မုန်တိုင်းလာပြီ
သတိရှိကြ…………………………
၁ဝ-၅-၂ဝ၁၃ ရက် ညနေပိုင်း လောက်မှစ၍ ရုပ်မြင် သံကြားဌာန များမှ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေကြောင်း စတင် သတင်း ထုတ်လွှင့်ခဲ့သည်။
မုန်တိုင်းမှာ အဝါရောင်အဆင့် သာဖြစ်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိကြောင်း နောက်နေ့ထုတ် သတင်းစာများတွင် ဖတ်ရှုခဲ့ရသည်။
သို့သော် ၁၁- ၅- ၂ဝ၁၃ ညနေပိုင်း ရုပ်မြင်သံကြား သတင်းများက ပထမ ခန့်မှန်းချက်များကို ချေဖျက်ကာ မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား မှ ဖြတ်သန်းနိုင်ကြောင်း ထုတ်လွှင့်ခဲ့သည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းငယ်သည် မူလက အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလိမ့်မည်ဟု ခန့်မှန်း ခဲ့သော်လည်း နောက်ပိုင်းတွင် လမ်းကြောင်း ပြောင်းသွားသည်။
ပထမလမ်းကြောင်းအတိုင်း သွားပါက အိန္ဒိယနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်သွားနိုင်သည်။ မေ ၁၄ ရက် နံနက်ပိုင်းမှ စတင်၍ အရှေ့မြောက်ဘက်သို့ ကွေ့ပြီး မေ ၁၆ ရက် ညနေပိုင်း ခန့်တွင် ကမ်းခြေသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကို တိုက်ရိုက်ဝင်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုပါ တိုက်ခတ်ဖြတ် သန်းနိုင် ခြင်းဖြစ်သည်။ ယခုအချိန်တွင် မုန်တိုင်းငယ်သည် ပိုမိုအားကောင်း လာသည်။ မုန်တိုင်းအမည်ကိုလည်း မဟာစင်ဟု ကင်ပွန်းတပ်ခဲ့ပြီ။ မဟာစင်သည် လောလောဆယ် ခန့်မှန်းထားသလို အရှေ့မြောက်အတိုင်း ဆက်လက်ရွေ့လျားလျှင် ထိခိုက်မည့် ဧရိယာ နည်းပါး နိုင်သည်။ ထိုသို့မဟုတ်ဘဲ……ထပ်၍ ကွေ့ချိုးကာ ဘင်္ဂလား ပင်လယ်အော် အတွင်းမှ အရှေ့ဘက်သို့ ရွေ့လျား ခဲ့သည်ရှိသော်………….ပန်းပွင့်လေး နာဂစ် ၂ဝဝ၈ ခုနှစ်က ပန်းပွင့်လေးဟု အမည်ရသည့် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်က မြန်မာပြည်သူတွေကို သင်ခန်းစာ အကြီးကြီး တစ်ခုပေးခဲ့သည်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ အလူးအလဲ ခံစားခဲ့သည်။ ရန်ကုန်ကို နာဂစ်လာလည်သည့် အချိန်က ညဘက် ၁ဝ နာရီ လောက်ဖြစ်သည်။ ပန်းပွင့်လေးက မလာမီကပင် အကြိုထောက်သည့် အနေဖြင့် မိုးသက် လေညင်းလေးများကို အရင်ဆုံးပို့သည်။ ဆက်၍ အလုံးအရင်းဖြင့် မိုးသည်းသည်းလည်း ရောက်လာသည်။ နောက်တော့ သူမကိုယ်တိုင် ………….