www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

လိုတရ ခရုသင်း

တစ်ခါတုန်းက မြို့တစ်မြို့မှာ လယ်သမားတစ်ယောက်ရှိသတဲ့။ သူ့ခမျာမှာ သူဌေးစဉ်းလဲ တစ်ယောက်က ညှဉ်းဆဲသဖြင့် အလွန် ဒုက္ခရောက်ရရှာသည်။ သူ့လယ်က စပါးအထွက် ကောင်းကောင်း ညံ့ညံ့၊ သူ့မှာတော့ဆင်းရဲတွင်းက မထွက်။ သူဌေးစဉ်းလဲမှာသာ တစ်နေ့ တခြား စီးပွားတက်သည်။ နောက်ဆုံး သူ့အိတ်ထဲမှာ တစ်ပြားတစ်ချပ်မျှ မကျန်အောင်မွဲသွားသောအခါ လယ်သမားသည် သူဌေးဆီသို့သွား၍
သို့မေးသည်။
‘သူဌေးကြီး ကျောက်ခဲကို ဆီကြိတ်လို့ မရပါဘူး၊ အခုလဲ ကျုပ်မှာဘာမှ မရှိလို့ ခင်ဗျား ကျုပ်ဆီက ဘာမှ ရနိုင်တော့မှာ မဟုတ်ပါဘူး၊ သည်တော့ သူဌေးဖြစ်နိုင်တဲ့ နည်းများရှိရင် ပြောမပြနိုင်ဘူးလား’ ဟု မေးသည်။
‘ အို မိတ်ဆွေရယ်၊ စီးပွားချမ်းသာကို ရာမနတ်က ပေးတာပေါ့၊ ရာမနတ်ဆီမှာ သွားတောင်းပါလား’ ဟု သူဌေးက ပြန်ပြောလိုက်သည်။
ထိုအခါ လယ်သမားသည် အိမ်ပြန်သွား၍ ခရီးသွားရင်း  စားအောင် မသိုးမုန့် သုံးခု လုပ်ပြီးလျှင် ရာမနတ်ကိုရှာရန် ခရီးထွက်သွားလေသည်။
ပထမ သူသည် ပုဏ္ဏားတစ်ယောက်ကိုတွေ့၍ မုန့်တစ်ခုပေးပြီးလျှင် ရာမနတ်နေရာအရပ်ကို လမ်းပြရန်မေးသည်။ သို့သော် ပုဏ္ဏားသည် မုန့်ကိုသာ ယူပြီးလျှင် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ထွက်သွားသည်။ နောက် သူသည် ယောဂီတစ်ဦးကိုတွေ့၍ မုန့်တစ်ခုပေးပြီးလျှင် ရာမနတ်နေရာ အရပ်ကို လမ်းပြရန်မေးပြန်သည်။ ယောဂီကလည်း ဘာမှ ပြန်မပြော။ နောက်ဆုံး သစ်တစ်ပင်ရင်းတွင်းထိုင်နေသော ဆင်းရဲသားတစ်ယောက်ကို တွေ့၍သနားသဖြင့် ကျန်သေးသော မသိုးမုန့်ကို ပေးပြီးလျှင် စကားစမြည်ပြောရင်း ဆင်းရဲသားအနားတွင် သူထိုင်လိုက်သည်။
‘ မိတ်ဆွေ၊ ဘယ်ကိုသွားမလို့လဲ’ ဟု ဆင်းရဲသားက မေးသည်။
သြော်၊ ကျုပ်ခရီးက အတော်ရှည်ပါတယ်၊ ရာမနတ်ကို ရှာချင်လို့ အိမ်က ထွက်လာတာပဲ၊ ရာမနတ်ရှိတဲ့အရပ်ကိုများ မိတ်ဆွေသိပါသလား’ ဟု လယ်သမားက သိလိုသိငြား မေးလိုက်သည်။
