www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Thursday, May 23, 2013

အသုဘအိမ်က လက်ဝှေ့ပွဲ

အသုဘအိမ်မှာ ညဘက်မိုးရွာရင် ကြိုက်ကို မကြိုက်ဘူး..။ ဘယ့်နှယ် ... ။ လေက တဝူးဝူး မိုးကတစ်ဝုန်းဝုန်းနဲ့...။ ကြားထဲက မီးက ဖြတ်သေး..။ ဖယောင်းတိုင်မီးကို အားကိုးပေမယ့် လေက ကြမ်းတာကြောင့် ဟိုဟာနဲ့ ကာ ဒီဟာနဲ့ကာ လုပ်ရသေးတယ်.။. ဖဲကို ဖြောင့်ဖြောင့်မရိုက်နိုင်ဘူး..။ အခုလဲ ရပ်ကွက်ထဲက ဦးမှေးရဲ့ အသုဘမှာ ထုံးစံအတိုင်း မိုးအလင်း ဖဲရိုက်စောင့်ပေးပါတယ်ဆိုမှ မိုးက သည်းသည်း ရွာလိုက်သေးတယ်..။ မိုးစကျတယ်ရှိသေး လျှပ်စစ်ရုံးကလူကလဲ အားကိုးရတယ်..။ မီးကို တန်းဖြတ်တာပဲ.။ ငုတ်တုတ်များ ထိုင်စောင့်ပြီး မိုးရွာပါစေ ဆုတောင်းနေလားမသိ..။
စဉ်းစားကြည့်ပါဗျာ...။ ကြောက်တတ်လို့တော့မဟုတ်ဘူး ဒါပေမယ့် ဖယောင်းတိုင်မီး လှုပ်တုတ် လှုပ်တုတ်အောက်မှာ ဆန့်ဆန့်ကြီးလဲနေတဲ့ ဦးမှေးကို ကြည့်ရတာ ထပဲ နရင်းအုပ်တော့မယ့်ယောင်ယောင်..။ ဖဲဝိုင်းထဲကို မနည်း အာရုံစိုက်ထားရတယ်.။ မိုးရွာတော့ အကြောင်းပြချက်ကောင်းပြီး ညလာကူစောင့်မယ့် ကာလသား မောင်မိုးတို့ အုပ်စုကလဲမလာ.။ သူတို့လာရင် အားပိုရှိတယ်.။ သူတို့က အနည်းဆုံး ဆယ်ယောက်လောက်ရှိတာကိုး..။ အခုတော့ မောင်ဝင်း၊ မြကြီး၊ သန်းအောင်၊ ပေါက်စနဲ့ အားလုံးပေါင်းမှ ငါးယောက်ထဲရယ်.။ ဦးမှေးရဲ့ သားသမီးတွေကလဲ မနက်ဖြန်မှရောက်မှာဆိုတော့ အိမ်မှာ ဆွေမျိုးသားချင်းရယ်လဲ မ၇ှိဘူး.။ အမျိုးတွေကလဲ အလုပ်အကြောင်းပြပြီး ဦးမှေးအသုဘကို ရပ်ကွက်အပ်သွားတာကိုး..။
ငါးယောက်ရှိနေသေးလို့ တော်သေးတာပေါ့.။ တစ်ဝိုင်းတော့ ပြည့်တယ်.။ ဒါပေမယ့် မြကြီးဆိုတဲ့ကောင်က ဖဲကို အခုမှ ရိုက်ဖူးတဲ့ကောင်..။ ဒါကြောင့် ပါသမျှ ကုန်တဲ့သကာလ ဘေးထွက်ထိုင်နေတော့တယ်.။ ညတော်တော်နက်တဲ့အထိ မိုးက မတိတ်နိုင်ဘူး.။ သန်းခေါင်ကျော် တစ်ချက်ထိုးလောက်ကျတော့ မိုးလေး ဖွဲသွားတယ်.။ အဲဒီအချိန် မြကြီးကလွဲလို့ အကုန် ရေချိန်ကိုက်နေပြီ..။ ပွဲကလဲ ဟာသဖြစ်နေပြီ.။ အကုန်လုံး ဖဲချပ်တွေကို ပြူးပြဲကြည့်ရင်း ဘေးဘီကို သိပ်အာရုံမစိုက်နိုင်တော့ဘူး.။ အဲဒီအချိန်မှာ တံခါးလာခေါက်တယ်.။ မြကြီးက ထပြီးဖွင့်ပေးတယ်.။ မောင်မိုးတို့ဖြစ်မယ်ထင်တယ်.။
အဲလိုနဲ့ ဖဲကို ဆက်ရိုက်နေကြတုန်း ဒုန်းဆို မီးဖိုထဲက အသံမြည်တယ်.။ ခေါင်းထောင်ပြီးကြည့်လိုက်တော့ အလောင်းစံထားတဲ့ ဧည့်ခန်းထဲမှာ လူစိမ်းသူစိမ်း ရှိမနေဘူး..။ အဲဒါနဲ့ မြကြီးကို လှမ်းကြည့်လိုက်တော့ ပြုံးပြပြီး ဖဲဝိုင်းဘေးကို မေးဆတ်ပြတယ်.။ တစ်ယောက်ယောက် ထိုင်နေတယ်ဆိုတဲ့အထာ...။ သူမသိတဲ့သူဆိုရင် အဲလိုပဲ လှမ်းပြနေကျ..။ ကြက်သီးမွှေးညှင်းတွေ ထချက်ဗျာ.။ ရုတ်တရက်ကြီး..။ ဘေးဘီကို သေချာ လှည့်ကြည့်တော့ ဘယ်သူမှ မရှိနေဘူး.။ မြကြီးကို လှမ်းမေးရတယ်.။ ဘာလဲဟပေါ့..။ မြကြီးကပြောတယ်.။ ကိုသာဖေ..။ ခင်ဗျား ဘေးမှာလေ.. ။ ဦးမှေးရဲ့ သားကြီးလို့ပြောတယ်... တဲ့..။ ဟာဗျာ..။ ရုတ်တရက် သတိရသွားတယ်.။ မူးသာမူးနေတာ ...။ ဦးမှေးရဲ့ သားကြီးဆုံးတာဖြင့် ငါးနှစ်လောက်ရှိတော့မယ်.။ မြကြီးကတော့ သိပုံမရဘူး..။
