www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ဥပေက္ခာတရား ဆိုသည်မှာ

မေတ္တာစိတ်မရှိဘဲ ဥပေက္ခာပွါးလို့ မရနိုင်ပေ။ ဥပေက္ခာပွါးနိုင်ခြင်းကိုက မေတ္တာစိတ်ထားရှိမှ ပွါးနိုင်ပေသည်။ ဥပေက္ခာဆိုသည်မှာ အာရုံတရားတို့်အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ အစွန်းမထွက် ညီမျှစေခြင်းသဘောဖြစ်သည်။ ဥပေက္ခာပြုခြင်းကို လစ်လျူရှုခြင်းဟုလည်း ပြောဆိုကြ၏။ မိမိနှင့် သဟဇာတမဖြစ်လို့၊ မိမိနှင့်မသင့်မြတ်သည့် တစ်စုံတစ်ဦးကို “ဒီကောင့်အကြောင်း ပြောမနေပါနဲ့ကွာ၊ ဒီကောင
့်အကြောင်း မေ့ထားလိုက်စမ်းပါ။ ငါတို့စကား နားမထောင်လို့ တစ်နေ့ သူဒုက္ခ ရောက်ပါလိမ့်မယ်”ဟူ၍ မကျေနပ်သည့် ဒေါသစိတ်ဖြင့် လစ်လျူရှုလိုက်ခြင်းသည် ဥပေက္ခပွါးခြင်း မဟုတ်ပေ။ ဥပေက္ခာပွါးခြင်းဖြင့် ရုပ်နာမ်သင်္ခါရ တရားတို့အပေါ်၌ ချစ်ခြင်းဟူသောအစွန်း၊ မုန်းခြင်းဟူသောအစွန်းမရှိဘဲ ကံ,ကံ၏အကျိုး၊ အကြောင်းအကျိုးကို မှန်မှန်ကန်ကန်ဆင်ခြင်နိုင်ပြီး စိတ်ငြိမ်းချမ်းမှုကိုဖြစ်စေရပါမည်။ ထိုသို့ မဆင်ခြင်ဘဲ ကြုံတွေ့နေသည့် အာရုံတရားတို့အပေါ်တွင် နှစ်သက်မိသည့်(လောဘ)၊ စိတ်ပျက်ခြင်း၊ မကျေနပ်ခြင်း(ဒေါသ) ဖြစ်ခြင်းသည် ဥပေက္ခာမဟုတ်ပေ။

လမ်းဘေး၌ ခွေးတစ်ကောင် ကားတိုက်သေနေသည်ကိုမြင်လျှင် မိမိခွေးမဟုတ်ပါက မကျေနပ်သည့် ဒေါသမဖြစ်ပေ။ မိမိအိမ်ကခွေးဖြစ်လျှင် ထိုအချိန်၌ ဒေါသူပုန် ထတော့၏။ ခွေးကိုတိုက်သွားသော ကားမောင်းသူကို မိုးမွှန်နေအောင် ဆဲရေးမိတော့၏။ ထိုသို့ ဒေါသ အစွန်းသို့ ရောက်သွားသည်နှင့် ဥပေက္ခာပျက်သွားပေသည်။ မိမိရှေ့မှောက်ရှိ သတ္တ၀ါတစ်ခုကို မကယ်နိုင်လိုက်လို့ သေဆုံးသွားခြင်းကို ၀မ်းနည်း ပူဆွေးခြင်းမျိုး၊ မိမိအား အင်အားကြီးသူက ပြုမူစော်ကားခြင်းကို အင်အားနည်းလို့ လက်တုန့်မပြန်နိုင်ဘဲ မိမိအင်အားကြီးသည့်အချိန်ကျမှ လက်တုန့်ပြန် ကလဲ့စားချေမည်ဟု နှလုံးသွင်းနေခြင်းမျိုးသည် ဥပေက္ခာပွါးခြင်း မဟုတ်ပေ။

ဥပေက္ခာပြုခြင်းသည် အကြောင်းအကျိုးကို မှန်မှန်ကန်ကန် ဆင်ခြင်နိုင်ပြီး သူတစ်ဦး၏ အကျိုး ဆုတ်ယုတ်ခြင်းကို လိုလားသောကြောင့် လစ်လျူရှုထားခြင်းမျိုးမဟုတ်ပေ။ ထိုသို့ လစ်လျူရှု ပြီးနေမှ သင့်တော်မည်ဟု ဆင်ခြင်မိသောကြောင့် လစ်လျူရှုခြင်းမျိုးသာဖြစ်ပေသည်။ ဘုရားရှင်က အရှင်ဒေ၀ဒတ်ကို ပကာသနိယကံပြုခြင်းသည် ဆုံးမစကားတွေကို နားမထောင် ဘဲ အာခံလို့၊ အရှင်ဒေ၀ဒတ်ကို မကျေနပ်မုန်းတီးလို့မဟုတ်ပေ။ အကျိုးကိုလိုလား၍ ထိုကံကို ပြုခြင်းဖြစ်ပေသည်။ ထိုသို့ပြုမူခြင်း၌ ဘုရားရှင်၌ ဒေ၀ဒတ်အပေါ် မေတ္တာတရား စိုးစဉ်းမျှပင် ပျက်မသွားပေ။ သားတော်ရာဟုလာအပေါ် ထားသကဲ့သို့သာ အားလုံးအပေါ် ထားတော်မူ၏။