ကိုယ်ထင်ပြသည်။ နာဂစ်ဆိုသော ပန်းပွင့်လေး အကြောင်းကို မသိသော၊ မည်မျှ အရည်အချင်းရှိသည်ကို မသိသော၊ ဘာသိဘာသာ နေတတ်သော ရန်ကုန်မြို့ကြီး သားတို့ အလူးအလဲ မျက်ကလူး ဆန်ပျာ ဖြစ်ခဲ့ကြရသည်။ စာရေးသူ တစ်သက်တွင် မိုးကြီးလေကြီး ရွာသည်မှအပ မုန်တိုင်းဆိုသည်မှာ ကြားဖူးသည့် ဝေါဟာရ တစ်လုံးသာ ဖြစ်သည်။ အခုတော့ လက်တွေ့ ကြုံရပြီ---။ ထိုညက မိသားစုလုပ်ငန်းမှ အလုပ်များကို လုပ်ဆောင်ရင်း မုန်တိုင်းသတင်း နားထောင်ရင်း မုန်တိုင်းဆိုသည်မှာ ဘာလဲ ဟု အသေအချာ သိလိုက်ရသည်။ နာဂစ်သည် သူတွေ့သမျှကို လေဖြင့်မှုတ်ထုတ်သည်။ သူမြင်သမျှ အိမ်ခေါင်မိုးများကို ဆွဲလှန်သည်။ သူ့လမ်းကြောင်း တစ်လျှောက် ထိုးထိုးထောင်ထောင် ရှိနေသည့် သစ်ပင်များကို ဆွဲလှဲသည်။ အမြစ်မှလှန်သည်။ ခါးမှချိုးသည်။ လူနေ အိမ် အများအပြားကို ဖျက်ဆီးဖြိုလှဲသည်။ မုန်တိုင်းအကြောင်း သိလိုသော၊ မုန်တိုင်းတိုက်တာ ဘယ်လိုလဲ ဆိုတာ သိလိုသော စာရေးသူမှာ တစ်ညလုံး မအိပ်ပါ။ မှန်တံခါးလေး ဆွဲဖွင့်ကြည့်လိုက်၊ ရေရော လေပါ အလုံးအရင်းဖြင့် ဝင်လာ၍ ပြန်ပိတ်လိုက်နှင့် ဂနာမငြိမ် ဖြစ်နေသည်။ အိပ်ပျော်နေသော သမီးငယ်ကို အတင်းနှိုး၍ မုန်တိုင်းဆိုတာ ဒီလိုသမီးရဲ့ဟု ပြလိုက်သေး၏။ ဇနီးသည်ကလည်း အိပ်ရာထဲ ဝင်အိပ်လိုက်၊ စာရေးသူနှင့်ထ စကားပြောလိုက်နှင့် သူလည်းအိပ်ရေး ဝပုံမပေါ်။ မိုးစင်စင်လင်းတော့မှ လေပြင်းက အရှိန်လျော့သွားသည်။ အမ္ဗုန်မောင်မိုးမင်းကလည်း လေသံပျော့၍ မိုးစက်ချဖို့ အားနည်းသွားသည်။ နံနက် ၈ နာရီကျော် ၉ နာရီလောက်တွင် မိုးလုံးဝတိတ်သွားသည်။ အိမ်ရှေ့ လမ်းတစ်လျှောက်တွင် ပလတ်စတစ် အမှိုက်များ၊ အိမ်မိုးသွပ်များ၊ အခြား အမှိုက် များဖြင့် ပြည့်နေသည်။ အပြင်ထွက်၍ လမ်းမကြီးများပေါ် လျှောက်ကြည့်မည်ဟု ထွက်လာတော့ လမ်းလျှောက်လို့ ခက်နေသည်။ လမ်းမများ ပေါ်တွင် လက်ကျန် သစ်ပင်ကြီးတွေက အတုံးအရုံးလဲ နေကြသည်။ နာဂစ်သည် မည်သည့် အရာကိုမျှ မျက်နှာမလိုက်၊ တွေ့သမျှ မြင်သမျှကို ဖျက်ဆီးသွားခဲ့သည်မှာ မြန်မာ့မုန်တိုင်း သမိုင်းသာမက ကမ္ဘာ့မုန်တိုင်း သမိုင်းကိုပါ ရိုင်းစေတော့ သည်။ တစ်နိုင်ငံလုံး အလုပ်ရှုပ်သွားသည်။ ကယ်ဆယ်ရေး၊ နေရာ ပြန်လည်ချထားရေး၊ စားရေးသောက်ရေး၊ အဝတ်အစား၊ ကျန်းမာရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရတော့သည်။ အစိုးရက ဦးဆောင်သည်။ ပြည်သူ လူထု က ဝိုင်းဝန်းသည်။ အစိုးရ မဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက ကူညီပံ့ပိုး ပေးသည်။ နိုင်ငံတကာ အစိုးရ များက ထောက်ပံ့ပေးသည်။ ရုပ်မြင်သံကြား ဌာနများကလည်း ပျက်စီး ဆုံးရှုံးမှုများ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက် နေပုံများကို အချိန်ပြည့်ပြသ နေသဖြင့် မြင်တွေ့နေရသည်။ ကိုယ်တွေ့ဖျာပုံ နာဂစ်လာပြီး တစ်ပတ်ခန့် အကြာတွင် ညီမ၏ ခင်ပွန်းဖြစ်သူ ငါးဖမ်းစက်လှေ ပဲ့နင်းကြီး ဖျာပုံမြို့တွင် ပျောက်ဆုံး နေသည်ဟု သိရသဖြင့် ညီမနှင့်အတူ ဖျာပုံမြို့သို့ သွားခဲ့ကြသည်။ အဝေးပြေးလမ်းမှ သွားလျှင် ရသော်လည်း မြန်မြန် ရောက်ရန်အတွက် ဒလဘက်ကမ်း ကူးသည်။ တက္ကစီတစ်စီး ငှားလိုက်သည်။ ဒလမြို့မှ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲနှင့် ဖျာပုံသို့ လမ်းကောင်းစဉ်က တိုက်ရိုက် ခရီးပေါက်သည်။ ဒေးဒရဲတံတား၊ ဖျာပုံတံတားတို့ကလည်း ဆောက်လုပ် ဖွင့်လှစ်ထားသည်မှာ သိပ်မကြာသေး။ သတင်းများအရ တံတားကြီးများ ထိခိုက်မှု မရှိဟု ကြားသိပြီးဖြစ်သည်။ ဒလမှအထွက် ကားလမ်းမပေါ်တွင် ရှင်းလင်းနေသည်။ ဒလအလွန် ရွာတွေဖြတ်သွားတော့ အပျက်အစီး သိပ်မတွေ့ရသေး။ ကံဘက်ရွာမှ ထွက်၍ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်အထိ လမ်းတစ်လျှောက် ရွာတွေ က ပျက်စီးနေသည်မှာ မြင်မကောင်း၊ ဖြတ်သွားသော ကားတိုင်းကို ကြည့်၍ အကူအညီ တောင်းခံနေသော မျက်လုံး များ၏ ဒဏ်က တော်တော်ပြင်းသည်။ ကိုယ့်ကိစ္စမေ့ပြီး သူတို့ကိုကြည့်၍ ရင်ထဲဆို့နင့် နေအောင် ခံစားရသည်။ ကားပေါ် ပါလာသူ အားလုံး မျက်နှာမကောင်း၊ ကွမ်းခြံကုန်းမြို့ လွန်တော့ ပိုဆိုးသည်။ လမ်းဘေးဝဲယာတွင် ကျွဲသေ၊ နွားသေ များက