မမြဝေ နေပြည်တော်ရုံးချုပ်ကို မပြောင်းရခင်တုန်းက... ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးမှာ စာရင်းကိုင်(ပ)ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ဝန်ကြီးဌာန အမည်တော့ ထည့်မပြောပါရစေနဲ့။ အမည်နာမတွေ အမှန်အတိုင်းထည့်ရေးထားတာမို့လို့ပါ။မမြဝေရဲ့ အမျိုးသားနာမည်က ကိုဖြိုးဝေ၊ မမြဝေတို့ အိမ်ထောင်စုမှာ သမီးတယောက် သားတယောက်နဲ့ဆို စုစုပေါင်း မိသားစု လေးယောက်ရှိတယ်။ မမြဝေ ယောက်ျား ကိုဖြိုးဝေက ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနတခုမှာ ယာဉ်မောင်း...။ လင်မယား နှစ်ယောက်ရတဲ့လစာနဲ့ သားသမီးတွေ ကျောင်းစားရိတ်တွေလည်းကာမိ၊ မမြဝေတို့ လင်မယားလည်း အလုပ်သွားလာရအဆင်ပြေအောင်.... တိုက်ခန်းငှားမနေကြပဲ ကန်တော်လေး စတော့ဂိတ်ကုန်းအောက်နားက မီးရထားဝန်ထမ်းတွေ နေတဲ့ ဝန်ထမ်းတန်းလျားမှာ အခန်းလေးတခန်း ငှားနေလိုက်ကြတယ်။
စတော့ဂိတ်ကုန်းဆိုတာ ဟိုး...ကိုလိုနီခေတ်က အခေါ်ဝေါ်ဆိုတော့ ဒီနေ့ခေတ်လူတွေ သိချင်မှ သိမယ်။ ကန်တော်လေး စာတိုက်မှတ်တိုင်နားကနေ ကားစီးပြီးသွားသွား... ၊ လမ်းပဲလျှောက်သွားသွား ... အဲ့ဒီနားမှာ မူစလင်သုဿာန် တခုရှိပါလေရောလား..။ အဲ့ဒီနားက မီးရထားဂုံးကျော်တံတားကို စတော့ဂိတ်ကုန်းလို့ ခေါ်ကြတာပဲ...။ ဘာကြောင့် စတော့ဂိတ်ကုန်းလို့ ခေါ်ကြတယ်ဆိုတာတော့ ခုထက်ထိ မသိသေးတာ...။ ရန်ကုန်ဘူတာကြီးကနေ မန္တလေးကို ရထားစီးလာမယ်ဆိုရင် ပထမဦးဆုံးဖြတ်ရတဲ့ ရထားဂုံးကျော်တံတားပေါ့။ ဒီနေ့ခေတ်အခါမှာတော့ သိမ်ဖြူဂုံးကျော်တံတားလို့ခေါ်ကြတယ်ထင်တယ်။ ဂုံးတံတားတဖက်ခြမ်းမှာ အရင်တုန်းကတော့ ကျန်းမာရေးဝန်ကြီးဌာနပိုင် အဆောက်အဦးကြီး တခုရှိလေရဲ့။
