အာရုံငါးပါးသည်
ခန္ဓာရှိ မြင်တတ်သော သဘော၊ ကြားတတ်သော သဘော စသည့် ကိလေသာဖြစ်စရာကို
တိုက်တွေ့တိုင်း သတိလွတ်ကင်းသော သတ္တ၀ါအား အမြင်မှောက်မှား ကိလေသာ
ပွားတော့သည်။ ထိုအခါ အမြင်အသိမှားရာမှစ၍ ကိလေသာအဆင့်ဆင့်ဖြစ်ကာ မနာလိုမူ၊
ဝန်တိုမူတို့သည်လည်း ကပ်၍ ပါလာတော့ပေရာ ပဋိစ္စသမုပ္ပာဒ်သံသရာ
တစ်ပတ်လည်လေတော့သည်။ ထိုထိုအာရုံတို့သည် စင်စစ် ကိလေသာမဖြစ်ပေ။
မြင်ရုံနှင့် ကိလေသာ မဖြစ်သေး၊ မြင်သိဖြစ်ပြီး နောက်မှ ကပ်၍ ပါလာသော
တွယ်တာနှစ်သက်တပ်မက်သည့် “ဆန္ဒရာဂ”သည် ကိလေသာ ဖြစ်လေသည်။
by buddhismworld
ထိုကိလေသာကို
ကြာကြာလက်ခံထားက လိုချင်မူတဏှာဖြစ်၍ မရမနေ စွဲလမ်းသောဥပါဒါန်တို့
ဖြစ်ပြီးလျှင် ရအောင် ပြုလုပ်ကာ ၀ဋ်စက်လည်လေသဖြင့် ဆင်းရဲကောင်းကောင်း
ရောက်တော့သည်။
ရာဇဂြိုဟ်ပြည်တွင်
သုမနဟူသော လယ်ပိုင်ရှင်သူဌေးကြီး တစ်ဦး၏အိမ်တွင် ပုဏ္ဏအမည်ရှိသော
အခစားလယ်လုပ်သား တစ်ဦးသည် ဥတ္တရာဟူသော ဇနီးနှင့် သမီးရှိလေသည်။ သူတို့သည်
သုမနသူဌေးကြီး၏ အိမ်နောက်ဖေးတန်းလျား၌ နေလေသည်။
တစ်နေ့သောအခါ
ရာဇဂြိုဟ်ပြည်၌ ၇-ရက်တိုင်တိုင် နက္ခတ်ပွဲသဘင် ကြီးကျယ်စွာ
ပွဲလမ်းသဘင်အစုံအလင်ဖြင့် ကျင်းပမည့်အကြောင်းကို မောင်းခတ်၍ ကြေညာလေသည်။
ထိုအခါ သုမနသူဌေးက မောင်ပုဏ္ဏကို ခေါ်၍...
“နက်ဖြန် နက္ခတ်ပွဲသို့ ငါတို့သွားမည်၊ သင်သည်လည်း သွားလိုက သွားနိုင်သည်၊ အကယ်၍ မသွားလိုဘဲ လုပ်ခကိုလိုက လယ်ထွန်ပါ”ဟုဆိုရာ...
မောင်ပုဏ္ဏက
“အရှင်သူဌေးမင်း-ပျော်ပွဲရွှင်ပွဲဆိုသည်မှာ ပစ္စည်းဥစ္စာရှိသူများအတွက်ပါ၊
ကျွန်တော့်အိမ်မှာ နက်ဖြန် ဆန်ပြုတ်ဖို့ပင် ဆန်မရှိသောကြောင့် နက္ခတ်ပွဲသည်
ကျွန်တော်တို့အတွက် မဟုတ်ပါ၊ နွားရရင် နက်ဖြန် ကျွန်တော် လယ်ထွန်ပါမည”ဟု
ပြောသောအခါ...
သူဌေးက
“သို့ဖြစ်လျှင် သင်အလိုရှိသော နွားတို့ကိုယူ၍ လယ်ထွန်လော့”ဟုဆိုသောအခါ
မောင်ပုဏ္ဏက အင်အားကောင်းသော နွား နှစ်ကောင်ကို ရွေးချယ်၍ နံနက်
မိုးမသောက်မီ ထွန်တုံးကို ပြင်ပြီးလျှင် ၎င်း၏ ဇနီးအား...
