www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

My View On Opposite Sex ( အေးမြတ်သူ )

အေးမြတ်သူအေးမြတ်သူ
မိန်းကလေးတစ်ယောက် ဖြစ်ရတဲ့ အပေါ် ခံစားချက်က ဘယ်လိုလဲ။
မိန်းကလေးတစ်ယောက် ဖြစ်ရတဲ့ ခံစားချက်ကို  ပြောရရင် ကိုယ်အခု မိန်းကလေးတစ်ယောက် ဖြစ်နေရတာ ဂုဏ်ယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေက နူးညံ့သိမ်မွေ့တဲ့စိတ် ရှိတယ်။ ပြီးတော့ တစ်ခါတစ်လေကျရင် ယောက်ျားတွေထက်ပိုပြီးတော့ ပြတ်သားတဲ့စိတ် ရှိတယ်။ ကြောက်တတ်တဲ့စိတ် ရှိပေမယ့် တစ်ခါတလေကျရင် ယောက်ျားတွေထက်ပိုပြီး သတ္တိရှိတဲ့စိတ် ရှိတယ်လေ။ ပြောရရင် မိန်းမတစ်ယောက် ဖြစ်ရတာ ပျော်ပါတယ်။ တစ်ခါမှ မိန်းမတစ်ယောက်ဖြစ်လို့ ၀မ်းနည်းရတာမျိုး မရှိဘူး။ နောက်တစ်ခုက မိန်းမတစ်ယောက်ဖြစ်လို့လည်း ကိုယ့်ရဲ့မျိုးဆက် သားလေးဖြစ်ဖြစ်၊ သမီးလေးဖြစ်ဖြစ် မွေးပေးရဦးမှာကိုလည်း အေးမြတ်သူ ဂုဏ်ယူတယ်။ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်တာမျိုး လျစ်လျူရှုသင့်တာကို လျစ်လျူရှုသင့်တာမျိုးတွေ အဲဒါမျိုးတွေကိုလည်း မိန်းမတွေကပဲ ပြုလုပ်တတ်လေ့များပါတယ်။ အဲဒီအတွက် မိန်မတစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူတဲ့ ခံစားချက်မျိုး ရှိပါတယ်။
ယောက်ျားလေးနဲ့ ပတ်သက်ပြီး ရင်ခုန်တတ်ခဲ့တာ အသက်ဘယ်နှနှစ်လောက်မှာလဲ။
ငယ်ငယ်တုန်းက ဘယ်နှနှစ်လည်းတော့ မသိတော့ဘူး။ ဒါပေမဲ့ အပျိုဖြန်းလေး ဖြစ်ခါစတုန်းက ထင်တယ်။ ရင်ထဲမှာ လှပ်လှပ်လှပ်လှပ်နဲ့ အမြဲဖြစ်နေတယ်။ ဦးတည်ချက်မရှိဘဲ အရာအားလုံးအပေါ်မှာ ရင်ခုန်နေတာ၊ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်သွားလို့ သီချင်းကောင်းကောင်းလေးများ ဖွင့်ထားရင် ကိုယ့်ကိုများ စောင်းဆိုနေသလား၊ ဟင်း . . ဟင်း အချစ်ဆိုတာလည်း မရှိသေးဘူး။ ဘာမှလည်း မသိသေးဘူး။ ဒါပေမဲ့ နှလုံးထဲက လှပ်လှပ်လှပ်လှပ် ဖြစ်နေတာမျိုး၊ သင်္ကြန်ရောက်ရင်လည်း ကိုယ့်အိမ်ရှေ့မှာ ပိတောက်ပန်းများ ဘယ်သူထားမလဲဆိုတာမျိုး၊ တကယ်တော့ ဘာမှမဟုတ်ဘူးကွာ။ စိတ်ကူးယဉ်ကြည့်တာမျိုး၊ အဲလိုမျိုးလေးတွေ ဖြစ်ဖူးတယ်။
ဘယ်လိုအိမ်ထောင်ရေးပုံစံမျိုးကို သဘောကျလဲ။