‘ အို၊ သိပါသော်ကောဗျာ၊ ရာမနတ်ဆိုတာ တခြားမဟုတ်ဘူး၊ ကျုပ်ပဲဗျ၊ ကျုပ်ကို ဘာဖြစ်လို့ ရှာချင်ရတာလဲ’ဟု  ဆင်းရဲသားက ပြုံး၍ပြန်ဖြေသည်။
ထိုအခါ လယ်သမားက သူ့အဖြစ်အပျက်ကို အကုန်လုံး ပြောပြသည်။
ရာမနတ်လည်း လယ်သမားကို အလွန်သနားသဖြင့် ခရသင်းတစ်ခုကိုပေးပြီးလျှင် သက်ပြန်မှုတ်နည်းကို သင်ပေးပြီးနောက် ဤသို့ မှာသည်။
‘ကဲ၊ မှတ်ထား၊ ကျုပ်ပြောမယ်၊ မိတ်ဆွေ တစ်ခုခုကို လိုချင်ရင် စိတ်ထဲက တောင့်တလိုက်ပြီးခရုသင်းကို သက်ပြန်ခုနစ်ကြိမ်မှုတ်လိုက်၊ လိုတာကိုရလိမ့်မယ်၊ ဒါပေ့မယ် သူဌေးစဉ်းလဲကိုတော့ သတိထား၊ စဉ်းလဲတဲ့လူကို နတ်တွေ သိကြားတွေလဲ မတတ်နိုင်ဘူး’ ဟု မှာလိုက်သည်။
လယ်သမားသည် ၀မ်းသာအားရနှင့် အိမ်ပြန်သွားသည်။ သူဝမ်းသာအားရနှင့် တပြုံးပြုံးတရွှင်ရွှင်ဖြစ်လာသည်ကို သူဌေးစဉ်းလဲက ချက်ချင်းသတိထားမိသည်။ ‘သည်လယ်သမားတော့ အခုလို တရွှင်ရွှင်တပြုံးပြုံးဖြစ်နေတာထောက်ရင် တစ်ခုခု ကော်ပေါက်တိုးလာပြီထင်တယ်’ လို့ တွေးလိုက်သည်။ ထို့ကြောင့် သူဌေးသည် လယ်သမားအိမ်သို့ သွားပြီလျှင် လယ်သမား ကော်ပေါက်တိုးလာပုံကို သိပြီးယောင်ဆောင်၍ လှည့်ကာ ပတ်ကာ ပြောလေရာ လူရိုးကြီးလယ်သမားလည်း အဖြစ်အပျက်အလုံးစုံကို ထုတ်ပြောမိတော့သည်။ ကံကောင်းထောက်မ၍ ခရုသင်းကို သက်ပြန်မှုတ်ရမည့်အကြောင်းကိုကား မပြောမိဘဲ မေ့သွားလေသည်။
သိုသော် သူဌေးစဉ်းလဲသည် ထိုခရုသင်းကို တစ်နည်းနည်းနှင့် အရယူမည်ဟု အကြံထုတ်နေသဖြင့် အလစ်ကြုံသောအခါ တစ်ညတွင် ခရုသင်းကို ခိုးယူလိုက်သည်။ ခရုသင်းကို ရသောအခါ သူသည် ဗိုက်ကြီးပေါက်ကွဲသွားတော့ မတတ် အမျိုးမျိုး မှုတ်ကြည့်သည် သို့သော်လည်း မှုတ်နည်းမမှန်သဖြင့်အကျိုးမထူးသောကြောင့် နောက်ဆုံးတွင်လက်လျှော့လိုက်ရသည်။ သို့ဖြင့် တစ်နေ့သောအခါ သူဌေးစဉ်းလဲသည် လယ်သမားထံသို့သွား၍
သို့ပြောသည်။