“ရှင်မ၊
မြို့နေလူတို့သည် ယနေ့ နက္ခတ်ပွဲသို့ သွားကြကုန်ပြီ၊ ငါတို့မှာ အလွန်
ဆင်းရဲလှသဖြင့် နက္ခတ်ပွဲသို့ မသွားနိုင်၊ လုပ်ခရအောင် လယ်သွားထွန်အံ့၊
ငါ့အဖို့ ယနေ့ အခြားနေ့များထက် ထမင်းနှစ်ဆ ချက်ယူခဲ့ပါ”
ဟု မှာခဲ့၍ လယ်ထွန်ရန် ထွက်သွားလေသည်။
ထိုနေ့တွင်
အရှင်သာရိပုတ္တရာသည် ၇-ရက်ပတ်လုံး နိရောဓသမာပတ် ၀င်စားနေရာမှ ထသောအခါ “ငါသည်
ယနေ့ အဘယ်သူကို ချီးမြှောက်ရပါမည်နည်း”ဟု ဆင်ခြင်လတ်သော်
သူဆင်းရဲမောင်ပုဏ္ဏ တို့ကို မြင်၍ မိမိချီးမြှောက်၍ ဖြစ်နိုင်၊ မဖြစ်နိုင်
တစ်ဖန်ဆင်ခြင်ပြန်သောအခါ ချီးမြှောက်နိုင်ကြောင်း တွေ့သိရသဖြင့် သင်္ကန်းကို
ဝတ်ရုံလျက် သပိတ်ကို လွယ်ပြီးလျှင် မောင်ပုဏ္ဏ လယ်ထွန်ရာသို့
ကြွရောက်တော်မူလာလေသည်။
မောင်ပုဏ္ဏသည်လည်း
မထေရ်ကို မြင်သောအခါ လယ်ထွန်သည်ကို ရပ်နားလျက် မထေရ်ရပ်နေရာသို့ လာရောက်၍
ရှိခိုးပြီးလျှင် မျက်နှာမသစ်ရသေးကြောင်း သိသောအခါ မထေရ်၏ သပိတ်
ရေစစ်တို့ကို ယူလျက် အနီးရှိ ရေကန်တွင် ရေခပ်ပြီး အနီးရှိ ချုံငယ်မှ
နွယ်ကို တံပူပြုလုပ်ကာ ဆက်ကပ်လေသည်။
အရှင်သာရိပုတ္တရာ
ကြံသည်ကား... ငါသည် သူတို့ကို ချီးမြှောက်လိုသော်လည်း သူတို့မှာ သူများ၏
အိမ်နောက်ဘက်တွင် နေရသောကြောင့် အိမ်တံခါးဝတွင် ဆွမ်းရပ်က သူတို့မြင်မည်
မဟုတ်ပေ။ သို့အတွက် သူ့ဇနီး ဥတ္တရာ ယာဂုလာပို့သောအခါမှ လမ်းတွင်တွေ့ရန်
အချိန်အနည်းငယ် စောင့်ပြီးမှ မြို့ဘက်သို့ ကြွတော်မူလေသည်။
မောင်ပုဏ္ဏ၏
ဇနီး ဥတ္တရာသည်လည်း နံနက်စောစောကပင် ယာဂုကျို၍ လယ်ထွန်နေသော မောင်ပုဏ္ဏအတွက်
ယူလာရာ အရှင်သာရိပုတ္တရာနှင့် လမ်းတွင်တွေ့၍ စဉ်းစားသည်ကား...
“ငါတို့မှာ
ဆင်းရဲလွန်းလှသဖြင့် တစ်ခါတစ်ရံ မထေရ်နှင့် တွေ့၍ လှူလိုပါသော်လည်း
လှူစရာမရှိခဲ့၊ လှူစရာ အလှူရှိပါသော်လည်း မထေရ်ကိုမတွေ့၊ ယခုသော်
မထေရ်ကိုလည်း ဖူးတွေ့ရသည်၊ အလှူဝတ္ထုယာဂုဆွမ်းလည်း အသင့်ရှိနေသည်
မထေရ်ကိုတော့ လှူဖြစ်အောင် လှူတော့မည်”
ဟု ဆုံးဖြတ်လျက် ယာဂုအိုးကို ခေါင်းပေါ်မှ ချလျက် မထေရ်ကို ရှိခိုးပြီးလျှင်...
“အရှင်ဘုရား...တပည့်တော်၏
အလှူကို ယုတ်ညံ့သည် မြတ်သည်ဟူ၍ သဘောတော်မထားဘဲ ကျွန်ဖြစ်နေတဲ့
တပည့်တော်တို့အား ချီးမြှောက်သောအားဖြင့် အလှူခံတော်မူပါဘုရား”
ဟု
လျှောက်ထားပြီးလျှင် မထေရ်၏ သပိတ်ထဲသို့ ယာဂုအိုးကို သွန်၍ထည့်လှူရာ
တစ်ဝက်ရောက်လျှင် မထေရ်က “တော်လောက်ပြီ”ဟူသော သဘောနှင့် သပိတ်ကို လက်ဖြင့်
ပိတ်လိုက်သောအခါ ဥတ္တရာက...
“အရှင်ဘုရား...
ဤယာဂုသည် တစ်ယောက်စာဖြစ်သည်၊ အရှင်ဘုရားသည် တပည့်တော်တို့ကို ယခုဘ၀အတွက်သာ
မကြည့်ဘဲ နောင်သံသရာအတွက် ငဲ့လျက်ချီးမြှောက်တော်မူပါ”
ဟုဆိုလျက် ယာဂုအိုးတွင် အကြွင်းအကျန်မရှိအောင် လှူလိုက်လေသည်။ ထိုသို့ လှူပြီးသောအခါ ဆုတောင်းလိုက်ပုံကား...
(တုမှေဟိ ဒိဌ ဓမ္မေဿဝ ဘာဂီအဿံ)
“အရှင်ဘုရားတို့... သိသောတရား တစ်စိတ်တစ်ဖို့ သိရပါလို၏”
(အလွန်ဆင်းရဲ၍ လှူရသော အလှူဖြစ်သော်လည်း လူချမ်းသာ နတ်ချမ်းသာဆု မတောင်းဘဲ မဂ်ဖိုလ်ကို ဆုတောင်းသည်မှာ သတိထားစရာ)။
ယင်းသို့ ဆုတောင်းသောအခါ အရှင်သာရိပုတ္တရာ။ မထေရ်မြတ်က...
(ဧ၀ံ ဟောတု)
“ဆုတောင်းသည့်အတိုင်း ဖြစ်ပါစေ”
ဟု
အနုမောဒနာပြုပြီးလျှင် ကြွသွား၍ ရေနှင့် သင့်တော်သော နေရာတွင် ယာဂုဆွမ်းကို
ဘုန်းပေးတော်မူသည်၊ ဥတ္တရာလည်း အိမ်သို့ အမြန်ပြန်၍ ဆန်ကိုရှာ၍ ထမင်းကို
ချက်ပြီးလျှင်ပြီးချင်း မောင်ပုဏ္ဏထံသို့ အပြေးကလေးပင် လာခဲ့လေသည်။
မောင်ပုဏ္ဏလည်း
ပြီးတန်သမျှ လယ်ကိုထွန်၍ နေမြင့်လာသောအခါ အလွန်ဆာလောင်လှသဖြင့်
ထွန်ဖြုတ်ပြီးလျှင် သစ်ပင်ရိပ်တွင် ထိုင်နေလေသည်။ မယားဥတ္တရာသည်လည်း
ထမင်းအိုးကို ရွက်လာရင်း သူ့ကိုမျှော်၍ကြည့်နေသော မောင်ပုဏ္ဏကိုမြင်လျှင်
“သူ အလွန်ဆာလောင်သဖြင့် ငါ့ရဲ့အလာကို ကြည့်မျှော်နေသည်၊
ငါရောက်သွားလျှင်...
