင်ဆင်ကြလေသတဲ့။
ဒီလိုနဲ့ တိရစ္ဆာန်ငယ်လေးတွေက ညီညွတ်ပြီး စည်းစည်းလုံးလုံးရှိနေကြတော့ ဖိုးရှုပ်လည်း ယုန်လေးတွေကို ဘယ်လိုပဲ ရှာဖွေစားစား ရှာမတွေ့ဘူးတဲ့။ တွေ့ပြန်တော့လည်း အပြေးမြန်လွန်းတဲ့ ယုန်ကလေးတွေကို သူမိအောင် ဘယ်လိုနည်းနဲ့မှ မဖမ်းနိုင်ဘူးတဲ့ကွယ်။ တစ်နေ့မှာတော့..
“ ယုန်သားကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရအောင်စားမယ်။ ငါတစ်ကောင်ထဲ မဖမ်းနိုင်ရင် အရင်ငါနေခဲ့တဲ့ တောအုပ်က အပြေးမြန်တဲ့ ကိုကျားကြီးကို အသုံးချပြီး ဖမ်းခိုင်းရမယ် ” ဆို ဥာဏ်နီဥာဏ်နက်ထုတ်ပြီး ကိုကျားကြီးဆီသွားလို့…
“ ကိုကျားကြီး.. ကျုပ်အခုနေနေတဲ့ တောအုပ်က ဖမ်းစားစရာ တောကောင်တွေ ပေါမှပေါဗျာ။ တစ်နေ့ဘယ်နှစ်ကောင်စားချင်သလဲ။ စိတ်ကြိုက်အလွယ်တကူနဲ့ကို ဖမ်းစားလို့ရတယ်ဗျာ။ ကျုပ်စားဖူးတဲ့ အထဲမှာတော့ ယုန်သားလောက်ကောင်းတဲ့ အသားဘယ်မှာမှ မတွေ့ဘူးဗျို့။ ချိုအိပြီး နူးညံ့နေလိုက်တာများဗျာ အခုပြောနေရင်း သွားရည်များတောင်ယိုလာတယ်။ ကိုယ့်မိတ်ဆွေရင်းမို့ စားစေချင်လွန်းလို့ အခုလို တကူးတကန့်လာပြောတာဗျ။ ကျုပ်နဲ့ လိုက်ခဲ့ပြီး ယုန်သားလေး လာလွှေးလှည့်စမ်းပါဗျာ ” လို့ မြေခွေးတို့မာယာတွေ ပေါပေါလှိုင်လှိုင် ထုတ်သုံး၊ မက်လုံးတွေပေးပြီး ကိုကျားကြီးကို ဒီဘက်တောအုပ်ငယ်ဆီကို လှည့်ဖျားခေါ်လာခဲ့သတဲ့။
ကိုကျားကြီးကလည်း တစ်ခါမှ မစားဘူးတဲ့ ယုန်သားကို စားချင်မိတဲ့စိတ်နဲ့ လိုက်ခဲ့ရပေမယ့် မြေခွေးဖိုးရှုပ်ရဲ့ စဉ်းလဲတဲ့ စိတ်ထားကို အရင်ထဲက သိထားလေသူဆိုတော့ မသွားခင်မှာ…
“ ဒီမှာ ဖိုးရှုပ်.. ဒီတောထဲမှာ နာမည်ပျက်မရှိအောင် ငါနေခဲ့တာ မင်းအသိနော်။ ငါ့တောမှာ ငါ့သိက္ခာနဲ့ငါနေနေတာ။ အေး.. ဒါပေမယ့် မင်းခေါ်လို့ ငါ အားနာပြီးလိုက်ခဲ့မယ်။ ဒါပေမယ့် မင်းနဲ့ ဒီအတိုင်းတော့ ငါမလိုက်နိုင်ဘူး။ ငါ.. မင်းကို မယုံကြည်ဘူး။ တစ်ခုခုဆို ငါ့ကိုထားပြီး မင်းကိုယ်လွတ်ရုန်း ထွက်မပြေးသွားနိုင်အောင် မင်းရဲ့အမြှီးနဲ့ ငါ့ရဲ့အမြှီးကို အတူတူ ကြိုးနဲ့ ပူးပြီးချည်နှောင်ထားမှဖြစ်မယ် ”
ကိုကျားကြီးစကားလည်းဆုံးရော မြေခွေးဖိုးရှုပ်လည်း …
“ကိုကျားကြီးကလည်းဗျာ.. မြေခွေးကို မယုံကြည်သလိုလို ဘာလိုလိုနဲ့။ ကဲ.. ကဲ စိတ်ကြိုက်သာလုပ်ပါဗျာ။ ခင်ဗျားကို ကျွန်တော်က မဟုတ်တာပြောပါ့မလားဗျ ” ဆိုပြီး အမူပိုပိုနဲ့ပြောကာ အမြှီးနှစ်ခု ပူးချည်တာကို အောင့်သီးအောင့်သက် နဲ့ ခံလိုက်ရလေသတဲ့။
ဒီလိုနဲ့ သူတို့နှစ်ကောင် အမြှီးနှစ်ခုပူးလျှက်နဲ့ တစ်ဖက်တောအုပ်ငယ်လေးဆီကို လာနေတာကို တွေ့တဲ့အခါ ကင်းစောင့်နေကြ ခေါက်ရှာငှက်ငယ်လေးက “ ရန်သူဟာ အခုအခါ တစ်ကောင်ထဲ မဟုတ်ပဲ နှစ်ကောင်ပူးလာနေပါပြီ..။ အားလုံးသတိပြုကြပါလို့ ” တစ်တောလုံးကို သတိလိုက်ပေး လေသတဲ့။
မြေခွေးဖိုးရှုပ်နဲ့ ကိုကျားကြီးလည်း သူတို့ပစ်မှတ်ဖြစ်တဲ့ ယုန်မိသားစုကို ဖမ်းစားဖို့ သွားရည် တမြှားမြှားနဲ့ လိုက်ရှာကြသတဲ့ကွယ်။ ကံဆိုးချင်လေတော့ ယုန်ဖြူဖွေးတို့ မိသားစု ပုန်းအောင်းရာ နေရာကို နောက်ဆုံးမှာ သူတို့ရှာတွေ့သွားသတဲ့။  ဖြူဖွေးလည်း “ အလို.. မြေခွေးနဲ့အတူ ကျားကြီးတစ်ကောင်ပါ ပါလားပါရော့လား။ အပြေးသန်တဲ့ ကျားကြီးပါလာတော့ ငါတို့အရင်လို ပြေးလို့လွတ်မယ်မထင်ဘူး။ ဒီတော့ ဥပ္ပါယ်တစ်မျှင်သုံးမှ ” ဆိုပြီး … မြေခွေးဖိုးရှုပ်နဲ့ ကျားကြီးတို့ကြားရအောင် ..
“ ကိုကြီးမြေခွေးဖိုးရှုပ်က စေတနာကောင်းတယ်နော်။ ဟိုဘက်တောအုပ်က ကျားကြီးကို ဒီနေ့ ငါတို့ဆီ ညာခေါ်၊ ထောင်ခြောက်ဆင်ဖမ်းပြီး အရသာရှိတဲ့ ကျားသားကျွေးမယ်တဲ့။ ကျားကြီးကို ငါတို့ တစ်တောလုံးက ၀ိုင်းဖမ်းဖို့ စောင့်နေကြတာ။ သူက အခုထက်ထိ မလာသေးပါလားကွ ” လို့ အော်ပြောလိုက်လေတယ် ။
တစ်ချိန်ထဲမှာပဲ ကြိုတင်ပုန်းအောင်းနေတဲ့ ပညာရှိ ဦးဇီးကွက်ဦးဆောင်တဲ့ တောကောင်ငယ်များက ဆူဆူညံညံအသံများ တစ်ပြိုင်နက်ထဲပြုလုပ်ပြီး  ညာသံပေးကာ ထွက်လာကြတယ်။
“ ဖမ်းဟ၊ ဆီးဟ ..။ ဒီကျားကို အလွတ်မပေးနဲ့။ မိတာနဲ့ အရေခွံဆုတ် စားပစ်မယ် ”
ယုန်ဖြူဖွေးရဲ့ အသံကိုကြားလိုက်ပြီးတာနဲ့ မမျှော်လင့်တဲ့ ဆူဆူညံညံ တောခြောက်သံတွေကြောင့် ကိုကျားကြီးလည်း မြေခွေးဖိုးရှုပ် သူ့ကိုထောင်ခြောက်ဆင် ဖမ်းပြီထင်ပြီး တစ်ဖက်တောအုပ်ရှိရာကို ဖ၀ါးနဲ့ ခြေတစ်သားထဲကျအောင် ပြေးပါလေတော့သတဲ့ကွယ်။ ဒါပေမယ့် ခုနက အမြှီးကို အတူတူ ပူးချည်နှောင်ထားလေတော့ မြေခွေးငရှုပ်လည်း သူ့ထက် ခွန်အားကြီးတဲ့ ကိုကျားကြီးရဲ့ ထွက်ပြေးရာကို မလွန်ဆန်နိုင်တော့ပဲ လမ်းတစ်လျှောက် ရှိသမျှခလုပ်တွေကို ပွတ်တိုက်လို့  ပွန်းပဲ့ဒါဏ်ရာများနဲ့ သွေးအလိမ်းလိမ်းထွက်ကာ အနောက်ကနေ ဒရွတ်တိုက်ပါသွားရရှာ လေသတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါကွယ်..။
………………@@@………………