ဥပေက္ခာသဘောသည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောစသော အာရုံခြောက်ပါးတို့အပေါ်တွင် အကောင်းအဆိုး မှန်သမျှကို ကိလေသာအစွန်းမထွက်ဘဲ သိရုံလေး သိနေသည့်သဘောဖြစ်၏။ မိမိမှာ ငွေမရှိလို့၊ ဆင်းရဲနွမ်းပါးလို့ သူများတွေလို မစားနိုင်၊ မသောက်နိုင်လို့ ရှိတာလေးဖြင့် ရောင့်ရဲတင်းတိမ်နိုင်ကာ ကိုယ်ကျင့်သီလတွေ စောင့်ထိန်းနိုင်သော်လည်း မိမိ၌ ချမ်းသာကြွယ်ဝလာသည့်အခါတွင် စည်းစိမ်ယစ်မူးပြီး ကိုယ်ကျင့်သီလတရားတွေ ပျက်ယွင်းကာ အာရုံတရားတွေခေါ်ရာနောက် လိုက်နေလျှင် ဥပေက္ခာတရား ပျက်ယွင်းသွားတော့၏။ မည့်သည့် လောကဓံကိုပဲတွေ့တွေ့ အမှန်အတိုင်း သိမြင်ပြီး အကြောင်းအကျိုးသဘောဆင်ခြင်ကာ ၀မ်းနည်းမှုလည်းမဖြစ်၊ မြောက်ကြွမှုလည်း မဖြစ်ဘဲ မည့်သည့်လောကဓံတွေ့တွေ့ ပုံမှန်အတိုင်း ခံနိုင်ခြင်းသည် ဥပေက္ခာသဘောဖြစ်၏။

ဥပေက္ခာသဘောသည် အကျိုးမရှိကြောင်းကိုသိလျှင် ထိုအမှုကိစ္စအတွက် ဆင်းရဲမခံပေ။ အကျိုး မရှိကြောင်းသိ၍ အချိန်ကုန်ခံ အားမထုတ်ပေ။ ဘုရားရှင်သည် ကျွတ်ထိုက်သူကိုသာ ဟောကြားဆုံးမခြင်းသည် ထိုဥပေက္ခာပါရမီကြောင့်ဖြစ်၏။ ထို့သူအား ဒီတရားနှင့်မထိုက်တန် လို့ ပစ်ပယ်ထားခြင်းမျိုး မဟုတ်ပေ။ “မညီနိုင်သည့်အရာကို လိုက်ညှိနေခြင်းသည် အချိန်တွေ အချည်းနှီး အလဟဿဆုံးရှုံးပြီး အကျိုးမရှိလှပေ။

လူတိုင်းလူတိုင်း တစ်ပြေးညီ အကျိုးခံစားခွင့်ရအောင် ဆောင်ရွက်ဖို့၊ ယုံကြည်ချက်၊ အကျင့်သီလတွေ တစ်ပြေးညီ တစ်သားတည်းညီအောင်လုပ်ပေးဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင် ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဦးနှင့်တစ်ဦးတို့၏ အတွေးအမြင်တွေ၊ အယူအဆတွေ၊ နှလုံးသွင်းဆင်ခြင်မှုတွေ၊ ပြုလုပ်သည့် ကံတရားတွေ၊ ဘ၀ါဘ၀တွေက ၀ါသနာအကျင့်စရိုက် တို့ မတူညီကြသည့်အတွက် ရရှိသည့်ရလာဘ်လည်း မည်သို့မျှ မတူညီနိုင်ပေ။ တစ်နည်း အားဖြင့်ဆိုရလျှင် တစ်ဦးနှင့်တစ်ဦးတို့၏ အကြောင်းကံပါရမီတရားတွေ မတူညီကြသည့် အတွက် အကျိုးတရားတွေလည်း မည်သို့မျှ တူညီနိုင်မည်မဟုတ်ပေ။ ထိုသို့ ဆင်ခြင်ခြင်းသည် ဥပေက္ခာသဘောဖြစ်၏။

စာရှုသူ ဓမ္မချစ်ခင်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာကြပြီး မေတ္တာထား၍ ဥပေက္ခာပွါးနိုင်ကြကာ အလိုရှိအပ်၊ တောင့်တအပ်သည့် မသေရာ အမြိုက်နိဗ္ဗာန်ချမ်းသာကို ယခုဘ၀မျက်မှောက်တွင် ရရှိခံစားနိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာဝသက္ခယံ ၀ဟံ ဟောတု)

စာရေးသူ - ထွန်းထွန်းလှိုင် ၊
by facebook page

Photo: ဥပေက္ခာတရား ဆိုသည်မှာ.....................

0 comments:

Post a Comment

Blog Archive

လပ်ကီးမြို့တော်