“မင်း
အလွန်နေမြင့်မှ လာရသလားဟု အမျက်ထွက်လျက် ငါ့ကို ဆဲရေးရိုက်နှက်က
ယနေ့ငါပြုလိုက်ရသော ကုသိုလ်သည် ဒေါသ ဒေါမနဿအကုသိုလ်ဝင်၍ အချည်းနှီး
ဖြစ်တော့မည်၊ ကြိုတင်၍ ငါပြောအံ့”ဟု ကြံလျက်...
“အို...
ကိုပုဏ္ဏ၊ ရှင် သာဓုခေါ်ပေတော့၊ နံနက်စောစောက ရှင့်ဖို့ ယာဂုကျိုပြီးယူအလာ
လမ်းတွင် အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့တွေ့လို့ လှူလိုက်တယ်၊ အဲ့ဒါ
လှူပြီးမှ အိမ်ပြန် ထမင်းချက်နေရလို့ နည်းနည်း နောက်ကျသွားတယ်၊ ရှင်
သာဓုသာခေါ်လိုက်ပါ”
ဟု လိမ္မာသော မိန်းမတို့၏ သဘောအတိုင်း ပြောဆိုလိုက်သောအခါ မောင်ပုဏ္ဏလည်း ဒေါသမဖြစ်နိုင်ရှာတော့ဘဲ...
“အေး...
သာဓု... သာဓု...၊ ငါလဲ နံနက်စောစောက ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးကြွလာလို့
ငါ့မှာမင်းလို လှူစရာက မရှိတာနဲ့ မျက်နှာသစ်တော်ရေနဲ့ တံပူကပ်လှူလိုက်တယ်၊
မင်းလဲ သာဓုခေါ်ပါဦး၊ ငါ့ဆီက ကြွသွားပြီး မင်းနဲ့တွေ့တာပဲ၊ ၀မ်းသာလိုက်တာ
ရှင်မရယ်”
ဟု
လင်မယားနှစ်ယောက် ၀မ်းသာအားရ စားသောက်ကြပြီး မောင်ပုဏ္ဏမှာ နေမြင့်မှ
ထမင်းစားရသဖြင့် ပင်ပန်းလျက် ဥတ္တရာ၏ ရင်ခွင်၌ အိပ်ပျော်သွားလေသည်။
ထိုအခါတွင် နံနက်က ထွန်းထားသော ထွန်စာဖတ် မြေကြီးတို့သည် ရွေကဲ့သို့
ဝင်းဝင်းဝါ၀ါ ဖြစ်နေသေည်၊ ခေတ္တမျှ အိပ်ပျော်သွားသော မောင်ပုဏ္ဏသည် အိပ်ရာမှ
နိုး၍ ထွန်စာခဲတို့ကို ကြည့်လိုက်သောအခါ ၀င်းဝင်း ၀ါဝါမြင်သဖြင့်...
“ရှင်မ၊
ငါ့ထွန်စာခဲတို့သည် ရွှေလိုလို မျက်စိထဲမှာ မြင်နေသည် ထမင်းစား နောက်ကျလို့
မျက်စိပြာနေသလားမသိ”ဟု ပြောသောအခါ အမှန်ပင် ရွှေတုံးရွှေခဲတွေ ဖြစ်နေသည်ကို
တွေ့ရသဖြင့်...
“ယနေ့ အရှင်သာရိပုတ္တရာကို လှူရသော အလှူသည် ယနေ့ပင် အကျိုးပေးလေပြီ၊ ဤမျှ များပြားသော ရွှေတို့ကိုလျှို့ဝှက်ထား၍ ရမည်မဟုတ်”
ဟုဆို၍ ဥတ္တရာ
ယူခဲ့သော ထမင်းအိုးဖြင့် ရွှေတို့ကို အပြည့်ထည့်၍ ဘုရင့်ထံပို့ကာ
အကျိုးအကြောင်း တင်လျှောက်လေသည်။ ဘုရင်လည်း လှည်းအစီးတစ်ထောင်ကို လွှတ်၍
ရွှေတို့ကို တင်ဆောင်သယ်စေပြီး နန်းတော်ရင်ပြင်၌ ပုံပြီးသော်
ဤမျှများပြားသော ရွှေသည် ဤရာဇဂြိုဟ်မြို့တွင် ဤမျှ မရှိကြောင်း
လျှောက်တင်ကြသဖြင့် “ဗဟုဓန သေဋ္ဌိနာမ ဟောတု” မျာစွာ ဥစ္စာရှိသော သူဌေးမင်းဟူ၍
သူဌေးကြီး ရာထူးကို ထီးနှင့်တကွ အပ်လေသည်။
ထို့နောက် သူဌေးကြီးဖြစ်သော ပုဏ္ဏက ဘုရင်အား…
“အရှင်မင်းမြတ်၊
ကျွန်ုပ်သည် ယခုအထိ နေစရာ အိမ်မရှိသေးပါ၊ သူတစ်ပါးအိမ်တွင်
ကပ်ရပ်နေရပါသည်။ ကျွန်ုပ်အား အိမ်ဆောက်လုပ် နေထိုင်ရန် မြေနေရာ ပေးသနားပါ”
ဟု လျှောက်တောင်းလေရာ ဘုရင်ကလည်း…
