www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Thursday, May 23, 2013

ချစ်ခြင်းအစ သချိုင်းက

ဟုတ်တာမဟုတ်တာတော့ မသိဘူးဗျာ..။ ဖဲဝိုင်းကနေပြီးတော့ သရဲ စကားဝိုင်းဖြစ်သွားတာတော့ ကြုံဖူးတယ်..။
ဖြစ်ဆို တိုက်လဲ တိုက်ဆိုင်တာကိုး..။ အဲဒီ ဖဲဝိုင်းက အသုဘအိမ်က ဖဲဝိုင်းလေ..။ ရပ်ကွက်ထဲက ကိုအောင်ကြီး ဆုံးတော့ သွားကူကြရင်း ရိုးရာမပျက် မိုးလင်းထိုင်တဲ့ အသုဘဖဲဝိုင်းပေါ့..။
စထိုင်စကတော့ သာမန် ထွေရာလေးပါး စကားတွေလောက်ပဲ ပြောဖြစ်ကြတာပါ..။ ညတော်တော်လေးနက်လာပြီး နာရီတစ်ချက်ထိုးတော့ အိမ်က ဗွေဖောက်လာတယ်.။
ခေါင်မိုးပေါ်ကို သဲတွေ အဆုပ်လိုက် ကြဲချလိုက်သလို အသံတွေ ကြားလိုက်ရတာ..။ အားလုံး ငြိမ်ကုန်တယ်..။
အသံက တစ်ကယ့်ကို ပီပြင်လွန်းတာ..။ ပီပြင်ဆို ကိုအောင်ကြီးတို့ အိမ်က သွပ်မိုးကိုး...။ ခေါင်ကနေပြီးတော့ တံစက်မြိတ်အထိကို ကလောင်ကလင်အသံပေးပြီး အစုလိုက်အပြုံလိုက် လိမ့်ဆင်းလာသံကို ကြားရတယ်.။ အားလုံးလဲ မျက်စိတွေပြူးပြီးတော့ အိမ်ရှေ့ကို ကြည့်နေတာပေါ့..။ တံစိတ်မြိတ်ကို လွန်သွားတာနဲ့ အသံပျောက်သွားတယ်.။ အဲ..။ သဲနဲ့တူတာဆိုလို့ ဖုန်တစ်မှုန့်တောင် ကျမလာဘူးဗျား..။
အဲဒီမှာတင် သတ္တိခဲတွေ သိလိုက်တယ်.။ ထူးပြီဆိုတာကို..။ ဖဲဝိုင်းကို ဦးဆောင်နေတဲ့... ကိုပွကြီးကတော့ သိပ်ဂရုစိုက်ပုံမပေါ်ပါဘူး..။ ခပ်တည်တည်ပဲ ဝိုင်းကို ပြန်ဦးဆောင်တယ်..။
မေ့ထားလိုက် ဒါမျိုးက ဖြစ်တတ်တယ်..။ အဲလိုပဲ ဆိုပြီး ပွဲကို ဆက်တယ်..။ ဖြစ်တတ်တယ်ဆိုတဲ့ စကားလုံးက ကျန်တဲ့ ဝိုင်းတော်သားတွေကို ဆွဲဆောင်သွားတယ်လေ..။
အဲဒါနဲ့ ဖြစ်တတ်တယ်ဆိုတာ ဘယ်လိုကိုပြောတာလဲဆိုတာကနေစပြီးတော့ သရဲစကားဝိုင်းကို ရောက်တာပဲ..။
ပြောလို့ပြောတာမဟုတ်ဘူးဗျ..။ အသုဘအိမ်မှာ သရဲအကြောင်းပြောရတာလောက် အရသာရှိတဲ့ အတွေ့အကြုံတော့ မရှိလောက်ဘူးထင်တာပဲ..။ အဟုတ်..။ မယုံရင် စမ်းကြည့်..။
အဲဒီတုန်းက ကိုပွကြီးပြောပြတဲ့အကြောင်းတွေကို နားထောင်ရင်း ကိုအောင်ကြီးရဲ့ အလောင်းစံထားတဲ့ ကုတင်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ဖြစ်တယ်..။