မေမေက ပုံပြောပြီးသွားလို့ သားရဲ့ကျောလေးကို ပွတ်လို့သိပ်ဖို့လုပ်ပေမယ့် သားကတော့ မအိပ်နိုင်ရှာပဲ အမေးအမြန်းထူတဲ့ အရွယ်ပီပီ သူသိချင်တာလေးများကို မေးပါလေတော့တယ်။
“ မေမေ.. မြေခွေးက စိတ်ကောင်းမရှိလို့ ခံရတာပေါ့နော် ”
“ အေးပေါ့ သားရဲ့။ ဒါကြောင့် စိတ်ထားကောင်းရင် ကံကောင်းတတ်တယ်လို့ မေမေသားကို ပြောပြောနေတာပေါ့ ”
“ ယုန်လေးက ဥာဏ်ရှိတယ်နော် မေမေ ”
“ ဟုတ်တယ်သား။ သား သတိမထားမိလိုက်တာ တစ်ခုမေမေပြောပြမယ် ။ သားကျောင်းမှာလည်း သင်ရမှာပေါ့။ ယုန်က အသားစားသတ္တ၀ါလား၊ အသီးအရွက်စား သတ္တ၀ါလား ”
“ အသီးအရွက်စား သတ္တ၀ါပါ မေမေ ”
“ အေး.. ယုန်လေးဖြူဖွေးက ဥာဏ်သုံးပြီး မြေခွေးဖိုးရှုပ်တော့ ဒီနေ့ အရသာရှိတဲ့ ကျားသားကျွေးမယ် လို့ ပြောလိုက်တယ်နော် ”
“ ဟာ.. ဟုတ်တယ်နော်။  ယုန်က အသားမစားတာကို ကျားကြီးက သတိမေ့သွားပုံရတယ်နော် ”
“ သတိမေ့တာက ယုန်မဟုတ်ဘူး သားရဲ့။ မြေခွေးနဲ့ကျားက မေ့သွားတာ။ သူတစ်ပါးအပေါ် ဒုက္ခရောက်စေချင်တဲ့ စိတ်ကများလာတော့ မွှန်ထူပြီး အမှန်နဲ့အမှား၊ လုပ်သင့်၏ မသင့်၏ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့ဘူးပေါ့။ ဒါကြောင့် သူများမကောင်းကြံ ကိုယ်သာခံ..ဆိုတဲ့ စကားပုံဖြစ်လာတာပေါ့။ မေမေတို့ ဘုရားဟောမှာလည်း ကံ..ကံ၏အကျိုးရှိတယ် သားရဲ့။ ကိုယ်ပြုတဲ့ကံက ကိုယ့်ထံတစ်ချိန်မှာ ပြန်ကို ရောက်လာတတ်တယ်။
သားကငယ်သေးတော့ ဒီလိုပြောရင် နားထွေးနေလိမ့်မယ်။ ကဲ.. ဒီလက်ကိုင်မှန်လေးဝိုင်းကို သားယူကြည့်ပြီး မှန်ထဲကို ပြုံးပြကြည့်စမ်း။ သား…ဘာတွေ့လည်း မေမေ့ကို ပြောပြ ”
“ သား ပြုံးနေတဲ့ပုံကို ပြန်မြင်ရတယ် မေမေ ”
“ ဒီတစ်ခါ သားက မှန်ထဲကို မဲ့ပြကြည့်လိုက်ပါဦး။ ဘာတွေ့ရလဲ ”
“ သား မဲ့နေတဲ့ပုံ ပြန်မြင်ရတယ် မေမေ ”
“ အေး.. သားပြုံးရင် မှန်ထဲက သားပုံရိပ်ကပဲ သားကို သားပြုံးသလို ပြန်ပြုံးပြတယ်။ အဲ့ဒီလိုပဲ သားမဲ့ပြတော့ မှန်ထဲက သားပုံရိပ်က သားကို ပြန်မဲ့ပြတယ်နော် ”
“ ဟုတ်ကဲ့ မေမေ ”
“ အေး.. ဒီမှန်ကို ကြည့်သလိုပဲ သားက ကောင်းတာကိုလုပ်ရင် ကောင်းတဲ့အကျိုးကို သားပဲပြန်ခံစားရမယ်။  မကောင်းတာကို သားလုပ်ရင် မကောင်းမှုက သားဆီပြန်ရောက်လာလိမ့်မယ် ”
“ သား သဘောပေါက်ပြီမေမေ။ ကျားကြီးက သူငယ်ချင်းပေါင်းမှားသွားတာပေါ့နော် ”
“ ဟုတ်တယ်သား။ မကောင်းတဲ့ သူငယ်ချင်းကြောင့် ကိုယ်ပါ ဒုက္ခတွေ့ရတတ်တယ်။ မကောင်းမှုဆိုတဲ့ ညစ်ပတ်နံစော်နေတဲ့ အညစ်အကြေး အထုတ်ကြီးကို ပိုက်ထားမယ့်အစား အဝေးမှာ သွားလွှတ်ပစ်ရမယ်။ မဟုတ်ရင် သားကိုယ်မှာ အနံ့ဆိုးတွေ စွဲကပ်နေမှာ သေချာတာပေါ့..။ မဟုတ်ဘူးလား.. သား ”
“ ဟုတ်ကဲ့ပါ မေမေ..။ ဒါနဲ့ မြေခွေးက ကျားကြီးပြေးရာနောက် ဒရွတ်တိုက်လိုက်ရင်း နောက်ဆုံးကျတော့ သေသွားရောလား မေမေ..  ”
“ အင်း.. မေမေလည်း အဲ့ဒါသိချင်နေတာ ။ မြေခွေးဆိုတာမျိုးက အသက်ပြင်းတယ်လေ.. သားရဲ့..။ ဒီတော့ သေမသေ မေမေလည်း တပ်အပ်မပြောနိုင်ဘူးပေါ့ သားရယ်။ ကဲ..ကဲ.. ဥာဥ့်နက်ပြီ။ မေမေ့သားလေး အိပ်တော့နော် ”
မေမေက သားရဲ့နဖူးပြင်လေးကို ဖွဖွလေးငုံ့မွှေးလိုက်တယ်။ သားရဲ့ မျက်တောင်လေးများက တဖြည်းဖြည်းနဲ့ မှေးစင်းလို့လာတယ်။ သားက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပေမယ့် မေမေ့ရဲ့ အတွေးထဲမှာတော့ သားကိုပြောပြတဲ့ ပုံပြင်က အပြီးမသတ်နိုင်သေးဘူး။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

by myathwayni

ဥာဏ်နီဥာဏ်နက်

ဟေမာန်ဆောင်းကာလ။ တောင်တန်းတစ်လျှောက် နှင်းတွေနဲ့ ဖုံးလွှမ်းလို့နေတယ်။
ကိုရွှေဝက်ဝံဟာ နွေရာသီတုန်းက သူနဲ့ မြွေကြီးလောရှည်တို့ ခိုးယူခဲ့တဲ့ ပစ္စည်းတွေကို ခွဲဝေစိတ်ဖြာယူဖို့အတွက် တောင်ကြား လျှိုထဲမှာ ရှိတဲ့ မြွေကြီးရှိရာကိုသွားဖို့ ပြင်လေတယ်။ ဒါနဲ့ ကိုရွှေဝက်ဝံက အဲ့ဒီကိုသွားဖို့ မြည်းပုလေးဆီက စွတ်ဖားလှည်းကို ငှါးတယ်။ ပြီးတော့ တောင်ကြားထဲက မြွေကြီးရှိရာကို စွတ်ဖားလှည်းလေးနဲ့ သွားကြတယ်။ ဟိုလည်းရောက်ရော မြည်းပုလေးက သူ့လှည်းကို ငှါးရမ်းခ အခကြေးငွေကို ကိုရွှေဝက်ဝံထံ က တောင်းတော့တာပေါ့။ ဒီတော့ ကိုရွှေဝက်ဝံက “ ငါက မင်းရဲ့လှည်းနဲ့ပဲ အိမ်ပြန်မှာလေကွာ။ ဒီတော့ အိမ်ကိုပြန်ရောက်မှပဲ မင်းရဲ့ လှည်းငှားခ ကိုယူပေတော့ ” လို့ ပြောလေတယ်။
ကိုရွှေဝက်ဝံလည်း မြွေကြီးနဲ့ဆောင်ရွက်စရာရှိတာ ကိစ္စအ၀၀ပြီးလည်းပြီးရော တောင်ကြားကနေ မြည်းလေးရဲ့ စွတ်ဖားလှည်း လေးနဲ့ အိမ်ကို ပြန်လာခဲ့ကြတယ်။ ပြန်လည်းရောက်ရော မြည်းပုလေးလည်း ကိုရွှေဝက်ဝံဆီက သူရမယ့် အခကြေးငွေကို တောင်းပါလေရော။ နင်လားငါလား ငှားရမ်းခငွေပေးရမယ့် အချိန်လည်းကျရော ကိုရွှေဝက်ဝံက ဒဿန ဗေဒဆရာကြီး တစ်ယောက်ရဲ့ လေသံနဲ့ အခုလိုပြောလေတယ်။
“ ကိုမြည်းရယ်.. ခင်ဗျားကလည်း တော်တော်ပိန်းပါ့ ။ ဒါရိုးရိုးလေးပါဘဲ။ ခင်ဗျားကျုပ်ကို ဒီကနေ ဟိုကို ပို့ပေးတယ်။ နောက် ဒီခရီး လမ်းကြောင်း အတိုင်းပဲ ဟိုကနေ ဒီကိုပြန်ခေါ်လာပေးတယ်။ ဒီတော့ ဒီခရီးစဉ်က တစ်ခုနဲ့ တစ်ခု ဘဲစားဘဲခြေ ဖြစ်သွားပြီးလို့ ခင်ဗျားကို လှည်းငှါးရမ်းခငွေ ပေးစရာမလိုတော့ပါဘူးဗျာ.. ” လို့ပြောလိုက်လေတယ်။ မြင်းပုလေးလည်း ၀က်ဝံရဲ့ ယုတ်မာတဲ့ အပြောကြောင့် တော်တော်လေး ဒေါသထွက် သွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ သူ့ရဲ့ဒေါသကို သူထိမ်းချုပ်လိုက်နိုင်တယ်။ ဒီလို ၀က်ဝံမျိုး ဒီတစ်ခါပဲဆက်ဆံတော့မယ်လို့ သဘောပိုက်ပြီး ဘာဆိုဘာမှကို ပြန်မပြောတော့ပဲ နေရာကနေ ထွက်ခွာလာခဲ့တယ်။
ဝက်ဝံလည်း တရွေ့ရွေ့ထွက်သွားလေတဲ့ မြည်းပုလေးနဲ့ သူ့ရဲ့ စွတ်ဖားလှည်းလေးကို ကြည့်ရင်း “ တယ်ပိုင်တဲ့ ငါပဲကွ ” ဆိုပြီး တဟားဟား ရယ်မောကာ ကျန်ခဲ့လေသတဲ့။ ဒါပေမယ့် ၀က်ဝံမသိလိုက်တာကတော့ မြည်းပုလေးရဲ့ ရင်ထဲက ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကိုပါဘဲ။
“ အင်း.. ဒီဝက်ဝံ တော်တော်ဆိုးတာပဲ။ ၀က်ဝံဆိုတဲ့ ကောင်တွေက ဒီလိုပဲ ထင်ပါရဲ့။ ငါ့ရဲ့ လှည်းငှါးခ မရတာက အရေးမကြီးဘူး။ ဒီလို အကျင့်ရှိတဲ့ ကောင်မျိုးနဲ့ ရင်မဆိုင်တာကောင်းတယ်။ ဒီလို ၀က်ဝံမျိုးတွေ ဝေးဝေးကရှောင်ဖို့၊ သူ့ရဲ့ကောက်ကျစ်တဲ့ ဥာဏ်နီ ဥာဏ်နက်က လွတ်ကင်း အောင်နေကြဖို့ ငါ့ရဲ့မျိုးနွယ်တွေနဲ့ တကွ ငါ့ပါတ်ဝန်းကျင်က သူတွေအားလုံးကို အခုပဲ အမြန်သတင်း ပို့မှဘဲ ”
အဲ့ဒီအချိန်ကစပြီး မြည်းဆိုတဲ့ သထ္ထ၀ါတွေဟာ ၀က်ဝံတွေဆို အဝေးဆုံးကနေ ရှောင်ရှားလာလိုက်တာ အခုထိပါဘဲ။
ဒီပုံပြင်လေးကို ကြည့်လိုက်ရင် ၀က်ဝံရဲ့ မသမာမှုတွေကို အတိုင်းသား တွေ့မြင်မှာပါ။ မသမာတဲ့ လူတွေဟာ သူတို့မှာ ဆင်ခြေ အမြဲရှိပြီးသားပါ။ ဘယ်လို ပုံစံနဲ့ တစ်ဘက်သား အပေါ်မှာ အခွင့်အရေး တွေ အရယူရမယ်ဆိုတာ သူတို့ ကျွမ်းကျင်လှပါတယ်။ တစ်ခါ တစ်ခါ ကိုယ်က မှန်ကန်နေ ပေမယ့် ဒီလို မတရားမှုတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ သူတစ်ယောက်ကို ရင်မဆိုင်ချင်တာ တစ်ခုထဲနဲ့ နောက်ဆုတ်ပေးလိုက်ရတာမျိုး ရှိပါတယ်။ ၀က်ဝံလို လူစားတွေဟာ သူတို့ရဲ့လုပ်ရပ်တွေကြောင့် ကောင်းမွန်တဲ့ အ၀န်းဝိုင်းရဲ့ အပြင်ဖက်ကို တစ်ဖြေးဖြေးနဲ့ ရောက်သွားခြင်း ခံနေရတယ် ဆိုတာ သူတို့ကိုယ်သူတို့ သတိ မပြုကြပါဘူး။ သူတို့ဟာ လူ့အသိုင်းဝိုင်းထဲမှာ သီးခြားလူတန်းစား တစ်ရပ်အဖြစ် ရှိနေကြမယ့် သူတွေပါ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ၀က်ဝံလို လူစားတွေ အများကြီးပါပဲနော်။ သတိထား ရှောင်ကြတာပေါ့။

