ဇူလိုင်လထုတ် စံပယ်ဖြူမဂ္ဂဇင်းမှာ
နေဘုန်းလတ်ဆိုတဲ့နာမည်နဲ့မဟုတ်ပဲ အခြားနာမည်တစ်ခုနဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့
ဆောင်းပါးလေး တစ်ပုဒ်ပါ။ သံလွင်အိပ်မက်မှာလဲ ဖော်ပြခဲ့ဖူးပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့ သံဃာ့အဖွဲ့အစည်း ကို အကောင်းဆုံး
ခေါင်းဆောင်မှုပေးခဲ့ပုံတွေကို လူငယ်တစ်ယောက်ရဲ့အတွေးနဲ့
ရိုးရိုးလေးရေးခဲ့တာပါ။ ဒီဆောင်းပါးလေးကို ရေးဖြစ်စေခဲ့တဲ့ အကြောင်းအရင်းက
ဒီလိုပါ …။ ကျွန်တော်စင်ကာပူမှာရှိနေတုန်း ကျွန်တော်၊ ဇင်ကိုလတ်၊
ကိုငယ်တို့နေကြတဲ့ အိမ်ကို သံလွင်အိပ်မက်အတွက်ဆိုပြီး
စာအိတ်တစ်အိတ်ရောက်လာပါတယ်။ စာမူပို့တာပါ။ အဲဒီံစာအိတ်ထဲမှာက
သံလွင်အိပ်မက်အနေနဲ့ ဗုဒ္ဓဘာသာတွေဖြစ်တာကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး
ထည့်သင့်တဲ့အကြောင်း တွေကို နိဒါန်းပျိုးထားပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့
စာမူနှစ်ပုဒ်ကိုပို့ထားပါတယ်။ အဆင်ပြေရင် သုံးမယ်လို့စဉ်းစားပေမယ့်
ကျွန်တော်တို့တွေမကြိုက်တာကြောင့် ၊ နောက်ပြီး သံလွင်အိပ်မက်ရဲ့
လမ်းကြောင်းနဲ့ နဲနဲသွေဖယ်နေတာကြောင့် မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်
သံလွင်အိပ်မက်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့အကြောင်းကိုထည့်သင့်တယ်ဆိုတဲ့
သူတို့ရဲ့ဆန္ဒကိုလေးစားသောအားဖြင့် ဘာသာရေးဆိုင်ရာ စာမူတစ်ပုဒ်
ထည့်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ့အချိန်မှာ
ကျွန်တော်ကလည်း ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကို
ဖတ်နေတဲ့အချိန်နဲ့တိုက်ဆိုင် နေတာကြောင့် အားလုံးက `မင်းရေးလိုက်ကွာ´
ဆိုပြီး ၀ိုင်းပြောကြတာနဲ့ … ရေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
အမှန်အတိုင်းပြောရရင် သံလွင်အိပ်မက်ဟာ လူငယ်တွေအတွက် အဓိက
ရည်ရွယ်ခဲ့တာကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကိုပဲ
ဦးတည်ပြီးရေးမယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီး ဒီဆောင်းပါးလေးကို
အဲဒီလိုပုံစံလေးအတိုင်းရေးဖြစ်ခဲ့ပါတယ်။ လူငယ်တစ်ယောက်က ရေးထားတဲ့
ဘာသာရေးနဲ့ပတ်သက်တဲ့စာ ဖြစ်တာကြောင့် အမှားအယွင်းတစုံတရာရှိခဲ့ရင်
ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ကြောင်းနဲ့ …
ကျွန်တော်ရေးခဲ့တဲ့စကားလုံးတိုင်း အတွက် ကျွန်တော်လုံးဝ တာဝန်ယူ ပါကြောင်း
...။
ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)
ကျွန်တော်
စာစဖတ်စအရွယ်မှာ အိမ်အနီးအနားပတ်ဝန်းကျင်ကစာအုပ်အငှားဆိုင်လေးတွေနဲ့
