မြိုင်ရာဇာ ဆရာမောရ
ကလေးတို့ရေ…….
ဟိုး……..ရှေးရှေးတုန်းကပေါ့ကွယ်။
ရွာကြီးတစ်ရွာမှာ မောင်သုတဆိုတဲ့ လူငယ်လေးတစ်ဦး ရှိခဲ့ပါတယ်။ အရွယ်
ရောက်လာတဲ့ အခါမှာတော့ မောင်သုတလေးဟာ ပညာ၊ ဗဟုသုတတွေ ရှာဖွေဖို့အတွက်
ခရီးရှည်တစ်ခုကို ထွက်လာခဲ့ပါတော့တယ်။
နှစ်ပေါင်းများစွာ
ကြာမြင့်ပြီးတဲ့ အခါမှာတော့ “အမှန်တရား” ဆိုတာနဲ့ပတ်သက်လို့ ရှာဖွေဖို့
တိုက်တွန်းကြတာရယ်၊ လမ်းညွှန်ပေးကြတာရယ်ကြောင့် ရှာဖွေမယ်လို့ ရဲတင်းစွာပဲ
ဆုံးဖြတ်ခဲ့ပါသတဲ့။ လူတွေက သူ့ကို ဒီလိုလမ်းညွှန် ပေးခဲ့တာပါ။
“တောအုပ်ကြီးထဲက
ဂူတစ်ဂူကို သွားရှာရမယ်။ အဲဒီမှာ ရေတွင်းတစ်တွင်းကို တွေ့ပါလိမ့်မယ်။
အမှန်တရား ဆိုတာဘာလဲဟေ့ ဆိုပြီး ရေတွင်းကြီးကို မေးလိုက်ပါ။
ရေတွင်းကြီးထဲကနေ အဖြေပေးပါလိမ့်မယ်။”
မောင်သုတလေးလည်း
စိတ်အား ထက်သန်စွာနဲ့ပဲ လမ်းညွှန်တဲ့အတိုင်း ခရီးထွက် လာခဲ့ပါတော့တယ်။
ဗဟုသုတနဲ့ သိချင်တာကို ရဖို့ဆိုရင် ကလေးတို့ကော ခရီးထွက်ကြမှာလားဟင်။
ခရီးထွက်ပြီး
မကြာခင်မှာဘဲ တောအုပ်ထဲက ဂူတစ်ဂူကိုတွေ့တော့ အထဲကို ၀င်သွားခဲ့ပါတယ်။
ကံကောင်းလှစွာပဲ လမ်းညွှန်ထားတဲ့အတိုင်း ဂူထဲမှာ ရေတွင်းကြီးကို
တွေ့ခဲ့ပြန်တော့တယ်။ ဒီအခါမှာ လူငယ်လေးဟာ ဟောဒီကမ္ဘာကြီးမှာ လူတိုင်း
သိချင်နေတဲ့ မေးခွန်းကြီးကို မေးလိုက်တော့တာပေါ့ကွယ်။
“အမှန်တရားဆိုတာ ဘာလဲဟေ့”
အံ့သြဖို့ ကောင်းလိုက်တာ။ ဟိုး..ရေတွင်းအနက်ဆုံးနေရာကနေ အသံတစ်သံဟာ တကယ်ပဲ အဖြေပြန်ပေးခဲ့တယ်တဲ့။
“ရွာလယ်က လမ်းဆုံနေရာကို သွားပါ။ အဲဒီမှာ သင်ရှာဖွေနေတာကို တွေ့ပါလိမ့်မယ်”
ကလေးတို့ရေ……
အဲဒီအခါမှာ မောင်သုတလေးဟာ ရွာလယ်လမ်းမ လမ်းဆုံဖက်ကို မျှော်လင့်ခြင်းကြီးစွာနဲ့ ချက်ခြင်းပဲ ခရီးဆက်ခဲ့ ပြန်တာပေါ့ကွယ်။
“အဖြစ်ကတော့ ဆိုးပြီထင်ပါရဲ့”
မောင်သုတလေး
စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့
