www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

လောဘကြောင့် ဘီလူးဖြစ်ရ

တစ်ခါက . . .

ရွာကြီး တစ်ရွာမှာရှိတဲ့ လူတွေ အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ နေနေကြရသတဲ့။ သူတို့တွေ ဘာကို ကြောက်နေကြတာလဲ ဆိုရင် သူတို့ ရွာကနေ အပြင်ကို သွားမယ် ဆိုရင် တောအုပ်ကြီး တစ်ခုကို ဖြတ်ကျော်ကာ သွားကြရသည်။ အဲဒီ့ တောအုပ်ကြီးထဲက ကျောက်ဂူကြီးထဲမှာ နေထိုင်တဲ့ ဘီလူးကြီး တစ်ကောင်ဟာ လာသမျှ လူတွေကို ဖမ်းဆီးပြီးတော့ စားသောက်လေ့ ရှိ၏။ လူတွေက ကြောက်တာတော့ ကြောက်တယ် ဘယ်လို သုတ်သင် ရှင်းလင်း ရမယ် ဆိုတာတော့ မသိခဲ့ကြဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ခံစားလာရတော့ ဒီဘီလူးကြီးကို ရှင်းလင်းသုတ်သင်ပစ်ဖို့ စဉ်းစားလာကြ၏။ ဒါပေမဲ့လည်း ဘယ်သူက ဦးဆောင်ပြီးတော့ ရှင်းလင်းမယ် ဆိုတဲ့ ခေါင်းဆောင်ကို ရှာမရတော့ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေရသတဲ့။

ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ ရွာလေးကို လူငယ်လေး တစ်ယောက် ရောက်လာခဲ့၏။ သူက ကိုယ်ခံပညာ သိုင်းကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။ ဒါနဲ့ ထိုလူငယ်လေးက တောအုပ်ထဲမှာ မင်းမူနေတဲ့ ဘီလူးကြီးကို နှိမ်နင်းမယ် ဆိုပြီးတော့ လူငယ်လေးက ဆို၏။ နောက်တော့ သူက တောအုပ်ထဲကို တတ်ကြွစွာ ဝင်ရောက် သွားလေတော့သည်။ ဒါပေမဲ့ သူ့ကို ပြန်ထွက်လာနိုး ပြန်ထွက်လာနိုးနဲ့ ရွာက လူတွေက မျှော်လင့်နေပေမဲ့ ဘယ်တော့မှ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ အချိန် တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ ဟိုးအရင်က ဘီလူးကြီး ပျောက်ကွယ် သွားကာ သိုင်းကျွမ်းကျင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာသတဲ့။ ဒီတော့ ရွာသားတွေ အရင်က ဘီလူးထက် ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ အရင်က ရိုးရိုး ဘီလူးထက် သိုင်းတတ်သော ဘီလူးကို ပိုကြောက်လာရတော့သည်။ အချိန်ကာလ တစ်ခုကြာတဲ့ အထိ သိုင်းကျွမ်းသော ဘီလူးကြီးကို ဘယ်သူမှ မဖီဆန်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို ဓါးကိုင်ထားသော လူငယ်လေးတစ်ယောက် ရောက်လာခဲ့သည်။ သူက သူ့ကိုယ်သူ ဓါးသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို ကြောက်လန့်အောင် ခြောက်လှန့်နေသော သိုင်းကျွမ်းတဲ့ ဘီလူးကြီးကို သုတ်သင်ပေးမယ် လို့ ကြွေးကြော်ကာ တောထဲကို ဝင်သွားလေတော့သည်။ ဒါပေမဲ့ တောထဲက ဘာသံမှ မကြားရဘဲ ဓါးကိုင်ထားတဲ့ လူငယ်လေးပါ ပြန်မထွက်လာတော့ဘဲ ပျောက်ကွယ်သွားတော့သည်။

ဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့  တောအုပ်ထဲမှာ ဓါးကိုင်သော ဘီလူးကြီး တစ်ကောင် သောင်းကျန်း ခြောက်လှန့်နေတော့သည်။ ရွာသားတွေ အားလုံးလည်း အရင်က ရိုးရိုးဘီလူးထက် သိုင်းတတ်တဲ့ ဘီလူး ၊ သိုင်းတတ်တဲ့ ဘီလူးထက် အခု ဓါးကိုင်တဲ့ ဘီလူးကို ပိုပြီးတော့ ကြောက်ရွံ့လာခဲ့ကြရ၏။ ဓါးကိုင်တဲ့ ဘီလူးကလည်း အရင်က ဘီလူးတွေနဲ့ ဘာမှ မဆိုင်အောင် ပိုပြီးတော့ ရက်စက် သတဲ့။ ဒီလိုနဲ့ အချိန်ကာလ တစ်ခုကြာတဲ့ အထိ ဓါးကိုင်တဲ့ ဘီလူးကို ဘယ်သူ့မှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လှံကိုင်ထားတဲ့ လူငယ်လေး တစ်ယောက် ရောက်လာပြန်၏။ သူက လှံသိုင်းပညာရှင်လို့ ဆို၏။ ရွာသားတွေကို နှောက်ယှက်နေသော ဓါးကိုင် ဘီလူးကြီးကို သုတ်သင်မယ်လို့ ကြွေးကြော်သည်။ ပြီးတော့ ဓါးကိုင် ဘီလူးကြီး ရှိရာ တောအုပ်ထဲသို့ နှိမ်နင်းမယ် ဆိုကာ ဝင်သွားလေတော့သည်။ ဒါပေမဲ့ သူဝင်သွားပြီးတော့ ဘာသံမှ မကြားရတော့ဘဲ လှံကိုင်သော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ီဒီလိုနဲ့ တစ်ပတ်လောက် ကြာတော့ တောအုပ်ထဲမှာ လှံကိုင်သော ဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာပြီးတော့ ရွာသားတွေကို သောင်းကျန်း ခြောက်လှန့် နှောက်ယှက်နေတော့၏။ လှံကိုင်သော ဘီလူးကြီးကလည်း အရင်က ဘီလူး ၊ သိုင်းဘီလူး ၊ ဓါးဘီလူးတွေနဲ့ ဘာမှ မဆိုင်စွာ ပိုပြီးတော့ ရက်စက် ကြမ်းကြုတ်လာသတဲ့။ ဒီိလိုနဲ့ အချိန်ကာလ တစ်ခု ကြာတဲ့ အထိ ထိုလှံကိုင်သော ဘီလူးကြီးကို ဘယ်သူမှ မဆန့်ကျင်ရဲတော့ဘူးတဲ့။

တစ်နေ့ကျတော့ သူတို့ရဲ့ ရွာလေးကို လေးနဲ့မြား ကိုင်ထားသော လူငယ်လေး တစ်ယောက် ရောက်လာခဲ့သည်။ သူက သူက မြားပစ် ဝိဇ္ဇာ ဟု ဆိုသည်။ ရွာသားတွေကို နှောက်ယှက်နေသော လှံကိုင်ထားသော ဘီလူးကြီးကို နှိမ်နင်းမည်ဟု ဆိုသည်။ ထို့နောက် သူ့ရဲ့ လေးနဲ့မြားကို ယူကာ ဘီလူးရှိရာ တောအုပ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။ ဒါပေမဲ့ သူ ဝင်ရောက်သွားပြီးတဲ့နောက် ဘာသံမှ မကြားရတော့ဘဲ လေးနဲ့မြား ကိုင်ထားသော လူငယ်လေးပါ ပြန်မထွက်လာတော့ဘူးတဲ့။

ဒီလိုနဲ့ တစ်ပတ်လောက်လည်း ကြာရော တောအုပ်ထဲမှာ လေးနဲ့မြား ကိုင်သော ဘီလူးကြီး တစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ထိုလေးနဲ့မြားကိုင်သော ဘီလူးကြီးက အရင်က ရိုးရိုးဘီလူး ၊ သိုင်းကျွမ်းသော ဘီလူး ၊ ဓါးကိုင်သော ဘီလူး ၊ လှံကိုင်သော ဘီလူးတွေထက် ပိုဆိုးလာကာ ပို၍ ရက်စက်လာလေတော့သည်။ ထိုအခါမှာ ရွာသားတွေက ဟိုးအရင်က ဘီလူးပေါင်းများစွာထက် အခု လေးနဲ့မြား ကိုင်ထားသော ဘီလူးကို ပို၍ ကြောက်ရွံလာကြတော့သည်။

