www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Thursday, May 23, 2013

နတ်နှင့်နဂါး


ဒီတစ်ခါ သရဲအကြောင်းတော့မဟုတ်ပါ။ အပြောင်းအလဲအနေနှင့်ရယ် ဗဟုသုတအနေနှင့်ရယ် ဒီဇာတ်လမ်းကိုတင်ခြင်းဖြစ်ပါသည်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
၁၉၃၉ခု အောက်တိုဘာလတွင် ရေးသည်။
ဘိုးချစ်ဦးသည် အသက်၇၀ကျော်အရွယ်ရှိမြွေလမ္ပါယ်ဆရာကြီး ဦးပေတိုးထံတွင် လက်ရင်းတပည့်ခံကာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်လေသည်။ မြွေဆရာကြီးဦးပေတိုးကား ဤအလုပ်ကို ကာလသားအရွယ်ကစ၍ ကုန်းကွရွတ်ယို အဘိုးအိုဘ၀အထိ လုပ်ကိုင်လာသော မန္တယားဆရာကြီးတစ်ဦးဖြစ်ရာ ပညာဝါကလည်း အထူးရင့်ခဲ့သူဖြစ်သောကြာင့် ဦးပေတိုးထံတွင် တပည့်ခံရသူ ဘိုးချစ်ဉ်ီးမှာ အခြားသာမန်မြွေဆရာတို့ထက် ပညာအရည်အချင်း အထက်တန်းကျခဲ့လေရာ အရပ်ရပ်အရွာရွာ ရောက်လာပြသခဲ့တိုင်း ဘိုးချစ်ဦးကို အထူးပရိသတ် ကြိုက်ခဲ့သဖြင့် ဘိုးချစ်ဦး၏အမည်သတင်းမှာ တသင်းသင်းမွှေးခဲ့လေ၏။
မြွေလမ္ပါယ်ဆရာကြီးဦးပေတိုး ရောက်လာပြီဆိုလျှင်ပင် ဆရာလေး ကိုဘိုးချစ်ဦးကို တွေ့မြင်ရတော့မည်ဟု တယောက်တပေါက် ကြော်ငြာသတင်းပေးလိုက်ကြခြင်းဖြင့် ရုံတွင်လူပြည့်ကြပ်မြဲဖြစ်လေရာ ဆရာကြီးဦးပေတိုး၏ မြွေပြပွဲကြီးမှာလည်း သာမန် တော်စွာ ရော်စွာ သဒ္ဓါကြေးနှင့်ပြသသော မြွေပြပွဲမျိုးမဟုတ်ဘဲ ဆိုင်းနှင့်ဝိုင်းနှင့် ခုံနှင့်စဉ်နှင့် ရုံနှင့်ကန္နားနှင့် ကျကျနနပြသော မြွေလပ္ပါယ်ပြပွဲမျိုးဖြစ်သောကြောင့် ရုံဝင်ခမှာ တယောက်လျှင် ၂ပဲနှင့်၎ပဲမျှသာထားစေကာမူ တမြို့တမြို့သို့ရောက်လျှင် ကြော်ငြာရိုက်ခ မောင်းသမားခ ရုံငှားခ ဓာတ်ဆီဘိုးစသော စရိတ်များအပြင် အိပ်ဝင်သပိတ်ဝင် အတော် တောင့်တောင့်ကျန်ခဲ့မြဲဖြစ်၍ ဦးပေတိုး၏အိမ်ဝင်ငွေထည်းမှ တပည့်တစုအတွက်ဟူ၍ ဝေစုပေးရသောဘိုးချစ်ဦုး၏အတွက် ကျငွေများမှာလည်း အသားတင်ဝင်ငွေမှ သုံးပုံတစ်ပုံမျှပေးရသဖြင့် ဘိုးချစ်ဦးအတွက် ၀င်ငွေများမှာ ရရစားစားနှင့်ပင် တနှစ်တနှစ်အနည်းဆုံးလေး ငါးရာအပိုစုမိလေ၏။
ရုပ်ရေကလည်းသားနား သင်ထားသောပညာများကလည်း ထက်မြတ်ဆဲဖြစ်၍တကြောင်း မြွေများနှင့်ကစားကပြရာတွင်လည်း အဘိုးကြီးမှာ အသက်ကြီးပြီဖြစ်၍ ဆရာကြီးအဖြစ်နှင့် အနီးအပါးမှ ဖေးဖေးမမရှိရုံထိုင်နေရလျှက် ဘိုးချစ်ဦးသာလျှင် တွင်တွင်ကျယ်ကျယ် လူစွာလုပ်၍ ဇာတ်ထုပ်ကိုဦးစီးရသော ဟီးရိုးဇာတ်လိုက်ပမာဖြစ်နေတော့ရာ ဦးပေတိုး၏အထက်တန်းအဖိုးတန် ပညာရပ်များနှင့်ပတ်သက်၍ စုလိုက်ပုံလိုက်ချီးမွမ်းစရာရှိသမျှမှာ ဘိုးချစ်ဦးသာ တစ်ဦးတည်းကိုယ်စားလည်ခံကာ ယူနေရတော့သဖြင့် အသက်လည်ကြီး သေလုနီးပါးရှိနေရှာသော ဦးပေတိုးမှာ သားသမီးပမာချစ်ခင်နေရှာသော ဘိုးချစ်ဦးအတွက် ပရိသတ်နှစ်သက်ကြသည်ကိုပင် တပြုံးပြုံးနှင့် နှလုံးလေခွေ့သဘောတွေ့၍ နေမိရှာတော့၏။
ဘိုးချစ်ဦးကလည်း မိမိအတွက် ဤမျှလူကြိုက်များ၍ ဤမျှအထက်တန်းကျသော မန္တယားဆရာတို့ထက် သိမှတ်ဘွယ်ရာ အဘိုးတန်ပညာများကို အမွေခံပေး-ပေးသော ကျေးဇူးရှင် ဆရာကြီးဦးပေတိုးအား အနန္တဂိုဏ်းဝင် ဆရာထင်မှတ်ရုံမက မိဘရင်းသဘွယ် တွယ်တာခင်မင်လျှက်ရှိလေ၏။
ဦးပေတိုးကား တနေ့တခြား သက်ရွယ်ကြီးလာသည့်အတွက် ကြွေလှုဆဲဆဲ သစ်သီးမှည့်ကဲ့သို့ရှိနေပြီဖြစ်ရာ မိမိပိုင်မြွေလမ္ပါယ်ပြပွဲကြီးကို ဦးစီးလုပ်ကိုင်သွားနိုင်မည့်သူဆို၍ကား တပည့်ချစ် ဘိုးချစ်ဦးတယောက်သာလျှင် ရှိနေသည့်အပြင် မိမိ၏တဦးတည်းသော အမိမဲ့သမီးကလေး မယ်ဒွေးအဘို့မှာလည်း နောင်ခါနောင်ရေးအတွက် တသက်လုံးစိတ်ချရလေအောင် တပည့်ဦး သမီးဦးနှင့်ပေးစားသည်ဆိုသော ရှေးဟောင်းစကားအရ မယ်ဒွေးအား ဘိုးချစ်ဦးနှင့် မိမိမသေခင် နေရာချထားခဲ့ရန် စီမံစိတ်ကူးရလေတော့၏။