by myathwayni

တယူသန်နဲ့မောက်မာ

တခါတုန်းက တယူသန်နဲ့မောက်မာတို့ ကမ္ဘာကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ်တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါဝင် တည်ရှိနေလို့ပါဘဲ။ ဒါပေမယ့် အဲ့လိုရှိနေတာကိုတော့ သူတို့၂ယောက်က လုံးဝမသိကြပါဘူး.။ သူတို့၂ယောက်က အခုလို ခန္ဓာကိုယ် တစ်ခုထဲမှာအတူရှိနေကြပေမယ့် သူတို့ကိုယ်သူတို့တော့ သီးသန့်စီ တည်ရှိနေတယ်လို့ ထင်နေကြတာပါ။
တစ်နေ့မှာ တယူသန်နဲ့ မောက်မာဟာ တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိလိုက်လို့ တအံ့တသြဖြစ်သွားကြတယ် ( အမှန်က သူတို့ကသာ ၀င်တိုက်မိတယ်ထင်တာနော်။ တကယ်တော့ ခန္ဓာကိုယ်တစ်ခုထဲမှာ)။  အဲဒီ့လို ၀င်သာဝင်တိုက်မိကြတာ တစ်ယောက်ကို တစ်ယောက်မမြင်မတွေ့နိုင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ တယူသန်မှာ မျက်လုံးဆိုလို့ လုံးဝမပါဘူး။ ဒါပေမယ့် မောက်မာမှာတော့ ဦးခေါင်းထိပ်တည့်တည့်မှာ မျက်လုံးတစ်လုံး ရှိနေတယ်။
မောက်မာက ပြောတယ်။ “ မင်းဘာကြောင် ငါ့ကို အလောသုံးဆယ်နဲ့ ၀င်တိုက်ရတာလည်း.. မင်းမှာ မျက်စိမပါဘူးလားကွ.. တော်တော် ရိုင်းတဲ့ကောင် ”.. လို့ဒေါကြီးမောကြီးနဲ့ ပြောလိုက်တယ်။
အဲ့ဒီတော့ တယူသန်က “ မပါပါဘူးဗျာ..မျက်လုံးဆိုတာ ဘာမှန်းတောင်မသိပါဘူး”..လို့ ခေါင်းကို ခါရမ်းပြီးပြောလိုက်တယ်။
ဒီတော့ မောက်မာက နှာခေါင်းကိုရှုံ့လက်ပြီုး.. “အလို..မင်းမှာမျက်စိမရှိဘူး.. ဟုတ်လား?.. ဒါဆိုမင်း ကောင်းကင်ကြီးကို ဘယ်ကြည့်လို့ရမလဲ.. ကောင်းကင်ဆိုတာ ဘာမှန်းတောင် မင်းသိမယ့်ပုံမရပါဘူး..ငါကတော့ ငါ့ရဲ့တစ်ခုထဲသော မျက်လုံးနဲ့ ကောင်းကင်ကို မြင်နိုင်တယ် ကွ..။ ဒီစင်္ကြာဝဋ္ဌာကြီးမှာ ငါ့လို ကောင်းကင်ကို မြင်နိုင်တဲ့သူရှိမှာ မဟုတ်ဘူးကွ.. ငါဘာကိုဆိုလိုလည်း.. မင်းသိရဲ့လား ”..လို့ ပြောလိုက်တယ်။
တယူသန်ကတော့ “ မသိပါဘူးဗျာ.. သိလည်းမသိချင်ပါဘူး”..လို့ ခေါင်းကိုခါရမ်းပြီး ပြောပြန်တယ်။
ဒီတော့ မောက်မာက “ ငါသာလျှင် ဒီစင်္ကြာဝဌာကြီးမှာ အရှင်သခင်ကွ..ငါလိုလူ ငါတစ်ယောက်ထဲရှိတယ်ကွ”လို့ ပြောပြန် ရော။
တယူသန်ကတော့ထုံးစံအတိုင်း ခေါင်းကိုတွင်တွင်ခါလို့ “ ငါသိတာက.. စားမယ်.. အိပ်မယ်.. ငိုစရာရှိငိုမယ်..ဒါဘဲ.. မင်းရှိတာလည်း ငါအတွက် ဘာမှမထူးခြားဘူး” လို့ ပြောတယ်။
ဒီတော့ မောက်မာက နှာခေါင်းရှုံ့လိုက်ပြီး   “  ဟင်း.. ဒီကောင် ဘယ်လိုလူစားမျိုးပါလိမ့်  ” ဆိုရှုံ့ချလိုက်တယ်။
ဒီတော့ တယူသန်က “ ဟုတ်တယ်.. ဘုရားက ဖန်တီးပေးထားသလောက်ပဲ ငါယူထားတယ်.. ငါဘ၀ကို ငါကျေနပ်တယ် ” လို့ပြောလိုက်ရော မောက်မာက တယူသန်ကို “ ငနုံ.. ငနုံ.. မင်းဟာ ငနုံဘဲ ” ဆိုပြီး မြေပြင်ကို စိတ်တိုတိုနဲ့ ဆွဲလဲပစ်လိုက် တယ်။
ဒီလိုနဲ့ သူတို့နှစ်ဦး လုံးထွေးသတ်ပုတ်နေကြပါရော။ အတော်ကြာအောင်သူတို့ နပန်းလုံးကြတယ်။ ဘယ်သူ့ ဘယ်သူမှမနိုင်ပါဘူး။ နပန်းလုံးလို့ အားလည်းအားရသွားရော မောက်မာက စိတ်လျှော့လိုက်ပြီး “ အင်း.. ငါက.. ငါနဲ့ ကောင်းကင်ကြီးရယ်သာ ဒီစင်္ကြာဝဋ္ဌာကြီးထဲမှာ ရှိတယ်ထင်နေတာ.. ခုတော့ ဒီငနုံတစ်ကောင်ပါရှိနေတာ ငါလက်ခံ ရတော့မှာပေါ့” ဆိုပြီး တယူသန်ကို အသိအမှတ် ပြုလိုက်ရတော့တယ်။
အဲ့ဒီအချိန်ကစပြီး တယူသန်နဲ့မောက်မာကို အမြဲအတူ ယှဉ်တွဲတွေ့နေရတော့တယ်။ သူတို့နှစ်ယောက်ဟာ ခွဲခွာလို့ မရအောင် ဘယ်သွားသွား ဘယ်လာလာ အတူတူ ဖြစ်နေကြတော့တယ်။
ဒါကြောင့် တစ်ယူသန်စိတ်ရှိလာရင် မောက်မာလာတာနဲ့အမျှ မောက်မာလာရင်လည်း လူတွေဟာ ငါဘဲမှန်တယ်.. ငါ…ဆိုတဲ့ တစ်ယူသန်စိတ်တွေ ရှိလာတတ်ကြတာပါ။ ဒီစိတ်နှစ်ခုဟာ ခွဲခြားလို့ကို မရတော့ပါဘူး။

by myathwayni

ရုက္ခစိုးနှင့် အဘွားအို

တစ်ခါက ရွာတစ်ရွာတွင် အဘွားအိုတစ်ဦး ရှိသည်။ အဘွားအိုသည် သူ၏သား၊ ချွေးမတို့နှင့်အတူ နေထိုင်သည်။ ချွေးမဖြစ်သူသည် အဘွားအိုအား မကြည်ဖြူပေ။ အဘွားအို အစားကြီးသဖြင့် ဆန်အလွန်ကုန်သည်။ ထို့ကြောင့် အဘွားအိုအား အိမ်တွင် ကြာရှည်ဆက်မထားနိုင်တော့”ဟုဆိုကာ ခင်ပွန်းသည်အား အမြဲ ကုန်းချောစကား ဆိုသည်။ ရန်လုပ်သည်။