“ထိုသို့ဖြစ်လျှင် ဤချုံနွယ်တို့ ပိတ်ဖုံးလျက်ရှိသော နေရာကို ရှင်းလင်း၍ အိမ်ဆောက်လော့၊ ဤနေရာသည် ရှေးသူဌေးတို့ နေသွားသော နေရာတည်း”
ဟု ညွှန်ပြ၍
နေရာပေးလေသည်။ နေရာရသဖြင့် “ချုံနွယ်တို့ ရှင်းလင်းလျက် အိမ်ဆောက်ရန်
မြေတူးသောအခါ နူတ်ခမ်းချင်း ထိစပ်နေသော ရွှေအိုး အမြောက်အမြား
နောက်ထပ်ရပြန်လေသည်။ ပုဏ္ဏလည်း အိမ်သစ်တက်မင်္ဂလာ၊ ထီးဖွင့်မင်္ဂလာတို့
ပြုလုပ်တိုင်း ဘုရားအမှူးရှိသော သံဃာတော်များကို လှူဒါန်းလေ့ရှိ၏။
တစ်ခါသော် ဆွမ်းကပ်ပြီး၌ မြတ်စွာဘုရား တရားဟောသည်တွင် ဦးပုဏ္ဏတို့ မိသားစု
၃-ယောက်စလုံး သောတာပန် ဖြစ်ကြလေသည်။
နောက်တစ်ချိန်တွင်
ရာဇဂြိုဟ် မိစ္ဆာဒိဋ္ဌိသူဌေးက ဦးပုဏ္ဏသူဌေးကြီး၏သမီး ဥတ္တရာနှင့် သူ၏ သားကို
လက်ထပ် ပေးစား စေ့စပ်၏။ ၎င်း၏ သားသည် မိစ္ဆာဒိဋ္ဌိ ဖြစ်နေသဖြင့်
ဦးပုဏ္ဏငြင်းပယ်၏။ သို့ရာတွင် ဦးပုဏ္ဏတို့ သူဌေးကြီးဖြစ်သည်မှာ
ဤသူဌေးအိမ်မှာနေ၍ ဖြစ်သွာသည်ဟု အခြားသူများကပါ
ဝိုင်းဝန်းတိုက်တွန်းကြသဖြင့် သဘောတူ လက်ထပ်ပေးရလေတော့သည်။
ဝါဆိုလပြည့်နေ့တွင်
ထိမ်းမြားလက်ထပ် ပေးလိုက်သည်မှစ၍ လင့်အိမ်သို့ လိုက်သွားရသော ဥတ္တရာမှာ
“သာသနာတော်ထမ်း ရဟန်းကိုလည်းကောင်း၊ ဘိက္ခူနီမကိုလည်းကောင်း ဆည်းကပ်ခြင်း၊
လှူဒါန်းခြင်းတို့ကိုလည်း မပြုရပေ။ တရားတော်ကို နာကြားရန်လည်း အခွင့်မရပေ။
သို့ဖြင့် တော်သလင်းလကွယ်နေ့သို့တိုင် ရောက်သောအခါ အနီးတွင်ရှိသော
အလုပ်အကျွေးအား ဥတ္တရာက…
(ဣဒါနိ ကိတ္တကံ အန္တောဝဿဿ အ၀သိဋ္ဌံ)
“အစ်မတို့၊ သီတင်းကျွတ်ဖို့ ဘယ်နှစ်ရက် လိုပါသေးသလဲ”
(အဍ္ဎ မာသောအယျ)
“အရှင်မ (လခွဲ) ၁၅ ရက်မျှ လိုပါသေးတယ်”
ဟု သိရသောအခါ သူ့ဖခင် ဦးပုဏ္ဏထံသို့ စာရေး၍ စေလွှတ်ပုံကား…
“ဖခင်၊ သမီးအား
ဒီလို မိစ္ဆာဒိဋ္ဌိမျိုးဖြစ်တဲ့ အိမ်တွင်းမှ အဘယ်ကြောင့်
ဆောင်နှင်းထားရပါသလဲ၊ လက္ခဏာဖတ်တတ်တဲ့ ပုဏ္ဏားတွေက သူများအိမ်မှာ
ကျွန်ဖြစ်မယ်လို့များ ဟောသလား၊ ကျွန်အဖြစ်ကမှ သက်သာပါသေးတယ်၊ ဒီအိမ်ကို
ရောက်တဲ့နေ့က စပြီးတော့ ရဟန်းသံဃာဆိုလို့လဲ တစ်ခါမျှ မဖူးရ၊ အလှူဒါနလဲ
တစ်ခါမျှ မပြုရသည့်အတွက် သေရတာက ကောင်းပါသေးတယ်”
ဟု စာရေးလိုက်သည်တွင် သမီးစာကို ဖတ်၍ စိတ်မကောင်းဖြစ်နေသော ဦးပုဏ္ဏသူဌေးကြီးက…
(ဒုက္ခိတာ ၀တမေဓိတာ)
“ငါ့သမီးလေး စိတ်ဆင်းရဲနေပါပကော”
ဟု ညည်းတွားပြီးလျှင် စာပြန်ရေးလိုက်သည်ကား…
“တာတ၊
ချစ်သမဓီး။ ဣမသိံမနဂရေ၊ ဤရာဇဂြိုဟ်မြို့၌။ သီရိမာနာမ၊ သီရိမာ အမည်ရှိသော။
ဂဏိကာ ပြည့်တန်ဆာမသည်။ အတ္ထိ၊ ရှိ၏။ ဒေ၀သိကံ တစ်နေ့အတွက်လျှင်။ အဟဿံ၊
အသပြာတစ်ထောင်ကို။ ဂဏှာတိ၊ ယူ၏။ ဣမေဟိကဟာ-ပဏေဟိ၊ ဤ ၁၅-ရက်အတွင်း
အသပြာတစ်သောင်း ငါးထောင်တို့ဖြင့်။ တံ၊ ထိုသီရိမာကို။ အာနေတွာ၊ ခေါ်ဆောင်၍။