ဘိုးချစ်ဉ်ီးမှာ ယခုမှ အသက်အစိတ်မျှသာ ရှိသေး၏။ ၁၅နှစ်သားက မိမိထံပါးသို့ ပညာသင်ကြားရန်ရောက်လာခဲ့သူဖြစ်၍ မွေးစားသားကလေးနှင့်လည်း မခြားနားအောင် တဦးနှင့်တဦး သံယောဇဉ်ဖွဲ့နှောင်ခဲ့ကြခြင်း ရှိလာကြသူများဖြစ်ရုံမက ဦးပေတိုးသမီးမယ်ဒွေးမှာ ယခုအခါ အသက်အရွယ်အားဖြင့် ၃၅နှစ်ခန့်ရှိ၍ ဘိုးချစ်ဦးထက် ဆယ်နှစ်ခန့်ကြီးနေသည့်အပြင် မယ်ဒွေးမှာ ဘိုးချစ်ဦးကို ငယ်ရွယ်စဉ်ကပင် အမကြီးနေရာမျိုးက အရာရာသြဇာပေးလာရသည့် ငယ်နိုင်ဖြစ်ခဲ့သည့်တကြောင်း၊ အရွယ်ခြင်းမမျှ ရုက်ရေချင်းကလည်း " နတ်သားကလေးနှင့် မျောက်နာမကြီးပမာ " ကွာချင်တိုင်းကွာနေခြင်းကြောင့်တမျိုး၊ အဆိုးဆုံးကား မယ်ဒွေးကိုယ်တိုင်ကလည်း ရူးကြောင်ကြောင် ပေါတောတောဖြစ်နေလျှက် ရူးရုံပေါရုံတွင်မျှမက စုန်းပူးသလိုလို နတ်ကပ်သလိုလိုကလည်း မကြာခဏဖြစ်တတ်ပြီး အခါများစွာမှာလည်း နတ်ကို အထူးရုံစား ၀ါသနာပါသူဖြစ်၍ နတ်ကတော် နတ်ဝင်သည်တို့ကို အထူးပလူးနေကာ ထိုသတ္တ၀ါတွေညာစားသမျှကို ကြေကြေနပ်နပ်ကြီး အမဲကျနေသူဖြစ်ရကား အဖေကြီးရှာဖွေစုဆောင်းပေးထားသမျှကို အိမ်ကနေ၍ မကုန်ကုန်အောင် သုံးဖြုန်းဖြန့်ဖြူးနေတတ်သည်ကို သိရသော ဓာတ်သိဘိုးချစ်ဦးအတွက် ဦးပေတိုးတွင် တမျိုးအပြောခက်၍နေမိလေ၏။
မိမိသမီးကို အနေအထိုင်အပြုအမူများ ပြင်ဆင်ရန် ဆုံးမတန်သမျှဆုံးမသော်လည်းမရ၊ ငယ်စဉ်က အမေသေသော မိတဆိုးကလေးဖြစ်၍ မဆိုရက်-မပြောရက်-အလိုလိုက်ထားခဲ့ရာတွင် မယ်ဒွေးမှာ အူကြောင်ကြောင် ရူးပေါပေါဖြစ်နေရှာသဖြင့်လည်း အဖေကြီးဆိုဆုံးမတန်သမျှကလေးများကိုပင် အရေးမထား၊ ပမာမခန့်၊ နန့်တန့်တန့်ဆောင့်ကြွားကြွားနှင့် ထင်သလိုသာ နေထိုင်စားသုံးလာသူဖြစ်ရကား သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ရှာသော ဦးပေတိုးလည်း လူကြီးပြီပြီ နားအေး စိတ်အေးကြိုက်သဖြင့် အလိုက်သင့်ဖြစ်သလို အလိုလိုက်၍လာခဲ့သူဖြစ်လေရာ၊ ကြာသော် မယ်ဒွေးမှာ အဖေကြီးကိုပင် အသက်ရှိသည်မထင် နိုင်ချင်တိုင်းနိုင်ကာ ဆိုးနွဲ့ပေတေနေသော ကလေးဆိုးကြီးပမာ ဖြစ်နေရှာတော့၏။
စီးပွားရေးအတွက် အမြို့မြို့အရွာရွာသို့ထွက်၍ မြွေလမ္ပါယ်ပြပွဲအတွက် ခရီးထွက်နေရသည်ကများသောကြောင့် အိမ်တွင်သမီးနှင့်အတူနေရစ်ရန် အစောင့်အရှောက်အဖော်များကို ခေါ်ယူကျွေးမွေးထားရလေရာ မယ်ဒွေးမှာအိမ်တွင် သူတစ်ဦးတည်းမင်းမူလျှက် သူစိတ်ဝင်စားနေသော နတ်ကတော် နတ်ထိန်းတို့နှင့် တရုံးရုံးနေသည့်အခါနေ၊ အိမ်သူအိမ်သားတွေကို အရေးမထား၊ အိမ်နီးချင်းများနှင့် တ၀ါးဝါးတဟားဟား စားလားသောက်လား ပေးကမ်းစွန့်ကြဲလားနှင့် နေတတ်သဖြင့် သူနှင့်အလွမ်းသင့်အောင်ပေါင်းလျှင် ကောင်းကောင်းကြီးစားပေါက်ပွင့်မှန်းမသိပွင့်ကြသော အိမ်နီးနားချင်းဆင်းရဲသူတို့မှာ မမယ်ဒွေး-မမယ်ဒွေးနှင့် ခလေးကအစလူကြီးများကျအောင် ၀ိုင်းညာချနေသော်လည်း အိမ်တွင်အတူထားသူများမှာ မပြောဝံ့ကြဘဲ လွန်လွန်ကြီးမဖြစ်တန်ဒါ မဖြစ်ရုံလောက်သာ စောင့်ရှောက်နိုင်ကြရှာလေ၏။
ယင်းသို့ မယ်ဒွေးကိုစောင့်ရှောက်ရန် အိမ်တွင်ခေါ်ထားသူများမှာ မကြီးမှုံဆိုသော မုဆိုးမကြီးနှင့် သမီးကလေး မယ်သွဲ့တို့ဖြစ်လေရာ မကြီးမှုံမှာ စုန်းပညာကိုအနည်းအပါးတတ်လျှက် အလွန်ဆင်းရဲသူဖြစ်၍ အရိပ်ထဲတွင်သားအမိနှစ်ယောက် အေးအေးထိုင်စားရမနည်းဘူးဟဲ့ဆိုသောသဘောနှင့် ဦးပေတိုးထံတွင်ခိုဝင်နေထိုင်ခဲ့ကြသည်ဖြစ်ရာ အနေကလည်း ကြာညောင်းလာသောကြောင့် ဖြူဖြူဖွေးဖွေးရေဆေးငါးကလေးလိုလှ၍ အရွယ်ကလည်း၂၀မျှလောက်သာရှိသေးသော မယ်သွဲ့ကလေးနှင့်ဘိုးချစ်ဦးတို့်မှာ တဦးမေတ္တာတဦးမှာ ဆိုသလို လူပျို အပျိုတို့စရိုက် ချစ်ကြိုက်ရည်ငံ ရှိနေကြသည်မှာလည်း အတော်ကြီးကြာခဲ့ပြီ ဖြစ်လေ၏။