နောက်ဆုံးတွင် ချွေးမ၏စကား အောင်လေသည်။ မိုက်မဲသောသားသည် ဇနီးသည်၏ စကားအတိုင်း လိုက်နာကာ အဘွားအိုအား တောထဲတွင် ကျားစာအဖြစ် သွားရောက်စွန့်ပစ်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။ နောက်တစ်နေ့သို့ ရောက်သော် သားဖြစ်သူသည် အဘွားအိုအား တောထဲသို့ ခေါ်သွားသည်။ ကြီးမားသော မန်းကျည်းပင်ကြီး တစ်ပင်၏ ခြေရင်းတွင် ကြိုးဖြင့်တုပ်ကာ ထားပစ်ခဲ့လေသည်။

ညအချိန်သို့ရောက်သော် တောထဲရှိ ကျားများသည် လူနံ့ရသဖြင့် သစ်ပင်အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုစဉ် သစ်ပင်စောင့် ရုက္ခစိုးနတ်သည် ရုတ်တရက် ပေါ်လာပြီး “အသင် ကျားတို့၊ ခဏနေကြပါဦး၊ ဒီအဘွားအိုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်အရင် စမ်းသပ်ပါရစေဦး။ တကယ်လို့ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ရင် သူ့ကို သင်တို့စားခွင့် မပေးနိုင်ဘူး။ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တော့ သင်တို့ကို စားခွင့်ပေးမယ်”ဟု ပြောသည်။

ကျားများလည်း ရုက္ခစိုး၏စကားကို နာခံကြသည်။ ရုက္ခစိုးသည် ကြက်တောင်တစ်ချောင်းကိုယူ၍ အဘွားအို၏ နှာခေါင်းကို ကလိလိုက်သည်။ အဘွားအိုသည် နှာခေါင်း ယားလာသဖြင့် နှာချေကာ “ဟတ်ချိုး၊ ဟတ်ချိုး၊ ဘုရား၊ ဘုရား”ဟု နှုတ်မှ ရေရွတ်လိုက်သည်။

ထိုအသံကိုကြားသည်နှင့် ရုက္ခစိုးသည် ကျားများအား ကဲ-သင်တို့ကြားပြီမဟုတ်လား။ ဒီအဘွားအိုဟာ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါကြောင့် သင်တို့အား သူ့ကိုစားခွင့် မပြုနိုင်ဘူး။ သင်တို့ပြန်ကြတော့”ဟု ပြောလိုက်သည်။ ကျားများလည်း အဝေးသို့ ပြန်လည်ထွက်ခွါသွားကြသည်။
အဘွားအိုသည် ရုက္ခစိုးနှင့် ကျားများ အပြန်အလှန် ပြောဆိုကြသည်များကို ကြားလည်းမကြားရ၊ မြင်လည်း မမြင်ရပေ။ ကျားများရောက်လာ၍ ပြန်ထွက်သွားသည်ကို မြင်ရသည်။

အတန်ကြာသော် အဘွားအို အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးလာသောအခါ နံနက် အရုဏ်တက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူ့ကိုယ်ပေါ်တွင် ချည်ထားသော ကြိုးများမှာလည်း ပြေနေပြီ။ သူ့ခြေရင်းတွင်လည်း ရွှေအိုးတစ်လုံး ချထားသည်ကို တွေ့ရသည်။ အဘွားအိုသည် ရွှေအိုးကို မ,ကာ ရွာသို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည်။ သို့သော် အဘွားအိုသည် ရက်စက်သော သားနှင့်ချွေးမတို့ထံသို့ မပြန်တော့ပေ။ ပါလာသော ရွှေများကို ထုခွဲ၍ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ကာ စည်းစိမ်အပြည့်ဖြင့် နေထိုင်လေသည်။

ချွေးမသည် အဘွားအို အသက်မသေဘဲ ပြန်ရောက်လာရုံမက ကြွယ်ဝချမ်းသာနေကြောင်းကို ကြားသိရသောအခါ အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့ကြောင့် သူ၏ခင်ပွန်းအား အဘွားအို ရွှေအိုးရလာသည့် အကြောင်းရင်းကို သွားရောက်မေးမြန်းရန် စေလွှတ်လိုက်သည်။ ခင်ပွန်းသည်သည် အဘွားအိုထံ သွားရောက်ကာ ရွှေအိုးရခဲ့သည့် အကြောင်းစုံကို မေးမြန်းသည်။ အဘွားအိုသည် သူ့သားက သူ့အား သေကြောင်းကြံခဲ့သည် မှန်သော်လည်း သားအပေါ်ချစ်ခင်သည့် မိခင်မေတ္တာကြောင့် သားအား ရွှေအိုးရခဲ့ပုံကို ပြန်ပြောခဲ့သည်။

ထိုနေ့ နေ့လည်ပိုင်းသို့ရောက်သော် ချွေးမသည် သူ့အား တောတွင်းသို့ ခေါ်သွားကာ မန်ကျည်းပင်တွင် ကြိုးချည်ထားခဲ့ရန် ခင်ပွန်းသည်အား ပူဆာသည်။ ခင်ပွန်းသည်လည်း သူ့စကားအတိုင်း လိုက်နာခဲ့သည်။ ချွေးမဖြစ်သူလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ ညအချိန်ရောက်သော် ကျားများ ရောက်ရှိလာသည်။ သို့သော် ချွေးမဖြစ်သူသည် ကျားများကို လုံးဝ မကြောက်သည့်အပြင် မကြာမီ ရွှေအိုးရတော့မည်ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေမိသည်။

ထိုစဉ် ရုက္ခစိုးနတ် ရောက်လာသည်။ သူက ကျားများအား “အသင်ကျားတို့ ခဏနေကြပါဦး၊ ဒီအမျိုးသမီးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ် စမ်းသပ်ပါရစေဦး”ဟု ပြောသည်။ ထို့နောက် ချွေးမဖြစ်သူ၏ နှာဝကို ကြက်တောင်ဖြင့် ကျပ်လိုက်သည်။ ထိုအခါ ချွေးမသည် လောဘကြီးသူ ဖြစ်သည့်အတွက် “ဟတ်ချိုး ဟတ်ချိုး ဘယ်မလဲ ငါ့ရွှေအိုး, ဘယ်မလဲ ငါ့ရွှေအိုး”ဟု ချေလိုက်သည်။

ရုက္ခစိုးသည် စိတ်ဆိုးသွားသည်။ သူက ကျားများအား “ဒီအမျိုးသမီးဟာ သူတော်ကောင်း မဟုတ်ဘူး။ အလွန်လောဘကြီးတဲ့ သူယုတ်မာဖြစ်တယ်။ ဒါကြောင့် သူ့ကို သင်တို့ စားကြပေတော့”ဟု ပြောကာ ပျောက်ကွယ်သွားလေတော့သည်။
ချွေးမဖြစ်သူကား လူကြီးသူမကို စော်ကားမှု၊ လောဘကြီးမှုတို့ကြောင့် ရွှေအိုးမရဘဲ အသက်ဆုံးရလေတော့သည်။

by mawluu

သံသရာခရီးသည်နှင့် လှေသူကြီး ဖျင်း

သူငါကအစ ရှိရှိသမျှ ပုပုရွရွ သတ္တ၀ါအနန္တဖြစ်သော သံသရာခရီးသည်တို့သည် အစမထင်သော အနမတဂ္ဂ သံသရာရေယဉ်ကြောဝယ် အစဉ်မပြတ် မျောပါနေကြရသောကြောင့် ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့ လွဲချော်လာခဲ့ကြသည်။ ထိုသို့ လွဲချော်လာကြပုံကို လယ်တီဆရာတော်ဘုရားကြီးက လှေသူကြီးဖျင်း-ပုံပြင်ဖြင့် ဥပမာပြ၍ ရှေးဦးစွာ ဟောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက ဖြစ်တော်မူသည့် ဆရာတော်ကြီး ဦးဂန္ဓမာ-က ထပ်ဆင့်၍ ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

တရံရောအခါက အထက်အညာဒေသတွင် ပညာဉာဏ် ဗဟုသုတ သေးနုပ်သိမ်ဖျင်းသော လှေသူကြီး (လှေပိုင်ရှင်) ဖျင်း တဦး ရှိခဲ့ပါသည်။ ထိုလှေသူကြီးဖျင်းသည် လှေမှု-ဟု ဆိုအပ်သော လှေပဲ့မှု၊ လှေလှော်ခတ်မှု၊ ထိုးဝါးထိုးမှု၊ စသည်တို့၌ နားမလည်သည့်ပြင် ရေစီးရေဆန်၊ ရေ၀ဲရေတိမ်၊ စဉ်းတိမ်သောင်စ၊ သဲပွက်ဝဲမှော်၊ စသော ရေမှုများကိုလည်း နားမလည်၊ မကျွန်းကျင်ခဲ့ပေ။

ထိုသူကြီးဖျင်းသည် သူကဲ့သို့ပင် လှေမှုနှင့် ရေမှုတို့ကို နားမလည်၊ မကျွမ်းကျင်သော လှေထိုးသားတို့ကို ခေါ်ယူ ငှါးရမ်းပြီးလျှင် ရောင်းဝယ်ဖောက်ကားရန်အတွက် ကုန်စည်အမျိုးမျိုးတို့ကို လှေနှင့်အပြည့် တင်ဆောင်ကာ ဗန်းမော်မြို့မှ ရန်ကုန်မြို့အထိ စုန်ဆင်းမည်ဟု ရည်ရွယ်လျက် ခရီးစတင်ခဲ့ပါသည်။