သာမိကဿ၊ မင်းသခင် လင်ယောက်ျား၏။ ပါဒပရိစာရိကံ၊ ခြေရင်းအလုပ်အကျွေးကို။ ကတွာ
သမီးကိုယ်စား ထားသည်ကိုပြု၍။ သယံ၊ သမီးကိုယ်တိုင်။ ပုညာနိ၊
ကုသိုလ်ကောင်းမူတို့ကို။ ကရောတု၊ ပြုလေတော့”
ဟု စာနှင့် ငွေတစ်သောင်းငါးထောင် ပို့လွှတ်လေသည်။ ဖခင်ထံမှ စာနှင့်ငွေ ရလျှင်ရချင်း ဥတ္တရာသည် သီရိမာကို ချက်ချင်း ခေါ်စေပြီး…
“အဆွေတော်၊
ဤငွေ တစ်သောင်းငါးထောင်ဖြင့် သီတင်းကျွတ်လပြည့်နေ့အထိ ၁၅ရက်တိုင်တိုင်
ကျွန်မ၏ အရှင်ကို ပြုစုပေးပါ။ ကျွန်မရဲ့ကိုယ်စားဖြစ်တဲ့ အတွက် လုံးဝ
တာဝန်ယူစေလိုပါတယ်”
ဟု ပြောသောအခါ
“ကောင်းပါပြီ… သူဌေးကတော်” ဟု ၀န်ခံကာ လင်မောင် သူဌေးသားထံ အပ်နှံရန်အတွက်
နှစ်ယောက်သား သူဌေး၏ အခန်းတွင်းသို့ ၀င်လာကြလေရာ လင်တော်မောင် သူဌေးသားမဓှာ
အံ့သြစွာနှင့် ကြည့်နေပြီးမှ…
(ကိံ ဣဒံ)
“ဥတ္တရာ - သူက ဘာလဲ၊ ဘာကိစ္စလဲ”
ဟု မေးလေရာ၊ ဥတ္တရာက…
“အရှင်သား-သူကတော့
ကျွန်မသူငယ်ချင်းမ သီရိမာပါ၊ ယနေ့ကစပြီး ၁၅ရက် တိုင်တိုင် အရှင်သူဌေးသား၏
ခြေရင်း အလုပ်အကျွေး ကိစ္စအားလုံးကို ကျွန်မကိုယ်စား ဆောင်ရွက်ပါလိမ့်မယ်၊
ကျွန်မကတော့ ၁၅-ရက်လုံးလုံး ဒါနံ၊ အလှူကိုလဲ။ ဒါ-တုကာမာ၊ ပေးလှူလိုပါတယ်။
ဓမ္မဉ္စ၊ တရားတော်ကိုလဲ၊ သောတုကာမာ၊ နာကြားလိုပါတယ်”
ဟုပြောလိုက်သောအခါ သီရိမာ၏ ရူပါရုံအလှကိုမြင်ရသောအခါ သူဌေးသားမှာ နှစ်သက်သဘောကျ လှသည်ဖြစ်၍…
(သာဓူတိသမ္ပဋိစ္ဆိ)
“ကောင်းပါပြီဟူ၍ ၀န်ခံလိုက်တော့၏”
ဥတ္တရာသည်လည်း
ဘုရားအမှူးရှိသော သံဃာတော်တို့အား “အရှင်ဘုရားများ ယနေ့မှစ၍ အခြားမှာ
ဆွမ်းမခံတော့ဘဲ တပည့်တော်၏ ဆွမ်းကိုသာ အလှူခံတော်မူကြပါကုန်ဘုရား”ဟု
ပင့်လျှောက်ပြီးလျှင် မြတ်စွာဘုရားအား “ယနေ့မှစ၍ ၁၅ရက် မဟာပ၀ါရဏာ
တိုင်အောင် မြတ်စွာဘုရားအား တပည့်တော် ဆွမ်းကိစ္စ ပြုလုပ်ဆောင်ရွက်လိုပါသည်၊
တရားတော်ကိုလဲ နာကြားလိုပါသည်ဘုရား”ဟု လျှောက်ထားလေရာ မြတ်စွာဘုရား
လက်ခံလိုက်သည်ဖြစ်၍ အိမ်သို့ အမြန်ပြန်လာပြီးလျှင် မီးဖိုဆောင်သို့ ၀င်၍…
“ဧ၀ံ၊ ဤသို့ဤပုံ။ ယာဂုံ၊ ယာဂုကို။ ပစထ၊ ကျိုကြချက်ကြပါကုန်”
“ဧ၀ံ၊ ဤနည်းဤပုံ။ ဝေပူ၊ မုန့်တို့ကို။ ပစထ၊ ကြော်ကြ ဖုတ်ကြ ပါကုန်”
ဟု ပျော်ပျော်ရွှင်ရွှင် ပြေးလွှားစီမံ နေလေသည်။
သို့ဖြင့်
ဥတ္တရာလှူဒါန်းခဲ့သည်မှာ ၁၄-ရက်ရှိပေပြီ။ နက်ဖြန် တစ်ရက်သာ ကျန်သည်တွင်
သူဌေးသားသည် တိုက်အပေါ်ထပ် ပြတင်းပေါက်မှ အောက်ဘက်မီးဖိုဆီသို့
ငုံ့ကြည့်လိုက်သောအခါ ချွေးတွေရွှဲရွှဲစိုလျက် ပြာမူန့် အိုးမဲတို့ဖြင့်
ပေကျံလူးလဲနေလျက် ချက်ပြုတ် ကြော်လှော်နေကြသူများနှင့်
ရောနှောပျော်ရွှင်နေသော ဥတ္တရာကို မြင်သောအခါ...
