ကျွန်တော်အခုပြောပြမှာကတော့ ဖုတ်ဝင်တဲ့ အကြောင်းပါ။
ကျွန်တော့်မိတ်ဆွေအန်တီတစ်ယောက်၏ ဖခင်ရဲ့ ကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားတဲ့
ဖုတ်အကြောင်းပါ။
ကျွန်တော်မိတ်ဆွေအန်တီက မိသားစုသုံးယောက်ရှိပါတယ် ။ သူ့ ယောက်ျားရယ်၊ သူရယ် ငါးတန်းအရွယ်သားတစ်ယောက်နဲ့ အတူနေထိုင်ကြပါတယ်၊ အန်တီ့အမျိုးသားကတော့ 
မလေးမှာအလုပ်သွားလုပ်နေပါတယ်။ အဲဒီလိုနဲ့ နယ်မှာနေတဲ့အန်တီ့ဖခင်ကြီး သူ့သားမက်ဖြစ်သူ
နိုင်ငံခြားသွားနေတုန်း သမီးဖြစ်သူမိသားစုကိုလည်း စောင့်ရှောက်ရင်း မိမိမှာခံစားနေရတဲ့
့သွေးတိုး၊ဆီးချိုရောဂါကို ရန်ကုန်မှာရှိတဲ့ ဆရာဝန်(အထူးကု)များနဲ့ ပြသဖို့ အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီစဉ်နဲ့ သမီးရှိရာရန်ကုန်မြို့တော်ကြီးဆီကို တက်လာခဲ့ ပါတယ်။ ရန်ကုန်ကိုရောက်တော့ ချစ်စရာကောင်းတဲ့ မြေးလေးနဲ့အတူ ရွှေတိဂုံဘုရားကြီးကိုလည်းဖူး၊
မြေးလေးသွားချင်တဲ့အားကစားကွင်းတွေလည်းလိုက်ပို့ နဲ့ အရမ်းကိုပျော်နေတာပေါ့ ဗျာ။
ဆေးခန်းကိုလည်းသွားပြီးဆေးစစ်ကြတယ်။ဆေးစစ်ချက်အဖြေကတော့ ဆီးချိုကသိပ်မတက်ပေမဲ့ သွေးကတော့တော်တော်တက်နေတဲ့အတွက် ဆရာဝန်ကသွေးကျဆေးတွေပေးလိုက်ပြီး သွေးတက်စေနိုင်မယ့် အစားတွေရှောင်ဖို့ သတိပေးလိုက်တယ်။
ဒီလိုနဲ့ အန်တီ့အဖေဟာ သမီးနဲ့ မြေးနှစ်ယောက်ထဲကိုစိတ်မချတာနဲ့ သားမက်ပြန်လာတဲ့အချိန်အထိ ရန်ကုန်မှာခဏနေမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တစ်ရက်တော့ ညနေ ညီအကိုမသိတသိအချိန်မှာ အဲဒီဘကြီးက အိမ်ရှေ့ မှာထိုင်ခုံနဲ့ ထိုင်နေရင်းမြေးလေးက သူ့သူငယ်ချင်းနဲ့ ကစားနေတာကိုကြည့်နေရင်းရုတ်တရက်လဲကျသွားတယ်။ အဲဒါကိုမြင်တဲ့ အိမ်ထဲကသမီးနဲ့ ကစားနေတဲ့ မြေးလေးတို့က အပြေးအလွှားရောက်လာပြီးတော့ ဘာဖြစ်တာလဲလို့ မေးလိုက်တယ်။ အဲဒီအခါဘကြီးကဘာမှမဖြစ်ဘူး၊ ကိစ္စမရှိဘူးလို့ ပြောပြီးအိမ်ထဲပြန်ဝင်သွားတယ်။