+ + +
"ဘိုးချစ်ဦးရေ"
"ဘာလဲအဘ"
"မင့်ကို ငါတခု တိုင်ပင်ချင်သကွယ်။ မင်းအဘစကား နားထောင်မယ်လား။ အဘကတော့ ဒီကိစ္စကို မင့်အပြင်အားထားစရာမရှိဘူးကွယ်။ အဘလဲအိုလှပြီ၊ နေ့ ည သေရတော့မယ်။ ပြီးတော့ ဒီလထဲမှာဘဲ အဘဟာ တယ်ကြီးနေထိုင်ကောင်းလှတယ်မရှိဘူး။ ဒီတော့ အဘဟာ မတော်တဆခေါက်ခနဲသေသွားရင် အဘရင်ထဲမကျတဲ့အပူလုံးကြီးကြောင့် စိတ်မဖြောင့်ဘဲနဲ့ အသက်ထွက်ရမှာ စိုးရိမ်လွန်းလို့ပါကွာ "
" သြော်-အဘရာ စကားတွေဒါလောက် ပလ္လင်ခံစရာမလိုပါဘူး။ ကျွန်တော်ဟာ အဘပြုလို့နုနေရတဲ့လူဘဲ။ အဘကျေးဇူးတွေဟာ ကျွန်တော့်မှာနဲမှတ်လို့အဘရာ။ ဘာမဆို ဒီလိုကဒီလိုရှိတယ်ဟေ့။ ဒီလိုလုပ်လို့။ ခပ်ပိုင်ပိုင်ကြီးအမိန့်ပေးစမ်းပါ အဘရာ။ ကျွန်တော်အသက်နဲ့လဲရတဲ့အလုပ်ဖြစ်ပါစေ။ကျွန်တော်မငြင်းပါဘူး "
" အေး-ဒီလိုကြားရတာ ၀မ်းသာသကွယ်။ ဒါမှဒါမှ ငါ့တပည့်ဦးကြီးပြီသပါပေတယ်။ ဒါဖြင့် အဘပြောတော့မယ်ကွာ။ ငါ့တပည့်ကြီး သဘောထားကြီးကြီးနဲ့သာနားထောင်ပေတော့ "
" ဟုတ်ကဲ့-ပြောပါအဘရာ "
" အဘသမီးအရူးမ မယ်ဒွေးအကြောင်းပေါ့ကွ "
" သြော်-မမယ်ဒွေးဘာလုပ်တယ်ကြားပြန်တုန်း အဘရဲ့။ အဘအရင်တစ်ခေါက်ပေးခဲ့တဲ့ ငွေတွေကုန်အောင်နတ်ကန္နားပေးပစ်ပြန်ပြီတဲ့လား "
" မဟုတ်ပါဘူးကွာ။ သူ့အကြောင်းဘာမှမကြားပါဘူး။ ဒါပေတဲ့ သူ့အတွက် နောင်ရေးစိတ်မအေးမိလို့ပါဘဲ။ ဒီလိုကွဲ့ ဒီလို။ မင်းအမကြီးအကြောင်းလဲ မင်းသိပြီးဘဲ။ အထူးပြောနေစရာမလိုပါဘူးလေ။ ဟုတ်ကဲ့ မဟုတ်လား "
" ဟုတ်ပါတယ် အဘရဲ့။ ကျွန်တော်သိပါတယ် "
" အဲ-ဒီတော့ကွယ်။ ဒီလိုအရူးအပေါမကလေးကို အဘစိတ်ချသွားနိုင်စရာရှိရဲ့လား။ မင်း စဉ်းစားကြည့်စမ်။ အဘသေရင် မယ်ဒွေးဟာ ဘယ်သူ့ကိုသွားပြီး အားကိုးမှီခိုနေထိုင်ရှာမလဲ "
" ဟုတ်ကဲ့အဘ ကျွန်တော်သိပါတယ် "
" အဲ-ဒီတော့။ အဘကမသေခင် စိတ်ချရအောင်ဟာ မယ်ဒွေးကို ငါ့တပည့်ကြီးလက်ထဲအပ်ခဲ့ချင်တယ်။ အဘကိုချစ်ရင် အဘကျေးဇူးတွေမျှော်တွေးမိရင် အဘမျက်နှာထောက်ထားပြီး မယ်ဒွေးရဲ့သည်းညည်းခံစေချင်တာဘဲကွယ် "
" အို-အဘကလဲ ဒါများမှာနေရသေးသလားအဘရဲ့။ ကျွန်တော့်အမကြီးဘဲ ကျွန်တော်မကြည့်ဘဲ အလကားနေပါ့မလားဆို "
" သြော်-အဘပြောလိုတာက ဒီလိုသာမံကြည့်ရှုဘို့မဟုတ်ဘူးကွဲ့။ ဒီလိုတော့အဘမမှာလဲ ငါ့တပည့်ကြည့်မှာဘဲဆိုတာ အဘသိပါတယ်။ အဲ-ဒီလို "မပိုင်ဝက်မွေး"ကြည့်ရှူနေလို့ ငါ့တပည့်က ကိစ္စမရှိဘူး။ မယ်ဒွေးက မင့်ကိုအင်မတန်နိုင်လာတာ။ အစစ အရာရာငယ်နိုင်ဆိုပြီး သူကချည်းဆရာလုပ်နေတော့ မင်းသူ့ကိုဆုံးမပိုင်မှာမဟုတ်ဘူး။ ဒီတော့ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်ဟာကို မင်းတို့ချင်းအသက်အရွယ်မတူပေမဲ့။ အဘတော့ စိတ်ချရအောင်ဆိုပြီး ပေးစားခဲ့ချင်တာဘဲ။ ဒါမှလဲ ပိုင်ပိုင်နိုင်နိုင်ရှိမယ်ကွဲ့။ နို့မဟုတ်ရင် သူထင်ရာသူလုပ်နေမှာဘဲ။ အဲ-ဒါကြောင့် အဘစီမံသလို ငါ့တပည့်ကြီးက လိုက်နာစေလိုတယ်။ ကိုင်း-ဘယ့်နှယ်လဲကွဲ့ "
"အဘစီမံတာလဲ အင်မတန် သင့်မြတ်ပါတယ်။ ကျွန်တော်ကလည်း နားမထောင်ချင်ပါဘူးလို့ မငြင်းဆန်ဝံ့ပါဘူး။ ဒါပေတဲ့ ကျွန်တော် တခု အစီရင်ခံပါရစေအဘရယ်။ မမယ်ဒွေးနဲ့ကျွန်တော်နဲ့ဆိုတာ ငယ်စဉ်ကတဲက တကဲ့မောင်နှမအရင်းအချာများလိုနေလာတာ၊ ကျွန်တော့်စိတ်ထဲလဲ မမယ်ဒွေးဟာဖြင့် ငါ့အစ်မအရင်းခေါက်ခေါက်ဘဲလို့ထင်နေတော့........."