မမြဝေတို့ နေတဲ့မီးရထားအိမ်ယာရဲ့ တည်နေရာအနေအထားက.... စတော့ဂိတ်ဂုံးတံတား အောက်ဖက် မူစလင်သုဿာန်နဲ့ မျက်နှာချင်းဆိုင်၊ အလယ်မှာ သံလမ်းခြားတယ်။ ခုတော့... ရှိသေးရဲ့လားတောင် မသိတော့ဘူး။ မမြဝေတို့ အိမ်နောက်ဖေး မီးဖိုချောင်အနောက်မှာ ခြံစည်းရိုးကာထားတဲ့ ဝါးကပ်တွေကြားက ကြည့်လိုက်ရင်.... သံလမ်းနဲ့ မူစလက်သုဿာန်အုတ်တံတိုင်းကို ထင်းနေအောင်မြင်ရတယ်။ညဘက်ဆို ဘူတာလုံခြုံရေးအတွက် ထွန်းထားတဲ့ ဓါတ်တိုင် မီးရောင်တွေက..... နောက်ဖေးမီးဖိုချောင်ထဲထိ အလင်းရောင် ရောက်တယ်။ နောက်ဖေးကနေ ကြည့်လိုက်ရင် သံလမ်းကို ထင်းနေအောင်ကို မြင်ရတာ။ ရန်ကုန်-မန္တလေး ရထား ဖြတ်မလား...။ မြို့ပတ်ရထားဖြတ်မလား...။ နေ့နေ့ညည မီးဖိုချောင်ထဲကနေ ကွက်ကွက်ကွင်းကွင်းကြီး မြင်ရတယ်။
မမြဝေတို့လင်မယားက စီးပွားရေးသောင်းကျန်းတယ် ပြောရမလားပဲ...။ ညနေရုံးဆင်းချိန်ရောက်ရင်... လူစည်ကားတဲ့ ပန်းဆိုးတန်းဘက်မှာ မမြဝေအမျိုးသား ကိုဖြိုးဝေက ဝက်သားတုတ်ထိုး ရောင်းတယ်။ ညနေပိုင်း ဝက်သားတုတ်ထိုးရောင်းဖို့အတွက် ပြင်စရာ ဆင်စရာရှိတာတွေကို ဇနီးသည် မမြဝေက မနက်(၅)နာရီလောက်ကတည်းက ထပြီး ချက်ပြုတ်ပြင်ဆင်ထားရတယ်။ ဒါမှ ညနေစောင်း လင်ယောက်ျား အလုပ်ကပြန်လာရင် အဆင်သင့် ဈေးရောင်းထွက်နိုင်မှာကိုး။
ရုံးပိတ်ရက် စနေနေ့တရက်နေ့ခင်းဘက် မမြဝေ တာမွေဘက်က အမျိုးတွေဆီသွားလည်ရင်း အပြန်ကျတော့ မြို့ပတ်ရထားနဲ့ ပြန်လာတာ.....သူတို့နေတဲ့ စတော့ဂိတ်ဂုံးမရောက်ခင် ပုဇွန်တောင်ဘူတာနဲ့ ရန်ကုန်ဘူတာကြီးကြားမှာ ရထားကရပ်သွားပါလေရော...။ ရထားပဲ...ဘူတာရောက်ရင် ရပ်မှာပေါ့လို့ ပြောရအောင် ရထားရပ်တဲ့နေရာက ဘူတာရှိတဲ့နေရာလည်းမဟုတ်...ကြားထဲက ကိုးလို့ကန့်လန့်နေရာကြီး...။ ရထားရှောင်ဖို့ ရပ်ရအောင်ကလည်း ဒီနေရာတွေလောက် ရထားလမ်းလွှဲပေါတဲ့နေရာ မြန်မာတပြည်လုံးမှာ မန္တလေးဘူတာကြီးလောက်ပဲရှိတော့မှာ..။ ရပ်နေတာ အချိန်နည်းနည်းကြာလာလို့ စိတ်မရှည်တာနဲ့ နဂိုတည်းက စူးစမ်းတတ်တဲ့ ဗီဇ ရှိတဲ့ မမြဝေ ရထားပြတင်းပေါက်ကနေ ခေါင်းထုတ်လည်း ကြည့်မိရော.......လား.........လား...။
မမြဝေတို့ စီးလာတဲ့ ရထားရပ်ထားတဲ့ သံလမ်းဘေးမှာရထားဝန်ထမ်းတွေရော...ကြက်ခြေနီတွေရော...ရထားရဲတွေရော..