ဘယ်အချိန်မှာများ ဝုန်းဆို ထထိုင်လိမ့်မလဲဆိုတဲ့ အတွေးနဲ့ပေါ့..။ တကယ်ကြီး ထမထိုင်ပါဘူးဗျ..။ အဲလို အရသာမျိုးရှိတယ်ဆိုတာကို သိစေချင်လို့..။
သရဲက အသုဘမှာ ဖြစ်လေ့ရှိတဲ့ သာမာန် ဟိုအသံ ဒီအသံအကြောင်းကနေ ကိုပွကြီးရဲ့ ဦးလေးအကြောင်းကို ရောက်သွားတယ်..။
သူ့ဦးလေးက ရုပ်သာဆိုးတာ အတော်လေးကို မြာစွံတာ..။ အဟုတ်အဟုတ်..။ သူ့အသက်ကြီးနဲ့ ကလေးမ ငယ်ငယ်ချောချောတွေကို ထင်သလို ကောက်စားလို့ကို ရနေတာ..။
အဲဒါကလဲ လျှို့ဝှက်ချက်ရှိသတဲ့..။ အဲလိုစကားစရင်းကနေ သူ့ဦးလေး ရုပ်ဆိုးရဲ့ ပီယဆေး ဖော်စပ်တဲ့ စွန့်စားခန်းဆီရောက်ရော..။ တစ်ကယ်လား အဟုတ်လား လံကြုပ်လားတော့ ခင်ဗျားတို့ စဉ်းစားပေါ့ဗျာ.။
သူပြောပြတာဒီလို..။ နားထောင်ကောင်းအောင် သူ့ဦးလေး အထာနဲ့ ပြောပြမယ်..။

အဲဒီနေ့က မိုးတွေ အရမ်းသည်းတယ်...။ ငါကလဲ ဆရာဒေဝနဲ့ ချိန်းထားလို့သာ တော်တော်လေးကို တောင်တွေးမြောက်တွေးနဲ့ ခြောက်ချားနေပြီ..။ အဓိကကတော့ ဒီလောက် မိုးသည်းထဲမှာ ဖယောင်းတိုင်ကို ဘယ်လိုထွန်းပြီး ဆေးကို ဘယ်လိုရအောင်ဖော်မလဲဆိုတဲ့ကိစ္စပေါ့..။ ထွေးငယ်ကို လိုချင်တော့လဲ ရဲရပြီပေါ့ကွာ..။ မင်းသိတဲ့အတိုင်း ငါ့ရုပ်နဲ့က ထွေးငယ်မပြောနဲ့ ရွာလည်က အကြော်သည် ဒေါ်ရွှေဆာတောင် ငါ့ကို ယူရင် ရွှေအချိန်လိုက်ပေးမယ်ဆိုတောင် စွံမယ့်ဟာမဟုတ်ဘူး..။ ဒီတော့ ငါအားကိုးစရာ ဆရာဒေဝပဲ ကျန်တာကိုး..။ ဆရာဒေဝကလဲ ငါ့ကို ကတိပေးတာကိုးကွ..။ ပီယဆေးဖော်ပြီးတာနဲ့ ထွေးငယ်မကဘူး ရွာထဲက ပျိုပျိုအိုအိုရှိသမျှ မိန်းမသားတွေ ငါ့ကို ကျစေရမယ်ပြောတာကိုး.။ မိန်းမ အဲလောက်အများကြီး မလိုချင်ပေမယ့် ထွေးငယ်ရမယ်ဆိုရင်တော့ ငါလဲ လိုချင်တာပေါ့ကွ..။ ကွမ်းတောင်ကိုင်ကိုး..။ ပြောနေတာနဲ့ လမ်းလဲ တော်တော်ချော်နေပါပြီ..။