ခရီးလမ်းစဉ်တလျှောက်ရှိ ရွှေကူမြို့၊ ကသာမြို့၊ ထီးချိုင့်မြို့၊ သပိတ်ကျင်းမြို့၊ ကျောက်မြောင်းမြို့၊ မန္တလေးမြို့ စသော မြို့များသို့ ၀င်ရောက်ပြီးလျှင် ရောင်းချသင့်သော ကုန်တို့ကို ရောင်းချ၍ ၀ယ်ယူသင့်သော ကုန်တို့ကို ၀ယ်ယူ တင်ဆောင်ခဲ့ရန် ရည်ရွယ်ခဲ့လေသည်။ သို့သော် သူဆိုက်ကပ်လိုသော မြို့သို့ရောက်သဖြင့် ဆိုက်ကပ်မည် ပြုရာတွင် လှေမှုနှင့် ရေမှုကို နားမလည်သောကြောင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရလေသည်။

ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသောမြို့များသို့ ရောက်ရှိခဲ့သည်။ ၀ဲတွေ၊ ရေစီး၊ ရေမှော်တွေများလှသဖြင့် မဆိုက်ကပ်နိုင်ဘဲ မျောပါလွဲချော်ခဲ့ရပြန်လေသည်။
ရံဖန်ရံခါတွင် ဆိုက်ကပ်လိုသော မြို့များသို့ ညဥ့်အခါ၌ ရောက်ရှိသည်။ မှောင်မိုက်နေသောကြောင့် မြို့ဆိပ်ကမ်းသို့ ရောက်မှန်းမသိဘဲ လွဲချော်ရပြန်လေသည်။

မန္တလေးမြို့ကြီးသို့ မဆိုက်ကပ်နိုင်ဘဲ လွဲချော်လာခဲ့ရာ မြေလတ်ဒေသ၌ ရှိသော မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး၊ စလေ၊ ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ သရက်၊ ပြည် စသော မြို့ကြီးများသို့ ၀င်ရောက်ဆိုက်ကပ်ရန် ရည်ရွယ်ပြန်သည်။ သို့သော်လည်း ယခင်နည်းအတိုင်းပင် အမျိုးမျိုးသော လွဲချော်မှုတွေနှင့် ကြုံတွေ့၍ မဆိုက်ကပ်နိုင်ဘဲ လွဲချော်ခဲ့ရပြန်လေသည်။

ဟင်္သာတမြို့၏ အောက်သို့ကျရောက်သော ကာလတွင်မူ ချောင်းပေါက်တွေကလည်း အလွန်ပေါများသည်က တကြောင်း။ သင်္ဘောကြီး သင်္ဘောငယ်နှင့် တုံကင်းကြီးတို့၏ အသွားအလာ အ၀င်အထွက်ကလည်း များပြားရှုပ်ထွေးသည်က တကြောင်း၊ အညာဒေသမှ လှေသူကြီးဖြစ်၍ ဒီရေအတက်အကျကို နားမလည်၊ မကျွမ်းကျင်သည်က တကြောင်းတို့ကြောင့် မိမိဆိုက်ကပ်ရန် ရည်ရွယ်ရင်းဖြစ်သည့် ရန်ကုန်မြို့သို့ မဆိုက်ကပ်နိုင်ပြန်တော့ပေ။ ဒီရေအကျတွင် ပင်လယ်ဝသို့ မျောပါသွား၍ လှိုင်းလေမိပြီးလျှင် လူရောလှေပါ နစ်မြုပ်ပျက်စီးဆုံးရှုံးရှာလေတော့သည်။

အထက်ပါ ပုံပြင် ဥပမာအတိုင်းပင် သံသရာခရီးသည်တို့သည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနဲ့ အကြိမ်ကြိမ် အဖန်ဖန် လွဲချော်ခဲ့ကြပုံမှာ-
(၁) ရံဖန်ရံခါ မြတ်စွာဘုရားတဆူ ပွင့်တော်မူနေချိန်တွင် အပါယ်လေးဘုံမှာ ကျရောက်နေ၍ လွဲချော်ရသည်။
(၂) ရံဖန်ရံခါ အသညသတ်ဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၃) ရံဖန်ရံခါ ရုပ်မရှိသော အရူပဗြဟ္မာကြီး ဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၄) ရံဖန်ရံခါ ဇမ္ဗူဒီပါကျွန်းနှင့် အလှမ်းဝေးကွာသော စကြာဝဠာတပါးမှာ လူဖြစ်နေ၍ လွဲချော်ရပြန်သည်။
(၅) ရံဖန်ရံခါ မိစ္ဆာဒိဋ္ဌိဝင်ဖြစ်နေ၍ ဘုရားကိုပြစ်မှား၍ လွဲချော်ရပြန်သည်။
(၆) ရံဖန်ရံခါ ဒေ၀ဒတ်၊ စိဉ္စမာဏ၊ မာဂဏ္ဍီတို့ကဲ့သို့ ဘုရား၏ ရန်သူကြီးတွေ ဖြစ်၍ လွဲချော်ရပြန်သည်။
(၇) ရံဖန်ရံခါ မြတ်စွာဘုရားနှင့် ရင်းရင်းနှီးနှီး တွေ့ကြုံ လျှောက်ထားခွင့် ရပါသော်လည်း မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနှင့် ကာမဂုဏ်နောက်သို့ လိုက်စား အားကြီးမိသောကြောင့် သောသလမင်းကြီးတို့ကဲ့သို့ လွဲချော်ရပြန်သည်။
(၈) ရံဖန်ရံခါ မိမိအနီးတွင် ဘုရားတွေ ပွင့်နေသော်လည်း ပဋိသန္ဓေအားဖြင့် မျက်စိကန်း၊ နားပင်း၊ ဉာဏ်ထိုင်း၊ အဆွံ့၊ အအ၊ ဖြစ်နေ၍ လွဲချော်ရပြန်လေသည်။
(၉) ရံဖန်ရံခါ မြတ်စွာဘုရား မပွင့်သော သုညကမ္ဘာများတွင် လူဖြစ်ရ၍ လွဲချော်ရပြန်ပါသည်။

ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြသော ဘုရားရှင်တို့နှင့် လွဲချော်၍ ၃၁-ဘုံ၌သာ အထူးသဖြင့် အပါယ် ၄-ဘုံ၌သာ ကျင်လည်နေကြရကုန်သည်။
အထက်ပါ လှေသူကြီး ဖျင်းသည် ပင်လယ်ရေယဉ်ကြောတွင် မျောပါနစ်မြုပ်သွားသကဲ့သို့ သံသရာရေယဉ် ကြောတွင် မမျောပါ မနစ်မြုပ်ကြရလေအောင် တရားအားထုတ်နေကြသော ယောဂီများသည်လည်း ဗုဒ္ဓုပ္ပါဒ စခန်းကောင်းကြီးတွေနှင့် ကြုံကြိုက်တုန်းအခါတွင် ပြည်နိဗ္ဗာန် ကမ်းတဘက်သို့ အမြန်ဆုံး လှမ်းတက်နိုင်ကြစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြကုန်ရာသတည်း။

မြွေဆေးဆရာကြီးနှင့် မြွေကိုက်ခံရသော လူနာ

ရန်ကုန်မြို့ ဟံသာဝတီ ကမ္မဋ္ဌာန်းတိုက်ကြီး၏ ပထမဦးဆုံးသော ပဓာန မဟာနာယက၊ ရှမ်းရွာ စင်ပြွမ်းကုန်း ဆရာတော်ဘုရားကြီး ဦးဂန္ဓမာ-က လူတို့၏ ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်လာပုံကို မြွေဆေးအတတ်၌ ကျွမ်းကျင်သော မြွေဆေးဆရာကြီးက မြွေကိုက်ခံရသော လူနာအား ကုသပုံ ဥပမာ ပုံပြင်ဖြင့် ဟောကြားခဲ့ပါသည်။ ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တရံရောအခါ ရွာကြီးတရွာတွင်မြွေဆေးကုအတတ်၌ ကျွမ်းကျင်လိမ္မာသော မြွေဆေးဆရာကြီးတဦး ရှိသည်။ တနေ့သောအခါ ခြေမနှင့် ခြေညှိုးကြား၊ ထို စိုးရိမ်စရာ အကောင်းဆုံးနေရာကိုမှ မြွေကိုက်ခံလိုက်ရသော လူနာတဦးအတွက် လူနာရှင်များက မြွေဆေးဆရာကြီးကို လာရောက်ပင့်ဆောင်ကြသည်။

ဆရာကြီးက လူနာအိမ်သို့ လိုက်ပါကြည့်ရှုရာ လူနာမှာ လူမှန်းမသိ၊ သူမှန်းမသိ၊ သတိလစ်နေသည်၊ အသက်ရှူလည်း ရပ်နေသည်။ လူသေကောင်ကဲ့သို့ ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ဆရာကြီးက ပထမဦးဆုံး ကုသခြင်းအနေဖြင့် ကုသလိုက်ရာ လူနာသည် အသက်ရှူလာသည်။ ထိုအခါ လူနားရှင်များက-

ဆရာကြီး၊ လူနာ အသက်ရှူလာပြီ-ဟု အားပါးတရ ပြောကြသည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး။ မင်းတို့လူနာ အသက်ရှူရုံသာ ရှူသေးတာ။ မြွေဆိပ်တွေက ဘယ်ကမှ မကျသေးလို့ စိုးရိမ်ရသေးတယ်-ဟု ပြောဆိုလိုက်သည်။

ဆရာကြီးက ဒုတိယအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ လူနာမှာ လူးလိမ့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ လူးလိမ့်လာပြီ-ဟု ၀မ်းသာအားရ ပြောကြားကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ လူးလိမ့်ရုံသာ လူးလိမ့်နိုင်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်သည်။

ဆရာကြီးက တတိယအကြိမ် ဆက်လက်ကုသပြန်ရာ လူနာမှာ သတိရလာကာ မျက်စိပွင့်လာသည်။ ထိုအခါ လူနာရှင်များက-
ဆရာကြီး လူနာ သတိရလာပြီ မျက်စိပွင့်လာပြီ-ဟု ၀မ်းပန်းတသာ ပြောကြပြန်သည်။ ဆရာကြီးက-
ဟဲ့-အသာနေကြဦး၊ မင်းတို့လူနာ သတိရပြီး မျက်စိပွင့်ရုံသာ ပွင့်သေးတာ၊ မြွေဆိပ်တွေ ဘယ်ကမှ မကျသေးလို့ စိတ်မချရသေးဘူး-ဟု ပြောပြန်ပါသည်။