အဲဒီရွာလယ်လမ်းဆုံနေရာမှာ ဘယ်လိုမှ စိတ်ဝင်စားစရာ မကောင်းလှတဲ့
ဆိုင်သုံးဆိုင်ကိုပဲ တွေ့လိုက်ရလို့ပေါ့။ ဆိုင်တစ်ဆိုင်ကတော့
သတ္တုအပိုင်းအစတွေရောင်းတဲ့ဆိုင်လေးပါ။ နောက်တစ်ဆိုင်မှာတော့ သစ်သားတွေ
ရောင်းသတဲ့။ တတိယမြောက်ဆိုင်မှာတော့ ၀ိုင်ယာကြိုးတွေကို ရောင်းသတဲ့။
ကလေးတို့ကော စိတ်မပျက်ဖူးလားဟင်။
တကယ့်ကို
စိတ်ပျက်စရာ ကောင်းနေပြီနော်။ ဘာမှကို အဓိပ္ပါယ်မရှိတဲ့ ပစ္စည်းတွေဆိုပြီး
စဉ်းစားမိသတဲ့။ ဒါနဲ့ပဲ လူငယ်လေး မောင်သုတဟာ ဖြေရှင်းချက် တောင်းဖို့
ရေတွင်းဆီကို ချက်ခြင်းပဲ ပြန်လာခဲ့တာပေါ့။ ဒါပေမယ့် ရေတွင်းကြီးက
ဒီလိုပြန်ဖြေသတဲ့။
“အနာဂတ် အချိန် တစ်ချိန်မှာတော့ မင်း နားလည် လာပါလိမ့်မယ်။”
မောင်သုတလေးက ဘယ်လိုပဲမေးမေး ရေတွင်းကြီးထဲက ဒီအဖြေပဲ ထပ်ခါတလဲလဲ ပဲ့တင်သံနဲ့ ပြန်ဖြေ နေတော့တယ်။
“အင်း.. ငါတော့ အရူးလုပ်ခံလိုက်ရပြီ ထင်ပါရဲ့”
မောင်သုတလေးဟာ
အဲဒီလိုတွေးပြီးတော့ သူရဲ့ ဗဟုသုတရှာမှီးတဲ့ ခရီးကို ဆက်ထွက်ခဲ့ပါတော့တယ်။
ကလေးတို့ကော ဘယ်လိုထင်သလဲဟင်။ အရူးလုပ်ခံလိုက်ရတယ်လို့ ခံစားကြရတဲ့အခါမှာ
အဲဒီမှာတင် ရပ်မနေဘဲ အခြား လုပ်စရာရှိတာတွေကို ဆက်လုပ်နေဖို့
အရေးကြီးတယ်နော်။
ကလေးတို့ရေ
နှစ်တွေ
ကုန်ဆုံးသွားခဲ့ပါတယ်။ မောင်သုတလေးဟာ ရေတွင်းကြီးကို “အမှန်တရားဆိုတာ
ဘာလဲဟေ့” လို့ မေးခဲ့တဲ့ ဖြစ်ရပ်ကိုတောင် သတိမရတော့ဘူး။ မေ့သွားခဲ့တယ်။
အဲဒီလိုနဲ့ လပြည့်ည တစ်ညမှာတော့ ရွာလမ်းမကြီးမှာ လမ်းလျှောက်ရင်း သာယာလှတဲ့
လရောင်ကို ခံစားနေခဲ့သတဲ့။ ကလေးတို့ကော လရောင်ကို ခံစားဖူးသလားဟင်။
အဲဒီအချိန်မှာပဲ
အင်မတန်မှ နားဝင်ချိုမြရှိလှတဲ့ တေးဂီတသံကို မောင်သုတလေးဟာ
ကြားလိုက်ပါသတဲ့။ ဗျပ်စောင်းနဲ့ တီးခတ်နေတဲ့ ဂီတသံစဉ်ဖြစ်ပါတယ်။ အင်မတန်မှ
ထူးဆန်း အံ့သြဖွယ်ရာ ဂီတသံပါ။ ထူးချွန်ထက်မြက်လှတဲ့ ဂီတသမားတစ်ဦးဟာ
စိတ်ကူးဥာဏ် ကွန့်မြူးပြီး တီးခတ်နေခဲ့တယ်။
ကလေးတို့ရေ………..