သူငယ်ချင်းချစ်သူ အိမ်ထောင်ဖက်လို ပုံစံတစ်မျိုးစီထက် သူငယ်ချင်း အချင်းချင်းကနေ ချစ်သူဖြစ်ပြီးတော့ အိမ်ထောင်ဖက် ဖြစ်လာတာမျိုးကို ပိုပြီးသဘောကြတယ်။ သူငယ်ချင်းဆိုတာ အဖြူစင်ဆုံးနဲ့ စခဲ့ကြတာ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်ဖော်၊ တိုင်ပင်ဖက် ပွင့်ပွင့်လင်းလင်းနဲ့ ရင်းနှီးလာပြီးမှ ချစ်သူဆိုတဲ့ ဝေါဟာရမျိုး ပြောင်းလဲလာပြီး အိမ်ထောင်ဖက် ဖြစ်လာတာမျိုး အေးမြတ်သူ သဘောကျတယ်။
ယောက်ျားလေးတွေရဲ့ အသံနဲ့ ပတ်သက်ပြီး Feeling (အသံချို၊ အသံအော စသဖြင့် နှစ်သက်တာရှိလား)
ချိုချိုအီအီကြီးတွေကို မုန်းတယ်။ ယောက်ျားလေးတစ်ယောက်က တိကျပြတ်သားတဲ့ အသံမျိုးရှိရမယ်။ သြဇာရှိရမယ်။ မလိုအပ်တဲ့ ငေါက်ငမ်း နေတာမျိုးကို ပြောတာမဟုတ်ဘူး။ ဥပမာအားဖြင့် မလိုအပ်ဘဲနဲ့ ချိုနေတာမျိုးကို ပြောတာ။ ဖုန်းဆက်ပြီး အလုပ်များနေတာလား ဆိုတာမျိုး၊ အလုပ်များနေတယ်လို့ထင်ရင် ဖုန်းမဆက်နဲ့လေ။ အလကား ချိုပြနေတာမျိုးဆို ကြည့်လို့ မရဘူး။ သူ့အသံ သူ့စကားတွေထဲမှာကို တိကျပြတ်သားတာမျိုးကို ကြိုက်တယ်။
ယောက်ျားလေးတစ်ယောက်ကို နားလည်ရတာ ခက်လား။
ယောက်ျားတစ်ယောက်မှမဟုတ်ဘူး။ လူတွေအားလုံးကို နားလည်ရ အရမ်းခက်တယ်။ တစ်ခုရှိတာက အဲဒီလူတစ်ယောက်နဲ့ ပေါင်းလာတာ ကြာပြီး အဲဒီလူရဲ့အတွင်းစိတ်ထဲ အနက်ရှိုင်းဆုံး ပေါင်းမိသွားတဲ့အခါကျတော့ အလိုလို နားလည်လာတယ်။ ဥပမာ ဘယ်သူ့ကိုမဆို သူ့စိတ်ထဲ ဘာတွေရှိ မလဲ၊ ကိုယ်ဖတ်နိုင်တဲ့တစ်နေ့ ဘယ်သူ့ကိုမဆို ကိုယ်နားလည်လာမှာပါ။ သူ့စိတ်ထဲ ဘာတွေရှိမလဲ၊ သူသိမ်ငယ်နေတာကို သိရမယ်။ သူပျော်နေရင် လည်း ကိုယ်ကူးစက်နိုင်ရမယ် အဲဒီလိုမျိုး နားလည်လာမယ်ဆိုရင် ယောက်ျားတစ်ယောက်ရယ် မဟုတ်၊ မိန်းမယောက်ျား ဘယ်သူ့ကိုမဆို နားလည်နိုင်မှာပဲ။
ယောက်ျားလေးတွေနဲ့ ပတ်သက်ပြီး ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက် ဆိုပြီး ခွဲမြင်တတ်လား။