အဲအချိန်စပြီး အဲဒီဘကြီးဟာအရမ်းပြောင်းလဲသွားတယ်။ အိပ်ခန်းထဲကအပြင်
ကိုသိပ်မထွက်တော့ ဘူး။ စကားလဲသိပ်မပြောတော့ ဘူး။
အမြဲတမ်းဘုန်းကြီးဆွမ်းလောင်းနေတဲ့ ဘကြီး၊ မနက်တိုင်းတရားခွေဖွင့် နေတဲ့ သူဟာ
ဆွမ်းလည်းမလောင်းတော့သလို တရားခွေလည်း မဖွင့် တော့ ဘူး ။ သမီးဖြစ်သူကဘာလို့ ဆွမ်းမလောင်းတာလဲလို့ မေးရင် နေမကောင်းလို့ ခေါင်းမူးလို့ အကြောင်းပြတယ်။
သမီးက မနက်တရားခွေဖွင့် ပြန်ရင်လည်း ဒေါသထွက်ပြီး နားညီးတယ် အိပ်လို့ မရဘူးဆိုပြီးသောင်းကြမ်းပြန်ပါရော။
သူ့ သမီးကလည်း တစ်ခါမှသူ့အဖေအဲဒီလိုမဖြစ်ဖူးဘူးဆိုပြီး အရမ်းအံ့ သြနေတယ်။ဆေးခန်းပြဖို့ ပြောပြန်ရင်လည်း ငါနေကောင်းသွားပြီ။ ဘာမှမဖြစ်ဘူးလို့ပဲ ပြန်ပြောတယ်။ ထမင်းစားချိန်ရောက်ရင်လည်း အရင်တုန်းကဆိုရင် သမီးနဲ့ မြေးနဲ့ အတူစားနေကျ ဘကြီးက အခုအခန်းထဲမှာ တစ်ယောက်တည်းစားတယ်။နေ့လည်စာ သိပ်မစားဘူး။ ဟင်းသီးဟင်းရွက်ချက်ရင် ခံတွင်းပျက်နေတယ်ဆိုပြီးလုံးဝမစားဘူး ။အသားငါးဆိုရင် အများကြီးစားတယ်တဲ့။
့အရင်က အသားငါးသိပ်မစားတဲ့ သူဆိုတော့ သူ့ သမီးကလည်း အရမ်းထူးဆန်းနေတယ်။ အဖေဘာစားချင်လဲလို့ သမီးကဈေးသွားခါနီးမေးရင် အမဲသားကျွေးပါလိုပြောတယ်။ အဖေအမဲသားမစားဘူးမဟုတ်လားလို့ မေးရင် အဲဒါအရင်က။ အခုကျန်မာရေးမကောင်းလို့ အားရှိအောင်စားပီလို့ ပြောတယ်တဲ့။ ဘာလဲ နင်ကငါ့ ကိုမသထာလို့ လားလို့ မျက်ထောက်နီကြီးနဲ့ ပြန်မေးသေးသတဲ့။ သူ့ သမီးကလည်း အဖေစိတ်ချမ်းသာအောင် ချက်ကျွေးပါတယ်။ အမဲသားတို့၊ ကြက်သားတို့ ချက်ကျွေးတဲ့နေ့ဆိုရင်ပြုံးရွှင်နေတာပဲ။ အသီးအရွက်ချက်တဲ့နေ့ဆိုရင်တော့ ရန်လုပ်တယ်တဲ့ ဗျ။
အဲဒီလိုနဲ့ တစ်လခွဲလောက်ကြာလာတယ်လေ။ ထူးခြားတာကအနှိပ်သည်ကို သုံးရက်တခါနှစ်ရက်တခါလောက်ခေါ်ခိုင်းတတ်တယ်။ သူ့ မြေးလေကိုရော၊ တခြား သူ့ကို လူမမာလာမေးတဲ့ လူတွေကိုလည်း နှိပ်ခိုင်းတယ်။ နောက်ပြီးတော့ နောက်နေ့ မနက်ဆွမ်းလောင်းဖို့အသားဟင်းတွေချက်ထားရင် ပျောက်ပျောက်သွားတယ်။