"အေးပေါ့ကွယ် ဒါတွေလဲ အဘသိပါတယ်။ ဒါပေမဲ့ အဘစီမံရာကိုသာ နာခံမယ်မဟုတ်လားလို့။ လိုရင်းစကား အဘသိချင်တာဘဲ"
ဘိုးချစ်ဦးမှာ အချစ်ကလေးမယ်သွဲ့၏မျက်နှာကို ကွက်ခါမြင်မိလျက် မချိဆွေးကြီးဆွေးမိလေ၏။ သို့နှင့်လည်း ကျေးဇူးရှင်ကြီး၏ စိတ်ကြိုက်ကို မလိုက်၍မဖြစ်သောအခြေသို့ ရောက်နေပြီဖြစ်သောကြောင့် မိမိကိုယ်ရေးကို ဂရုမစိုက် အမှုမထားနိုင်ဘဲ ဦးပေတိုးကြီးလိုလားချက်ကို သွက်လက်စွာ ခေါင်းငြိမ့်လိုက်ရမည်သာ ဦးစွာအရေးကြီးသော ကိစ္စဖြစ်ကြောင်း ကောင်းစွာတွေးမိသည့်အတိုင်း မိမိနှင့်မယ်သွဲ့တို့၏ အချစ်အတွင်းရေးကို ဘေးဖယ်ပြီး အနန္တဂိုဏ်းဝင် ဘခင်နှင့်လည်းမခြားသော ဆရာသမားအတွက် သွက်လက်စွာတာဝန်ယူတော့မည်ဟု ဆုံးဖြစ်ခါ.......
"ကောင်းပါပြီ အဘစီမံသလို ကျွန်တော်လိုက်နာပါမယ် အဘရဲ့ ....."
ဟု ပြောလိုက်ရာ အဘိုးကြီးဦးပေတိုးမှာ များစွာကြေနပ်ဝမ်းမြောက်သွားရှာပြီး-
"အေးကွာ-ဒါဖြင့် ဒီလဆန်းထဲ အိမ်ပြန်ပြီး ငါ့သမီးနဲ့ငါ့သားကြီးကို နေရာချထားမှဘဲ အဘလဲကောင်းကောင်းနေမကောင်းဘူးကွာ"
ဟု ပြောသဖြင့် တနေ့ထက်တနေ့ပြန်ရန်ဘက်သို့ ရက်နီးကပ်လာခဲ့သလောက် ဘိုးချစ်ဦးမှာ အချစ်ကလေးမယ်သွဲ့ကို ဘယ်ကဲ့သို့စိမ်းရက်နိုင်မည်နည်းဟု အတွင်းမီးတငွေ့ငွေ့လောက်ကာ မချိတရိကြီး ဖြစ်နေရှာတော့၏။
"သ္မီးရေ-ဟေ မယ်ဒွေး"
"ဟော-အဘတို့ပြန်လာကြပြီ။ အဘရေ အဘတို့မရှိတုန်း ကျုပ်ကို နတ်ကတော်မဆီဘူးက ဟောတယ်တော့။ ကျုပ်ကိုလေ ပခန်းမင်းကလေးကကြိုက်နေတယ်တဲ့တော့။ ဟီ-ဟိ-ကျုပ်နတ်ကတော်ဖြစ်မယ်တဲ့သိလား အဘ"
"သြော်-ခက်ပါဘိ ငါ့သ္မီးနှယ်။ ခရီးရောက်မဆိုက် ဘာတွေများပြောနေပြန်တယ်မသိပါဘူး။ နေစမ်းပါဦးဟ နတ်ရူးမရဲ့။ ဒါတွေငါ့ပြောရတာမျိုးမဟုတ်ဘူးဟဲ့"
"ဟင်-ငါ့မပြောလို့ ကျုပ်ဘယ်လင်သွားပြောရမှာတုန်းလို့"
"အေး-အေး ဒီလိုတွေ့ကရာဟာတွေ ပြောချင်ပြောရအောင် သ္မီးကို လင်ပေးစားထားမယ်။ အဲ-ဒီတော့မှ ကိုယ့်လင်ကိုပြော"
"ဒါဖြင့် မြန်မြန်ပေးစားပါတော် ကြာတယ်။ ဒါနဲ့ ပခန်းမင်းကလေးကလဲ ကျုပ်ကိုကောက်မယ်လုပ်နေတာတော့။ လင်ယူလို့ဖြစ်ပါ့မလား"
ဟု လုပ်နေပြန်ရာ ဦးပေတိုးမှာ သမီးရူးအတွက်အပြောရခက်လှသဖြင့် စိတ်ပျက်စွာခေါင်းကုတ်ပြီး သက်ပြင်းကြီးချလျက်-
"ခက်လိုက်တာနော်။ ပခန်းမင်းကောက်ကောက် တောင်ပြုံးမင်းကောက်ကောက်၊ လင်တယောက်တော့ ယူနိုင်တာချည့်ဘဲဟဲ့။ နင့်ကိုနတ်ကတော်မိဆီဘူးက ညာလွှတ်လိုက်ပြီထင်ပါတယ်ဟာ"
"အံမာ-မညာဘူးအဘရဲ့။ အဟုတ်ဘဲ။ ကျုပ်ကိုယ်တိုင်မြင်ရတာတော့။ မနေ့ညနေက အိမ်ရှေ့မှာလေ ကျုပ်တယောက်တဲ မှေးမှေး-မှေးမှေးနဲ့ဖြစ်သွားတော့လေ ပခန်းမင်းလေးကိုယ်တိုင် ကျုပ်အနားလာရပ်တယ်တော့။ ကျုပ်မျက်စိနဲ့ တတ်တတ်အပ်အပ်မြင်တာ။ ယောင်ကလေးတစောင်းထုံးလို့ နှုတ်ခမ်းမွှေးကလေးရေးရေးနဲ့ အသားကလေးကလဲဝါလို့တော့။ ချောလိုက်ထာမှ ဘယ်လိုချောမှန်းမသိဘူး။ ပန်းပုဆိုးလေးခါးတောင်းကျိုက်ပြီး မြင်းညိုကြီးစီးလို့ လက်တဘက်က မြင်းဇက်ကိုင်ထားတယ်။ လက်တဘက်ကတော့ အရက်ပုလင်းကလေးကိုင်လိုက်လို့တော့"
"ဟယ်-ဒီကောင်မကလေး တွေ့ကရ ရှောက်ပြောပြန်ပြီ။ အဲ-ဒါနတ်ကတော်မိဆီဘူးအိမ်က ပခန်းမင်းနတ်ရုပ်ကို နင်တွေးကြည့်နေတာဖြစ်မှာဘဲ။ ကဲလေ ဘာဘဲဖြစ်ဖြစ် နတ်ကောက်ကောက် သူရဲကောက်ကောက် ငါကလဲနင့်ကိုလင်ပေးစားရတော့မှာဘဲ"