“အန္ဓဗာလာ၊
အမိုက်မဥတ္တရာသည်။ ဧ၀ရုပေ-ငှာနေ၊ ဤသို့ သဘောရှိသောနေရာ၌။ ဣမံသီရိ-သမ္ပတ္တိံ၊
ဤတိုက်တာရွှေငွေ အခြွေအရံ အစေခံတို့နှင့် အေးချမ်းစီမံ၍ နေရသော
စည်းစိမ်ချမ်းသာကို။ နာနုဘ၀တိ၊ တိုက်ပေါ်မှသာ ဖြီးလိမ်းကာဖြင့် ခံစား၍သာ
မနေနိုင်ရှာ။ မုဏ္ဍကသမဏေ၊ ဦးပြည်းရဟန်းတို့ကို။ ဥပဌဟိဿာမိ၊
ကျွေးမွေးပြုစုအံ့။ ဣတိ၊ ဤသို့။ တုဋ္ဌစိတ္တော၊ နှစ်သက်ဝမ်းမြောက်သော
စိတ်ရှိသည်ဖြစ်၍။ ၀ိစရတိ၊ ပြေးလွှားလှည့်လည်နေ၏။ အဟော၊ သြော်…
အံ့သြဖွယ်ကောင်းလေစွတကား။ ဣတိ၊ ဤသို့။ ဟသိတွာ၊ နှလုံးနာသည့် အနေ
မဲ့ပြုံးပြုံး၍။ အပဂဉ္စိ၊ ရှောင်လွှဲထွက်ခွာခဲ့လေတော့၏။”
သူဌေးသားလည်း မဲ့ပြုံးပြုံး၍ ခွာသွားလတ်သော် သူဌေးသား၏ အမူအရာကို အနီးအနားမှနေပြီး အမြဲအကဲခတ်နေသော သီရိမာက…
(ကိံ နုခေါ သြ လောကေတွာ ဧသဟသိ)
“သူဘာကိုကြည့်ပြီး ပြုံးပါလိမ့်”
ဟု သူဌေးသားကြည့်သော ပြတင်းပေါက်သို့ လာ၍ ငုံ့ကြည့်သောအခါ ဥတ္တရာ၏ ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စီမံနေသည်ကို မြင်သဖြင့်…
(ဣမံ သြလောကေတွာ ဣမိနာ ဟသီတံ)
“ဒီဥတ္တရာကို ကြည့်ပြီး ဒီလူပြုံးတာကိုး”
(အဒ္ဓါဣမဿ ဏတာယသဒ္ဓိံ သန္တ ဝေါအတ္ထိ)
“ဒီလူနဲ့ ဒီမိန်းမ တကယ်ယဉ်ပါးနေပြီ”
ဟု စိတ်ထဲက
ထင်မှတ်ကြံစည်လေသည်။ စင်စစ် သီရိမာသည် ၁၅-ရက်အတွက် ငွေအသပြာ
တစ်သောင်းငါးထောင်ပေးပြီး ဥတ္တရာက ၎င်း၏ ကိုယ်စား အငှားမယား ထားပေးခြင်းသာ
ဖြစ်၍ ၁၅-ရက် ကျော်ပါက ဤတိုက်ပေါ်မှ ဆင်းသွားရမည်ကို လုံးဝမသိမရိပ်မိဘဲ
ကာမဂုဏ်အာရုံနောက်သို့ စိတ်က လိုက်ပါသွားမူကြောင့် သူတို့ လင်မယား
အစစ်ကိုပင် “ယဉ်ပါးနေပြီ၊ ဆက်သွယ်မူရှိနေပြီ”ဟု ထင်ဝံ့လာသည်ကား ဒိဋ္ဌိတဏှာ
ထိုနှစ်ဖြာ၏ (ကိလေသာ) သတ္တိ ဖြစ်တော့သည်။
ယင်းသို့
ဥတ္တရာတို့ လင်မယား အစစ်ကိုပင် “မင်္သကာ” ဖြစ်နေသော သီရိမာသည် ၎င်း၏
“အငှားမယား”ဟူသော အသိပျောက်ကာ ဥတ္တရာအပေါ်၌ “လင်လုဘက်အနေ”
မကျေမနပ်ရန်ငြိုးဖွဲ့လျက်…
(ဒုက္ခမဿာ ဥပ္ပါဒေဿာမိ)
“ဒီကောင်မ ဒုက္ခတွေ့စေ့ရမယ်”
ဟု
ကြိမ်းဝါးလျက် တိုက်ပေါ်မှ အပြေးကလေး ဆင်းလာပြီးလျှင် မီးဖိုသို့ဝင်၍
မုန့်ကြော်ရန် ချက်ထားသော ဆူနေသည့် ထောပတ်အိုးမှ ထောပတ်ပူကို
ယောက်ချိုဇွန်းကြီးဖြင့် ခပ်လျက် ဥတ္တရာရှိရာသို့ လာနေသော သီရိမာကို
မြင်သောအခါ ဥတ္တရာ၏ စိတ်၌…
“မမ သဟာယိကာယ၊ ငါ့သူငယ်ချင်းမ သီရိမာ၏။ မယှံ၊ ငါ့အား။ (၀ါ) ငါ့အပေါ်မှာ။ ဥပကာ ရောဂတော၊ ကျေးဇူးပြုပုံ ကြဓီးလှပါပေ၏”
မယ်မင်းကြီးမ
အကူအညီရသဖြင့် ငါသည် ဘုရားကိုလည်း ဖူးရ၊ တရားတော်ကိုလည်း နာရ၊
ဘုရားအမှူးရှိသော သံဃာတော်တို့ကိုလည်း အလှူဒါန ပြုရပါပေသည်။ စကြ၀ဠာ
တိုက်ကြီးသည် အလွန်ကျဉ်းလှပါသေးသည်။ ဗြဟ္မာ့ပြည်ကြီးသည်
အလွန်နိမ့်လှပါသေးသည်။ ငါ့သူငယ်ချင်းမ၏ ဂုဏ်ကျေးဇူကသာလျှင် အလွန်ကြဓီးကျယ်
မြင့်မြတ်လှပါပေ၏။ အကယ်၍ ငါသည် သီရိမာအပေါ်၌ ဤကဲ့သို့ မေတ္တာ စေတနာထားရိုး