ဆရာကြီးက စတုတ္ထအကြိမ် ဆက်လက်ကုပြန်ရာ မြွေဆိပ်များ ဦးခေါင်းမှ ခါးသို့တိုင်အောင် ကျဆင်းသွားပါတော့သည်။ ထိုအခါ ဆရာကြီးက-
မင်းတို့လူနာ ဦးခေါင်းက မြွေဆိပ်များ ခါးတိုင်အောင် ကျသွားပါပြီ၊ နည်းနည်းတော့ သက်သာလာပါပြီ။ ဒါပေမဲ့ မြွေဆိပ်တွေ ကျန်သေးလို့ စိတ်မချရသေးဘူး-ဟု ပြောဆိုသည်။

ဆရာကြီးက ပဉ္စမအကြိမ် ဆက်လက်ကုပြန်ရာ ခါးမှ မြွေဆိပ်များ ဒူးဆိပ်သို့တိုင်အောင် ကျဆင်းသွားသည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ခါးမှ ဒူးဆစ်တိုင်အောင် ကျဆင်းသွားပါပြီ။ တော်တော်တော့ သက်သာလာပါပြီ။ ဒါပေမဲ့ စိတ်မချရသေးဘူး-ဟု ပြောဆိုပြန်သည်။

ဆရာကြီးကဆဋ္ဌမအကြိမ် ဆက်လက်ကုသလိုက်ပြန်ရာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်သို့ တိုင်အောင် ကျဆင်းသွားပါတော့သည်။ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များ ဒူးဆစ်မှ ခြေချင်းဝတ်တိုင်အောင် ကျဆင်းသွားပါပြီ။ အသက်ချမ်းသာရာ ရမည့်ဘက်သို့ နီးလာပါပြီ-ဟု ပြောကြားပြန်သည်။

ဆရာကြီးက သတ္တမအကြိမ် ဆက်လက်ကုသရာ ခြေချင်းဝတ်မှ မြွေဆိပ်များ မြွေကိုက်ရာ အနာဝသို့ လျှောကျသွားပါတော့သည်။ ထိုအခါကျမှ ဆရာကြီးက-
မင်းတို့လူနာ မြွေဆိပ်များအားလုံး လျှောကျသွားပြီ။ အသက်ချမ်းသာရာရပြီ။ စိတ်ချရပြီ-ဟု ဆိုပါတော့သည်။ လူနာမှာလည်း ကိုယ်စိတ်နှစ်ဖြာချမ်သာစွာဖြင့် ထထိုင်ပါတော့သည်။

ထိုဥပမာပုံပြင်တွင် မြွေဆိပ်မွှန်၍ သတိလစ်နေသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသောကြောင့် ဘုရား၊ တရား၊ သံဃာမှန်း မသိ၊ ကံ-ကံ၏အကျိုးကို မယုံကြည်သည့် အလွန်သနားစရာ ကောင်းသောသူကို ရည်ညွှန်းပါသည်။

အသက်ရှူလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိ တို့ လွှမ်းမိုးနေသော်လည်း ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ယုံကြည်သောကြောင့် ဒါနပြု၊ သီလဆောက်တည်နေသူကို ရည်ညွှန်းသည်။

လူးလှိမ်းလာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း သဒ္ဓါတရားနှင့် ပြည့်စုံ၍ ရသေ့၊ ရဟန်းပြုကာ ဓူတင်တရားများ ဆောင်ပြီး ကျင့်ကြံနေသူကို ရည်ညွှန်းသည်။

သတိရ မျက်စိပွင့်လာသော လူနာဟူသည်မှာ-
တဏှာ၊ မာန၊ ဒိဋ္ဌိများ လွှမ်းမိုးနေသော်လည်း ရုပ်တရား၊ နာမ်တရားများကို မြင်အောင် ဘုရားဂူကျောင်းများတွင် ခိုအောင်းကာ ဘာဝနာတရား အားထုတ်နေသောကြောင့် ရုပ်တရား၊ နာမ်တရားများကို သိမြင်လာသောသူကို ရည်ညွှန်းပါသည်။

ဦးခေါင်းမှ မြွေဆိပ်ခါးသို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများကို ဆက်လက်အားထုတ်သောကြောင့် သောတာပန် ဖြစ်သွားသူကို ရည်ညွှန်းသည်။

ခါးမှ မြွေဆိပ် ဒူးဆစ်သို့ ကျသွားသော လူနာဟူသည်မှာ-
ဘာဝနာတရားများဆက်လက်အားထုတ်သောကြောင့် သကဒါဂါမ် ဖြစ်သွားသူကို ရည်ညွှန်းသည်။

ဒူးဆစ်မှ မြွေဆိပ် ခြေချင်းဝတ်သို့ ကျသွားသော လူနာဟူသည်မှာ-
တရားများ ဆက်လက်အားထုတ်သောကြောင့် အနာဂါမ်ဖြစ်သွားသူကို ရည်ညွှန်းသည်။

ခြေချင်းဝတ်မှ မြွေဆိပ် မြွေကိုက်ရာ အနာဝသို့ရောက်ပြီး မြွေဆိပ်အားလုံး လျှောကျ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသွားသောသူ ဟူသည်မှာ-
အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သွားသောသူကို ရည်ညွှန်းသည်။

အထက်ဖော်ပြပါ မြွေဆေးဆရာကြီးနှင့် မြွေကိုက်ခံရသောလူနာ-ပုံပြင်မှာ စင်ပြွမ်းကုန်းဆရာတော်ဘုရားကြီးက တရားအားထုတ်နေသော ယောဂီများကို ၀ိပဿာနာဉာဏ်အမြင် အဆင့်ဆင့်တိုးတက်စေရန် ကျင့်ကြံအားထုတ်ကြဖို့ တိုက်တွန်းနှိုးဆော်စဉ်က ဥပမာပြသော ပုံပြင်ဖြစ်ပါသည်။
လူနာအခြေအနေ အဆင့်ဆင့် ကောင်းမွန်လာပုံနှင့် ၀ိပဿနာဉာဏ်အမြင် အဆင့်ဆင့် တိုးတက်လာပုံတို့ကို နှိုင်းယှဉ်၍ ဥပမာပြထားပါသည်။
( ပင်လုံခွန်)

ကိုယ်တိုင်လုပ်မှ

တခါတုန်းက အဘိုးအို ဇနီးမောင်နှံမှာ စိုက်ပျိုးပြီး လယ်တွေ ရှိကြသတဲ့။ စပါးပင်တွေက စိမ်းစိမ်းစိုစိုနဲ့ဆိုတော့ ကျေးငှက်မျိုးစုံ လာရောက် ကျက်စားပျော်ပါးကြသတဲ့။ အဲဒီလယ်တွေထဲက လယ်တကွက်မှာ စာဖို စာမ မောင်နှံက အသိုက်အမြုံ လုပ်နေတာပေါ့။ ဒီလိုနဲ့ ငှက်ကလေးများ ပေါက်ဖွားလာကြရော။ စပါးနှံတွေကလဲ တဖြည်းဖြည်း ၀ါဝင်းမှည့်ရင့်လာခဲ့တယ်။ စာဖိုကတော့ တနေကုန် ဟိုပျံလိုက် ဒီပျံလိုက်နဲ့ သွားလာလှုပ်ရှားရင်း အိပ်တန်းတက်ချိန်မှ ပြန်လာတတ်တယ်။

ဒီလိုနဲ့ တနေ့တော့ အဘိုးအိုဇနီးမောင်နှံဟာ ရောက်နေကျအချိန်မှာ လယ်တောကို ရောက်လာကြတယ်။ စပါးနှံတွေကလဲ မှည့်ရင့်ပြီး ညွတ်ကိုင်းလို့။ ဒီတော့ အဘိုးကြီးက အမယ်ကြီးကို -ရှင်မရေ၊ တို့စပါးတွေ ရိတ်မှဖြစ်တော့မယ်။ မှည့်ရင့်နေပြီ-လို့ ပြောလိုက်သတဲ့။ ဒါကို စာမ-က ကြားတော့ အထိတ်တလန့် ဖြစ်တာပေါ့။ စာကလေးတွေနဲ့ ဘယ့်နှယ်လုပ်ရပါ့။ တို့အသိုက်အမြုံလေးတော့ ပျက်စီးတော့မှာပဲပေါ့။

ဒီတော့ ညနေမိုးချုပ် စာဖို ပြန်အလာမှာ ဆီးပြီး ပြောတော့တာပေါ့။ အတွေ့အကြုံရင့်ကျက်တဲ့ စာဖို-ကတော့ လေအေးအေးနဲ့ အရေးမကြီးပါဘူးကွာ၊ မင်းကလဲ စိတ်မပူပါနဲ့၊ ခေါင်းအေးအေး ထားစမ်းပါ-လို့ ပြန်ပြောသတဲ့။

ဒီလိုနဲ့ နောက်တနေ့ ရောက်ပြန်ရော။ အဘိုးအို လင်မယားကလဲ လယ်တောကို ရောက်လာကြပြန်တယ်။ အင်း-စပါးနှံတွေကလဲ မှည့်ရင့်နေပြီ။ မနက်ဖြန် တို့တော့ ကောက်ရိတ်တဲ့သူတွေငှါးပြီး ရိတ်မှဖြစ်တော့မယ်-လို့ အဘိုးအိုက ညည်းလိုက်ပြန်ရော။

ဒီစကားကို စာမ ကြားတော့ စာဖို အပြန်မှာ ဆီးပြီးပြောပြန်ရော။ ဒီမှာ ဒီမှာ၊ နက်ဖြန်ခါ ကောက်ရိတ်တွေကို ငှါးပြီး ရိတ်တော့မှာတဲ့။ ဒီတော့ စာဖိုက ပြန်ပြောလိုက်တယ်။ မင်းကလဲ အရေးမကြီးသေးပါဘူး။ စိတ်မပူစမ်းပါနဲ့-တဲ့။ ဒီလိုနဲ့ တခါပြီးသွားပြန်ရော။