ဂီတသံကို
ကြည်နူးစွာနဲ့ နှစ်သက်ခံစားမိတဲ့ မောင်သုတလေးဟာ တီးခတ်နေသူထံပါးကို
ရောက်သွားခဲ့ပါတယ်။ ကြိုးချောင်းတွေပေါ်မှာ ကခုန်နေကြတဲ့ တီးခတ်သူရဲ့
လက်ချောင်းလေးတွေကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေခဲ့တယ်တဲ့။ အင်မတန်ကိုမှ
နားဝင်ချိုလှတဲ့ ဂီတသံကို သူနားထောင်နေခဲ့တယ်။ ကလေးတို့ကော ဂီတသံကို
နားဆင်ရင်းနဲ့ တီးခတ်သူရဲ့ လက်ချောင်းလေးတွေကို တွဲဖက်ပြီး
စောင့်ကြည့်ဖူးရဲ့လား။
အဲဒီမှာတင်
မောင်သုတလေးဟာ ဗျပ်စောင်းကို စေ့စေ့ငုငု လေ့လာကြည့်မိပါတော့တယ်။
ချက်ခြင်းဆိုသလို တစ်စုံတစ်ခုကို သတိရလိုက်တဲ့အခါမှာတော့ မောင်သုတလေးဟာ
ဝမ်းသာလွန်းလို့ ဟစ်အော်လိုက်မိသတဲ့။
“ဟေး… တွေ့ပြီကွ”
ဘာဖြစ်လို့ အဲဒီလို ဟစ်အော်ခဲ့တယ်လို့ ကလေးတို့ထင်သလဲဟင်။
ဗျပ်စောင်းဟာ
ဝါယာကြိုးတွေရယ်၊ သတ္တုစတွေရယ်နဲ့ သစ်သားကိုယ်ထည်တွေနဲ့
ဖန်တီးပြုလုပ်ထားတာကို တွေ့လိုက် ရလို့ပါပဲ။ သူတစ်ခါတုန်းက ရွာလယ်လမ်းဆုံ
ဆိုင် ၃ ဆိုင်မှာ တွေ့ဖူးခဲ့တာတွေမဟုတ်လား။ အဲဒီတုန်းကတော့ ဒီပစ္စည်းတွေဟာ
ဘာမှ အရေးမပါဘူးရယ်လို့ သူတွေးထင်ခဲ့ဘူးတယ်လေ။
ကလေးတို့ရေ
နောက်ဆုံးမှာတော့
မောင်သုတလေးဟာ ရေတွင်းကြီးကပေးတဲ့ ဗဟုသုတရဲ့ အဓိပ္ပါယ်ကို သူနားလည်
ခဲ့ပါတော့တယ်။ အဲဒီတုန်းကတော့ အရူးလုပ်ခံရတယ်လို့ ထင်ခဲ့တယ်မဟုတ်လား။
တကယ်တော့လည်း လောကမှာ ကလေးတို့နဲ့ လူသားတွေ လိုအပ်တဲ့ အရာအားလုံးကို
သဘာဝမိခင်က ပေးထားတယ်လေ။ ကလေးတို့ လုပ်ရမှာကတော့ အဲဒီအရာတွေကို
သင့်တော်သလို စုစည်း တပ်ဆင်ပေးဖို့ပါပဲ။ သီးခြား၊ သီးသန့်အနေနဲ့
စဉ်းစားတဲ့အခါမှာတော့ ဘယ်အရာမှ၊ ဘယ်အစိတ်အပိုင်းမှ အသုံးဝင်တယ်လို့
ထင်မြင်မိကြမှာ မဟုတ်ဘူးနော်။ ဒါပေမယ့် အဲဒီအစိတ်အပိုင်းတွေ၊ အစတွေကို
စုစည်း၊ ပေါင်းစပ်ပြီးတော့ အရာကြီးကြီးတစ်ခုခု၊ အသုံးတည့်တဲ့
အခြေအနေတစ်ခုခုကို ဖန်တီးတည်ဆောက်တဲ့ အခါမှာတော့ တန်ဖိုးရှိလှတဲ့
အသစ်တစ်ခုခုကို ရလာမှာ အမှန်ပဲ။ အဲဒီ အသစ်တစ်ခုခုဟာ အစိတ်အပိုင်းတွေအနေနဲ့
သီးခြား ရှိနေစဉ်တုန်းကတော့ ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ တဲ့ဟာပေါ့နော်။
ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။
ကလေးတို့လည်း အမှန်တရား အသစ်အသစ်တွေကို ဖန်တီး တည်ဆောက်နိုင်ကြပါစေ။










0 comments:
Post a Comment