"ဘယ်သူနဲ့ပေးစားမှာတုန်းတော့ ပေးစားရင်လဲမြန်မြန်ပေးစားပါလားတော်။ ကျုပ်တယောက်ထဲနေရတာ ပျင်းကပျင်းပါဘိနဲ့"
"အေး-အေး-မယ်မင်ကြီးမ မြန်မြန်ဘဲပေးစားပါ့မဗျာ"
"ဘယ်သူတုန်း အဘရ။ ဒါဘဲနော် အရုပ်ဆိုးရင်တော့ မယူဘူးတော့။ နတ်သားလေးလို ချောချောလှလှကလေးမှ ကျုပ်ကြိုက်ချင်တာ"
"အေး-လှပါဗျား-လှပါရဲ့။ သူများတော့မဟုတ်ဘူး။ နင့်ကိုဘိုးချစ်ဦးနဲ့ ပေးစားမှာဘဲ။ နင့်သည်ညည်းကို ဘိုးချစ်ဦးကလွှဲလို့ ဘယ်သူမှခံနိုင်မှာ မဟုတ်ဘူး"
"ဟင်-အဘကလဲ ချစ်ဦးနဲ့ဟုတ်လား။ ချစ်ဦးလှတော့လှသားဘဲ။ ဒါပေတဲ့ဆရာ ချစ်ဦးကငယ်ကငယ်နဲ့ ကြီးကြီးနဲ့ပေးစားပါလားဟင်။ တောင်ပိုင်းက ကိုဘတုတ်တို့အရွယ်ဆိုလဲ ဟုတ်သေးရဲ့"
"အို-ဘိုးချစ်ဦးကမှ သမီးသည်းညည်းခံမှာ ကြီးသော ငယ်သောလုပ်မနေနဲ့။ ဒိပြင်လူနဲ့ဆိုရင် နင့်နေပုံ ထိုင်ပုံနဲ့ အရိုက်ချည့်ခံနေရမှာ။ ဘိုးချစ်ကတော့ ရိုက်မှာနှက်မှာလဲမဟုတ်ဘူး"
"အေး-အေး- ရိုက်မှာနှက်မှာတော့အကြောက်သားဆရာ။ ကျုပ်လေ လင်ယူချင်နေတာတော့ ကြာလှပြီဘရဲ့။ ဒါပေတဲ့ ရွှေညှာရဲ့လင် အောင်ထွားဟာလေ သူ့မယားရွှေညှာကို ကျွဲရိုက်နွားရိုက်ရိုက်တာ မြင်ရပြီးကထဲက လင်ယူရင်ရိုက်ခံရမှာ ကြောက်နေတာကလား။ ချစ်ဦးလေးနဲ့ဆိုရင်တော့ ဟုတ်တယ် ကျုပ်ကို သူကရိုက်မှာမဟုတ်ဘူး။ ကျုပ်ကသာ သူ့ကိုရိုက်ရမှာ။ ဟီ ဟိ အဘကဒီလိုတော့ လိမ်မာသားဘဲနော်"
+++++ +++++ +++++

"ဘယ့်နှယ်မှ မအောက်မေ့နဲ့တော့အသွဲ့ရယ်။ ကျုပ်လဲ အသွဲ့ကို မချစ်လို့မဟုတ်ဘူး။ အသွဲ့ ဘယ်လောက်ချစ်တယ်ဆိုတာလဲ ကျုပ်သိပြီးဘဲ။ အဘကိုလဲညှာရမဲ့ ၀တ္တရားရှိနေတယ်။ သူ့ကျေးဇူးဟာ ကျုပ်အပေါ်မှာ အင်မတန်များတယ်ကွဲ့။ ဒီတော့ အသွဲ့က သဘောကြီးကြီးထားပါ။ မမယ်ဒွေးဆိုတာလဲ အရူးအပေါကြီးဘဲ"
"အကြောင်းကဒီလိုဖြစ်လာတော့ ဘယ်တတ်နိုင်မလဲကိုချစ်ရယ်။ ကိုချစ်ပြောသလို မမယ်ဒွေးက အရူးအပေါကြီးဆိုတာလဲ ဟုတ်ရှာတာပါဘဲ။ အဘကလည်း သူ့သမီးအတွက် စိတ်မအေးလို့စီမံခဲ့တော့ နားထောင်ထိုက်ပါတယ်။ ကျမကဖျက်ဆီးနှောင့်ယှက်လို့မတော်ပါဘူး။ ဒါပေတဲ့ ကိုချစ်ရယ် တယောက်နဲ့တယောက် ဒီလောက်တောင် ချစ်လာကြပြီးမှ....."
"အို-အသွဲ့ ဒီအတွက်မပူပါနဲ့ အသွဲ့ရယ်။ ကျုပ်စိတ်ကူးပြီးသားပါ။ အဘအလိုအတိုင်း မမဒွေးကို လူသိနတ်ကြားမင်္ဂလာဆောင်ယူထားလိုက်ရပကောလို့။ ကျုပ်သူ့ကို လက်ဖျားနဲ့တောင်မတို့ပါဘူး။ မောင်လိုနှမလိုနေမှာပါဘဲ။ အဲ-ဒီလို ကျုပ်ပြောတာကို အသွဲ့မယုံကြည်မရှိနဲ့နော်။ သံသယကင်းပါစေနော်။ ဟုတ်တယ်လေ ကိုယ့်ထက်ကြီး အမအရင်းနဲ့မခြားနေလာရတာလဲဖြစ်တယ်။ အရုပ်ကလဲဆိုးသေး စိတ်ကလဲရူးတူးတူးပေါတောတောကြီးဟာမျိုးကို ဘယ်လိုနီးနီးစပ်စပ်နေရလို့မှ စိတ်၏ကိုယ်၏ပြစ်မှားမိမှာ မဟုတ်တဲ့ဟာကြောင့် သံသယကင်းထိုက်ပါတယ်။ ရွယ်တူရွယ်တန် လှလှပပကလေးဆိုရင်လဲ ချဉ်သီးနဲ့ဆားလို ထိစပ်ရင်ငြိကပ်သွားမှာစိုးလို့ ကျုပ်ကဘယ်လိုဘဲ ယုံလောက်အောင် အာမခံပေစေ အသွဲ့ယုံချင်မှယုံထိုက်ပါတယ်လေ။ ဒီဟာကတော့ အေးလေ အထူးပြောဘို့မလိုပါဘူး။ ဒါကြောင့် အသွဲ့က ဟန်မပျက် စိတ်လက်ချမ်းချမ်းသယောင်နေလိုက်စမ်ပါ။ အဘခမြာဆိုလဲ ကြွေတော့မဲ့သစ်သီးလို အမှည့်ကြီးမှည့်နေရှာပါပြီ။ မသကာ အဘတသက်ကလေး အခြေမပျက်နေသွားရမှာပါ အသွဲ့ရဲ့"
"သြော်-အဘတသက်သာ မမယ်ဒွေးကိုယူမယ်။ အဘမျက်စိမှိတ်သွားရင် မမယ်ဒွေးကိုစွန့်ပစ်ပြီး ကျမနဲ့ယူကြမယ်ဆိုရင် မမယ်ဒွေး သူ့ခမြာ"