ကျွန့်တော့်အဖိုးရဲ့ စာအုပ်စင်ကြီးဟာ ကျွန်တော့်အတွက်
အဖိုးမဖြတ်နိုင်တဲ့စာပေဗိမာန်ကြီး တွေလိုဖြစ်ခဲ့ပါတယ်။
စာအုပ်အငှားဆိုင်လေးတွေ ကတော့ ကာတွန်းတွေ၊ ပုံပြင်လေးတွေ နဲ့
စာတိုပေစလေးတွေကိုဖတ်ရပြီး၊ အဖိုးရဲ့စာအုပ်စင်ကြီးကနေတော့ ဗုဒ္ဓစာပေတွေကို
အဓိကဖတ်ခဲ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ် မြင့်မားလှတဲ့
ဗုဒ္ဓဒဿနတွေကိုဖတ်ပြီး မဖြစ်စလောက်ဦးနှောက်နဲ့ ဝေဖန်ရေးတွေလုပ်မိလို့လည်း
အဖိုးဆူတာကို ခဏခဏခံခဲ့ရဖူးပါတယ်။ အဲဒီလို အဖိုးနဲ့
အဖိုးရဲ့စာအုပ်စင်ကြီးတို့ ကျေးဇူးကြောင့်ပဲ ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို
မိရိုးဖလာ ယုံကြည်ကိုးကွယ်တယ်ဆိုတဲ့ အဆင့်ထက် ကျော်ပြီး
နားလည်သဘောပေါက်ခွင့်ရခဲ့ပြီး တရားတော်တွေရဲ့ လမ်းပြသွန်သင်မှုကို
အတိုင်းအတာတစ်ခုအထိ ခံယူနိုင်ခဲ့ပါတယ်။ လူငယ်တစ်ယောက်ပီပီ လောကုတ္တရာ
ဘက်ကိုဦးစားပေးတဲ့ ၀ိပဿနာလိုင်းကို သိပ်မလိုက်စား မိပေမယ့်၊ လောကီလူ့ဘ၀မှာ
တရားတော်နဲ့အညီ ဘယ်လို ကျင့်ကြံပြုမူ ပြောဆိုနေထိုင်သင့်တယ်ဆိုတာတွေကို
အဓိကလေ့လာဖြစ်ခဲ့ပါတယ်။ နောက်ပြီး တပည့်သံဃာတော်ပေါင်း အထောင်
အသောင်းအသိန်းရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့
တည်ထောင်ဖွဲ့စည်းပြီး အဓွန့်ရှည်အောင် ထိန်းသိမ်းအုပ်ချုပ်
ဦးဆောင်နိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို အနှိုင်းမဲ့
စံပြခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မြင်လာခဲ့ရာကနေ ဂေါတမဗုဒ္ဓရဲ့ သံဃာ
အဖွဲ့အစည်းကြီးကို ဘယ်လိုဘယ်ပုံ စီမံအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသာ
ကျွန်တော်တို့တွေ စံနမူနာယူနိုင်ခဲ့မယ်ဆိုရင် လောကလူ့အဖွဲ့အစည်းကြီး
ကိုလည်း အောင်မြင်ပြည့်ဝတဲ့ခေါင်းဆောင်မှုတွေ ပေးနိုင်မှာသေချာတယ်လို့လဲ
တွေးမိခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားစဖြစ်တဲ့ အချိန်ကစပြီး
ပရိနိဗ္ဗာန်စံတော်မူတဲ့အချိန်အထိ ၀ါတော်၄၅၀ါပတ်လုံးမှာ ဗုဒ္ဓသာသနာတော်
ပြန့်ပွားစည်ပင်ရေးအတွက် သံဃာတော် အမြောက်အများပါဝင်တဲ့
သံဃာအဖွဲ့အစည်းကြီးကို ဘယ်ပုံဘယ်နည်းနဲ့ စီမံခန့်ခွဲတော်မူခဲ့တယ် ဆိုတာကို
ကျွန်တော်တို့လေ့လာသုံးသပ်ရင်း လောကီ့လူ့အဖွဲ့အစည်းအတွက် တစ်စုံတစ်ရာသော
အကျိုးကျေးဇူးတွေကို ထုတ်ယူကြည့်ကြ ရအောင်ပါ။
ဗုဒ္ဓမြတ်စွာဘုရားဟာ
သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့ဆိုရမယ့်
ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့အတွက်
မိဂဒါဝုန်တောကိုကြွလှမ်းတော်မူခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓက ...