ကြိုက်တယ် မကြိုက်ဘူးဆိုတာ ဘာကို ပြောမလဲ။ ဥပမာ လူတစ်ယောက်က သူများတွေအပေါ်မှာ မကောင်းလဲ ကိုယ့်အပေါ် ကောင်းနေရင် ဘယ်လိုလုပ်မလဲ၊ ကိုယ့်ကို အရမ်းချစ်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒီတော့ ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်ဆိုတာတွေ မရှိဘူး။ ကိုယ်မကြိုက်တဲ့အချက်တွေ ရှိနေလည်း ကိုယ့်နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း ချစ်မိသွားရင်ရော။ အဲဒီအခါ ကိုယ်က ပြောင်းလဲပစ်ရမှာလား။ အရပ်ရှည်တဲ့လူကို ကြိုက်ပေမယ့်လည်း အရပ်ပုတဲ့သူက ကိုယ့်အပေါ် အရမ်းကောင်း၊ အရမ်းချစ်ပြီး ကိုယ်ကလည်းချစ်တယ် ဆိုရင်ရော အဲလိုအခါ ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက်ဆိုတာ သူကိုယ့်အပေါ်မှာထားတဲ့ စိတ်ခံစားမှု၊ အပြုအမူနဲ့ပဲဆိုင်တယ်။
အေးမြတ်သူအေးမြတ်သူ
အခုခေတ် ယောက်ျားလေးတွေကို ဘယ်လိုမြင်လဲ။
ပြောရရင်တော့ အခုခေတ် ယောက်ျားလေးတွေ Cosmetic အရမ်းသုံးလာတယ်လို့တော့ ထင်တယ်။ Cosmetic ဆိုတာ Skin အတွက်တင်မဟုတ်ဘဲ Lotion လိုမျိုး make up အထိပါ သုံးလာတာ တွေ့ရတယ်။ ခေတ်အရလည်းဖြစ်နိုင်တယ်။ ခေတ်ကိုကလည်း ယောက်ျား၊ မိန်းမ မခွဲတဲ့ အခြေအနေ ဖြစ်နေတာကိုး။ ဖြစ်နိုင်ရင်တော့ ယောက်ျားလေးတွေ ပညာရေးဘက်ကို ပိုပြီး အားသာလာတာမျိုး ဖြစ်စေချင်တယ်။
တစ်ခါတလေမှာ “ဒီကောင်လေးသာ ငါ့ မောင်လေးဖြစ်ရင် ဘယ်လို ဆုံးမမယ်ဆိုပြီး မျက်စိထဲသိပ်သဘောမတွေ့တဲ့ ကောင်လေး တချို့ ကြုံဖူးလား။
အေးမြတ်သူက မောင်လေးမရှိဘူး။ ၀မ်းကွဲတွေတော့ရှိတာပေါ့။ အိမ်မှာဆိုအငယ်ပဲ။ ဒါပေမဲ့ မောင်လေးအရွယ်တွေ အရက်သောက်ပြီး မူးနေတာမျိုး၊ ကိုယ့်ထက်အငယ်တွေက ကိုယ့်ကို စနောက်နေတာမျိုးဆိုရင် ကရုဏာဒေါသောတော့ ဖြစ်မိတယ်။
ယောက်ျားလေးတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး ကြုံ ဖူးလား၊
ဘယ်လိုမျိုး အခြေအနေမှာလဲ။ကြုံဖူးပါတယ်။ အခုက ဖုန်းတွေကလည်း အရမ်းများလာတော့ ငါးသိန်းဖုန်းတွေရော၊ ကတ်ဖုန်းတွေရော ကိုင်ကြတော့ ဘယ်သူမှန်းမသိ၊ ဘယ်ဝါမှန်းမသိ ဖုန်းနဲ့ကိုယ့်ကို စော်ကားတာမျိုး ကြုံဖူးပါတယ်။ တစ်ခါတလေကျရင်တော့ ကိုယ့်ကို ရည်ရည်မွန်မွန် ကိုယ်ရဲ့ အနုပညာကိုချစ်လို့ ဖုန်းဆက်လာတာမျိုးလည်း ရှိပါတယ်။ တချို့တွေကျတော့ ဖုန်းနဲ့ ကိုယ့်ကို ညစ်ညစ်ပတ်ပတ်စကားတွေ လာပြောတာမျိုးတွေ ရှိပါတယ်။ အဲဒီအခါကျတော့ ကိုယ်က အနုပညာရှင်ပဲလေဆိုပြီး စိတ်အနှောင့်အယှက်ဖြစ်ရုံကလွဲပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။