မီးဖိုထဲမှာထားတဲ့ ငါးရံ့ ခြောက်တွေနဲ့ ဆတ်သားခြောက်တွေလည်း ပျောက်ကုန်တယ်တဲ့။
ပထမတော့ ကြောင်စားတယ်နေလိမ့်မယ်လို့ စွပ်စွဲတယ်တဲ့။ နောက်တော့ အန်တီလည်း သိပ်သင်္ကာမကင်းဖြစ်လာတယ်။
်
ဖုတ်ဝင်နေတဲ့ ဘကြီးရဲ့ အနေအထားက တဖြည်းဖြည်းပိုဆိုးလာတယ်။ ဘယ်လောက်ထိဆိုးလာလဲဆိုရင် အန်တီတို့ အိမ်ကပေ၂၀* ပေ၆၀ အိမ်ဆိုတော့ ဘေးအိမ်နဲ့ ကအရမ်းနီးတယ်လေ။ ခြံစည်းရိုးလည်းခတ်မထားတော့ ပုဏ္ဏရိတ်ပန်းပင်လေးတွေနဲ့ ခြံစည်းရိုးပုံလုပ်ထားတာဆိုတော့ အလွယ်တကူ တစ်အိမ်နဲ့ တစ်အိမ်ကူးလိုရတယ်။ ခေါင်းရင်းဘက်အိမ်မှာက ကြက်လေးငါးကောင်မွေးထားတယ်။ အဲဒီအိမ်ရဲ့ ကြက်အိပ်တန်းက အန်တီတို့ အိမ်အနောက်ဖေးဘက်ကနေ ကပ်လျက်ရှိနေတယ်။ ဘကြီးအမူအယာတွေပျက်လာပြီးလို့ တလကျော်ကြာတဲ့အခါ ကြက်တွေကပျောက်ပျောက်သွားတယ်။ အဲဒီအိမ်ကလူတွေကတော့ ကြောင်သုတ်သွားတယ်လို့ ထင်တာပေါ့။ အန်တီတို့ အိမ်မှာကလည်း မီးကောက်ဆိုတဲ့ ကြောင်ထီးကြီးတစ်ကောင်ရှိတယ်လေ။ နောက်ပီး အန်တီ့သားကလည်း အိမ်နောက်ဘက်မှာ ငါးတွေမွေးထားသေးတယ်လေ။ တစ်ရက်မှာ အန်တီက သူအဖေအိပ်ခန်းကိုဝင်ရှင်းပေးတော့ ကြက်မွှေးတွေနဲ့ သွေးအချို့ ကိုတွေ့ ရတယ်။ အဲဒါနဲ့ သူ့ အဖေကိုပြပီးမေးတော့ အဖိုးကြီးကကြောင်ချီလာတာဖြစ်မယ်လို့ ပြောတယ်တဲ့ ။
အန်တီလည်း သိပ်မသင်္ကာတာနဲ့ အရိပ်အခြေကြည့် နေလိုက်တယ်။
တနေ့ ညနေဘက် အဖိုးကြီးက အိမ်နောက်ဖေးဘက်ကိုသွားရင်း ငါးကန်ထဲကို လက်နိုက်နေပြီး
ရွှေငါးတစ်တောင်ကိုဖမ်းပြီးတော့ ပါးစပ်ထဲအထည့်မှာ သူ့ မြေးကမြင်တော့ အန်တီကိုလှမ်းခေါ်ပြတယ်။
အန်တီကလည်း အဖေဘာလုပ်တာလဲလို့ မေးရော.... အဖိုးကြီးက ငါးလေးတွေ