``ရဟန်းတို့
... ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုကို
ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့ နားစိုက်၍ထားကြလော့။
ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော `အမတေ´ တရားကို ငါဆုံးမမည်။
ငါတရားဟောမည်။´´
လို့အမိန့်ရှိပြီး ပဉ္စ၀ဂ္ဂီငါးပါးကို
တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါကို သူတို့ကသံသယတွေနဲ့
ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။
အဲဒါကိုလည်းငြင်းဆန်မြဲငြင်းဆန် နေကြတာကြောင့် တတိယအကြိမ်မှာတော့ ဗုဒ္ဓက ...
``ရဟန်းတို့
ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား။
သင်တို့ သတိများ ထားခဲ့မိကြပါ သလား။´´ လို့မိန့်တော်မူမှ
ပဉ္စ၀ဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို
နာကြားခဲ့ကြပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့
ဘာကိုသွားတွေ့ရသလဲဆိုရင် မုသားမပြောသူ တစ်ဦးရဲ့ နှုတ်ထွက်စကားဟာ
သစ္စာအဖြစ်တည်တယ်ဆိုတဲ့ အချက်ပါ။ နောက်တစ်ခုက ယုံကြည်မှုတစ်ခုကနေ ဖြစ်လာတဲ့
ကြည်ညိုသဒ္ဓါစိတ်ပါ။ ပဉ္စ၀ဂ္ဂီရဟန်းတို့ဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာ
အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို နာယူဖို့လက်ခံခဲ့
ကြခြင်းဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာတင်ထိုက်တယ်၊ ခေါင်းဆောင်
တင်ထိုက်တယ်ဆိုတဲ့ စိတ်တစ်ခုဖြစ်လာလို့ပါ ...။ အဲဒီ့စိတ်ဟာ အရမ်းကို
အရေးကြီးပါတယ်။ အဲဒီစိတ်ဟာ ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်ဖို့အတွက်
တရားတော်တွေကို လက်ဆင့်ကမ်းဆောင်ယူ ဟောကြားပေးကြမယ့်
သံဃာအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ သန္ဓေတည်ရာ ရေသောက်မြစ်လို့တောင်
ပြောလို့ရပါတယ်။ လောကလူ့အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း
ကိုယ့်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်မယ့် နောက်လိုက်နောက်ပါ
အားလုံးရဲ့စိတ်ထဲမှာ ဒီလူဟာ ငါတို့ရဲ့ခေါင်းဆောင် ဖြစ်ထိုက်တယ်ဆိုတဲ့
ယုံကြည်စိတ်ချမှုတစ်ခုရှိနေအောင် စွမ်းဆောင်နိုင်ရပါလိမ့်မယ်။ နောက်ပြီး
ဗုဒ္ဓမြတ်စွာဘုရားဟာ ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ဓမ္မစကြာတရား ဟောကြားတဲ့နေရာမှာ
ရဟန်းတို့က ဗုဒ္ဓဟောသမျှကို ဇွတ်မှိတ်ယုံကြည် လိုက်ကြတာမျိုး မဟုတ်ဘဲ
အပြန်ပြန်အလှန်လှန် ဝေဖန်ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။ အဲဒါကြောင့်လဲ
အရွယ်ပမာဏအားဖြင့် အလတ်စားလောက်သာရှိတဲ့ ဓမ္မစကြာတရားတော်ကို
ငါးရက်တိုင်တိုင် ဘုရားရှင်ဟောကြား တော်မူခဲ့ရခြင်း ဖြစ်ပါတယ်။
ဒါကိုနမူနာယူမယ်ဆိုရင် သုံးလောကထွတ်ထား မြတ်စွာဘုရားသခင်တောင် သစ္စာလေးပါး