စုပြုံနေတာ....ဒါမျိုးဆိုရင် ပြေးမကြည့်နဲ့ တွေးကြည့်တာနဲ့သိတော့....ရထားတိုက်ပြီလား... ရထားကြိတ်သလားတခုခုတော့ အသေအချာပဲ။ တွဲပေါ်ပါလာတဲ့ လက်မှတ်စစ်တယောက်လည်း သွားဆင်းကြည့်ပြီး ပြန်တက်လာတော့ ပြောတာက ရထားအရှိန်လျှော့နေတုန်း ခုန်ဆင်းတဲ့လူတယောက် တွဲအောက်ကို ခေါင်းဝင်ပြီး ပွဲချင်းပြီးသွားဆိုပဲ....။ မမြဝေ စီးလာတဲ့ ရထားတွဲက စက်ခေါင်းနောက်က ကပ်လျက်အတွဲဆိုတော့ မမြဝေလှမ်းကြည့်တော့ တွေ့လိုက်ပါရဲ့..။ ရှပ်အကျီင်္လက်တိုအဖြူလေးမှာ သွေးကွက်တွေ နဲ့ နီရဲလို့...။ သူ့ခမျာ ခေါင်းတော့ မရှိရှာတော့ဘူး။ မူစလင်တွေ လည်လှီးထားသလို တိတိရိရိလေးကို ပြတ်နေရှာတာ။ ကချင်လုံချည်ကွက်လေးနဲ့ ခြေကားယားလက်ကားယားလေး။ မှတ်မှတ်ရရ လက်ပတ်နာရီလေးက ညာဘက်မှာပတ်ထားသေး ..။သြော်.... အိမ်ထောင်သည်သာဆိုရင် သူ့မိသားစု သူ့အိမ်အပြန်ကိုစောင့်နေရင်းနဲ့ ခုလိုဖြစ်တာသာသိရင်လို့ တွေးရင်းမမြဝေ စိတ်ထဲတောင် မကောင်းပါဘူး။ အင်းလေ.... "ဘယ်ဘဝက ပါလာတဲ့ အကုသိုလ်ကံ အကျိုးပေးလာလို့ ဘူတာမှာ မဆင်းပဲ ဒီငနဲကလည်း ရထားမရပ်ခင် ခုန်ဆင်းရတယ်မသိပါဘူး။ မူးနေလို့ ဖြစ်ရင်လည်းဖြစ်မှာပါလေ။ မိသားစုကို ဒုက္ခပေးတတ်တဲ့ အရက်သမားဆိုလည်း သူ့မိသားစု ဝဋ်တခုကျွတ်သွားတယ်" လို့ပဲ မမြဝေလည်း စိတ်ထဲမှတ်ပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရတယ်။
အိမ်ရောက်တဲ့အထိ အဲ့ဒီမြင်ကွင်းက မမြဝေ မျက်စိထဲက မထွက်တော့တာ။ ကိုဖြိုးဝေပြန်လာတော့တောင် ကိုဖြိုးဝေကို သတိပေးမိသား။
" ရှင်..ရထားစီးရင် နန့်ကြောထပြီး ရထားမရပ်ခင် ခုန်ဆင်းခုန်တက် မလုပ်နဲ့နော်.. ကိုဖြိုးဝေ.. ရှင်သေတာ အရေးမကြီးပေမယ့် ကျွန်မ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖတဆိုး အဖြစ်မခံနိုင်ဘူး ..."
လို့တောင် အမှာတော်ရှိလိုက်သေးတယ်။ နောက်တရက် တနင်္ဂနွေကျတော့ ရုံးပိတ်ရက် ကိုဖြိုးဝေ ဈေးရောင်းမထွက်လို့ မမြဝေလည်း မနက်ပိုင်းစောစော မထရသေးဘူး။ နောက်နေ့ရုံးဖွင့်ရက် မနက်လည်း ကျရော.....စတွေ့ပါလေရော...အဲ့ဒီမှာ.....။
မနက်(၅)နာရီ ခါတိုင်းပုံမှန်ထနေကျအတိုင်းထပြီး မမြဝေ မီးဖိုချောင်ဘက်ထွက်လာ....မျက်နှာသစ်၊ အိမ်သာဝင်၊ မီးမွှေးပြီး သံဈေးက ဝယ်လာတဲ့ ဝက်သားတွေ ဆေးနဲ့ စိမ်ပြီး နူးနေအောင် ပြုတ်ဖို့ပြင်နေတုန်း ဘာရယ်မဟုတ်ဘူး...ပါးစပ်ထဲဝါးနေတဲ့ ကွမ်းယာကို ပျစ်ကနဲ ထွေးရင်းနဲ့ နောက်ဖေးသံလမ်းဘက်ကို မျက်စိက အရောက်...........သောက်ကျိုးနည်းကြပါလေရောလား....
