ပါဝင်ပစ္စည်းများ
ငါးရံ့အသေးတစ်ကောင်
ရုံးပတီသီး၊
မျှစ်စပ်
ကြက်သဟင်းရွက်
ဒန့်သလွန်ရွက်
ဆူးပုပ်ရွက်
ကင်းပုံညွန့်
ဖရုံညွန့်
ပြုလုပ်ပုံ အဆင့်ဆင့်
ငါးရံ့ကို မီးဖုတ်ပါမယ်။ မီးဖုတ်ပြီးရင် အသားနွှင်ထားပါမယ်။ အဲဒါပြီးရင်တော့ လိုသလောက် ရေကို အိုးထဲထည့်ပြီး ပွက်ပွက်ဆူအောင် တည်ရပါမယ်။ ရေဆူလာရင် ကြက်သွန်ဖြူ ဓားပြားရိုက်၊ အရသာမှုန့်နဲ့ ငါးမီးဖုတ်ကို ထည့်ပါ။ ပြီးရင် အနေတော် အချောင်းလေးတွေ လှီးပြီး ပြုတ်ထားတဲ့ မျှစ်စပ်ကို ထည့်ရပါမယ်။ ဟင်းချိုနံ့လေး မွှေးလာပြီ ဆိုရင်တော့ ရုံးပတီသီးကို ထပ်ထည့်ပါ။
နှစ်မိနစ်လောက်နေတဲ့အခါ ပြင်ဆင်ထားတဲ့ အရွက်တွေအားလုံးခတ်လိုက်ပြီး ဟင်းချိုအိုး ကို မီးဖိုပေါ်က ချလို့ရပါပြီ။ တကယ်လို့ ငရုတ်ကောင်း ကြိုက်တယ်ဆိုရင်တော့ ငရုတ်ကောင်း ခတ်ပြီးလည်း သုံးဆောင်နိုင်ပါတယ်။ ဟင်းချိုက မီးဖိုပေါ်က ချချခြင်း ပူပူနွေးနွေး အသီးအရွက်စိမ်းစိမ်းနဲ့ သုံးဆောင်ရတာဖြစ်လို့ သူနဲ့တွဲဖက် စားသုံးနိုင်မယ့် ဂွေးသီးထောင်းကို အရင်ပြင်ဆင်ထားရပါမယ်။
ဂွေးသီးကတော့ အခုအခါ ရာသီချိန်လည်း ဖြစ်လို့ ဈေးထဲမှာ လွယ်လင့်တကူ ဝယ်လို့ရပါ တယ်။ ဂွေးသီးအနေတော်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ငါးပိ၊ ပုစွန်ခြောက်၊ ငရုတ်သီး စိမ်းတို့နဲ့ ရောနှောပြီး ထောင်းရုံပါပဲ။ ခြံစည်းရိုးဟင်းချို ပူပူလေးနဲ့ ဂွေးသီး အစပ်ထောင်း လေးနဲ့ ခံတွင်းမြိန်နိုင်ကြပါစေ။
Ref : 7 Days News

0 comments:
Post a Comment