တရားတော်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေး သုံးသပ်ခွင့်ပေးခဲ့တာကို
ထောက်ရှုပြီး အမှားမကင်းနိုင်တဲ့ ပုထုဇဉ်လူသား ခေါင်းဆောင်တွေအနေနဲ့
ပြန်လည်ဝေဖန် ဆွေးနွေးခွင့်မပေးတဲ့ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ မူကို
ဘယ်လိုမှမကျင့်သုံး ထိုက်ဘူးဆိုတာ သတိပြုသင့်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ
သာသနာပြုရဟန္တာပုဂ္ဂိုလ် အတော်အသင့်ရှိလာပြီးတဲ့နောက်မှာ အဆိုပါ
အရှင်မြတ်တွေကို ရွာကြီး၊ ရွာငယ်၊ မြို့နယ်မရွေးဘဲ အရပ်ရပ်သောဌာနတွေဆီ
ဒေသစာရီကြွချီတော်မူစေခဲ့ပြီး သာသနာ့အသိ၊ သာသနာ့အမြင်၊
သာသနာ့ယဉ်ကျေးမှုတွေကို ဖြန့်ဝေစေခဲ့ပါတယ်။ အဲဒီ ဒေသစာရီကြွချီရာ အရပ်တွေက
ရဟန်းပြုလိုသူ ရှင်လောင်း၊ ရဟန်းလောင်းများကို အဆိုပါအရှင်သူမြတ်တွေက
ဗုဒ္ဓမြတ်စွာ ဘုရားထံပါးကို ရဟန်းအဖြစ်ခံယူနိုင်ဖို့ ခေါ်ဆောင် လာကြရပါတယ်။
အဲဒီစနစ်ဟာ နောက်ပိုင်းတွေမှာ အချိန်ကြန့်ကြာမှုနဲ့
အဆင်မပြေမှုတွေရှိလာတာကြောင့် ဗုဒ္ဓဟာ ...
``ရဟန်းတို့
... ယခုအခါမှစ၍ ထိုထိုသောအရပ်မျက်နှာ၊ ထိုထိုသောမြို့ရွာဇနပုဒ်တို့၌
သင်တို့ ဘာသာ ရှင်ပြုပေးကြရန်၊ ရဟန်းပြုပေးကြရန် ငါဘုရားခွင့်ပြုတော်မူ၏။
´´
ဟု မိန့်တော်မူပြီး ရဟန်းပြုပေးပိုင်ခွင့်အာဏာတော်ကို သာဝကတွေထံ ခွဲဝေပေးခဲ့ပါတယ်။
ဒါဟာလည်း
... အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့
အချက်တစ်ခုပါပဲ။ ရှိသမျှလုပ်ပိုင်ခွင့် အာဏာတွေအားလုံးကို
ခေါင်းဆောင်လုပ်သူကသာ ချုပ်ကိုင်ထားမယ်ဆိုရင် အခြားမလိုလားအပ်တဲ့
ပြဿနာတွေပေါ်ပေါက်လာနိုင်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။
လွှဲပေးလို့ရတဲ့၊ ခွဲဝေပေးလို့ရနိုင်မယ့် ကိစ္စတွေကို ယုံကြည်စိတ်ချရသူတွေဆီ
လွှဲပြောင်းခွဲဝေ ပေးထားနိုင်မှလည်း အဖွဲ့အစည်းရဲ့ ပြုဖွယ်ကိစ္စအရပ်ရပ်ဟာ
လစ်ဟာမှုတွေမရှိပဲ အဆင်ပြေချောမွေ့နိုင်မှာပါ။ ဒါပေမယ့် တာဝန်တစ်ရပ်
လွှဲပေးဖို့အတွက် ဒီလူဟာ ဒီတာဝန်နဲ့
ထိုက်တန်တဲ့အရည်အချင်းတွေရှိရဲ့လားဆိုတာကို မစဉ်းစားဘဲ အခြားသောပုဂ္ဂိုလ်ရေး
ခင်မင်မှုတွေနဲ့ လူမှုရေးတွေကို စဉ်းစားတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့လက်ဝဲတော်ရံ
အဂ္ဂသာဝကဟာ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင်သာရိပုတ္တရာဖြစ်ပြီး၊
လက်ယာတော်ရံကတော့ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလန်ဖြစ်ပါတယ်။
မြတ်စွာဘုရားရဲ့ အဆိုပါအဂ္ဂသာဝကနှစ်ပါးဟာ အခြားသောရာနဲ့ချီတဲ့
ရဟန်းတွေရဲ့နောက်မှ သာသနာ့ဘောင်ကို ၀င်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို
နောက်မှရောက်လာပေမယ့် နောင်မှာ အဆိုပါအဂ္ဂသာဝကကြီး နှစ်ဦးဖြစ်လာမယ့်
မင်းသားနှစ်ပါး အဝေးမှလာသည်ကို မြင်ကတည်းက ဗုဒ္ဓဟာ ...
