ပျားဘုရင်မတစ်ကောင်ဟာ ပျားအိမ်ထဲက ပျားရည်တစ်ချို့ကိုယူပြီး နတ်မင်းကြီးကို
ဆက်ကပ်ခဲ့တယ်။ ချိုမြိန်တဲ့ပျားရည်ကြောင့် နတ်မင်းကြီးဟာ
သဘောကျနှစ်ခြိုက်ပြီး ပျားဘုရင်မကို
ကြိုက်တဲ့ဆုတောင်းဆိုနိုင်တယ်လို့ အခွင့်ပေးလိုက်တယ်။
ပျားဘုရင်မက နတ်မင်းကြီးကို “အကျွန်ုပ်တို့အား ဆူးတစ်ချောင်းချီးမြှင့်ပါ။ ကျွန်ုပ်တို့၏ပျားရည်ကို လူတွေလာရောက် ယူဆောင်ချိန်မှာ ဆူးနဲ့ထိုးနိုင်အောင်ပါ” လို့ တောင်းဆိုလိုက်တယ်။
ပျားဘုရင်မရဲ့ တောင်းဆိုချက်ကို နတ်မင်းကြီးက သဘောမကျခဲ့ဘူး။ လူတွေကို နတ်မင်းကြီးက ချစ်ခင်နှစ်သက်တဲ့အတွက်ဖြစ်တယ်။ ဒါပေမယ့် ပျားဘုရင်မကို
အလိုရှိရာတောင်းဆိုခိုင်းတဲ့ ကိုယ့်ဂတိကိုလည်း မဖျက်ချင်တာကြောင့် နတ်မင်းကြီးက “ကောင်းပြီ.. အသင်ကို ကျွန်ုပ်ဆူးတစ်ချောင်းပေးလိုက်မယ်။ ဒါပေမယ့် တစ်ဖက်လူကို
ဆူးနဲ့ထိုးပြီးရင် အသင့်မှာ ဆူးဆုံးရှုံးသွားပြီဖြစ်တဲ့အတွက် အသင်သေပွဲဝင်ရပါလိမ့်မယ်” လို့ပြောပြီး ပျားတွေကို ဆူးတစ်ချောင်းစီပေးခဲ့တယ်။
ပုံပြင်ထဲက “ဆူး” ဟာ ကျွန်မတို့ရဲ့ အတ္တ၊ တစ်ကိုယ်ကောင်းဆန်မှု၊ သဘောထား မပြည့်ဝမှုတွေပဲ ဖြစ်တယ်။ အဲဒီအရာတွေက တစ်ဖက်သားကို ထိခိုက်နိုင်သလို ကိုယ့်ကိုကိုယ်လည်း
ပြန်ထိခိုက်စေပါတယ်။ ပျားတွေလို အသက်မသေဆုံးနိုင်ပေမယ့် အတ္တ၊ တစ်ကိုယ်ကောင်းဆန်မှု၊ သဘောထား မပြည့်ဝမှုတွေကြောင့် ကိုယ်ချစ်တဲ့သူ၊ သူငယ်ချင်း မိတ်ဆွေတွေကို
ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကလည်း နာကျင်ထိခိုက်ခြင်းတစ်မျိုးပဲ မဟုတ်ပါလား?

0 comments:
Post a Comment