လှလို့ ကြည့် နေတာလို့ ပြန်ဖြေသတဲ့ ။ ခုနက ငါးတစ်ကောင်ပါးစပ် ထဲကို ထည့် လိုက်တယ်မဟုတ်လားလို့ မေးတော့ မသိသလိုနဲ့ နေပြီး ငါခေါင်းမူးလာလို့ အခန်းထဲပြန်ပို့ ဆိုပြီးထိုင်ချလိုက်တယ်။ အဲဒါနဲ့ အန်တီလည်းသူ့ အဖေကို အိပ်ခန်းထဲတွဲခေါ်ပြီးပြန်ပို့ ပေးလိုက်တယ်။
အန်တီလည်းဘာမှမလုပ်တတ်တာနဲ့ ရပ်ကွက်ထဲကလူတွေနဲ့ တိုင်ပင်ကြည့် တယ်။ မိတ်ဆွေတွေကတော့ တစ်ယောက်တမျိုးပြောကြတာပေါ့။ ဖုတ်ဝင်တာထင်တယ်လို့ အများဆုံးပြောကြတယ်။ အန်တီကတော့ သူ့ အဖေကိုအဲဒီလိုမထင်ရက်ဘူးလေ၊ အဲဒါနဲ့ မလေးမှာရှိတဲ့ ယောင်္ကျားဆီဖုန်းခေါ်ပြီးပြောတော့ 
သူ့ ယောင်္ကျားက အဲဒါတွေအယုံအကြည်မရှိတော့  အဖိုးကြီးတစ်ရက် အိမ်ရှေ့ မှာလဲကျတုန်းက ဦးခေါင်းကိုထိခိုက်သွားပီး ဦးဏှောက်ထိသွားတယ် ထင်တယ်။ ဆရာဝန်ပြကြည့် လို့ ပြောတယ်တဲ့ ဗျ။ ဆေးခန်းသွားဖို့ ခေါ်တဲ့အခါကျပြန်တော့လည်း အဖိုးကြီးက မလိုက်ချင်ဘူးလို့ ငြင်းတယ်လေ။ ရပ်ကွက်ထဲက ဆရာဝန်ကိုအိမ်ပင့် ပီးပြရော...ဆရာဝန်သွေးချိန်ကြည့် တော့ ပြဒါးကတက်မလာဘူးတဲ့ ။ ဘယ်တက်မလဲ။ အဖိုးကြီးက အသက်မှ မရှိတော့ တာ။ သွေးစမ်းတော့ လည်း ဘယ်လိုမှသွေးခုန်နှုန်းစမ်းလို့ မရဘူး ။ ဆရာဝန်လည်းနည်းနည်းလန့့်သွားတယ်။
ဆရာဝန်ကအဖိုးကြီးကို ဦးလေးနေကောင်းရဲ့ လားတော့ မေးတော့ အဖိုးကြီးက အသံခပ်မာမာနဲ့ မကောင်းဘူးလို့ ပြန်ဖြေတယ်။ ဘယ်နေရာက ဘာဖြစ်လဲလို့ မေးတော့ ငါဆာတယ်လို့ ပြောတယ်။ ဘာစားချင်လဲလို့ မေးတော့ ရင်ခေါင်းသံကြီး
နဲ့ အသားလို့ ပြောပီး ဆရာဝန်နဲ့ အန်တီတို့ ရဲ့ တခြားတစ်ဖက်ကိုလှည့် သွားရော။
ဆရာဝန်လည်း အခန်းအပြင်လည်း ရောက်ရော အန်တီ့ကို အဖိုးကြီးကို သူကုလို့ မရဘူး။ ပျောက်မှာမဟုတ်ဘူးလို့  ... အရိပ်အမြွက်ပဲ ပြောပြီးပြန်သွားတယ်။ အန်တီလည်း နယ်မှာရှိတဲ့ သူ့ မောင်နှမတွေဆီကို အကြောင်းကြားလိုက်တယ်။ လူပျိုဖြစ်တဲ့မောင်အငယ်ဆုံးက ချက်ချင်းရောက်လာတယ်။ ဒါပေမယ့် အဖိုးကြီးကသူ့ သားကိုမသိဘူးဖြစ်နေတယ်။ တွေ့ တွေ့ချင်း မင်းဘယ်သူလဲ လို့ မေးတယ်။