မှန်ပါက ဤထောပတ်ပူသည် ငါ့အား မလောင်စေသတည်း။ ငါသည် အမျက်ထားသည်ဖြစ်အံ့၊
ဤထောပတ်သည် ငါ့အား လောင်စေသတည်း ဟု မေတ္တာနှင့် ယှဉ်သော သမာဓိစိတ်ဖြင့်
နေလေရာ သီရိမာလည်း ဥတ္တရာ၏ ဦးခေါင်းသို့ လောင်းချလိုက်သော ထောပတ်ပူသည်
သီတာရေစင်တမျှ အေးမြသွားလေသည်။
ဝတ္ထုအာရုံပေါ်သို့
တဏှာကပ်ရောက်၍ ကိလေသာကာမ အဖြစ်သို့ရောက်လာလျှင် မည်သည့်အကျိုးအကြောင်း
အဆိုးအကောင်းကိုမျှ အမှန်အတိုင်း မသိမြင်တော့ပေ။ မြတ်စွာဘုရားသည် ကာမဂုဏ်
အာရုံတို့ကို အပြစ်တင်ရာ၌ ၀တ္ထုကာမကို အပြစ်တင်သည် မဟုတ်။ ထိုဝတ္ထု ကာမကို
စွဲမှီ၍ နှလုံးသွင်း မှားစွာ စွဲယူသော ကိလေသာ ကာမကိုသာ အပြစ်ပြ၍
ဟောတော်မူလေသည်။
ဤ၌-သီရိမာ၏
အာရုံမြင်ကွင်းတွင် ဥတ္တရာဟူသော ၀တ္ထုကာမသာမြင်၍ ဘာမျှမဖြစ်သော်လည်း
သူဌေးသား၌ ကိလေသာကာမအားဖြင့် တပ်မက် စွဲလမ်းထားသောကြောင့်
အမှားအမှန်ဘာကိုမျှ မဝေဖန်နိုင်တော့ဘဲ ကိလေသာတို့ ထုံးစံအတိုင်း အမှောင်ထု
ဖုံးလွှမ်းသွားလေသည်။ ဥတ္တရာ၏ ဦးခေါင်း၌ ထောပတ်ပူမလောင်းသည်ကို မြင်လျှင်
သီရိမာသည်…ဒဒဒ
(ဣဒံ သီတလံ ဘ၀ိဿတိ)
“ဒီထောပတ် အေးနေလို့ ဖြစ်မှာပဲ”
ဟုကြံပြီး
အခြား ဆူနေသော ထောပတ်အိုး တစ်ခုမှ ဇွန်းကြီးနှင့် ခပ်၍ ယူလာပြန်သော
သီရိမာကို ဥတ္တရာ၏ အိမ်မှ အစေခံ လုပ်ဖော်တို့က တွေ့မြင်သဖြင့်…
“အပေဟိ ဒုဗ္ဗိနီတေ၊ နတွံ အမှာကံ အယျာယ ပက္ကုထိတံသပ္ပိံ အာသိဉ္စိတုံ အနုစ္ဆ၀ိကာ”
“ဟေ့- အယုတ်မ ဖယ်ပါ၊ သင်သည် ငါတို့ အရှင်မသူတော်ကောင်းကို ထောပတ်ပူနဲ့ လောင်းတာကောင်းသလား”
ဟု ဆိုကြပြီး
ဟိုမှသည်မှ ပြေးလာကြလျက် လက်နှင့် ရိုက်သူ ကရိုက်၊ ခြေနှင့် ကန်သူကကန်
ဝိုင်းရိုက်ကြသဖြင့် ဥတ္တရာက အကြိမ်ကြိမ်တားသော်လည်း မရဘဲ လဲသွားသောအခါမှ
ဥတ္တရာက သီရိမာကို နောက်ထပ်မရိုက်နိုင်အောင် သီရိမာအပေါ်မှနေ၍
ကာကွယ်ထားရလေသည်။ ထို့နောက် ဥတ္တရာသည် သီရိမာအား ရေမိုးချိုးစေပြီး
ဆီတို့ဖြင့် နှိပ်နယ်ပေးလျက်…
(ကိဿ တေ ဧ၀ ရူပံ ဘာရိယံကတံ)
“ဘယ်လိုကြောင့် ဒီလိုအဖြစ်မျိုး လုပ်ရတာလဲ သီရိမာ”
ယင်းသို့
ဥတ္တရာက မေးလေမှ သူ့အဖြစ်ကို စဉ်းစားမိလေသည်။ ငါသည် အငှား မယားပါတကားဟု
သတိရလျက် သူ့အပြစ်ကို ပြန်ပြော၍မှ မကောင်းတော့ချ။ ငါသည် အမှန်ပင်
ဝန်လေးသောအမူပြုမိပြီ၊ သူဌေးသားပြုံးခြင်းကို အကြောင်းပြု၍ အပြစ်ကင်းသော
ဥတ္တရာအား ထောပတ်ပူဖြင့် လောင်းမိခဲ့ပြီ။ ငါ ဤကဲ့သို့ ပြုခြင်းကိုပင်လျှင်
ငါ့အပေါ်၌ ကျွန်အစေခံမတို့ ရိုက်နှက်သည်ကိုပင် အားမပေးဘဲ တားမြစ်သည်။
ငါ့ကိုလဲ မေတ္တာ စေတနာထား၍ ပြုစုသည်။ ငါသည် ဥတ္တရာအား မတောင်းပန်ခဲ့သော် ငါ၏
ဦးခေါင်းသည် ခုနှစ်စိတ်ကွဲရာ၏ဟု သတိရလျက် တောင်းပန်ရာ မြတ်စွာဘုရား၏
သမီးတောင် သာဝက ဖြစ်သည့်အတိုင်း မြတ်စွာဘုရားကိုသာ တောင်းပန်ရန် ဥတ္တရာ၏
တိုက်တွန်းချက်အရ မြတ်စွာဘုရား ဆွမ်းစားအကြွတွင် ဥတ္တရာက အကြောင်းစုံ
လျှောက်ထားသဖြင့်…
“အက္ကောဓေန ဇိနေ ကောဓံ”
စသော
ရန်ငြိုးမဖွဲ့အပ်ကြောင်းနှင့် သစ္စာသိရန် တရားကို ဟောတော်မူသည့် အဆုံးတွင်