ဒီလိုမျိုး အခြေအနေတွေ အချိန်အခါတွေ များစွာ ပြောင်းလဲလာသော အခါမှာ ရွာသားတွေက စဉ်းစားလာကြ၏။ " ငါတို့မှာ ရိုးရိုးဘီလူးကို ကြောက်နေရတဲ့ အထဲ သိုင်းတတ်တဲ့ ဘီလူးက ပေါ်လာလို့ ပိုကြောက်ကြရတယ်။ သိုင်းတတ်တဲ့ ဘီလူးကို နှိမ်နင်းလို့ မရှိတော့ဘူး ဆိုပေမဲ့ ဓါးကိုင်တဲ့ ဘီလူးပေါ်လာလို့ ပိုပြီး ကြောက်ရပြန်တယ်။ ဓါးကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း ပိုဆိုးတဲ့ လှံကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ လှံကိုင်တဲ့ ဘီလူးပျောက်သွားပြန်တော့လည်း အခုဆို အရမ်းဆိုတဲ့ လေးနဲ့မြားကိုင်တဲ့ ဘီလူးပေါ်လာပြန်တယ်။ နောက် . . . ဒီအတိုင်းသာ ဆက်နေရင် ဒီ့ထက် ဆိုးတဲ့ ဘီလူးတွေပဲ ထပ်ပေါ်လာဦးမယ် ထင်တယ်။ ဒါကြောင့် ငါတို့ ရွာသားတွေရဲ့ စည်းလုံး ညီညွှတ်မှုနဲ့ပဲ ဒီလေးနဲ့မြားကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းရမယ်။ "

ဆိုပြီးဆုံးဖြတ်ကာ ရွာသားတွေ စုပေါင်းပြီးတော့ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းလိုက်တော့သည်။ လေးနဲ့မြား ကိုင်ထားတဲ့ ဘီလူးကို နှိမ်နင်းပြီးလို့ ဘီလူးကြီး သေသွားတော့မှ သူနေထိုင်ရာ ကျောက်ဂူကြီးထဲကို ဝင်ကြည့်လိုက်တော့ ဒီကျောက်ဂူကြီးထဲမှာ ရတနာ ကျောက်သံပတ္တမြားတွေက အပြည့်ပဲကိုး။ ဒီရတနာတွေရဲ့ လောဘနဲ့ လူစင်စစ်ကနေ ဘီလူး ဖြစ်ပြီးတော့ ဒီနေရာက ရတနာတွေကို သူများတွေ လာယူမှာ စိုးသော စိုးရိမ်စိတ်ကြောင့် ရွာသားတွေကို နှောက်ယှက်ကာ ရက်စက်နေကြတော့တာ ဖြစ်တယ် ဆိုတာ ရွာသားတွေ အားလုံး သဘောပေါက်သွားကြတော့၏။

ဒါနဲ့ သေသွားသော လေးနဲ့မြားကိုင် ဘီလူးအလောင်းကို မြေမြှုပ်ပြီးတော့ ကျောက်ဂူထဲမှာ ရှိသော ရတနာတွေကို ခွဲခြမ်းစိတ်ဖြာ သယ်ယူကာ ရပ်ရွာ အတွက် ကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်ကာ ပျော်ရွှင်စရာကောင်းပြီး စိုးရိမ် ထိတ်လန့်ဖွယ် မရှိသော ရွာလေး တစ်ရွာ ဖြစ်လာခဲ့ပါတော့သည်။

ပုံပြင်လေးကတော့ ဒါပါပဲ၊


ဒီပုံပြင်လေးကိုတော့ ငယ်ငယ်တုန်းက အပေါ်မှာ ကျွန်တော် ရေးပြထားတဲ့ အတိုင်း အဲဒီနေရာလောက် အထိပဲ ကျွန်တော် နားထောင်ခဲ့ရပါသည်။ အခုတော့ ဒီပုံပြင်လေးကို ရေးနေရင်းနဲ့ ကျွန်တော် ဆက်စဉ်းစားနေမိ၏။

ထိုပုံပြင်ရဲ့ အဆုံးသတ်မှာလို ကျောက်ဂူထဲက ရရှိလာတဲ့ ကျောက်မြတ်ရတနာတွေကို အညီအမျှ ဝေခွဲ မယူဘဲ သူတို့ရဲ့ ရပ်ရွာလူကြီး ( သို့ ) ခေါင်းဆောင်က လက်ဝါးကြီးအုပ်ကာ လောဘစိတ်နဲ့ ယူဆောင်သွားခဲ့မယ် ဆိုရင် အရင်က လေးနဲ့မြား ကိုင်သော ဘီလူး အပါအဝင် ဘီလူးပေါင်းများစွာထက် ပို၍ ဆိုးသော ဘီလူး တစ်ကောင်များ ထပ်မံ ပေါ်ပေါက် လာလေဦးမလားလို့ ကျွန်တော် ဆက်စဉ်းစား နေမိပါတော့သည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်