စိတ်ပင်ပန်းလွန်းတဲ့အခါ အထီးကျန်တဲ့ အခါခံစားချက်တွေ မျှဝေပေးနိုင်တဲ့ ယောက်ျားလေးမိတ်ဆွေ ရှိလား၊ (သူငယ်ချင်းဖြစ်စေ၊ ချစ်သူဖြစ်စေ၊ မိသားစုဆွေမျိုး ဖြစ်စေ)
ယောက်ျားလေးတစ်ယောက်ကို သူငယ်ချင်းထားရတာ အဆင်ပြေတယ်။ မိန်းကလေး သူငယ်ချင်းတွေလို ဆိုတာမျိုး မရှိဘူး။ အရာအားလုံးကို မျှဝေခံစားပေးနိုင်တဲ့ သူငယ်ချင်းမျိုးကို ပြောတာ။ သူ့မှာလည်း ချစ်သူရှိတယ်။ ကိုယ့်မှာလည်း ချစ်သူရှိတယ်။ ဒါပေမဲ့ ဖြူဖြူစင်စင်နဲ့ တကယ်ကို ခင်ကြတဲ့သူတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့တွေက အရောင်ဆိုးပြီး မြင်ကြတယ်။ မကောင်းဘူးပေါ့။ အေးမြတ်သူဆို ပိုဆိုးတယ်။ ယောက်ျားလေး သူငယ်ချင်း နဲ့ အအေးတွေ ဘာတွေသောက်ရင်တောင် သူ့ချစ်သူလားဆိုတာမျိုး ထင်ခံရတယ်။
ယောက်ျားလေးတစ်ယောက်မှာ ရှိသင့်တယ်လို့ထင်တဲ့ အရည် အချင်းကို ဘယ်လို သတ်မှတ်လဲ။
အေးမြတ်သူ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းကို အရေအတွက်နဲ့ မကြည့်ဘူး။ အရည်အချင်းနဲ့ပဲ ကြည့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေအတွက်ဆိုတာ သုံးပြီးသွားရင် ကုန်သွားလို့ပဲ အရည်အချင်းက ဘယ်တော့မှ ကုန်မသွားဘူး။ ပြောရရင်တော့ ပိုက်ဆံတွေ ရှိနေတဲ့သူထက် ပိုက်ဆံရှာနိုင်တဲ့သူကို ပိုပြီး သဘောကျတယ်။ အဓိက အရည်အချင်းရှိတာကို အေးမြတ်သူ ငွေနဲ့မတိုင်းဘူး။ ဒီလူဟာ အလုပ်ကို ဘယ်လိုကြိုးစား၊ ဘယ်လောက်လုပ်နိုင်လဲ။ သူရဲ့စိတ်နေသဘောထား အဲဒါတွေကို လိုတိုးပိုလျှော့ပေါ့။ လူတွေက ကိုယ်လိုချင်တာချည်းပဲတော့ မရနိုင်ဘူး။ ဒါပေမဲ့ သူရဲ့အရည်အသွေး အရည်အချင်းကို ကိုယ်တိုင်အပေါ်မှာပဲ ကြည့်ပါတယ်။
ဘယ်လိုယောက်ျားလေးမျိုးကို သဘောကျလဲ။
ယောက်ျားတစ်ယောက်က ယောက်ျားပီသရမယ်လို့၊ အရပ် ရှည်ရမယ်လို့၊ ချောမောရမယ်လို့ ကိုယ့်ကို နားလည်ရမယ်လို့ ဆိုရင် တစ်ခါတလေကျတော့ ရတဲ့ဟာလည်း ရတယ်။ ကိုယ်က ပြန်ပြီး လိုက်လျော ပြန်အလျှော့ပေးရတာတွေလည်း ရှိတယ်။ ပုံသေပြောလို့ မရဘူး။