အန်တီလည်း အဖေ့ သားအငယ်(မောင်-------)လေလို့ ပြောတော့ အဖိုးကြီးက အသက်ကြီးတော့ မေ့ တတ်တယ်လို့ ပြန်ဖြေ
သတဲ့ ။ နယ်က အမျိုးတွေစီစဉ်ပေးလိုက်တဲ့ ခုံဖိနပ်တို့ သြဇာရွက်တို့ သိမ်ဝင်အပ်တို့ ကိုအဖိုးကြီးအိပ်ယာအောက်ကိုထည့်ဖို
့မောင်နှမနှစ်ယောက်တိုးတိုးတိုင်ပင်သတဲ့ ။ အဲဒါကိုအဖိုးကြီးက အခန်းထဲက ဘယ်လိုမှမကြားနိုင်ပါဘူး။ ဒါပေမဲ့ အခန်းထဲကအသံသြကြီးနဲ့ အဖိုးကြီးက မင်းတို့ ဖိနပ်စုတ်၊ အပ်စုတ်ကိုငါကြောက်တယ်လို့ ထင်နေလား...။ အားလုံးအသေဆိုးနဲ့ သေသွားမယ်။ ငါ့ ကိုဘာမှတ်နေလဲလို့ အော်တယ်တဲ့ ဗျ။
အန်တီလည်း အရမ်းလန့် သွားပီး အဲဒီအိမ်မှာ မအိပ်ရဲတာနဲ့ မျက်စောင်းထိုးက မိတ်ဆွေအိမ်မှာ မောင်နှမတွေသွားအိပ်ကြရတယ။် အဲဒီညကစပီး အဖိုးကြီးလဲသောင်းကြမ်းတော့ တာဘဲ။
၊တောက်ခေါက်သံတွေ အကျယ်ကြီးကြားရတယ်လို့ ဘေးအိမ်ကပြောတယ်။ တဒုန်းဒုန်းနဲ့ ဖနောင့်တွေလည်း ဆောင့် တယ်တဲ့။ ဘေးအိမ်နဲ့ ကအရမ်းကပ်နေတော့ အားလုံးကြားနေရတယ်ဗျ။
နောက်တနေ့ အန်တီ့မိတ်ဆွေအကူညီနဲ့ ဖုတ်ထုတ်တဲ့ ဆရာတစ်ယောက်ကို အိမ်ကိုခေါ်လာတယ်။ သူတို့ အိမ်ထဲကိုရောက်ရောက်ချင်းမှာ မြင်လိုက်ကြရတာက အိမ်တွင်းအုန်းကိုဆွဲဖြုတ်ထားတယ်။ အိမ်မှာမွေးထားတဲ့ ကြောင်ကြီးကိုလည်း မတွေ့ ရဘူးတဲ့ ။အဲဒီအချိန်မှာ အဖိုးကြီးကသောင်းကြမ်းပါလေရော။
ဆရာကိုလည်း အရမ်းကြိမ်းတော့တာပဲ။ ပြီးတော့ အခန်းထဲကထွက်လာပြီး ဆရာ့ကိုလည်ပင်း
ညှစ်မလို့လုပ်သတဲ့ ။ ဆရာလည်း ထွက်ပြေးရောဗျာ။ အန်တီတို့ မောင်နှမလည်း အိမ်ပေါ်ကနေ ဆင်းပြေးရရော။
ညကအိပ်တဲ့ အိမ်ကိုပြန်ပြေးလာကြပြီး အန်တီလည်း ကြောက်လို့ ငိုပါလေရောတဲ့ ။
အဲဒီအချိန်မှာ အဲဒီအိမ်ကိုဆွမ်းခံကြွနေတဲ့ ဦးပဇင်းလေးကမြင်ပြီး ဒါယကာမကြီး ဘာဖြစ်တာလဲလို့ မေးတယ်။