``ရဟန်းတို့ ... ရှုကြလော့။ ဥပတိဿ၊ ကောလိတတို့ သူငယ်ချင်းနှစ်ယောက်လာခဲ့ကြပြီ။ သူတို့နှစ်ယောက်သည် ငါ၏ သာဝကအစုံ ဖြစ်လာလတ္တံတည်း။ ´´
ဟုမိန့်ပြီး နောက်ပိုင်းမှာ ထိုရဟန်းနှစ်ပါးကို လက်ဝဲရံ၊ လက်ယာရံအဂ္ဂသာဝကနှစ်ပါးအဖြစ် ထားရှိခဲ့ပါတယ်။
အရည်အချင်းရှိသူကို
အရည်အချင်းရှိသလို နေရာပေးတဲ့သဘောကိုတွေ့ရပါတယ်။ ဒါဟာလည်း အဖွဲ့အစည်းတစ်ခု
ရေရှည်တည်တံ့ နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ
အမှန်တကယ် အရည်အချင်းရှိတဲ့ သူတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့
စွမ်းဆောင်နိုင်မှုတွေကို လျှစ်လျှူရှုထားမယ်ဆိုရင် အဲဒီ့အဖွဲ့အစည်းရဲ့
ရေရှည်အကျိုးစီးပွားဟာ ကောင်းလာနိုင်စရာမရှိပါဘူး။ ကမ္ဘာနိုင်ငံ အရပ်ရပ်က
အောင်မြင်တဲ့ခေါင်းဆောင်တိုင်းကို လေ့လာကြည့်မယ်ဆိုရင် အသီးသီးသော ကဏ္ဍတွေမှာ
အကောင်းဆုံး စွမ်းဆောင်နိုင်မယ့် အသင့်တော်ဆုံးသောသူတွေကို
ရွေးချယ်ခန့်ထားနိုင်ကြတာ တွေ့ရပါတယ်။ သူ့နေရာနဲ့သူ အသုံးဝင်မယ့်
အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေရာပေး နိုင်ခြင်းရှိ မရှိဆိုတဲ့အချက်ဟာ
အဖွဲ့အစည်းတစ်ခု ရဲ့ကံကြမ္မာကို အများကြီး အကျိုးသက်ရောက် စေပါတယ်။
ဗုဒ္ဓဘုရားရှင်ဟာ
သံဃာအဖွဲ့အစည်းကြီးအဓွန့်ရှည်တည်တံ့ပြီး သာသနာတော်ပြန့်ပွားရေးကို
စဉ်ဆက်မပျက် ဆောင်ရွက်နိုင်ဖို့ အတွက် ၀ိနည်းပညတ်ချက်တွေကို
အလျဉ်းသင့်ရင်သင့်သလို ထုတ်ပြန်ချမှတ်တော်မူခဲ့ပါတယ်။ ဒါပေမယ့်
ဗုဒ္ဓမြတ်စွာဘုရားဟာ ထုတ်ပြန်ချမှတ်ထားခဲ့တဲ့ အချို့သော ပညတ်ချက်တွေကို
ကာလဒေသအခြေအနေနှင့် လိုက်ပြီး လျော့လွန်းသည်များကို တင်းပေးပြီး၊
တင်းလွန်းနေသည်များကို လျော့ပေါ့ခွင့်ပေးတော်မူခဲ့တာတွေ ရှိပါတယ်။ ဒါဟာလည်း
သံဃာအဖွဲ့အစည်း ကြီးရဲ့ ရေရှည်အကျိုးကို
ချင့်ချိန်မျှော်တွေးပြီးလုပ်ခဲ့တာတွေပါ။ ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်
ဗုဒ္ဓဘုရားရှင်ဟာ ရဟန်းတို့အနေနဲ့ ဆယ်ဝါတိုင်တိုင် မိမိရဲ့ဥပဇ္ဈယ်ဆရာများထံ
နိဿယည်းယူကြ၍ ဆယ်ဝါပြည့်ပြီးမှ မိမိက နိဿယည်းပြန်ပေးရန်
ပညတ်တော်မူခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဟန်းတွေဟာ အဆိုပါသိက္ခာပုဒ်ကို
ပျက်မှာစိုးတဲ့အတွက် ဘုရားရှင်ဒေသစာရီ လှည့်လည်တဲ့အခါတွေမှာ
လိုက်ပါဖို့ကိုငြင်းဆန်ကြပါတယ်။ အဲဒီအခါမှာ ...ဗုဒ္ဓက ...