"စွန့်ပစ်လိုက်ဘို့လဲမဟုတ်ပါဘူးလေ။ အဘမျက်နှာနဲ့ သူ့ခမြာလဲ ဘယ်မှာမှ အားကိုးရာမရှိရှာတဲ့ ဥစ္စာ သူစိတ်ချမ်းသာသလို ၀တ်ဘို့စားဘို့ မပူရအောင် ကြည့်ရှုစောင့်ရှောက်ထားပြီး ကျုပ်တို့က"
"ဖြစ်ပါ့မလား ကိုချစ်ရယ်"
"ဖြစ်ပါတယ်လေ၊ မမယ်ဒွေးကလဲ ရူးပေါပေါကြီးပါ။ သူ့ဟာသူ နတ်ကတော်တွေနဲ့ နတ်မေး နတ်ပင့် နေရရင်ကြေနပ်မှာပါ။ ကျုပ်တို့က သူ့အလိုလိုက်ထားလိုက်ရင်ပြီးတာဘဲ"
"ဒါဖြင့်လဲ ကိုချစ်ကောင်းသလိုစီမံတော့လေ။ ကျမတော့ ကိုချစ်ပြုမှနုရမှာဘဲ။ နို့ပြီးတော့ အဘကိုလဲ ညှာသင့်ပေတာကိုး"
"အသွဲ့အမေကိုလဲ ဒီအကြောင်း တိုးတိုး တိတ်တိတ်ကြိတ်ပြောထားလိုက်အုံးနော်။ တော်တောကြာ အကြောင်းမသိတော့ စိတ်မကောင်းဖြစ်နေရှာအုံးမယ်"
"ပြောပါမယ်ရှင်။ ပြောပါမယ်။ အမေကလဲ တကယ်ဆိုတော့ အဘရဲ့အရိပ်မှီခိုနေရသူလဲဖြစ်တယ်။ ပညာခံတပည့်မတဦးလဲဖြစ်တယ်။ ဒီတော့ အဘကျေးဇူးတွေထောက်မျှော်ပြီး လူကြီစိတ်ချမ်းသာအောင် ပြုတာကို ချီးမွမ်းမှာပါဘဲကိုချစ်ရယ်"
သို့နှင့် များမကြာမှီ ဦးပေတိုးသည် တပည့် ဘိုးချစ်ဦးအား သမီးမယ်ဒွေးနှင့် လူစုံဘိတ်ကြား၍ ပေးထိမ်းမြားလိုက်လေရာ ဘိုးချစ်ဦးနှင့်မယ်ဒွေးတို့မှာ တရားဝင်သော အကြင်လင်မယားအဖြစ်ရောက်ရှိသွားလေ၏။
အချစ်ဦးမယ်သွဲ့ကလေးမှာလည်း နီးရက်နှင့်ဝေးနေရှာသော ဘိုးချစ်ဦးအတွက် စိတ်လက်မကောင်းမိသည်တိုင်အောင် မိမိတို့အချစ်မှာ အမြစ်အခြေခိုင်ခိုင်နှင့် မယိုင်မလဲ အမြဲတည်တန့်နေမည့် အချစ်မျိုးဖြစ်သောကြောင့် ဖြေမနိုင်ဆည်မတန့်နိုင်စရာ အကြောင်းမဟုတ်၍ ခပ်ကုတ်ကုတ်ကလေး က္ကုနြေ္ဒမပျက်နေနိုင်ခဲ့သလို ဘိုးချစ်ဦးမှာလည်း မယ်ဒွေးနှင့် အမည်အားဖြင့် လင်မယားဆိုရစေကာမူ လူချင်းကား မောင်နှမလိုသာနေထိုင်ခဲ့လျှက် တချက်တချက် မယ်ဒွေးက "နိုင်ချင် ကြက်လို"မကြာခဏ ခေါင်းဆိပ်ခံရသည်မှတပါး များစွာပူပင်ကြောင့်ကြရန် အရေးမကြုံရှိခဲ့လေ၏။
သို့သော် ဦးပေတိုးကြီးမှာမူကား တခါတရံတွင် ပြောရမှန်းမသိ မပြောရမှန်းမသိ ရူးပေါပေါနှင့်ထင်ရာဇွတ်တွန်းပြောတတ်သော မယ်ဒွေး၏ပါးစပ်မှ-
"အဘရေ....."
"ဟေ-ဘာတုန်းဟ"
"ကျုပ်နဲ့ချစ်ဦးနဲ့ ဘာတော်တုန်း"
"လင်မယားလဟာ"
"လင်မယားဆိုတာ အရှေ့ဘက်အိမ်က မိထူးနဲ့ဘိုးမှန်းတို့လိုမှ လင်မယားတဲ့တော့။ ဘိုးမှန်းတို့လင်မယား အိပ်ကြတာဟုတ် အရင်တခါတုံးက ကျုပ်ရယ် ဘိုးညှင်းအမမိပုဆိုတဲ့ အပျိုကြီးရယ် အသာကလေး ထရံပေါက်ကချောင်းကြည့်တယ်တော့။ ဘိုးမှန်းကလေ မိထူးကိုယ်ပေါ်ခြေထောက်တဘက်တင်ပြီးဘက်လို့။ စောင်တထည်တည်းခြုံပြီးအိပ်ကြတယ်။ နို့ပြီးတော့လဲ ဘိုးမှန်းက မိထူးကိုလေ-ဟိုလေ-
"ဟဲ့-တော်စမ်း-တော်စမ်း။ ဒါတွေ ငါ့လာပြောရတာမဟုတ်ဘူး"
"အို-ငါ့လာမပြော ဘယ်လင်သွားပြောရမလဲလို့"
"ချစ်ဦးကိုသွားပြောလေ ချစ်ဦးဟာနင့်လင်ဘဲ"
"ဟီ-ဟိ တယ်ဟုတ်ပါလိမ့်။ မဟုတ်လို့ ကျုပ်ကအခုပြောနေတာ။ ကျုပ်နဲ့ချစ်ဦးလေ တခန်းထဲအိပ်ပေတဲ့ ဘိုးမှန်းနဲ့မိထူးတို့လိုမဟုတ်ပါဘူးဆိုနေ"
"ခက်ပါပြီဟဲ့-သွားစမ်း-သွားစမ်း။ ငါနေထိုင်မကောင်းတဲ့အခါ တွေ့ကရဟာတွေလာပြောမနေစမ်းနဲ့။ ဟေ့-ဘိုးချစ်ဦးရေ လာစမ်းပါအုံးကွာ ဟောဒီမှာ မယ်ဒွေးစကားများလွန်းလို့ လာခေါ်စမ်းပါအုံး"
ဟု ပြောလိုက်မှ ဘိုးချစ်ဦးပေါက်လာကာ-