အန်တီလည်း ဦးပဇင်းလေးကို အကြောင်းစုံလျှောက်ထားလိုက်တယ်။ ဦးဇင်းလေးကလည်း ဒါမျိုးတွေဟာ ဘုရားရှင်လက်ထက်ထဲက ရှိကြောင်း၊ ဘုရားရှင်ရဲ့ တရားတော်တွေနဲ့ ကမ္မဝါ ၊နဲ့ ပရိတ်တော်တွေကို
သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေက ရွတ်ဖတ်ပေးရင် အစိမ်းသရဲ၊ နာနာဘာဝတွေထွက်ပြေးရကြောင်းကိုရှင်းပြပါတယ်။
အန်တီလည်း ဦးဇင်းလေးရှင်းပြတာနားထောင်ပြီး ဦးဇင်းလေး၏ကျောင်းတိုက်သို့လိုက်ကာ ဆရာတော်ကို အကြောင်းစုံလျှောက်ထားပြီး မကောင်းဆိုးဝါးရန်မှကာကွယ်ရန်လျှောက်တင်အကူညီတောင်းလိုက်ပါတယ်။
ဆရာတော်က ဒကာမကြီးရဲ ဖခင်ဟာ လူ့ လောကထဲမှာမရှိတော့ဘူး ။ဒကာကြီးရဲ့ ဝိညာဉ်မဲ့ နေတဲ့ကိုယ်ခန္ဒာကို
တစ်စုံတခုသော ပုဂ္ဂိုလ်ကဝင်ရောက်မှီခိုနေတာမို့  ဆရာတော်တို့ ကဘုရားရှင်၏ ပရိတ်တရားတော်တွေ ကမ္မဝါစာတွေ ရွတ်ဖတ်ပီး သာသနာစောင့် နတ်နဲ့ နတ်မင်းကြီးလေးပါးကိုအမိန့် ပြန်စာတမ်းတွေ ရွတ်ဖတ်လျှင် ဝင်ရောက်နေတဲ့ ပုဂ္ဂိုလ်ဟာ ချက်ချင်းဖယ်ရှားသွားမှာဖြစ်တယ်။ အဲဒီအခါမှာ ဒကာကြီးရဲ့ ဝိညာဉ်မဲ့ ခန္ဒာကိုယ်သာကျန်ခဲ့ မှာဖြစ်လို့ ဒကာမကြီးအနေနဲ့ ဒီသောကမီးကိုကြံ့ ကြံ့ ခံနိုင်ပါ့ မလားလို့ မေးပါတယ်။ အန်တီလည်း ကြိုတင်ပြင်ဆင်ပြီးသားပါဘုရားလို့ ဖြေပါတယ်။ ဆရာတော်က ဘုန်းကြီးကျောင်းမှာရှိတဲ့ ပရိတ်ချည်တွေကိုပေးလိုက်ပြီး အိမ်ပတ်ပတ်လည်ကိုချည်တားစေပါတယ်။ အိမ်အဝင်ပေါက်တခုတည်းသာ ချန်ခဲ့စေပါတယ်။ ဒါကလည်း ဆရာတော်တွေကြွလာရင် အိမ်ထဲဝင်ဖို့ နဲ့ ဖုတ်ထွက်သွားဖို့ ပါ။ အိမ်ပြန်ရောက်တော့ အန်တီ့မောင်နဲ့အတူ ရပ်ကွက်ထဲက ယောက်ျားလေးသုံးယောက်လောက်က အိမ်ပတ်ပတ်လည်ကိုပရိတ်ကြိုးတားပါတော့ တယ်။
အဲဒီအချိန်မှာအဖိုးကြီးလည်း အရမ်းသောင်းကြမ်းပါတော့တာပါပဲ။ ပထမတော့ ခြိမ်းခြောက်တယ်။
ပြီးတော့ တောက်တွေခေါက်၊ ဖနောင့်တွေစောင့် ပြီးသေချင်လို့ လားဘာညာတွေပြောပီး အခန်းထဲမှာရှိတဲ့ ပစ္စည်းတွေကိုကောက်ပေါက်တာတွေ