အစုလိုက် အပြုံလိုက်၊ ဟိုးခပ်လှမ်းလှမ်း လယ်ကွင်းတွေမှာ လူသေအလောင်းများ မကယ်ဆယ်နိုင်၊ မဖယ်ရှား နိုင်သေး။ ကွမ်းခြံကုန်းဘက်ကမ်း ဒေးဒရဲတံတား မရောက်မီ ချောင်းကူး တံတားငယ် အရောက်တွင် ကားဆက်သွား၍ မရတော့ ပေ။ တံတား ပျက်စီးနေပြီ။ ဟိုဘက်ကမ်းတွင် ဆိုင်ကယ်နှစ်စီး ငှားလိုက်သည်။ ဒေးဒရဲ တံတားပေါ်မှဖြတ်၍ ဒေးဒရဲမြို့ သို့ ရောက်သည်။ ဒေးဒရဲလည်း အပျက်အစီး မနည်းသည်ကို တံတားပေါ်မှ တွေ့ရသည်။ သို့နှင့် ဖျာပုံတံတားကို ကျော်၍ ဖျာပုံမြို့သို့ ရောက်သည်။ ဖျာပုံမြို့က မုန်တိုင်းဗဟို တည့်တည့်ကျလေ သလားမသိ။ မြို့ပျက်ကြီး လိုဖြစ်နေသည်။ ဤသည်ပင်လျှင် အတော်အတန် ပြုပြင်ပြင်ဆင် ထားကြောင်း သိရသည်။ ဒုက္ခသည်စခန်း များတွင် ဒုက္ခသည်များ အပြည့်၊ ဒေသ အာဏာပိုင်များနှင့် အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း တွေ့နေရသည်။ ကိုယ်ကလည်း ကိုယ့်ဒုက္ခနှင့် ကိုယ်မို့ ထိုစခန်းများ အတွင်းသို့ မဝင်နိုင်ခဲ့၊ ယောက်ဖ ဖြစ်သူ၏ ငါးဖမ်းစက်လှေမှာ ဖျာပုံမြစ် အတွင်းပိုင်းတွင် ခိုဝင်နေရင်း စက်လှေအစင်း ၂ဝ ခန့် တွဲထားသည့်ကြားမှ နစ်မြုပ်သွားကြောင်း ဖျာပုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန် ရှိသူများက ပြောပြသည်။ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ ထွက်လာသည်။ ညနေ ၃ နာရီကျော်တော့ ဖျာပုံရောက်သည်။ စက်လှေငှား၍ မြစ်အတွင်း လှည့်လည်ကြည့်သည်။ ဖျာပုံမြစ်အတွင်း ရောက်တော့ စောစောက လမ်းတစ်လျှောက် ကြုံရသည့် ခံစားရ မှုများထက် ပိုဆိုးသည်။ ဖျာပုံမြို့၏ ဘေးတွင် စီးဆင်းနေသော ဖျာပုံမြစ်အတွင်း ကျွဲသေ၊ နွားသေများ၊ လူသေ အလောင်းများ အစုန်အဆန် မျောပါနေကြသည်။ မြစ်ဝတွင် နစ်မြုပ်သည့် စက်လှေများတွင် ယောက်ဖ စက်လှေ မတွေ့၍ မြစ်ညာသို့ ဆန်တက်ကြသည်။ တံတားအလွန် အကွေ့တစ်ကွေ့တွင် ယောက်ဖစက်လှေကို တွေ့ရသည်။ ပဲ့ပိုင်းမြုပ်၍ ဦးပိုင်း ထောင်နေသည်။ ထိုစက်လှေကို ဆယ်ယူနေသော အခြားစက် လှေတစ်စင်းလည်း ရှိနေသည်။ စက်လှေပိုင်ရှင် ရှိသည်။ ငါးဆရာရှိသည်။ ငါးဖမ်း သမားများ ရှိသည်။ သို့သော်ယောက်ဖနှင့် အခြားလေးငါးယောက် မရှိ၊ သူတို့ကတော့ ပျောက်နေသည်။ ပျောက်ဆုံး စာရင်း ဖွင့်ထားသည်ဟု ဆိုသည်။ သို့နှင့် ညီမကိုခေါ်၍ ဖျာပုံမြို့ပေါ် ပြန်တက်လာသည်။ ဒီညဖျာပုံတွင် အိပ်မည်။ မြစ်ကိုမြင်ရသော ကမ်းနားလမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းသည်။ တစ်နေကုန် နေပူမိုးရွာထဲ လာခဲ့ရသဖြင့် ရေချိုးခန်းထဲတွင် ရေချိုးသည်။ ရေကဝါ ကြန့်ကြန့် ဖြစ်နေသည်။ ကိစ္စမရှိ ဆပ်ပြာတိုက်မည်၊ သန့်ရှင်းလျှင် တော်ပြီ။ ရေမိုးချိုးပြီး ဧည့်ခန်းတွင် ထိုင်သည်။ ဖျာပုံတွင် နာဂစ်၏ ဘယာနက အစွမ်းမည်မျှပြခဲ့ သည်ကို ပြောဆို ဆွေးနွေး မိကြသည်။ ဟိုတယ် မန်နေဂျာလည်း ပါသည်။ သို့နှင့်ရေ ကိစ္စ ရောက်သွားသည်။ သောက်ရေလုံလောက်လားလို့ မေးရင်း ဒီမှာ ချိုးရေကော ဘယ်ကရသလဲ ဆိုတော့…….. မြစ်ထဲကပါတဲ့……….တဲ့၊ သွားပြီ ကိုယ်ကတော့ သန့်ရှင်း အောင် ရေချိုးခဲ့တာ၊ ချိုးရတဲ့ရေက မြစ်ထဲကတဲ့…………..၊ မြစ်ထဲမှာက………………ယောက်ဖ ကိစ္စက အလောင်း မတွေ့သဖြင့် ပျောက်ဆုံးစာရင်း ဝင်နေသည်။ အချို့ငါးဖမ်းသမားများက ပဲ့နင်းကြီး အလောင်းကို ရေထဲ မျောတုန်း တွေ့လိုက်တယ်။ ဝါးလုံးနဲ့ လှန်ကြည့်တော့ ဟုတ်နေတယ်……………..၊ စက်လှေငှားပြီး လိုက်ရှာတော့ နေစောင်း သွား လို့ ရှာမတွေ့ဘူးဟု ပြောသူလည်း ရှိသည်။ ထားတော့……………ရန်ကုန်ရောက်မှ ရှင်းတော့မည်။ သို့နှင့်ဖျာပုံမှ အဝေးပြေး ကားဖြင့် နောက်တစ်နေ့ နံနက်ပိုင်း ပြန်ဖြစ်သည်။ ပြောချင်သည်က………………….ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဆိုသော………….ပန်းပွင့်လေး အကြောင်းဖြစ်သည်။ နာဂစ် သည် အမည်လှသလောက် ရက်စက်မှု အပေါင်းတွင် သရဖူ ဆောင်းခဲ့ဖူးသည် ဆိုသည့် အကြောင်းဖြစ်သည်။ ယခုလည်း……………ဆိုင်ကလုန်း မုန်တိုင်းပါပဲ………….၊ နာဂစ်လို အမျိုးသမီး နာမည်တော့ မဟုတ်………၊ မဟာစင်တဲ့ အမျိုးသား နာမည်ဖြစ်နိုင်သည်။ မိန်းကလေး နာဂစ်သည် သူ၏အစွမ်းကို အလုံးစုံ ထုတ်ပြ သွားခဲ့သည်။ ယခု……………..သူ၏အစ်ကိုလား၊ မောင်လား …………… မဟာစင်ကရော…………………..ကဲ……….အားလုံးပဲ သတိ ရှိကြဖို့၊ ပြင်ဆင် ထားကြဖို့ အကျိုးမျှော် ကာ နှိုးဆော် လိုက်ပါသည်။ ။ ဆောင်းပါးရှင်-ကိုဦးမြင့် by myawady

0 comments:
Post a Comment