စနေနေ့က တွေ့လိုက်ရတဲ့ အကျီင်္အဖြူနဲ့လူ......သူမှသူအစစ်ပါ...ခေါင်းမပါတဲ့လူကိုယ်လုံးကြီး မီးရောင်အောက်မှာ သံလမ်းပေါ်ကနေ ဘူတာကြီးဘက်လျှောက်သွားတာ.....လူလည်းမှားစရာမရှိပါဘူး......ဒီလောက်မီးရောင်တွေ လင်းထိန်နေတာ အရိပ်ကျလို့ ခေါင်းမမြင်ရတာများလားလို့ မမြဝေ အကြောက်အလန့်မရှိ မျက်စိကိုတောင် သေချာပွတ်ကြည့်လိုက်သေး...။ မျက်စိလည်း မမှား..လူလည်း မှားတာမဟုတ်ဘူးမှန်းလည်း သိရော.......ထလာလိုက်တဲ့ ကျက်သီးတွေ......ဒါလည်း ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေတာ...တည်ထားတဲ့ ဝက်သားအိုးပွက်ပွက်ဆူပြီး အိုးဖုံးပြုတ်ကျတော့မှ ဂလွမ်ခနဲ မြည်သံနဲ့ ခြေထောက်မှာ ပူကနဲ ဖြစ်ပြီး သတိပြန်ဝင်လာတော့တယ်။ မနက်စောစောစီးစီး ခလေးတွေ လန့်မှာလည်း စိုးတော့ လင်တော်မောင် ကိုဖြိုးဝေကိုလည်း မပြောရဲ...။ ပြောပြန်ရင်လည်း အဲ့ဒါတွေ အယုံအကြည်မရှိတဲ့ ကိုဖြိုးဝေက ပူညံပူညံလုပ်မှာလည်း စိုးရသေးတယ်။ဒါနဲ့ မမြဝေလည်း လင်တော်မောင် အလုပ်သွားကာနီးမှာ နေမကောင်းဖြစ်ချင်နေတယ် အကြောင်းပြပြီး စောစောဆိုင်သိမ်းပြန်လာဖို့ မှာလိုက်ပါလေရော...။ ညနေ ယောက်ျားဖြစ်သူ အိမ်ပြန်ရောက်တော့ ချော့မော့ပြီး မနက်ကို ဝက်သားအိုးထတည်ဖို့ မှာလိုက်ပြီး အိပ်ယာဝင်လိုက်ရော...။
နောက်နေ့ညနေ ထမင်းစားချိန်ကျတော့ ကိုဖြိုးဝေ ဘာပြောတယ်မှတ်တုန်း...။
" မြဝေ...!!! ညကျရင် ခလေးတွေကို အိမ်သာ တက်ချင်ရင် နောက်ဖေးဘက်သွားမတက်စေနဲ့ ...."
တဲ့။ မသိချင်ယောင်ဆောင်ပြီး အတင်းမေးတော့မှ သင်းလည်း သံလမ်းပေါ်မှာ မော်ဒယ်လျှောက်နေတဲ့ ကိုကိုခေါင်းပြတ်ကို တွေ့ရပါသတဲ့.....။
by သရဲအကြောင်းပြောကြမယ်
0 comments:
Post a Comment