နောက်တနေ့ အဘိုးအိုမောင်နှံ လယ်တောကို ရောက်လာကြပြန်တယ်။ အဘိုးအိုက စပါးနှံတွေ ရင့်မှည့်နေတာကို မြင်တော့ အားမလို အားမရ ဖြစ်လာတယ်။ ဒီတော့ သူက အမယ်ကြီးကို လှမ်းပြောလိုက်တယ်။ ကဲ-ရှင်မ၊ ကောက်ရိတ်သူတွေကလဲ နေ့ရွှေ့ ရက်ရွှေ့နဲ့ ဒီလိုနဲ့ တို့စပါးတွေ ရင့်ပြီး ပျက်စီးကုန်တော့မှာပဲ။ ဒီတော့ တို့ကိုယ်တိုင်ပဲ မနက်ဖြန်ခါတော့ ရိတ်လိုက်ကြစို့ကွယ်-တဲ့။

ဒီစကားကိုလဲ စာမ-က ကြားရပြန်တယ်။ ညနေချိန် စာဖို ပြန်ရောက်လာတော့ ထိတ်ထိတ်ပျာပျာနဲ့ ဆီးပြောလိုက်ပြန်တယ်။
နက်ဖြန်ခါ ကိုယ်တိုင်ရိတ်ကြတော့မယ်-တဲ့။
ဟုတ်လား၊ ဒါဖြင့်ရင် ငါတို့ ကနေ့ညပဲ ပြောင်းကြစို့ရဲ့-ဆိုပြီး စာဖို နဲ့ စာမ ညတွင်းချင်း လယ်တောက ပြောင်းရွှေ့ခဲ့ကြတယ်။
နောက်တနေ့မှာပဲ အဘိုးအို လင်မယားဟာ ကိုယ်တိုင်ပဲ စပါးပင်တွေ ရိတ်လိုက်ကြသတဲ့။ အဲဒီတော့မှပဲ စပါးတွေအကုန်လုံး အပျက်အစီးမရှိ အိမ်က ကျီထဲကို ရောက်တော့သတဲ့။


ပုံပြင်ဆုံးတာနဲ့ ဆရာတော်ကြီးက တပည့်များကို အောက်ပါသြ၀ါဒကို ပေးပါတယ်။
အဲဒီတော့ မင်းတို့ မှတ်ထားကြ။ ကိုယ်ကိုယ်တိုင် မလုပ်လျှင် ဘယ်ကိစ္စမှ ရှောရှောရှူရှူနဲ့ မြန်မြန်ဆန်ဆန် ပြီးမှာ မဟုတ်ဘူး-တဲ့။

(ငါန်းဇွန်-မောင်လွမ်းမွန်)
မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ဟောပြောသော ပုံပြင်။

သီလစောင့်သူ

အနောမဒဿီမြတ်စွာဘုရားရှင် ပွင့်တော်မူသော အချိန်တွင်ဖြစ်သည်။ စန္ဒ၀တီမြို့တော်ကြီးတွင် မောင်ဖြူစင်-ဟူသော အမျိုးသားကလေးတဦး ရှိသည်။ သူသည် စိတ်ထားဖြူစင်သည်။ ကိုယ် နှုတ် အမူအရာ အလွန်ယဉ်ကျေးသိမ်မွေ့သည်။ သို့သော် သူ့ခမျာ အလွန်ဆင်းရဲနွမ်းပါးရှာသည်။ ချမ်းသာသူများထံတွင် သူခစား လုပ်ရရှာသည်။ အလုပ်တာဝန်ကို စေ့စပ်သေချာစွာ စိတ်ကောင်းထား ဆောင်ရွက်တတ်သဖြင့် အလုပ်ရှင်များက မောင်ဖြူစင်ကို အထူးချစ်ခင်ကြသည်။

သြော်-ငါ့ဘ၀ဟာ အင်မတန်ဆင်းရဲလို့ သူခစားလုပ်နေရတယ်။ ဘုရားရှင်နှင့် သံဃာတော်တွေကို အစွမ်းကုန် လှူဒါန်းပူဇော်ချင်ပေမယ့် ငါ့မှာ ဥစ္စာပစ္စည်း လုံလောက်အောင် မရှိဘူး။ လူသားတွေအချင်းချင်း မေတ္တာအပြည့်နှင့် စွန့်ကြဲကူညီချင်ပေမယ့် ဥစ္စာပစ္စည်းက ရှားပါးလိုက်တာ။ ငါ့ဘ၀မှာ ဘယ်ကောင်းမှုကို အဓိကထားပြီး အနှစ်ထုတ်ယူရပါ့မလဲ။

တရက်တွင် မောင်ဖြူစင်တယောက် လေးနက်စွာ တွေးတောမိသည်။ ဆင်းရဲသော်လည်း ဘ၀၏အနှစ်သာရ အမှန်ဖြစ်သော ကောင်းမှုတခုကို အားစိုက်ထုတ်ယူရန် နည်းလမ်းရှာသည်။
အင်း-အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ တပည့် နိသဘမထေရ်ဟာ အင်မတန်ဉာဏ်ပညာ ကြီးမားတယ်။
အဲဒီ မထေရ်ထံကို သွားရောက်ဖူးမြော် လျှောက်ထားရရင် ငါလိုချင်တဲ့အဖြေကို ရလောက်တယ်။

မောင်ဖြူစင်သည် ထိုသို့ အကြံရပြီးလျှင် နိသဘမထေရ်မြတ်ထံသို့ သွားသည်။ ရိုသေစွာ ရှိခိုးဦးချပြီး မိမိ၏ အကြံကို လျှောက်ထားမေးမြန်းသည်။ ထိုအခါ နိသဘမထေရ်ကလည်း မေတ္တာရှေ့ထားကာ ဖြေကြားပေးသည်။

ဒကာလေး မောင်ဖြူစင်က ပစ္စည်းဥစ္စာ ဆင်းရဲချို့တဲ့တော့ ဒါနဆိုတဲ့ လှူဒါန်း ပေကမ်း စွန့်ကြဲတာကို တအားစိုက် မလုပ်နိုင်ပေဘူးပေါ့။ ဒါပေမယ့် အားငယ်စရာ မရှိပါဘူးကွယ်။ ဒကာလေးမှာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေတာပဲ။ ဒကာလေးရဲ့ ခန္ဓာကိုယ်ကို အရင်းအနှီးပြုပြီး သီလကို စောင့်ထိန်းနိုင်တာပေါ့။ ဒီတော့ လူသားတွေ အမြဲရိုသေစွာ စောင့်ထိန်းအပ်လို့ နိစ္စဂရုဓမ္မသီလ-လို့ ခေါ်တဲ့ ငါးပါးသီလကို မြဲမြံစွာ ရာသက်ပန် စောင့်ထိန်းသွားပေါ့။
သီလ ပထမ၊ ဒါန ဒုတိယ-ဆိုတဲ့မူကို လက်ကိုင်ပြုပြီး ဘ၀အနှစ်အဖြစ် ငါးပါးသီလကုသိုလ်ကို အဓိကထား ထုတ်ယူသွားပေါ့ကွယ်။

မောင်ဖြူစင်သည် နိသဘမထေရ်မြတ်၏ ဖြေကြားချက်ကို အလွန်နှစ်သက် သဘေကျသွားသည်။ ထိုမထေရ်မြတ်ထံမှာပင် ငါးပါးသီလကို ရိုသေစွာ ဆောက်တည်လိုက်သည်။ ထို့နောက်တွင်လည်း လူ့တာဝန်များကို ထမ်းဆောင်ရင်း ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းသည်။ အနှစ်တသိန်း သက်တမ်းကုန်သည်အထိ လုံခြုံအောင် ဖြူစင်စွာ အထူးစောင့်ထိန်းလေသည်။

သက်တမ်းကုန်၍ မောင်ဖြူစင်ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်တွင် နတ်သားဖြစ်သည်။ ထို့နောက်တွင် လူ-နတ် ချမ်းသာတို့ကို အကြိမ်ကြိမ်ခံစားရသည်။ သံသရာခရီးလမ်းတွင် အထက်တန်းကျကျ ကျင်လည်သွားလာရသည်။

ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါတွင် ဝေသာလီပြည်ရှိ သူဋ္ဌေးမျိုးဝယ် လူဖြစ်သည်။ ချမ်းသာပြည့်စုံစွာ နေထိုင်ရသည်။ အသက် ၅-နှစ်အရွယ်သို့ ရောက်သောအခါ ဘုရားရှင်သာသနာတွင် ၀င်ရောက်လျက် တရားဘာဝနာများ အားထုတ်သည်။ ရက်ပိုင်းအတွင်း ရဟန္တာဖြစ်တော်မူသည်။
ပဉ္စသီလသမာဒါနိယ မထေရ်-ဟု အမည်တွင်သည်။ ဤဖြစ်ရပ်သည် ငါးပါးသီလကို ဆောက်တည် စောင့်ထိန်းခဲ့ရသော ကောင်းမှုကုသိုလ်ကံ၏ စွမ်းအားသတ္တိ ကြီးမားပုံ သာဓကတရပ် ဖြစ်ပါသည်။

အကိုး။ ထေရဂါထာပါဠိတော် ပဉ္စသီလသမာဒါနိယမထေရ် ၀တ္ထုကို မှီငြမ်းရေးဖွဲ့ပါသည်။

ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိ

တနေ့သ၌ အရှင်အာနန္ဒာသည် ခရီးတခုကို ကြွချီတော်မူသည်။ လမ်းခရီးတွင် ရွာတရွာကို ဖြတ်သန်းသွားရာ ရွာစွန်တွင် ရေတွင်းတခုကို တွေ့သည်။ ရေတွင်းတွင် မာတင်္ဂမျိုးနွယ်ဝင် ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိသည် ရေခပ်လျက် ရှိသည်။

အရှင်အာနန္ဒာသည် ရေငတ်တော်မူသဖြင့် ထိုအမျိုးသမီးကလေးထံမှ ရေအလှူခံသည်။
ချစ်နှမ၊ ရေအနည်းငယ် ပေးလှူပါ။
ဇာတ်နိမ့်အမျိုးသမီးကလေး ပကတိသည် ရေပေးလှူလိုသည်၊ သို့ရာတွင် မိမိမှာ ဇာတ်နိမ့်ဖြစ်နေသဖြင့်မပေးလှူဝံ့။ ၀မ်းနည်းအားငယ်စွာဖြင့် လျှောက်ထားသည်။