ဘယ်လိုမိန်းကလေး သူငယ်ချင်းမျိုး ရှိလဲ။ ယောက်ျားလေး သူငယ်ချင်းကော ဘယ်နှယောက်ရှိလဲ။
အေးမြတ်သူမှာ မိန်းကလေးသူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူက အိမ်ထောင်သည်ပါ။ ကလေးတစ်ယောက် ရှိတယ်။ အဲဒီတော့ သူ့ကို သူငယ်ချင်းလိုမျိုး၊ အစ်မတစ်ယောက်လိုမျို၊ အမေတစ်ယောက်လိုမျိုး အားကိုးခင်မင်ပါတယ်။ သူက မိခင်တစ်ယောက်ရဲ့ စိတ်လည်းရှိတယ်။ ကိုယ့်ထက် အတွေ့အကြုံလည်းရှိတယ်။ အဲဒီတော့ အေးမြတ်သူ သူ့ကိုယုံတယ်။ အေးမြတ်သူကို ညီမလေး တစ်ယောက်လိုလည်း ကိစ္စရှိရင် ဆုံးဖြတ်ပေးတယ်။ အဲလို သူငယ်ချင်းတစ်ယောက်တော့ ရှိတယ်။ ယောက်ျားလေး သူငယ်ချင်း အများကြီးမထားတတ်ပါဘူး။ တစ်ယောက်ပဲရှိပါတယ်။
ပြည်တွင်း/ပြည်ပ နာမည်ကြီးအမျိုးသားတွေထဲက ဘယ်သူ့ကို သဘော အကျဆုံးလဲ။
အေးမြတ်သူ ဘယ်သူ့ကိုမှ အရမ်းကြီး သဘောကျတဲ့သူ မရှိပါဘူး။
သမီးမိန်းကလေးတွေကို မိဘတွေက ပိုပြီးရင်အုပ်မကွာ စောင့်ရှောက်ကြတာ ဘာကြောင့်ထင်လဲ။
အမှန်အတိုင်းပြောရရင် အေးမြတ်သူကို မိဘတွေက စောင့်ရှောက်တယ်ဆိုပေမယ့် အရမ်းကြီးတင်းကျပ်တဲ့ စည်းကမ်းထဲမှာမရှိဘူး။ အဲဒီတော့ သွားရဲ၊ လာရဲ၊ ဆုံးဖြတ်ရဲတဲ့ သတ္တိမျိုးကို ရလာတယ်။ တချို့မိဘတွေက မသွားနဲ့ မိဘနဲ့မှ သွားဆိုတာမျိုး ရှိတယ်။ အဲဒီတော့ ဘာကိစ္စမှ မဆုံးဖြတ်ရဲတဲ့သူတွေ ဖြစ်လာနိုင်တယ်။ မိဘ မရှိတော့တဲ့အချိန်၊ မိဘ အုပ်ထိန်းမှု မရှိတဲ့အချိန်မှာ လွှတ်ပြီးတော့ ဆိုးသွားနိုင်တယ်။ မကောင်းဘူးလို့ အေးမြတ်သူ ထင်တယ်။ အေးမြတ်သူ မိဘတွေက အေးမြတ်သူကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ပေးပါတယ်။ အဲဒီတော့ တစ်ခုခုလုပ်တော့မယ်ဆို ငါ မှားသွားရင် ငါခံရတော့မယ်ဆိုတဲ့ သတိမျိုး ထားတတ်လာတယ်။ ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ်ဆိုတဲ့ အတွေးမျိုးရှိတော့ အစွန်းဘက်ကို ရောက်မသွားတော့ဘူး။ မိဘတွေကိုလည်း အရမ်းကြီး တင်းကျပ်တာမျိုး အေးမြတ်သူ မကြိုက်ဘူး။ အခုခေတ်ကလည်း အရမ်းမြင့်လာတော့ ပိုဆိုးတယ်။ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်လှုပ်ရှားနိုင်ဖို့ မိဘတွေ ရင်အုပ်မကွာ စောင့်ရှောက်နေရမယ်လို့ အေးမြတ်သူ အားမပေးဘူး။