``
ရဟန်းတို့ တတ်သိနားလည်သောရဟန်းသည် ငါးဝါမျှသာ နိဿယည်းယူ၍နေရမည်။
တတ်သိနားလည်သူ မဟုတ်လျှင်ကား ရာသက်ပန် နိဿယည်းယူ၍ နေရမည်။ ´´
ဟုမိန့်တော်မူပြီး သိက္ခာပုဒ်ကို ပြင်ဆင်တော်မူခဲ့ပါတယ်။
ဒါဟာ
လူအဖွဲ့အစည်းထဲက လူသားခေါင်းဆောင်တွေနေနဲ့ အင်မတန်ကို နမူနာယူစရာကောင်းတဲ့
အချက်တစ်ချက်ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းတည်ထောင်ပြီး
အုပ်ချုပ်တဲ့နေရာမှာ အခိုင်အမာ ဆုပ်ကိုင်ကျင့်သုံးနေရမယ့်
မူဝါဒတွေရှိရမယ်ဆိုတာမှန်ပေမယ့် အခြားလိုက်နာအပ်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊
ကျင့်ဝတ်တွေနဲ့ အခါအားလျှော်စွာ ချမှတ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေကိုတော့
ကာလဒေသနဲ့အညီ လိုအပ်ရင်လိုအပ်သလို အလျှော့အတင်း လုပ်ပေးနိုင်ဖို့လိုပါတယ်။
ဖြစ်နေတဲ့အခြေအနေနဲ့ အချိန်အခါတွေကို အကောင်းဆုံး သုံးသပ်ပြီး
လုပ်သင့်တာတစ်ခုကို ရဲရဲဝံ့ဝံ့လုပ်လိုက်ရတော့မယ့်အခါမှာ စည်းတွေ၊ ဘောင်တွေက
ကိုယ့်ကိုပြန်လည်ချုပ်နှောင် နေတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။
အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ စိတ်နှလုံးက သန့်စင်မှုရှိ မရှိ
ဆိုတဲ့အချက်က အဓိကကျသွားပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထက်ပါဖြစ်ရပ်ကို
လေ့လာကြည့်မယ်ဆိုရင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ဖို့အတွက်
မိမိကိုယ်တိုင်ချမှတ်ခဲ့တဲ့ ပညတ်ချက်တွေကိုတောင် မငဲ့ကွက်ပဲ
အမြဲမပျက်ပြင်ဆင်ဖြည့်စွက်နေတယ်ဆိုတဲ့ အချက်က ထင်ရှားပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်တွေအနေနဲ့ အခြေအနေအရပ်ရပ်ကို စနစ်တကျ
ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မိမိရဲ့စိတ်ထဲက အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊
ငါစွဲ၊ အတ္တစွဲတွေကို ဖယ်ထားနိုင်ဖို့နဲ့ မိမိရဲ့စိတ်ကို ဒီလူ့အဖွဲ့အစည်းရဲ့
တိုးတက်အောင်မြင်မှု တစ်ခုတည်းကိုပဲ ရှေးရှုထားနိုင်ဖို့ ကြိုးစားကြရ
ပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက သူက ငါ့အမျိုးမို့လို့၊
သူကငါ့အပေါ်ကျေးဇူးရှိလို့၊ သူကငါနဲ့ရင်းနှီးလို့ စတဲ့
လူမှုရေးဆိုင်ရာခင်မင်မှုတွေအတွက် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေတွေကို
လိုသလို အတင်းအလျှော့ လုပ်နေတာမျိုးဖြစ်မနေဖို့ပါ။
ဗုဒ္ဓမြတ်စွာဘုရား ဘုရားဖြစ်ပြီး ၉၀ါမြောက်အချိန်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်က
`` ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား၊ ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား။´´