"အို-မမယ်ဒွေး လာပါဗျာ။ အဘနေမကောင်းပါဘူး။ သူ့ဟာသူအေးအေးနေပါစေ။ လာပါ မမယ်ဒွေးရဲ့"
ဟု ချော့ချော့မော့မော့ ခေါ်သည်တိုင်အောင် မယ်ဒွေးမှာ ပမာမခန့်နေမြဲနေရာက-
"အမာ-ဘာလဲ ချစ်ဦးက ငါ့ဖာသာငါပြော နင်နဲ့ဘာဆိုင်တုံး။ နင်ကငါ့လင်မို့ပြောရတာလားလို့"
"အို-မမယ်ဒွေးနှယ်ဗျာ။ ကျွန်တော်ပြောမယ် ဒီလာစမ်းပါအုံး"
"ငါ့ဆီ နင်လာပြောပါလားဟဲ့ ချစ်ဦးရဲ့။ နင့်ဆီငါဘာလို့လာရမှာလဲ"
"ကဲ-နေဗျာဒါဖြင့်။ ဟိုအကြောင်းပြောမလို့ ကျုပ်ကခေါ်တာ။ ပခန်းမင်းကလေးအကြောင်းလေ"
"ဟေ-ဟုတ်လား။ ငါအိပ်ရာနား ပခန်းမင်းကလေး ကြွလာပြန်ပြီလား။ ဒီလိုဆို စောစောကလာပြောရောပေါ့ ချစ်ဦးရယ်"
ဟု ဆိုကာ အခန်းထဲသို့ ခုန်ပေါက်ခါပြေးလေ၏။ ချစ်ဦးကား မယ်ဒွေးအကြိုက်နှင့်မျှားခေါ်လိုက်ပြီးနောက် အခန်းထဲတွင် နှစ်ယောက်သားတွေ့ကြမှ-
"ဒီမယ်ဗျ မမယ်ဒွေး။ အဘကို မဟုတ်ကဟုတ်ကတွေ ဘာလို့သွားပြောနေရတာလဲ။ ဒီစကားမျိုးဆိုတာ အဘေနဲ့သမီးပြောကောင်းတာမဟုတ်ဘူးဗျ။"
ဟဲ့-ငါသိပါ့မလား။ ပြောချင်ပြောမှာပေါ့။ ဘာလဲ နင်နဲ့ငါနဲ့ လင်မယားဆိုပြီး တခန်းထဲအတူနေပေတဲ့ ဘိုးမှန်းနဲ့မိထူးတို့လို့-"
"အို-ဒါက ဒီလိုမမယ်ဒွေးရဲ့။ မိထူးကမိထူးဘဲ။ မမယ်ဒွေးကမမယ်ဒွေးဗျ။ မမယ်ဒွေးမှာ သူများနဲ့တူတာမဟုတ်ဘူး။ ပခန်းမင်းကလေးက အင်မတန်ကြိုက်နေတာဗျ"
"အေး-အေး-ဟုတ်လိုက်ထာဟယ်။ ငါ့ကို ပခန်းမင်းကလေးကြိုက်နေတယ်ဆိုတာ နင်သိတယ်နော်ချစ်ဦး။ အေး-နင်တော်တယ်-တော်တယ်"
"အဲဒါပြောမလို့ပေါ့။ ပခန်းမင်းကလေးနဲ့ကျုပ်နဲ့တွေ့တယ်ဗျ"
"ဟေ-ဟုတ်လား ပြောစမ်းပါအုံး ချစ်ဦးရဲ့။ နင်နဲ့ဘယ်တုံးကတွေ့ကြသလဲ။ ငါ့အကြောင်းကောဘာပြောသွားသေးလဲ"
"ပြောတာပေါ့ဗျ။ ဒါနဲ့နေအုံးနော်။ ဒီအကြောင်းကို ဘယ်သူ့မှမပြောရဘူးတဲ့ ပခန်းမင်းကလေးက မှာသွားတယ်။ ကုန်ကုန်ပြောလိုက်မယ်လေ။ သူနဲ့တွေ့ကြတယ်ဆိုတာကို နတ်ကတော် မဆီဘူးတို့တောင် မသိပါစေနဲ့တဲ့။ အဲ-ဒါဘဲ။ ခင်ဗျားသွားပြောမိရင်တော့ ပခန်းမင်းကလေးက စိတ်ဆိုးလိမ့်မယ်"
"အေးပါဟယ်-ငါနားလည်ပါတယ် မပြောပါဘူး။ ဟိုကမှာသွားတာသာ ငါ့ကိုမြန်မြန်ပြောစမ်းပါ"
"ဒီလိုဗျ ဒီလို။ ကျုပ်နဲ့ပခန်းမင်းကလေးနဲ့ဟာ ခဏခဏတွေ့တယ်။ တွေ့တိုင်း တွေ့တိုင်း ပခန်းမင်းကလေးက ကျုပ်ကိုမျက်နှာထားဆိုးကြီးနဲ့ အမြဲကြည့်နေတယ်။ ဒီတော့ ကျုပ်လဲကြောက်ကြောက်နဲ့ပေါ့လေ "ကျွန်တော့ကို ဘာအပြစ်ရှိလို့ ဒီလိုကြည့်ရပါသလဲခင်ဗျာလို့"မေးတော့ကာ "ဟဲ့ ချစ်ဦး နင်ဟာ ငါ့မယားလောင်းကို ဘာပြုလို့ယူထားသလဲ မယ်ဒွေးကိုငါအင်မတန်ကြိုက်နေလို့ မကြာခင် ကောက်တော့မယ်ဆိုတာ နင်မသိဘူးလား"တဲ့။ ဒီတော့ ကျုပ်ကလဲ "မသိပါဘူး ပခန်းမင်းကလေးရယ်။ အဘကလဲပေးစားတာနဲ့ယူလိုက်ရပါတယ်။ ကျွန်တော့ကိုချမ်းသာပေးပါ"လို့ တောင်းပန်တော့မှ "အေး-မသိလို့ယူမိရင်ရှိစေတော့။ ဒါပေမဲ့ နင် ငါ့မယားလောင်းကို လက်ဖျားနဲ့မှမထိရဘူး။ တအိပ်ရာထဲလဲမအိပ်ရဘူး။ တခန်းထဲနေပေမဲ့ တနေရာစီ ခွဲအိပ်ရမယ်။ အဲဒါ ငါ့စကားနားမထောင်လို့ရှိရင် နင့်ကိုစီးတော်မြင်းနဲ့ တိုက်သတ်မယ်။ ယောက်ဖတော် ရွှေပြုံးမင်းကလေးဆီက စီးတော်ကျားကိုငှားပြီး ကိုက်သတ်ပစ်မယ် သိရဲ့လား။ ငါ ဒီလိုပြောသွားတာကိုလဲ မယ်ဒွေးမှတပါး ဘယ်သူ့ကိုမှမပြောရဘူး"တဲ့ သိရဲ့လား။ အဲဒါကြောင့် ကျုပ်မှာကြောက်လွန်းလို့ မမယ်ဒွေးအနားသိတ်မကပ်ဝံ့တာဗျ။ ခင်ဗျားကြီးက ဘာမသိ ညာမသိနဲ့ အဘကို ဘာဘာညာညာဟ၀ှါမပြုတာတွေသွားပြောနေလို့ ခုမှခေါ်ပြောရတာ သိလား"