ဒီကောင် မြကြီး ဖဲရှုံးလို့ ကူလီကူမာလုပ်နေတယ်လို့ ထင်မိတုန်း...။ သိပ်မသေချာသေးဘူး..။ အဲဒါနဲ့ မင်း ဒါနောက်စရာမဟုတ်ဘူးဆိုပြီး ဟောက်ထည့်လိုက်တယ်.။ မြကြီးက ပြန်အော်တယ်.။ ခင်ဗျားဘေးမှာ ငုတ်တုတ် ခင်ဗျားကို ပြူးကြည့်နေတာတဲ့..။ သူ့သူငယ်ချင်းနှစ်ယောက်တောင် မီးဖိုထဲကို ဝင်သွားတာ ပြန်မထွက်လာသေးလို့တဲ့..။ အကျိုးတော့ နည်းပြီပေါ့ဗျာ..။ ဘယ့်နှယ်...။ မြကြီးဆိုပြီး လှမ်းအော်တုန်းရှိသေးတယ် မီးဖိုထဲက ဒုန်း ဆိုပြီး အသံ ထပ်ထွက်လာတယ်.။ နောက်ပြီး လူသံလိုလိုပါ ကြားလိုက်ရတယ်.။ ပေါက်စကတော့ မျက်လုံးပြူးပြီး ငြိမ်နေပြီ..။ အကြောက်လွန်နေပြီလေ..။
အဲဒါနဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တယ်.။ ဖဲဝိုင်းဘက်ကို ပြန်လှည့်လိုက်တာ..။ ရှေ့မှာ လူက လေးယောက်.။ အားလုံးပေါင်းမှ ငါးယောက်.။ မြကြီးက အနောက်မှာ ဖဲဝိုင်းမှာ ကျန်ခဲ့တာက သူရယ်၊ ပေါက်စရယ်၊ မောင်ဝင်းရယ် သန်းအောင်ရယ်..။ အခုက တစ်ယောက်ပိုနေတယ်.။ သေချာ ပြူးပြဲကြည့်တော့ ဝိုးတဝါးနဲ့ မျက်လုံးစိမ်းကိုပဲ သေချာ မြင်ရတယ်..။
အဲလို ပြူးကြည့်နေမိတော့ ပေါက်စက ဖောက်တော့တာပဲ.။ ကိုသာဖေ ခင်ဗျားကြီးက ဘာလဲတဲ့..။ အားလုံးလဲ မှင်သက်ကုန်တာပေါ့..။ ပေါက်စက ခင်ဗျားက ဘာကိစ္စ ချိုတွေ ထွက်နေရတာလဲ ဆိုပြီး ထထိုးတယ်.။ အားလုံး ဝရုန်းသုန်းကားပဲ..။ တစ်ယောက်ကိုတစ်ယောက်ဆွဲရင်းကနေ မမြင်ဖူးတဲ့သူတွေပါ ဝင်ဆွဲနေတာကို မြင်ရပါလေရော..။ အဲဒါနဲ့ မည်းမည်းမြင်သမျှကို လိုက်ထိုး လိုက်ကန်မိတော့တာ..။ အသုဘအိမ်က ချက်ချင်းကို ဆူညံပွက်လောရိုက်သွားတယ်.။ ထိုးချက် ကန်ချက်တွေခံရင်း မည်းမည်းမြင်သမျှကို ပြန်ကန်ကျောက် ထိုးကြိတ်ရင်းနဲ့ ခြေကုန်လက်ပမ်းကျသွားချိန်မှာ မောင်မိုးတို့ အော်ဟစ်ပြီးရောက်လာတယ်.။ သူတို့ထင်နေတာ ကိုသာဖေတို့အုပ်စု ဖဲရိုက်ရင်း ထသတ်နေပြီပေါ့..။ နောက်မှ အကြောင်းစုံသိတော့ ချက်ချင်း ဘုန်းဘုန်းကို သွားလျှောက်ရတယ်.။ ဘယ်လိုဖြစ်သွားမှန်းမသိပေမယ့် မြကြီးကတော့ ဧည့်သည်လာလို့ တံခါးထဖွင့်ပေးတာ ပြောလို့ကောင်းတုန်း..။ အခုထက်ထိ အဲဒါ တကယ်လား အရက်ကြောင်တာလား သေချာ မသိသေးပါဘူး..။ ခံလိုက်ရတာကတော့ မျက်လုံး တစ်ဘက်ပိတ်၊ တစ်ပတ်လောက် လမ်းလျှောက်လို့ မရတဲ့အထိပဲ..။ အဲဒီကတည်းက သာဖေတို့ အသုဘ စောင့်အိပ်ဖို့ သိပ်လိုလို ချင်ချင် မရှိတော့တာ.။

ဒါကတော့ ပေါက်တောဆိုလား ပေါက်ခေါင်းဆိုလား အဲဒီဘက်က တက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ယောက် ပြောပြတဲ့ အတွေ့အကြုံပါ..။ ကျွန်တော်လဲ ဘာမှန်းမသိ...။



by စိုင်းမွန် (သစ္စေရွာ)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်