မိုးကလဲ သည်းလွန်းတယ်.။ ရွာဦးကျောင်းက ကိုးချက်တီးတော့ ငါတွေဝေနေလို့မဖြစ်တော့ဘူးလေ..။ ရွာအနောက် သချိုင်းကို ပြေးရတယ်..။ ဆရာဒေဝက အဲမှာ ဆုံမယ် ပြောထားတာကိုး..။ သချိုင်းရောက်တော့ ဆရာဒေဝက ရောက်နှင့်နေပြီ..။ ငါ့ကိုမြင်တော့ လာရဲသားပဲ လုပ်နေသေးတာ..။ အဲဒီ သချိုင်းဝမှာတင် ငါ့စိတ်တွေ တော်တော်လေးကို ခြောက်ခြားသွားတယ်..။ မင်းမြင်ယောင်ကြည့်ပေါ့ကွာ..။ မိုးသည်းတော့ မှောင်မဲနေတာ..။ လျှပ်စီးတွေလက်လိုက်တော့ အုတ်ဂူနဲ့ မှတ်တိုင်တွေကို လျှပ်ရောင်အောက်မှာ မြင်ရတာ မကောင်းဆိုးဝါးတွေ ငုတ်တုတ်ထိုင်နေတဲ့အတိုင်းပဲ..။ ဆရာဒေဝနား အသေကပ်ပြီး လိုက်သွားရတယ်..။ အဲဒီနေ့ကလဲ တအားကို တိုက်ဆိုင်တာလေ..။ လကွယ်ည..။ ပြီးတော့ ရွာထဲက ပိုးထိပြီးဆုံးတဲ့ အပျိုပေါက် မိချိုကို မြေချတဲ့နေ့ကလဲ အဲနေ့ပဲလေ..။ ငါတို့လိုတာလဲ အဲဒါပဲ..။ မိချိုက တစ်ရွာလုံးသိတဲ့အတိုင်း အဖိုဆိုလို့ ရင်ဖိုတောင် သန်းဖူးတာမဟုတ်..။ တကယ့်အပျိုစင်လေးကိုး..။ အဲဒီညမှာ မှောင်နက်မဲမဲထဲ မိချိုမြေပုံကို မနည်းလိုက်ရှာရတယ်..။ မိုးဒီလောက်သည်းနေမှတော့ သုဘရာဇာ ကိုမှိန်လဲ ပုလင်းကိုင်ပြီး ကောင်းနေလောက်ပြီလေ..။ မြေပုံကိုတွေ့တော့ ဆရာဒေဝက ပြင်စရာရှိတာတွေပြင်တယ်.။ အလုပ်က ညသန်းခေါင်မှ စရမှာ..။ ဆရာဒေဝကတော့ ငါ့ကို အသားကုန်မှာနေတာ..။ ဘာတွေမှန်းကိုမသိဘူး.။ သေချာပေါက် မှတ်မိတာကတော့ ဘာဖြစ်ဖြစ် ထွက်မပြေးရဘူးဆိုတဲ့အကြောင်း..။ ညဆယ့်နှစ်ထိုးခါနီးတဲ့အထိကို မိုးကမတိတ်သေးဘူး..။ ငါက ဖြစ်ပါ့မလားလို့ပြောတော့ ဆရာဒေဝက ရယ်သဟ..။ နောက်ပြီး သူ့အိပ်ထဲက ဖယောင်းတိုင်ကို ထုတ်ပြီး မီးညှိတယ်.။ အံ့ရောဟေ့..။ မိုးသည်းထဲမှာကို ဖယောင်းတိုင်က အေးဆေး မီးတောက်နေရော..။ ပြီးတော့မကြာဘူး.. မိုးကြိုးတစ်ချက်ပစ်ပြီး မိုးလုံးဝ တိတ်ချသွားတယ်.။ ပြီးတော့ ရွာဦးကျောင်းက အုံးမောင်းခေါက်သံသဲ့သဲ့ လှမ်းကြားရတယ်..။ ဆယ့်နှစ်ချက်တီးပြီ..။ အဲဒါနဲ့ ဆရာဒေဝက ငါ့ကို မြေပုံကို စတူးခိုင်းတော့တာပဲ..။ မိုးလေးကူထားလို့သာပေါ့.။ စည်းကမ်းချက်အတိုင်းကို လက်နဲ့ ယက်ပြီး တူးရတာဟေ့..။ မလွယ်ဘူး..။ မိုးသာ မရွာထားရင် ငါတော့ သေမှာ..။ မိုးရွာထားတာကို နာရီတစ်ချက်တီးစာလောက် တူးလိုက်ရတယ်.