ဟု ပြောလိုက်သည်တွင် မယ်ဒွေးမှာ မိမိအကြိုက်ဆုံးသောအလုံးဖြစ်၍ ပြုံးပြုံး ပြုံးပြုံးနှင့် နားထောင်၍ မအီမမုန်းနိုင်အောင်ဖြစ်သွားကာ-
"ငါမသိလို့ပါ ချစ်ဦးရာ။ ဒါဖြင့် ပခန်းမင်းကလေးဟာ ငါ့ကိုတကယ်ကြိုက်နေရှာတာဘဲနော်။ အို-ငါကလဲသိတ်ကြိုက်တာဘဲဟယ်။ သူကလဲကြိုက်နေလို့ရှိမှ မြန်မြန်ကောက်လိုက်ပါလားလို့။ ဒါနဲ့ ချစ်ဦးရ ပခန်းမင်းကလေးကမကြိုက်ဘူးဆိုရင် နင် ငါ့အနားသိပ်မကပ်နဲ့နော် သိလား။ နင့်ကို စီးတော်ကျားနဲ့တိုက်သတ်ထာကအရေးမကြီးဘူးဟဲ့ ငါ့ကိုမကောက်တော့ဘဲနဲ့ စိတ်ပျက်သွားမှာ စိုးရတယ်"
"စိတ်ချပါ။ မကပ်ပါဘူး။ ခင်ဗျားကြီးကသာ အဘကိုသွားမပြောပါနဲ့။ ဒါထက် ပခန်းမင်းကလေးအကြောင်းနဲ့ပတ်သက်ပြီး နတ်ကတော်ကြီးမဆီဘူးက မမယ်ဒွေးကို ဘာပြောသေးသလဲဟင်"
"မဆီဘူးကလား ပခန်းမင်းကလေးက ငါ့ကိုသိတ်ကြိုက်နေတယ်တဲ့။ ဒါပေတဲ့ ငါ့မှာ ဘာဆိုလားရှိနေလို့မကောက်သေးတာတဲ့။ အဲဒါမြန်မြန်ကောက်အောင် နတ်ဆေးတိုက်ပေးမယ်တဲ့။ နတ်ဆေးမတိုက်ခင် နတ်ကန္နားပေးရသေးတယ်တဲ့။ နတ်ကန္နား တခါတခါပေးတယ်ဆိုရင် ဆိုင်းနဲ့ဝိုင်းနဲ့ ကန်တော့ပွဲတွေ ဗောင်းတော်ပုဝါတွေ ပုဆိုးတွေ အရက်တွေ ကြက်တွေဝယ်ရလို့ ငွေနှစ်ရာ သုံးရာကုန်တယ်တဲ့"
"နို့-အရင်နှစ်ထဲကတခါ ဒီနှစ်ထဲမှာတခါ အဘပေးပစ်ခဲ့တဲ့ငွေထဲက ခင်ဗျားကြီးနတ်ကန္နားပေးပစ်ထာ နှစ်ခါရှိပြီမဟုတ်လား။ အဲဒီတုန်းက ခင်ဗျားတောင် နတ်ကန္နားပေးတဲ့အထဲ နတ်ပူးပြီး ၀င်ကသေးတယ်ဆို"
"ဟဲ့-နင်က ကမှန်းမသိဘဲနဲ့ အရမ်းမပြောနဲ့အုံး။ အဲဒီတုန်းက နတ်ကန္နားနှစ်ခါပေးတာဟာ ဒီကိစ္စအတွက်မဟုတ်ဘူး။ ပထမတခါနတ်ကန္နားပေးတာက ငါ့ကို နတ်တွေ အရှင်သခင်တွေ ချစ်ကြအောင် အရေးယူကြအောင်ဆိုပြီး နတ်ကတော်ကြီး ဒေါ်ဆီဘူးက မိတ်ဆက်နတ်ကန္နားပေးပေးတာတဲ့။ နောက်တခါ နတ်ကန္နားပေးတာကတော့ ငါ့လိပ်ပြာကလေးလှလာအောင် ငါ့လိပ်ပြာကလေးလှလာမှ အရှင်သခင်တွေက ပိုပြီးချစ်ကြမှာကိုး။ ဒါကြောင့် လိပ်ပြာလှအောင်ဆိုပြီး နတ်ကန္နားပေးရတာ။ အခုတော့ ငါ့လိပ်ပြာလှလို့ ပခန်းမင်းကလေးကိုယ်တိုင် ချစ်ကြိုက်လာပြီ။ အဲဒါ မြန်မြန်ကောက်အောင် နတ်ဆေးမတိုက်ခင် နတ်ကန္နားသုံးခါပေးရမယ်တဲ့။ အခုငါ့ဆီမှာ အဘအပ်ထားတဲ့ငွေသုံးရာထဲရှိတယ်။ နတ်ကန္နားသုံးခါပေးဘို့မဆိုထားနဲ့ တခါပေးဘို့တောင် မလောက်ချင်သေးဘူး"
ဟု ပြောရာ ဘိုးချစ်ဦးမှာ
"အင်း-ခက်တော့တာဘဲ။ အဘိုးကြီး ပင်ပင်ပမ်းပမ်းရှာဖွေရသမျှတော့ မဆီဘူးတို့မြှိုက်ချတိုင်း ဒီမမတဘက်တလမ်းက သရမ်းနေတာနဲ့"ဖို့မလောက်"ဖြစ်နေပြီဟု စိတ်တွင်းက ညည်းညူမိသည်တိုင်အောင် မိမိနှင့်အသွဲ့တို့၏နောင်ရေးနှင့်တကွ ယခုလက်ငင်း မိမိခေါင်းဆင်နင်းခံရမည့်အရေးများအတွက် တဘက်တလမ်းမှကာကွယ်ရန် လမ်းပေါက်ပွင့်နေသည့်အလျှောက် မယ်ဒွေးအလိုကို အနှောင့်အယှက်မပေးဘဲ ခပ်အေးအေးမြုံနေလိုက်ခါ.....
""အေးလဗျာ။ ဒါဖြင့်လဲ ဒီတခါ အဘနဲ့ကျွန်တော်နယ်ထွက်ရင် ငွေရလာမှာဘဲ။ အဲဒီတော့ ခင်ဗျားလုပ်ချင်တာလုပ်ထာပေါ့"
ဟု အလျှော့ပေး၍ ကြိုက်ဆေးနှင့် ခပ်လိုက်မှ မယ်ဒွေးပါးစပ်ငြိမ်လေတော့၏။
********* ************* **************
by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်