ကိုယ့်ကိုယ်လည်း သဘောကျပြီး ကိုယ်ကလည်း သဘောကျတဲ့ကောင်လေးတစ်ယောက်က ကိုယ်နဲ့ နီးနီးကပ်ကပ် နေချင်တဲ့ပုံစံ (လက်ကိုင်ချင်တာမျိုး၊ အသားယူလာခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ)
အဲဒီအခါကျရင် သူ့မျက်လုံးကိုထိုင်ပြီး တစိမ့်စိမ့်ကြည့်နေချင်တယ်။ သူငါ့ကို ဘယ်လိုရှိနေလဲဆိုတာ (မျက်လုံးကစိတ်ရဲ့ ပြတင်းပေါက်ဆိုတော့) ပြုံးပြီး သူ့မျက်လုံးလေးတွေကို ဖတ်ကြည့်ချင်တာပေါ့။
ကိုယ့်ကို ဦးဆောင်နိုင်တာ ကြိုက်လား၊ ကိုယ်က ဦးဆောင်ရတာကြိုက်လား။
ကိုယ့်ကို ဦးဆောင်တာပဲ အေးမြတ်သူ ကြိုက်တယ်။ မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ထက်မြက်ပါစေ အချိန်တန်လို့ အိမ်ထောင်ကျရင် ယောက်ျားတစ်ယောက်ရဲ့ နောက်မှာပဲရှိတယ်။ ကိုယ့်ယောက်ျား ကောင်းတယ်၊ မကောင်းတယ်ဆိုတာ မိန်းမတစ်ယောက်နဲ့ ဆိုင်တယ်။ အဲဒီတော့ သူ့ကို ဘေးကနေကူညီပြီး သူ့နောက်လိုက်တဲ့သူပဲ ဖြစ်ချင်တယ်။ အိမ်ထောင်ရေးမှာပေါ့။
အေးမြတ်သူ ဘယ်လိုယောက်ျားမျိုးကို ချစ်လဲ။
အေးမြတ်သူက အမြဲတမ်းပြုံးနေရတာကို ကြိုက်တယ်။ အေးမြတ်သူ ချစ်တယ်ဆိုတဲ့ ယောက်ျားက ရုပ်ချောဖို့မလိုဘူး။ ပြောရရင် သိပ်ချောတဲ့သူ အေးမြတ်သူ မကြိုက်ဘူး။ အေးမြတ်သူ သူနဲ့ယှဉ်သွားရင် သူကပိုချောနေတာမျိုး မဖြစ်စေချင်ဘူး(ဟင်း . . . ဟင်း) အေးမြတ်သူပဲ ပိုချောချင်တာကိုး။ ကိုယ့်ကို အမြဲပြုံးနေနိုင်အောင် စကားလေးချိုချိုသာသာ ပြောတာ လုပ်ပေးတဲ့သူမျိုး၊ သူရဲ့မျက်နှာမှာ အမြဲစိတ်ရွှင်မြူးနိုင်တာမျိုးကို သဘောကျတယ်။ ချစ်တယ်။
အမျိုးသားတွေဆီက ဘယ်လိုလက်ဆောင်တွေရတတ်လဲ၊ ကိုယ်တိုင်ကော ဘယ်လိုလက်ဆောင်မျိုးကို လိုချင်လဲ၊ သိမ်းထားလေ့ရှိလား၊
အရုပ်အကြီးကြီးတွေ ရဖူးတယ်။ အေးမြတ်သူ အခုထိသိမ်းထားတယ်။
အမျိုးသားတစ်ဦးက ကိုယ့်အတွက် ရည်ရွယ်ပြီးစာ၊ ကဗျာနဲ့ သီချင်းရေးတာလိုမျိုး လုပ်ပေးတာမျိုးရှိလား။ ဘယ်လိုခံစားရလဲ။
အေးမြတ်သူ ရည်းစားစာတောင် မရဖူးဘူး။
အမျိုးသမီးတွေအတွက် စိတ်ကူးထဲက ချစ်သူနဲ့ လက်တွေ့ဘ၀က ချစ်သူ ကွာခြားတယ်လို့ ပြောကြတယ်။ အဲဒီစကားကို ဘယ်လိုမြင်လဲ။