။ နောက်ဆုံး အခေါင်းကိုမြင်မှပဲ ငါအသက်ရှူနိုင်တယ်.။ အခေါင်းကို ဖွင့်လိုက်တော့ မိချိုရယ်လေ အိပ်နေတဲ့အတိုင်းပဲ..။ ဆရာဒေဝက ငါ့ကို မိချိုရဲ့ လက်သန်းနှစ်ခုလုံးကို ဖြတ်ခိုင်းတယ်.။ ထွေးငယ်ကို လိုချင်လို့သာဟေ့...။ ငါလဲ စိတ်ထဲကနေပြီး မိချိုရယ် ငါ တမင်လုပ်တာမဟုတ်ပါဘူးဟယ်ဆိုပြီး ဖြတ်လိုက်တယ်.။ နောက်ပြီး ဆရာဒေဝက ငါ့ကို မိချိုဆံပင်တွေပါ ဖြတ်ခိုင်းတယ် လက်တစ်ဆုပ်စာတဲ့..။ ငါက ဓားနဲ့ ဖြတ်ရမယ်မှတ်နေတာ ဒီအတိုင်း ဆုပ်ပြီး ဆွဲနှုတ်တဲ့..။ ဘယ်လိုဆွဲဆွဲ မိချိုခေါင်းကြီးနဲ့ ကိုယ်ပဲ ကြွတက်လာတယ်.. ပါမလာဘူး..။ အဲဒါနဲ့ သူ့ပုခုံးကို ခြေနဲ့နင်းပြီး အာ့းရပါးရ ဆောင့်ဆွဲထည့်လိုက်မှ အပြုံလိုက် ပါလာတယ်.။ နားထဲမှာ အား နာလိုက်တာဆိုတဲ့ အော်သံကြီးကို ကြားမိသလိုဖြစ်လို့တောင် ငါထခုန်လိုက်သေးတယ်..။ မိချိုကို ငုံ့ကြည့်မိတာ ငါသည်းခြေပျက်ခါနီးတောင်ဖြစ်တယ်..။ သူ့မျက်လုံးကြီးက ငါဆောင့်ဆွဲတဲ့အရှိန်နဲ့ထင်တယ် ပွင့်နေပြီး ငါ့ကို ပြူးကြည့်နေတဲ့အတိုင်းပဲ.။ ဘယ်လို ပြတ်ပိတ်ပိတ် မပိတ်တော့ဘူး.။ ဆရာဒေဝကတော့ အမြန်တက်ခဲ့တော့လို့ပြောလို့ ငါလဲ အမြန်တက်လိုက်တယ်.။ အဲဒီနောက် သူက စည်းဝိုင်းချပြီး မိချိုရဲ့ လက်သန်းနှစ်ခုနဲ့ ဆံပင်တစ်စုပ်ကို မီးမြိုက်တယ်.။ နောက်ပြီး ဒယ်အိုးလေအသေးလေးထဲထည့်ပြီး မီးဆက်ပြတယ်.။ နောက် ပုလင်းထဲ ထည့်ယူလာတဲ့၊ ဆိတ်သွေး၊ ကြက်သွေးနဲ့ နွားသွေးတွေကို အဲဒီအိုးပြားလေးထဲ သွန်ထည့်တယ်.။ အဲလို ထည့်လိုက်တာနဲ့ အပုပ်နံ့ကြီး ထောင်းကနဲ ထလာတယ်..။ မိချိုကို မြေမှ ပြန်မဖုံးရသေးတာ..။ အဲဒီမှာတင် ဖယောင်းတိုင်ရောင်အောက်မှာ တွင်းထဲက မိချို မတ်တပ်ထရပ်လိုက်တာကို မြင်လိုက်ရတယ်.။ ငါလေ ကြောက်လွန်းလို့ တုန်တက်လာတယ်.။ ထွက်လဲ မပြေးရဲဘူး..။ ဆရာဒေဝမှာထားတာကိုး..။ စည်းပေါက်ရင် ငါရောသူပါ သေမှာဆိုတော့..။ သရဲထက် သေမှာကိုတော့ ပိုကြောက်တတ်တယ်ကွ..။ မဟုတ်ရင် ထွေးငယ်ကို ယူလို့ဘယ်ရတော့မလဲ..။ ငါလဲ အသေကြောက်နေပေမယ့် အတင်းပဲ ဇွတ်ထိုင်နေလိုက်တယ်.