ဟေမာန်ဆောင်းကာလ။ တောင်တန်းတစ်လျှောက် နှင်းတွေနဲ့ ဖုံးလွှမ်းလို့နေတယ်။
ကိုရွှေဝက်ဝံဟာ နွေရာသီတုန်းက သူနဲ့
မြွေကြီးလောရှည်တို့ ခိုးယူခဲ့တဲ့ ပစ္စည်းတွေကို ခွဲဝေစိတ်ဖြာယူဖို့အတွက်
တောင်ကြား လျှိုထဲမှာ ရှိတဲ့ မြွေကြီးရှိရာကိုသွားဖို့ ပြင်လေတယ်။ ဒါနဲ့
ကိုရွှေဝက်ဝံက အဲ့ဒီကိုသွားဖို့ မြည်းပုလေးဆီက စွတ်ဖားလှည်းကို ငှါးတယ်။
ပြီးတော့ တောင်ကြားထဲက မြွေကြီးရှိရာကို စွတ်ဖားလှည်းလေးနဲ့ သွားကြတယ်။
ဟိုလည်းရောက်ရော မြည်းပုလေးက သူ့လှည်းကို ငှါးရမ်းခ အခကြေးငွေကို
ကိုရွှေဝက်ဝံထံ က တောင်းတော့တာပေါ့။ ဒီတော့ ကိုရွှေဝက်ဝံက “ ငါက
မင်းရဲ့လှည်းနဲ့ပဲ အိမ်ပြန်မှာလေကွာ။ ဒီတော့ အိမ်ကိုပြန်ရောက်မှပဲ မင်းရဲ့
လှည်းငှားခ ကိုယူပေတော့ ” လို့ ပြောလေတယ်။
ကိုရွှေဝက်ဝံလည်း
မြွေကြီးနဲ့ဆောင်ရွက်စရာရှိတာ ကိစ္စအ၀၀ပြီးလည်းပြီးရော တောင်ကြားကနေ
မြည်းလေးရဲ့ စွတ်ဖားလှည်း လေးနဲ့ အိမ်ကို ပြန်လာခဲ့ကြတယ်။
ပြန်လည်းရောက်ရော မြည်းပုလေးလည်း ကိုရွှေဝက်ဝံဆီက သူရမယ့် အခကြေးငွေကို
တောင်းပါလေရော။ နင်လားငါလား ငှားရမ်းခငွေပေးရမယ့် အချိန်လည်းကျရော
ကိုရွှေဝက်ဝံက ဒဿန ဗေဒဆရာကြီး တစ်ယောက်ရဲ့ လေသံနဲ့ အခုလိုပြောလေတယ်။
“ ကိုမြည်းရယ်.. ခင်ဗျားကလည်း
တော်တော်ပိန်းပါ့ ။ ဒါရိုးရိုးလေးပါဘဲ။ ခင်ဗျားကျုပ်ကို ဒီကနေ ဟိုကို
ပို့ပေးတယ်။ နောက် ဒီခရီး လမ်းကြောင်း အတိုင်းပဲ ဟိုကနေ
ဒီကိုပြန်ခေါ်လာပေးတယ်။ ဒီတော့ ဒီခရီးစဉ်က တစ်ခုနဲ့ တစ်ခု ဘဲစားဘဲခြေ
ဖြစ်သွားပြီးလို့ ခင်ဗျားကို လှည်းငှါးရမ်းခငွေ ပေးစရာမလိုတော့ပါဘူးဗျာ.. ”
လို့ပြောလိုက်လေတယ်။ မြင်းပုလေးလည်း ၀က်ဝံရဲ့ ယုတ်မာတဲ့ အပြောကြောင့်
တော်တော်လေး ဒေါသထွက် သွားတယ်။ ဒါပေမယ့် ချက်ချင်းပဲ သူ့ရဲ့ဒေါသကို
သူထိမ်းချုပ်လိုက်နိုင်တယ်။ ဒီလို ၀က်ဝံမျိုး ဒီတစ်ခါပဲဆက်ဆံတော့မယ်လို့
သဘောပိုက်ပြီး ဘာဆိုဘာမှကို ပြန်မပြောတော့ပဲ နေရာကနေ ထွက်ခွာလာခဲ့တယ်။