လုပ်သတဲ့ ဗျ။ မရလည်း မရရော ငိုပီးတော့ သူ့ သားကို အဖေ့ ကိုမသတ်ပါနဲ့ အဖေမသေချင်သေးဘူးလို့ လိမ်ပြီးဟန်ဆောင်ပြောသတဲ့ ။
သူ့ သားကလည်း မသိချင်ဟန်ဆောင်ပြီးလုပ်စရာရှိတာကိုဆက်လုပ်တယ်။
ညနေသုံးနာရီလောက်မှာ ဆရာတော်တွေကြွလာကြတယ်။ ဆရာတော်တွေ အိမ်ပေါ်လည်းရောက်ရော
အဆင်သင့်ပြင်ထားတဲ့ ပရိတ်ပန်း ရေ သဲ အပ်ချည် စတာတွေကို အန်တီက သူသွားနေတဲ့ အိမ်ကယူပီး သူ့ အိမ်ကိုကူးလာခဲ့ တယ် ။ အဖိုးကြီးကလည်း အိမ်ခန်းထဲမှာ သောင်းကြမ်းနေတာဗြောင်းဆန်နေတာဘဲတဲ့ ။ တောက်တွေလည်းခေါက် ။ သက်ပြင်းတွေချ အသံသြကြီးနဲ့ အော်နေသတဲ့ ။ဆရာတော်တွေကလည်း အိမ်ရှင်ကို ဒီအိမ်မှာ မကောင်းသော နာနာဘာဝတွေနေထိုင်တာကို ကြိုက်မကြိုက် အရင်မေးပါတယ်။့ ပြီးတော့ အိမ်ရှင်မကြိုက်လို့ နှင်ပေးပါရန် ဆရာတော်များကိုလျှောက်တင်ပါကြောင်းပြောတဲ့ အခါဆရာတော်က အိမ်ပိုင်ရှင်မကြိုက်ပါသောကြောင့် သာသနာစောင့် နတ်နဲ့ ဝိရူပက္ခ။ဝိရူယက္ခ။ဒသရဌ။ကုဝေရစတဲ့ နတ်မင်းကြီးလေးပါး သိကြားမင်း
။ မြို့စောင့် လမ်းစောင့် အိမ်စောင့် နတ်တွေကိုမြတ်စွာဘုရား၏အမိန့် ပြန်စာတွေရွတ်ဖတ်ပီး နာနာဘာဝကိုသင့် တော်ရာသို့ ခေါ်ဆောင်သွားရန်ပြောဆိုပီး ကမ္မဝါ၊ရတနာသုတ်နဲ့ အာဋာဏာဋိယသုတ်နဲ့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကိုရွတ်ဖတ်ပေးပါတယ်။
ဘုရားရှင်ရဲ့ ပရိတ်တရားတော်တွေရွတ်ဖတ်စဉ်မှာ အိပ်ခန်းထဲကအဖိုးကြီးက ပူလောင်လှကြောင်း၊ သူ့ ကိုဝိုင်းပီးနှောင့်ယုက်နေကြကြောင်း နားထဲကိုသံရည်ပူတွေလောင်းထည့် နေကြကြောင်းအော်ပြောပါတယ်။
ဆရာတော်လည်း ပရိတ်များ ရွတ်ဖတ်ပီး အဖိုးကြီးကိုအပြင်ထွက်ခဲ့ ဖို့ ခေါ်လိုက်တဲ့ အချိန်မှာ အဖိုးကြီးဟာ အိပ်ခန်းထဲကနေပီး လည်ပင်းကြီးကို၉၀ဒီဂရီလောက်စောင်းပီး လေးဖက်ထောက်ထွက်
လာပါတယ်။ ပြီးတော့ ဆရာတော်တွေရှေ့ မှာခြေဆင်းထိုင်ပီး ပါးစပ်မှလည်း သရေတမျှားမျှားနဲ့ ကြောက်စရာအလွန်ကောင်းတယ်