သီရိမာနှင့် အဖော် မိန်းမ ငါးရာတို့သည် သောတာပန် ဖြစ်ကြလေသည်။
(ဤကား ဓမ္မပဒဋ္ဌကထာ ၁၉၆ကို လိုအပ်သလို မြန်မာပြန်သည်)။
အာရုံငါးပါးတွင်
တစ်ပါးပါး၌ ပရမတ်အမြင်မမြင်က ကိလေသာဖြစ်မည်သာတည်း။ ကိလေသာဟူသည် ၎င်းကို
လက်ခံသိမ်းပိုက်ထားသော သတ္တ၀ါအား ပူလောင်စေတတ်-နှိပ်စက်တတ်ကြောင်းကို
မြတ်စွာဘုရား အတန်တန်ဟောထားသည်။ သီရိမာ၏ ၁၅-ရက်မျှသော အငှားမယားသည်
အပြီးအပိုင် မယား အဖြစ် မှတ်ထင်၍ မိမိ၏ လင်ယောက်ျားဟူသော နှလုံးသွင်းမှားမူ
အကြောင်းပြု၍ အကျိုးအကြောင်း - အဆိုးအကောင်း ဘာမျှ ဝေဖန်တတ်သောအသိ၊
သတိလွတ်ကင်းလျက် ဖြစ်ချင်တိုင်း ဖြစ်ကုန်ကြသည်ကား ကိလေသာဟူသည် အငှားခေတ္တ
ရွေးနေ-ရှောင်နေသည် မဟုတ်၊ အာရုံဝတ္ထု တိုက်ဆုံမူ ဖြစ်လာ၍
နှလုံးသွင်းမှားသည်နှင့် တစ်ပြိုင်နက် မိမိအား ပူလောင်စေတော့သည်။
ဤ၀တ္ထု၌
ထောပတ်ပူ အလောင်းခံရသော ဥတ္တရာသည် ထိုအချိန်တွင် ကိလေသာ အပူအလောင်ကင်း၍
အေးချမ်းသော မေတ္တာစေတနာနှင့် နေလေသောကြောင့် ထိုထောပတ်အပူသည် ဥတ္တရာအား
မလောင်၊ သီရိမာကား သူဌေးသားနှင့် ဥတ္တရာ အပေါ်တွင် နှလုံးသွင်း မှားချိန်မှစ၍
ထိုကိလေသာ အပူသည်၎င်းအား လောင်သဖြင့် မနေနိုင်-မထိုင်နိုင် ဖြစ်လျက်
တိုက်ပေါ်မှ ပြေးဆင်းလာသည်။ “ရာဂမီးပူ-ကျိုက်ကျိုက်ဆူသား” ဟူသကဲ့သို့
အပူတောက်လျှောက် ဖြစ်လာသည်။ နောက် မီးဖိုသို့ ၀င်-စိတ်နှလုံးတွင်
အမှားဝင်နေရကား ယောက်ချို ဇွန်းကြီးနှင့် ထောပတ်ပူကို ခပ်ယူသည်။ ဥတ္တရာ၏
ဦးခေါင်း၌ လောင်းသည်။
သီရိမာ၏
နှလုံးသွင်း မှားသည်က စ၍ ထိုအမှားကို လက်ခံထားမိသော သီရိမာအား အတွင်းအပြင်
နှစ်ဖက်စလုံး ပူလောင်စွာနှင့် မေတ္တာဟူသော ဒေါသ၏ ဆန့်ကျင်ဘက် အဒေါသနှင့်
အေး၍နေသော ဥတ္တရာမှာ ပို၍ပင် အေးလေသည်။
သီရိမာ ကိုယ်ပူ
စိတ်ပူရသည့်အထဲ အစေခံတို့ ၀ိုင်းရိုက်ကြသဖြင့် ထပ်မံ၍ ပူရပြန်သောကြောင့်
ရုပ်နာမ်ခန္ဓာပရမတ် သဘောတရားအပေါ်တွင် ပညတ်အမြင်နှင့် မြင်က ကိလေသာဖြစ်၍
ပူလောင်ရတော့သည်။ အဘယ်ကြောင့်နည်း “ကိလေသာ ဟူသည် ပညတ်ကို
ကပ်သောကြောင့်တည်း” ကျွန်ုပ်တို့၏ စိတ်သည် ပညတ် အာရုံထဲက မထွက်သောကြောင့်
ဖြစ်၏။ “၀ိပဿနာသည် ပရမတ်အာရုံပြု၏”ဟု သိ၏။ သို့ရာတွင် ကျွန်ုပ်တို့ကား
ပညတ်ကိုပင် အာရုံပြုလျက် တရားအလုပ် အားထုတ်၏။ ပညတ်အာရုံ
လွတ်အောင်မသွားနိုင်သည် သာမက ပညတ်အာရုံကိုပင် ပရမတ်ထင်မူက ခုခံနေသောကြောင့်
ပို၍ပင် ဆိုး၏။
မြတ်စွာဘုရားသည်
ဤမဟာဒုက္ခက္ခန္ဓသုတ်အား ၀ိပဿနာ၏ အခြေခံ သံဝေဂဉာဏ် အရင်းခံ၍ ဟောသောကြောင့်
ထိုသံဝေဂဉာဏ် အခြေခံရစေရန် ကျွန်ုပ်တို့ တိုက်တွန်းနိုးဆော်မူ ပြုပေသည်။
အာရုံငါးပါး ကာမဂုဏ် တရားတို့၏ နှိပ်စက်ပုံမှာ လောကသံသရာ နှစ်ဖြာလုံးတွင်
နှိပ်စက်ကြောင်း ဆက်၍ လေ့လာကြပါရန်။
ဆရာကြီး ဦးကြည် (သစ္စာဒီပက - မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။
0 comments:
Post a Comment