ဟုတ်တယ်။ လူတိုင်းကတော့ ကိုယ့်စိတ်ထဲမှာ ကိုယ့်ချစ်သူကို မင်းသားလေးပဲ ဖြစ်ချင်ကြတယ်။ တကယ့်တကယ် ကိုယ်ရဲ့ဘ၀မှာ ကိုယ်ဖြစ်တည်နေတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရပ်တည်မှု၊ ကိုယ်ရဲ့ Life မှာ လိုတိုးပိုလျှော့လေး လျှော့ယူရတာမျိုး ရှိတာကိုး။ တကယ့် တကယ်ကျတော့ ကိုယ့်ဘ၀ အတွက်ကောင်းဖို့ လိုက်လျောပေးရတာတွေ ပေးရမှာပဲလေ။ ကိုယ်က မိန်းမတစ်ယောက် ဖြစ်နေတာကိုး။
ဟင်းချက်တတ်တဲ့ အမျိုးသားတွေကို သဘောကျလား။
သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟင်းချက်တတ်တဲ့ အမျိုးသားတွေက မိန်းမစိတ်မဟုတ်ဘူး။ မိခင်စိတ်လိုမျိုး ကရုဏာထားတတ်တဲ့ စိတ်မျိုးရှိတယ်လို့ ထင်တယ်။ လူတစ်ဖက်သားအပေါ်မှာ စေတနာ မရှိဘဲ ပင်ပင်ပန်းပန်း ချက်ကျွေးနိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ အသေးစိတ် ဂရုစိုက်တတ်မယ်၊ ကြင်နာတတ်မယ်လို့လဲ အေးမြတ်သူထင်တယ်။ ပြီးတော့ အေးမြတ်သူက အစားအသောက်လည်းကြိုက်တော့ ဟင်းချက်တတ်တဲ့လူကို အရမ်းသဘောကျတယ်။ ရှင်က ဟင်းချက်၊ ကျွန်မက ရှာမယ်ပြောတာ မဟုတ်ဘူး။ ချက်ချင်တဲ့ စိတ်ကလေးရှိနေတာကို ပြောတာ။
အလှအပဘက်မှာ လိုအပ်တာထက် ပိုစိတ်ဝင်စားတဲ့အမျိုးသားတွေကို ဘယ်လိုမြင်လဲ။
မကြိုက်ဘူး။ လိုတာထက်ကိုပိုပြီး အလှအပဘက်မှာ စိတ်ဝင်စားတဲ့သူက မိန်းမဆန်တယ်လို့ ထင်တယ်။ မိန်းမဆန်တာနဲ့ မိခင်ဆန်တာကမတူဘူး။ ယောက်ျားလေးဆို သန့်သန့်ပြန့်ပြန့် ရှိရင်တော်ပြီ။ မျက်နှာကြီးပေါင်းတင်ပြီး အိပ်နေတာမျိုး ကြည့်လို့မရဘူး။
ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းက ယောက်ျားနဲ့ဆင်နေတယ် ထင်လဲ။
ကိုယ်ရဲ့အပြောအဆို၊ အမူအရာ၊ ကိုယ့်ဟန်ပန် လှုပ်ရှားမှုက ယောက်ျားဆန်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးမြတ်သူက ငယ်ငယ်ကတည်းက အဖေ၊အစ်ကိုတွေနဲ့ နေတာများတာကိုး။ အဲဒီအခါကျတော့ အေးမြတ်သူက မိန်းမမဆန်ဘူး။ အားကစားပွဲတွေ ကြည့်ရင်လည်း ဘောလုံးပွဲကြည့်ကြည့်၊ နပန်းပွဲကြည့်ကြည့် မိန်းကလေးဆိုတာ မေ့မေ့သွားတယ်။ ဟိုဘက်ကိုပို့၊ ဒီဘက်ကိုကန် ဟား . . ဟေးနဲ့ ဆူညံနေရောပဲ။ အဲဒီတော့ ကိုယ်ရဲ့လှုပ်ရှားမှုက ယောက်ျားလေးဆန်တယ် ထင်တယ်။ အဲဒီအတွက်လည်း တစ်ခါတလေကျရင် သဘောကျသလို တစ်ခါ တလေကျရင် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မင်းသမီးဆိုတော့ နွဲ့နွဲ့နှောင်းနှောင်း၊ လှလှပပ အိုက်တင်လေး တွေလုပ်တဲ့အခါ တောင့်တောင့်ကြီး ဖြစ်နေတတ်တယ်။ အဲဒီအခါ မနည်းထိန်းရတယ်။