‘ မိတ်ဆွေလယ်သမား၊ ခင်ဗျားရဲ့ခရုသင်းဟာ ကျုပ်ဆီမှာ ရှိတယ်၊ဒါပေမယ့် ကျုပ်အသုံးပြုလို့မရဘူး၊ ခရုသင်းဟာ ခင်ဗျားဆီမှာ မရှိတော့ ခင်ဗျားလဲ အသုံးမပြုနိုင်ဘူး၊ သည်တော့ ခင်ဗျား လဲ အကျိုးမရှိဘူး၊ ကျုပ်လည်း အကျိုးမရှိဘူးပေါ့၊ ကဲ၊ နှစ်ဦးနှစ်ဖက် စလုံး အကျိုးရှိရအောင် ခင်ဗျား ကျုပ်စကားကိုနားထောင်ပါ၊ ကျုပ်က ခင်ဗျာကို ခရုသင်းပြန်ပေးမယ်၊ ခင်ဗျားသုံးချင်သလိုသုံး၊ ဒါပေ့မယ့် ခရုသင်းက ခင်ဗျားကို ဆုတစ်ခုပေးရင် ကျုပ်ကို နှစ်ခုပေးအောင် ဆောင်ရွက်ပေးပါ့မယ်လို့ ခင်ဗျားကတိပေးရမယ်၊ ဟုတ်မလား’ ဟု နားချပြောဆိုလေသည်။
‘ အို တစ်သက်မပေးဘူး၊ အရင်ကလဲ ခင်ဗျားသည်လိုနဲ့ ကျုပ်ကိုမွဲပြာကျအောင် လုပ်ခဲ့ပြီ’ ဟု လယ်သမားက ပြန်ပြောသောအခါ သူဌေးစဉ်းလဲက ‘ သည်လိုလဲ မဟုတ်ဘူးလေ၊ အခုတစ်ခါတော့ ခင်ဗျားလဲ ဝေစုရမှာပဲ မဟုတ်လား၊ ခင်ဗျား လိုချင်တာကိုရနေရင် ကျုပ်သူဌေးဖြစ်နေတော့ကော ဘာဖြစ်သေးသလဲဗျ’ ဟု ဆက်လက်နားချပြန်သည်။
ထိုသို့ နားချဖန်များသောအခါ လယ်သမားသည် သဘောတူလိုက်ရတော့သည်။ ထိုနေ့မှ စ၍ လယ်သမားသည် မိမိလိုချင်သည်ကို တော့တ၍ခရုသင်းကို မှုတ်လျှင် သူက တစ်ခုရ၍ သူဌေးက နှစ်ခုရလေတော့သည်။ လယ်သမားလည်း မခံချိ မခံသာနှင့် မိမိလိုချင်သည်ကို ရနေပါသော်လည်း မပျော်ရွှင်နိုင်ရှာပေ့။
မကြာခင်ပင်နွေရာသီသို့ ရောက်လျှင် နေအလွန်ပူသဖြင့် လယ်သမား၏ စပါးပင်များ ညှိုးလာသည်။ ထို့ကြောင့် ရေတွင်းကို တောင့်တာကာ ခရုသင်းကို မှုတ်သည်။ လယ်သမားက ရေတွင်းတစ်တွင်းရသည်။ သူဌေးစဉ်းလဲက နှစ်တွင်းရသည်။ လယ်သမားမှာ အထူးပင် မခံချိ မခံသာ ဖြစ်လာသည်။ ထို့ကြောင့် သူသည် ခရုသင်းကို ကိုင်ကာ သက်ပြန်ခုနှစ်ချက် မှုတ်လိုက်ပြန်ပြီးလျှင် ‘ အိုရာမနတ်မင်း၊ ကျွန်န်ုပ်သည် မျက်စိတစ်ဖက်ကန်းသောသူ ဖြစ်ရပါလို၏ ဟု ဆုတောင်းလိုက်သည်။ သူ၏ မျက်စိတစ်လုံးကွယ်သွားသည်။ သူဌေးစဉ်းလဲ၏ မျက်စိနှစ်လုံးလည်း ကွယ်သွားသည်။
ထိုအခါ သူဌေးစဉ်းလဲသည် ရေတွင်း နှစ်ခုကြားတွင် စမ်း၍ သွားရာ ရေတွင်းတစ်ခုထဲသို့ လိမ့်ကျပြီးလျှင် သေလေတော့၏။
တစ်သက်လုံး သူဌေးစဉ်းလဲ၏ ညှဉ်းဆဲခြင်းကို ခံလာရရှာသော လယ်သမားသည် နောက်ဆုံး
သူဌေးစဉ်းလဲပေါ်တွင် အနိုင်ရလိုက်သည်။ သို့သော်လည်း မျက်စိတစ်လုံးကား အဆုံးခံလိုက်ရသေးသတည်း။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်