ဝက်ဝံလည်း တရွေ့ရွေ့ထွက်သွားလေတဲ့
မြည်းပုလေးနဲ့ သူ့ရဲ့ စွတ်ဖားလှည်းလေးကို ကြည့်ရင်း “ တယ်ပိုင်တဲ့ ငါပဲကွ ”
ဆိုပြီး တဟားဟား ရယ်မောကာ ကျန်ခဲ့လေသတဲ့။ ဒါပေမယ့် ၀က်ဝံမသိလိုက်တာကတော့
မြည်းပုလေးရဲ့ ရင်ထဲက ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကိုပါဘဲ။
“ အင်း.. ဒီဝက်ဝံ တော်တော်ဆိုးတာပဲ။
ဝက်ဝံဆိုတဲ့ ကောင်တွေက ဒီလိုပဲ ထင်ပါရဲ့။ ငါ့ရဲ့ လှည်းငှါးခ မရတာက
အရေးမကြီးဘူး။ ဒီလို အကျင့်ရှိတဲ့ ကောင်မျိုးနဲ့ ရင်မဆိုင်တာကောင်းတယ်။
ဒီလို ၀က်ဝံမျိုးတွေ ဝေးဝေးကရှောင်ဖို့၊ သူ့ရဲ့ကောက်ကျစ်တဲ့ ဥာဏ်နီ
ဥာဏ်နက်က လွတ်ကင်း အောင်နေကြဖို့ ငါ့ရဲ့မျိုးနွယ်တွေနဲ့ တကွ
ငါ့ပါတ်ဝန်းကျင်က သူတွေအားလုံးကို အခုပဲ အမြန်သတင်း ပို့မှဘဲ ”
အဲ့ဒီအချိန်ကစပြီး မြည်းဆိုတဲ့ သထ္ထ၀ါတွေဟာ ၀က်ဝံတွေဆို အဝေးဆုံးကနေ ရှောင်ရှားလာလိုက်တာ အခုထိပါဘဲ။
ဒီပုံပြင်လေးကို
ကြည့်လိုက်ရင် ၀က်ဝံရဲ့ မသမာမှုတွေကို အတိုင်းသား တွေ့မြင်မှာပါ။ မသမာတဲ့
လူတွေဟာ သူတို့မှာ ဆင်ခြေ အမြဲရှိပြီးသားပါ။ ဘယ်လို ပုံစံနဲ့ တစ်ဘက်သား
အပေါ်မှာ အခွင့်အရေး တွေ အရယူရမယ်ဆိုတာ သူတို့ ကျွမ်းကျင်လှပါတယ်။ တစ်ခါ
တစ်ခါ ကိုယ်က မှန်ကန်နေ ပေမယ့် ဒီလို မတရားမှုတွေနဲ့
ရင်းနှီးကျွမ်းဝင်နေတဲ့ သူတစ်ယောက်ကို ရင်မဆိုင်ချင်တာ တစ်ခုထဲနဲ့
နောက်ဆုတ်ပေးလိုက်ရတာမျိုး ရှိပါတယ်။ ၀က်ဝံလို လူစားတွေဟာ
သူတို့ရဲ့လုပ်ရပ်တွေကြောင့် ကောင်းမွန်တဲ့ အ၀န်းဝိုင်းရဲ့ အပြင်ဖက်ကို
တစ်ဖြေးဖြေးနဲ့ ရောက်သွားခြင်း ခံနေရတယ် ဆိုတာ သူတို့ကိုယ်သူတို့ သတိ
မပြုကြပါဘူး။ သူတို့ဟာ လူ့အသိုင်းဝိုင်းထဲမှာ သီးခြားလူတန်းစား တစ်ရပ်အဖြစ်
ရှိနေကြမယ့် သူတွေပါ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ၀က်ဝံလို လူစားတွေ
အများကြီးပါပဲနော်။ သတိထား ရှောင်ကြတာပေါ့။
0 comments:
Post a Comment