လို့ မြင်တွေ့ ရတဲ့ လူတွေကပြောပြပါတယ်။ ဆရာတော်ကဦးချခိုင်းတော့ ဦးချလို့ သူမရပါဘူး။ အမျှဝေတော့ လည်းသူသာဓုမခေါ်နိုင်ပါဘူး မကြားရဘူးလို့ ပြောပါတယ်။ ပြီးတော့ ဆရာတော်က ဒကာကြီး ခန္ဒာကိုယ်အတွင်းကထွက်သွာဖို့ 
မိန့်ကြားတော့ သူကရိုးရိုးဖုတ်မဟုတ်ဘူး။ ဖုတ်ဘုရင်လို့ ပြောပါတယ်။ အိမ်ခေါင်မိုးဖွင့် ပေးမှထွက်လို့ ရမယ်ပြောတော့ ချက်ချင်းဘဲ တရားနာနေတဲ့ထဲက လူတစ်ယောက်ကလှေကားနဲ့ တက်ပြီး အိမ်ခေါင်သွပ်တစ်ချက်ကို လှန်လိုက်တော့ အဲဒီဖုတ်လည်း သက်ပြင်းတစ်ချက်ချပြီး လဲကျသွားပါတယ်။
အန်တီလည်း ဆရာဝန်ခေါ်ပြီး သူအဖေ့ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုစစ်ဆေးခိုင်းပါတယ်။ ဥပဒေအရ သေစာရင်းရေးရန်အတွက်ဖြစ်ပါတယ်။ ဆရာဝန်စစ်ဆေးချိန်မှာ ရုပ်အလောင်းဟာသေသေပြီးခါစနှင့် မတူဘဲ
အပုတ်နံ့ ဟာ မခံနိုင်အောင်နံလာပါတယ်။ ချက်ချင်းရေခဲတိုက်ကိုအကြောင်းကြားပြီး လာသယ်သွားစေပြီးနောက်နေ့ မှာသင်္ဂြိုလ်ဖို့ စီစဉ်ပါတယ်။ နယ်မှာရှိတဲ့ အမျိုးတွေကိုလည်းအကြောင်းကြားပါတယ်။ နောက်တနေ့ သဂြိုဟ်ဖို့ အလောင်းကို ရေခဲတိုက်ထဲက ထုတ်လာချိန်မှာ အန်တီဟာ သူ့ အဖေမှဟုတ်ရဲ့ လားလို့ တောင် အမြင်မှားသွားပါတယ်။ အလောင်းက မနေ့ ကနဲ့ မတူဘဲ
အရိုးပေါ်အရေတင်ပိန်ပီးနေပါတယ်။ သေသေချင်းမနေ့ ကရုပ်နဲ့ အရမ်းကွာနေပါတယ်။ မီးသင်္ဂြိုလ်ပီးတဲ့ နောက်
အိမ်ပြန်လာပြီး အဖိုးကြီးအခန်းကို သန့် ရှင်းရေးလုပ်တော့ ကြက်မွှေးတွေရယ်၊ ပျောက်သွားတဲ့ ကြောင်ကြီးရဲ့အမွှေးတွေရယ်ကို တွေ့ ရပါတယ်။
အကယ်၍သာ ဖုတ်ကိုဒီအတိုင်းထားခဲ့ ရင် အချိန်ကြာလာခဲ့ သည်နှင့် အမျှ အန်တီတို့ မိသားစုဘဝဟာကြောက်စရာကြီးပါ။
ဒီအကြောင်းလေးဟာ ကျွန်တော်အသိရဲ့ အဖြစ်အပျက်အမှန်လေးပါ။ ကာယကံရှင်တွေရဲ့ အမည်တွေကိုတော့ ကျွန်တော်
မဖော်ပြတော့ ပါဘူး။

0 comments:
Post a Comment