ဟု
နှစ်ကြိမ်တိုင်တိုင်ရေရွတ်တော်မူခဲ့ရတဲ့ အရေးကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။
သုတ္တန်ဆောင်ပုဂ္ဂိုလ်ရဟန်းတစ်ပါး ကုဋီတက်ရာမှာ ရေဆေးခွက်ထဲကရေကို
ကုန်အောင်မသုံးမိပဲ ရေကျန်ထားခဲ့တာကို ၀ိနည်းဆောင်ပုဂ္ဂိုလ်ရဟန်းက အာပတ်သင့်
တယ်လို့အဆိုပြုရာကနေ စခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် သူမှားတယ်၊
ငါမှန်တယ် ဝေဖန်ပြောဆိုကြရင်း ရဟန်းပရိသတ်အသီးသီး စုဆောင်းကြရာကနေ
ဝစီကံမြောက်၊ ကာယကံမြောက် ခိုက်ရန်ဒေါသဖြစ်ကြတဲ့ အဆင့်အထိကို
ရောက်ခဲ့ကြပါတယ်။ နောက်ဆုံး ဒေါသမာနတွေ ဖုံးလွှမ်းနေကြတဲ့ သံဃာတွေကို
စကားအရာနဲ့ ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရတော့တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ
ဘယ်သူ့ကိုမှ အသိမပေးဘဲ သင်္ကန်းပရိက္ခရာ အစုံအလင်နဲ့ တစ်ပါးတည်း
ထွက်ခွာတော်မူသွားခဲ့ပါတယ်။ အဲဒီလို ဘုရားရှင်ကို
ထွက်ခွာသွားအောင်ပြုခဲ့ကြတဲ့ ရဟန်းတွေကို တကာ၊ တကာမတွေက
ခရီးဦးကြိုမှုမပြုတော့ခြင်း၊ ရိုသေလေးမြတ်မှုမပြုတော့ခြင်း၊
ဆွမ်းလောင်းလှူမှုမပြုတော့ခြင်း စတဲ့အပြုအမူတွေနဲ့ ပြန်လည် ဒဏ်ခတ်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ ရဟန်းတွေလည်း သတိသံဝေဂ ရသွားကြပြီး ဘုရားရှင်ကို
ပြန်လည်ပင့်ဆောင် ပေးဖို့ အရှင်အာနန္ဒာ ကို
လျှောက်ထားတောင်းပန်ကြရပါတော့တယ်။ အဲဒီမှာ အရှင်အာနန္ဒာလဲ
ဘုရားရှင်ကိုပြန်လည် ပင့်ဆောင်ဖို့အတွက် အဖော်ရဟန်းတွေနဲ့ အတူ ပါလိလေယျက
တောအုပ်ကို ထွက်ခွာလာခဲ့ပါတယ်။ ပါလိလေယျတောအုပ်မှာ မြတ်စွာဘုရားက
အရှင်အာနန္ဒာနဲ့ အဖော်ရဟန်းတွေကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။
``ရဟန်းတို့
... အဖော်မမှီး တစ်ကိုယ်တည်းနေခြင်းသည်မြတ်၏။ လူမိုက်အပေါင်း
ထောင်သောင်းမကရှိသော်လည်း ပေါင်းသင်း ထိုက်သူတစ်ယောက်မျှမရှိပေ။
နက်လှစွာသော တောကြီးအလယ်၌ စွယ်စုံဆင်ပြောင်ကြီးသည်
စိတ်လွတ်ကိုယ်လွတ်ကျက်စားနေဘိသကဲ့သို့ အဖော်မမှီး တစ်ပါးတည်းနေရာ၏။
မပြုထိုက်သော ဒုစရိုက်အမှုများကိုလည်း မိမိစိတ်ကို ပြုချင်လာအောင်
သွေးဆောင်နှိုးဆော်မှု မပြုသော အားဖြင့် ရှောင်ကြဉ်ရာ၏။ ´´
လောကလူ့အဖွဲ့အစည်းမှာလည်း
တခါတခါ အဲဒီလိုအဖြစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့
ကိုယ့်ရဲ့အဖွဲ့အစည်း အ၀န်းအ၀ိုင်းအတွင်းမှာ လူဆိုးလူမိုက်တွေ
ထောင်သောင်းမကရှိနေပြီး ပေါင်းသင်းထိုက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ
ကိုယ်ကလည်း ဘယ်လိုမှ နားချဖျောင်းဖြပေးလို့ မရနိုင်တော့တာသေချာရင်