ယောက်ျားလေးဆို နုဖပ်ပြီး ချောနေတာကြိုက်လား၊ ယောက်ျားပီသတာ ကြိုက်လား၊ ဘယ်လိုပုံစံ သဘောကျလဲ။
ယောက်ျားလေးဆိုပြီး နုဖပ်နေတဲ့သူမျိုးကို မကြိုက်သလို အရမ်းကြီး တည်ကြည်နေတာကိုလည်း မကြိုက်ဘူး။ အေးမြတ်သူ ဘယ်လိုပြောရမလဲဆိုရင် ချိုကြည်ကြည်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ် ပုံမျိုးလေးကိုကြိုက်တယ်။ အရမ်းကြီး ပြောင်ချော်နေတာမျိုး၊ အရမ်းကြီး တည်ခံ့နေတာမျိုးရဲ့ အလယ်အလတ်ပေါ့။
ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ Body Structure ကို သတိထားမိကြသလို အေးမြတ်သူကကော ယောက်ျားလေးတွေရဲ့ Body ကို သတိထားမိလေ့ရှိလား။
သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးမြတ်သူက မိန်းမကိုး။ Body Structure ဆိုရင် အပေါ်ပိုင်းအရမ်းကြီးရင် မကြိုက်ဘူး။ ဥပမာ လက်မောင်းတွေကြီးတာမျိုး၊ ဗိုက်ကလေးရှပ်ပြီး နေတာမျိုး၊ အဆီမရှိဘဲနဲ့လေ ကျစ်ကျစ်ကလေးပေါ့။ ဘယ်လိုအခါ သိသာလဲဆိုတော့ တီရှပ်ဝတ်တဲ့အခါ။ ပုဆိုးဝတ်တဲ့ အခါတွေမှာ သိသာတယ်။ သဘောကျတာကို ပြောတာနော်။ ကြိုက်တာ မကြိုက်တာမဟုတ်ဘူး။ ကြိုက်တာ မကြိုက်တာက ကိုယ့်နှလုံးသားနဲ့ ဆုံးဖြတ်ရတာကိုး။
လူပျိုကြီးတွေကို ဘယ်လိုမြင်လဲ။
လူပျိုကြီးတွေကို ဘယ်လိုမြင်လည်းဆိုတော့ ကောင်းပါတယ်။ လူတွေက ကိုယ်ရဲ့ စိတ်စေရာကို သွားနေကြတာပဲ။ လူပျိုကြီးဖြစ်တာကိုလည်း ရှုတ်မချဘူး။ ဒါဟာ သူ့စိတ်လွတ်လပ်ခွင့်ပဲလေ။ အေးမြတ်သူ ကတော့ တစ်ချိန်ချိန် အိမ်ထောင်ပြုမယ်၊ ကိုယ်ရဲ့ မျိုးဆက်ကို မွေးမယ်။ ကိုယ်ရဲ့ မျိုးဆက်ကို ကိုယ့်ထက်မြင့်ချင်တဲ့ လောဘရှိတယ်။ အဲဒီအတွက် အပျိုကြီးတော့ မဖြစ်နိုင်ဘူး။ လူပျိုကြီးတွေကလည်း သူတို့မှာ သူတို့ကို ချုပ်ကိုင်တာမျိုးတွေ မလိုချင်လို့ လူပျိုကြီးလုပ်တာ အဲဒါတွေကို မဝေဖန်လိုပါဘူး။
အေးမြတ်သူအေးမြတ်သူ
The Chic Magazine

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်