။ မိချိုတစ်ယောက် တွင်းထဲကနေ အပေါ် ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်ဘူး.။ နောက် အသံနက်ကြီးနဲ့ ငါ့လက်သန်းနဲ့ ဆံပင်ပြန်ပေးလို့ အော်တယ်.။ အဲဒီမှာ ဆရာဒေဝကလဲ လိုချင်ရင် ငါခိုင်းတာလုပ်ဆိုပြီး ပွစိပွစိနဲ့ ဘာစာတွေ၇ွှတ်မှန်းမသိဘူး..။ မိချိုကလဲ အကောင်သာသေးတာ တော်တော် ခေါင်းမာပုံပဲ..။ နောက်ဆုံး ဆရာဒေဝ ထရပ်ပြီး မြေကို ဖနောင့်နဲ့ ပေါက်ခိုင်းမှပဲ လုပ်ပါ့မယ် သဘောတူတယ်.။ နောက် ဆရာဒေဝက ပုလင်းသေးသေးလေးကို မိချိုဆီပစ်ပေးလိုက်တယ်.။ အဲဒါကို မိချိုယူပြီး တွင်းထဲပြန်ဆင်းသွားတယ်.။ နောက်ဆရာဒေဝက ငါ့ဘက်လှည့်လာရော..။ ပြီးတော့ မီးကင်ထားတဲ့ ဒယ်ကို လှမ်းပေးတယ်.။ သွေးတွေကြားမှာ လက်သန်းချောင်းပေါလောပေါ်နေတာ ငါ့မှာ ပျို့တောင်ပျို့တယ်.။ ဆရာဒေဝက ငါ့ကို တွင်းထဲဆင်းပြီး မိချိုပါးစပ်ထဲက ပုလင်းကိုယူ ပြီးရင် ဒါတွေကို လောင်းထည့်ခဲ့လို့ပြောတယ်..။ မင်းစဉ်းစားကြည့်..။ ခုလေးတင် မျက်စိရှေ့မှာ တွင်းထဲက တက်လာတဲ့ မိချို..။ ငါ့မှာ ဘယ်သတ္တိနဲ့ သွားပြီး ပါးစပ်ထဲက ပုလင်းကိုထုတ်ပြီး ဒါတွေကို သွားလောင်းထည့်ရဲမှာလဲ.။ ဆရာဒေဝက ဆက်ပြောတယ်.။ မင်း နောက်ထပ်ငါးမိနစ်ဆယ်မိနစ်လောက်ပဲ အချိန်ရှိတော့တယ်.။ လင်းကြက်သွန်ချိန်မှ မလဲရသေးရင် မင်းရဲ့ လက်သန်းကိုဖြတ်ပြီး အလျော်ပေးရမယ်တဲ့.. ငါလဲ ကျားမြီးဆွဲထားပြီးမှတော့ မထူးဇာတ်ခင်းရတာပေါ့ကွာ..။ ကြောက်၇ဲကြောက်ရဲနဲ့ တွင်းထဲဆင်းပြီး မိချိုပါးစပ်ကိုဟရတယ်.။ ပုလင်းကိုတွေ့တော့ နှိုက်ယူရတယ်.။ ယူနေတုန်း ဖြုန်းဆို မိချိုမျက်လုံးတွေ ပွင့်လာတယ်.။ ငါ့ကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်နေတာ.။ ငါလဲ ကြောက်တော့ လုပ်မိလုပ်ရာ လုပ်တယ်.။ မျက်ရည်တွေကလဲ တားမရ..။ ငိုသံကြီးနဲ့ ဒီမှာ နင့်လက်ချောင်းတွေဆိုပြီး ပါးစပ်ထဲ အကုန်လောင်းထည့်တယ်.။ ပြီးတော့ အပေါ်ကို အတင်းကုတ်တက်တယ်.။ ဗြုန်းဆို ငါ့ခြေထောက်ကို အောက်ကလှမ်းဆွဲထားတယ်.။ ငါလဲ အော်တာပေါ့.။ အဲဒီမှာ ဆရာဒေဝက ရောက်လာပြီး ပွစိပွစိနဲ့ ရွတ်ပြန်တယ်.။ ပြီးတော့ ငါ့ကို ဆွဲတင်တယ်.