အဲဒီ့အရပ်ကနေ အနှေးနဲ့ အမြန်စွန့်ခွာကျောခိုင်းဖို့ပဲ စဉ်းစားကြရမှာ
ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မကောင်းမှုတွေက သွေးဆောင်နှိုးဆော် လာခြင်း
မဖြစ်ရအောင် ဝေးဝေးကရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး မကောင်းမှုပြုသူ တွေကို
ဘယ်လိုမှပြောဆိုဆုံးမလို့ မရတော့တဲ့အခါ ဥပေက္ခာတရားနဲ့ လူ့အဖွဲ့အစည်းထဲကနေ
တညီတညွတ်တည်း ခဏတာဖယ်ထုတ်ထား လိုက်ခြင်းဟာ သူတို့ကိုပေးနိုင်တဲ့
အကောင်းဆုံးသင်ခန်းစာတစ်ခုပါပဲ။
နောက်ပိုင်းမှာ
အဆိုပါရဟန်းတွေက သူတို့ရဲ့အမှားကို ဆင်ခြင်သိမြင်ကြပြီး
ဝန်ချတောင်းပန်တဲ့အခါမှာ ဗုဒ္ဓက ကရုဏာတော်မပျက်ဘဲ ခွင့်လွှတ်တော်မူခဲ့ပါတယ်။
ဒီအချက်ဟာလည်း အဖွဲ့အစည်းတစ်ခုအတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါပဲ။
အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင်ခွင့်တွေဟာ
အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက်
မရှိမဖြစ်ကိုလိုအပ်ပါတယ်။ `မမှားသောရှေ့နေ၊ မသေသောဆေးသမား´ ဆိုတဲ့
စကားအတိုင်းပါပဲ ... မှားမိခြင်းဟာ ပြုပြင်လို့မရနိုင်တဲ့
အပြစ်အနာအဆာမဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာပြီး ပြင်ဆင်ဖို့စိတ်ကူး
မရှိတော့တာမျိုးကသာ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့
အနေအထားတစ်ခု ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ
၄၅၀ါပတ်လုံး သာသနာ့ရောင်စဉ်ကို အစဉ်ထွန်းလင်းစေမယ့်
သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့
ဖွဲ့စည်းအုပ်ချုပ်ပျိုးထောင်တော်မူနိုင်ခဲ့ပါတယ်။ မူဝါဒတွေ၊ ပညတ်ချက်တွေ၊
သိက္ခာပုဒ်တွေ၊ ပြုဖွယ်ဝတ္တရားတွေစတဲ့ အမျိုးမျိုးသော စည်းအကွပ်တွေနဲ့
သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စုစည်းကျစ်လျစ်နေအောင်
ခေါင်းဆောင်တော်မူနိုင်ခဲ့ပါတယ်။ သံဃာတော်တွေ အချင်းချင်းရဲ့ ဆက်ဆံရေးကို
တစ်လမ်းသွားစနစ်မဟုတ်ပဲ အကြီးနဲ့အငယ်၊ အထက်နဲ့အောက်
အပြန်အလှန်ကူညီရိုင်းပင်း ကြတဲ့ မိသားစုစိတ်ဓာတ်အသွင်ဖြစ်နေအောင်
သွန်သင်လမ်းပြ ဆုံးမတော်မူနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့
လောကီလူသားတွေအားလုံးလဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့
စံပြခေါင်းဆောင်မှုစွမ်းရည်တွေကို စံနမူနာ ယူကြပြီး
လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အကောင်းဆုံး ခေါင်းဆောင်မှုတွေ
ပေးနိုင်ကြပါစေလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်။










0 comments:
Post a Comment