အရှင်၊ ကျွန်တော်မျိုးမသည် အလွန်ယုတ်ညံ့လှသော ဇာတ်နိမ့်အမျိုးသမီး ဖြစ်ပါသည်။ ကျွန်တော်မျိုးမ၏ ရေကို အရှင် အလှူမခံထိုက်ပါ။ မသုံးဆောင်ထိုက်ပါ။
ထိုအခါ အရှင်အာနန္ဒာက ချစ်နှမ၊ ငါသည် ဇာတ်ကို အလှူမခံ၊ ရေကိုသာ အလှူခံသည်၊ သဒ္ဓါတရား ထက်သန်စွာဖြင့် ရေကိုလှူပါ-ဟူ၍ မိန့်တော်မူသည်။

ပကတိလည်း ၀မ်းမြောက်ဝမ်းသာဖြင့် အရှင်အာနန္ဒာအား ရေပေးလှူသည်။ အရှင်အာနန္ဒာလည်း ရေသုံးဆောင်ပြီးလျှင် ခရီးဆက်လက် ကြွသွားသည်။ ပကတိသည် အရှင်အာနန္ဒာ၏ အပြုအမူကို လွန်စွာမြတ်နိုး၍ အရှင်အာနန္ဒာကို အလွန်ကြည်ညိုမိသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ရှိရာ ကျောင်းတော်သို့ သွား၍ ဘုရားရှင်အား လျှောက်ထားခွင့်ပန်သည်။

အရှင်ဘုရား၊ တပည့်တော်မသည် အရှင်အာနန္ဒာကို အလွန်ကြည်ညိုလှပါသည်၊ တပည့်တော်မအား အရှင်အာနန္ဒာ သီတင်းသုံးနေထိုင်ရာ အနီးတွင် နေထိုင်ခွင့် ပြုတော်မူပါ။ အရှင်အာနန္ဒာကို တပည့်တော်မ လုပ်ကျွေးပြုစုလိုပါသည်ဘုရား။
ဗုဒ္ဓဘုရားရှင်သည် အကြောင်းစုံကို သိရှိတော်မူသဖြင့် ပကတိအား ဆိုဆုံးမတော်မူသည်။

ချစ်သမီး၊ သင်သည် စင်စစ် အရှင်အာနန္ဒာကို ချစ်မြတ်နိုးသည်မဟုတ်၊ အရှင်အာနန္ဒာ ကျင့်သုံးသော အကြင်နာတရားကို ချစ်မြတ်နိုးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အကြင်နာတရားကို သင့်နှလုံးသား၌ စွဲပိုက်ထားပါ။ ထိုအကြင်နာတရားဖြင့် သင့်ဝန်းကျင်ရှိ လူအပေါင်းကို ကြင်နာစွာ ပြုစုစောင့်ရှောက်ပါလော့။

ငါဘုရားပုံဆောင်၍ ဆိုဦးမည်။
တခါက ဘုရင်တပါးသည် သူ၏ ကျေးကျွန်တယောက်အား ကြင်နာစွာ ပြုစုစောင့်ရှောက်ထားသည်။ စင်စစ် ထိုသို့ ကြင်နာစွာ ပြုစုစောင့်ရှောက်ထားသည်ထက် ထိုကျေးကျွန် တစုံတခုသောပြစ်မှု ကျူးလွန်ရာ၌ ကြင်နာစွာ ခွင့်လွှတ်ခြင်းက ပို၍ မြင့်မြတ်သည်။ အလားတူပင် အခြားသူများ အပေါ်လည်း ဖိနှိပ်ခြင်းမပြု၊ နှိပ်စက်ခြင်းမပြု၊ ကြင်နာစွာ ပြုစုစောင့်ရှောက်၍ အပြစ်ကျူးလွန်လျှင်လည်း ကြင်နာစွာ ခွင့်လွှတ်ခြင်းက ပို၍ ကောင်းမြတ် ပေသည်။

ထိုသို့ ဆိုဆုံးမတော်မူပြီးလျှင် ဘုရားရှင်က ပကတိအား ချစ်သမီး၊ သင်သည် အကြင်နာတရားကို ရင်ဝယ်ပိုက်၍ လူအများအား ကြင်နာစွာ ပြုစုစောင့်ရှောက်ပါ။ သင်၏ အပြုအမူကို အမျိုးမြတ်သူတို့ စံနမူနာ ထားကြပါလိမ့်မယ်။ သင်သည် ဇာတ်နိမ့်ဖြစ်သော်လည်း ရွှေနန်းတော်၌ စိုးစံနေသော မိဖုရားများထက် ပိုမိုတင့်တယ်၍ မြင့်မြတ်သူ ဖြစ်ပေလိမ့်မည်။

ပကတိသည် ဘုရားရှင်၏ အဆုံးအမကို နာယူကာ မိမိအိမ်သို့ ၀မ်းမြောက်ရွှင်လန်းစွာဖြင့် ပြန်သွားလေသည်။

နောင်တ

ဗာရာဏသီပြည်တွင် မုဆိုးကြီးတယောက်သည် သိန်းငှက်တကောင်ကို လိမ္မာအောင် မွေးမြူသည်၊ တိုက်ခိုက်နည်း မျိုးစုံတို့ကို သင်ကြားပေးသည်။ ထို့နောက် မုဆိုးကြီးသည် သားငှက်မျိုးစုံတို့ကို သိန်းငှက်ဖြင့် တိုက်ခိုက်ဖမ်းဆီးသည်၊ ရရှိသည့် သားငှက်များကို ရောင်းချစားသောက်သည်။

တနေ့တွင် မုဆိုးကြီးသည် သိန်းငှက်ကို ပုခုံးပေါ်တင်၍ တောနက်အတွင်းသို့ ခရီးထွက်ခဲ့သည်၊ ခရီးပန်းပြီး တောနက်သည်ထက် နက်လာသောအခါ တောနက်ကြီးအတွင်း အစာရေစာ ပြတ်သွားသည်၊ ခရီးလည်း အတော်ပန်းသွားသည်၊ ထို့ကြောင့် မုဆိုးကြီးသည် သစ်ပင်ကြီး တပင်အောက်တွင် ပက်လက်လှန် အိပ်လိုက်သည်။

သစ်ပင်ကြီးပေါ်တွင် ငန်းမြွေကြီးတကောင် ရှိသည်၊ ငန်းမြွေကြီးသည် ပူအိုက်လှသဖြင့် သစ်ပင်ပေါ်တွင် လျှာထုတ်၍ အိပ်မောကျလျက်ရှိသည်၊ ငန်းမြွေကြီး၏လျှာမှ အဆိပ်ရည်များ တစက်စက် ယိုစီးကျလျက်ရှိသည်။ ငန်းမြွေကြီး၏ လျှာမှ အဆိပ်ရည်များမှာ မုဆိုးကြီး၏ ကိုယ်ပေါ်သို့ စီးကျလာသည်၊ မုဆိုးကြီးမှာ ရေငတ်နေသဖြင့် ရေကောင်းအမှတ်ဖြင့် လက်ခုပ်ဖြင့် ခံလိုက်သည်။

သို့သော် အဆိပ်ရည်များ မုဆိုးကြီးလက်သို့ မရောက်၊ အနီးရှိ သိန်းငှက်က တောင်ပံဖြန့်၍ ခံထားလိုက်သည်။ ရေဆာ၍ အစာငတ်နေပြီဖြစ်သော မုဆိုးကြီးသည် ဒေါသ အလွန်ထွက်သွားသည်၊ လဲလျောင်းနေရာမှ ရုတ်တရက် ထလိုက်သည်၊ သိန်းငှက်မှာ မုဆိုးကြီး၏ လက်ထဲသို့ အဆိပ်ရည်များ မရောက်စေရန်သာ တောင်ပံများ ဖြန့်၍ အပေါ်မှ ကာကွယ်ပေးထားသည်။

မုဆိုးကြီးမှာ ဒေါသထွက်လွန်းလှသဖြင့် သိန်းငှက်ကို ခြေနှစ်ချောင်း ဆွဲယူပြီး တချက်တည်း ရိုက်သတ်လိုက်သည်။ သိန်းငှက်သေသောအခါမှ သစ်ပင်ပေါ်မှ ကျနေသည့် အရည်များမှာ အဆိပ်ရည်ဖြစ်ကြောင်း သိရှိသွားသည်။

သိန်းငှက်သည် မုဆိုးကြီး အသက်ဆုံးရှုံးမည်စိုးရိမ်၍ ကာကွယ်ပေးခြင်းဖြစ်သည်၊ မုဆိုးကြီးသည် ရုတ်တရက်ဖြစ်ပေါ်လာသော ဒေါသကြောင့် သိန်းငှက်အလိမ္မာ ဆုံးရှုံးသွားရချေပြီ-ဟု နားလည်လိုက်သည်၊ နောင်တ ရမဆုံး ဖြစ်သွားသည်၊ သို့သော် မုဆိုးကြီး၏ နောင်တသည် ကျေးဇူးသိတတ်သော သိန်းငှက်၏ အသက်ကို ပြန်မရှင်စေနိုင်တော့ချေ။

ဓာတ်ကြိုးပုံပြင်

ချစ်ပုံပြင် ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့ သမီးလေးတစ်ယောက်ရှိသတဲ့... သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ..... ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့..... ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့..... ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့.... အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ..... အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့...... ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ.... ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့..... ပျင်းတာကိုး နော်... ဥယျဉ်မှုးလေးကလည်း ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း ..... သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော... မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့.... ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ..... မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါရောတဲ့....... သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော.... သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို ပို့လိုက်ပါရောတဲ့ အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့.... မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့.... ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့ ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့... ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်..... ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့..... သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ ငါဆင့်ကို ရောက်သတဲ့... ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း.... ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့... မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့...... ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ....... ....... ............... ........................... စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်...... ပုံပြင်လေးကတော့ဒါပါပဲကွယ်...... သူငယ်ချင်းတို့တွေလဲ ဒီပုံပြင်လေးကို နမှုနာယူပြီး ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့ သင်ခန်းစာယူနိုင်ကြပါစေကွယ်....

မြသန်းတင့် ဝတ္တုစာအုပ်များ

 

Blog Archive

လပ်ကီးမြို့တော်