။ လင်းကြက်ကလဲ တွန်တော့မှာမို့ ငါတို့မှာ အခေါင်းဖုန်းကို အမြန်ပိတ်ပြီး မြေတွေကို အသားကုန် ဖို့ရတယ်.။ မြေဖို့တာတော့ မြန်ပါ့..။ ပြီးတော့ ဆရာဒေဝက သူ့ဖယောင်းတိုင်ကို မြေပုံပေါ်စိုက်ချလိုက်တယ်.။ သီသီလေးပဲ ဖယောင်းတိုင်လဲ စိုက်ပြီးရော ကြက်တွန်သံကို ကြားရတာပဲ..။ အဲဒီအခါမှ ပုလင်းကို ကြည့်ဖို့သတိရတယ်.။ ဖယောင်းတိုင်မီးရောင်အောက်မှာတော့ အရည်ကြည်လေးတွေကို မြင်ရတယ်.။ ဘာမှလဲ မထူးဆန်းနေဘူး.။ ဆရာဒေဝက ငါ့ကိုသေချာမှာတယ်.။ အစားထဲပဲဖြစ်ဖြစ်၊ ပုခုံးပေါ်ကိုပဲဖြစ်ဖြစ်၊ သောက်မယ့်အရည်တစ်ခုခုထဲမှာပဲဖြစ်ဖြစ် လက်ညိုးထိပ်လေးနဲ့ တို့ပြီး ကိုယ်လိုချင်တဲ့သူကို ထိတွေ့စေလိုက်ရင် တစ်ပတ်အတွင်းကိုယ့်အပေါ်ကို တန်းတန်းစွဲဖြစ်လာစေရမယ်တဲ့..။ ဒါပေမယ့် သတိထားရမှာက အချစ်ကြီးသလို အမျက်လဲ ကြီးသတဲ့.။ အဲဒီတော့ အဲဒီဆေးကို ချင့်ချိန်သုံးပါဆိုပြီး မှာသွားတယ်.။ အဲဒီနေ့ကစလို့ ဆရာဒေဝကို မတွေ့ရတော့ဘူး.။ ငါလဲ အဲဒီဆေးနဲ့ ထွေးငယ်ကို ပုခုံးတို့လိုက်တာ တစ်ပတ်အတွင်း ငါနဲ့ ညားတာပဲ..။ ကျန်တာတွေကိုတော့ မင်းတို့ မဟုတ်ကဟုတ်ကသုံးမှာစိုးလို့ ငါ့ကိုယ်ထဲကို ဆေးအဖြစ်နဲ့ စုတ်ထိုးထားလိုက်တယ်.။ ဒါကြောင့်ငါဟာ ပီယကိုယ်တော်ဖြစ်နေတာပဲ....။

ဒါကတော့ ကိုပွကြီးရဲ့ ဦးလေးလေသံနဲ့ပြန်ပြောပြတာပါ..။ အဖြစ်ကတော့အဲဒါပဲ.။ ဟုတ်လား မဟုတ်လားမသိပေမယ့် အဲလို ရုပ်ဆိုးတဲ့သူကြီးမှာ ကလေးမ ငယ်ငယ်ချောချောတွေကတော့ ဝိုင်းနေတာ အမှန်ပဲ..။ နောက်ပိုင်းမှ သိရတာက အဲဒီ ဆရာဒေဝဆိုတဲ့လူကို အညာက ရွာတစ်ရွာရဲ့ သချိုင်းမှာ အသက်ကင်းလျှက်သား တွေ့တယ်ဆိုလား..။ ကျွန်တော်တော့ ကြားရတာနဲ့တင် ကြက်သီးထတယ်.။ ဟုတ်တာ မဟုတ်တာကတော့ ခင်ဗျားတို့ ချင့်ယုံပေါ့ဗျာ..။ ကြားဖူးတာကို ပြန်ပြောပြယုံသက်သက်ပါ..။

လံကြုပ်လား အမှန်အရှုပ်လား တစ်ကယ်မသိပေမယ့် နားထောင်လို့ကောင်းခဲ့တဲ့ သရဲအကြောင်းတွေထဲက ခပ်ဆန်းဆန်းပုံစံတစ်ခုပေါ့ဗျာ..။
by စိုင်းမွန်း (သစ္စေရွာ)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်