*၁၉၃၈ခု အောက်တိုဘာလတွင်ရေးသည်။
"ဆရာလေးရဲ့ စုံးကဝေ မှော်ဆိုတဲ့ အောက်လမ်းပညာတွေဟာ လောကမှာ တကယ်မရှိဘူး ရှိတယ်လို့ အငြင်းထွက်နေပေတဲ့ အများအားဖြင့် ရှိတယ်လို့ ယူဆကြတဲ့ လူကများပါတယ်။ တကယ်လဲ အဲဒီစုန်းကဝေ မှော်ပညာတွေနဲ့ မကောင်းပြုလို့ ဒုက္ခဖြစ်သွားကြတဲ့လူတွေ အထင်အရှားအရှိသားမို့ ကျွန်တော်တော့ ဘယ်နည်းနှင့်မဆို ရှိတယ်လို့ယူဆပါတယ်။ သို့ပေမဲ့ ဒီပညာဟာ ရှေးအခါက ထွန်းထွန်းကားကားရှိသင့်သလောက် ရှိခဲ့ပြီး ခုခေတ်ကြီးမှာ အတော်တိမ်ကောသွားသလောက်ဖြစ်နေလို့သာ ယုံသူမယုံသူတွေ အငြင်းအခုံဖြစ်လာရတယ်လို့ ဆိုလိုပါတယ်။ ကျွန်တော်ဆိုလိုတဲ့အတိုင်း မှန်ပါရဲ့လားခင်ဗျာ"
ဟု အင်္ဂလိပ်ပညာ ဘီအေကလပ် မောင်လှဝင်းက ဆိုင်းယင့် လောဂျစ် ဖေလိုဆိုဖီ ဟစ်ထရီသမားပြီပြီ ကြံကြံစည်စည် ပေါက်ပေါက်ရှာရှာ တွေးလာခဲ့သူဖြစ်သည့်အားလျှော်စွာ အထက်ပါမေးခွန်းကို အစချီလိုက်သဖြင့်....
"အေးကွယ် မောင်လှဝင်း မင်းထင်သလိုလဲ ဟုတ်ပါတယ်။ လက်ဝဲလမ်းပညာတွေဟာ အထင်အရှားရှိခဲ့တာပေါ့။ သို့သော်လဲ ခုအခါမှာတော့ အတော်တိမ်ကောလာတယ်လို့ဆိုရမယ်။ အဲဒီလို တိမ်ကောလာရာက တခါတည်းပျောက်ကွယ်သွားရင် သာပြီးကောင်းတာပေါ့"
ဟု ခပ်အေးအေး ဖြေလိုက်သည်ကိုပင် မောင်လှဝင်းက မကျေနပ်လှသေးဘဲ.....
"ဟာ ဆရာကလဲ ကျွန်တော်တော့ ဒီလက်ဝဲလမ်းပညာတွေ ပပျောက်သွားမှာ စိုးရိမ်တယ်ဆရာ။ လက်စွမ်းလက်ငုပ်ကျန်ရစ်တဲ့ ပညာသယ် အဆက်အနွယ်ကလေးများက ပြန်လည်စုပေါင်းပြီး"ကဝေအသင်းကြီး" ဖွဲ့စည်း ရှေးကရှိခဲ့ဘူးတဲ့ ထက်မြတ်တဲ့ပညာတွေကို ပြန်ထွန်းကားအောင်ကြိုးစားစေချင်တယ်"
"ကွယ်-ဒီလိုဆိုရင် လက်ဝဲလမ်းထွန်းကားသလောက် လူကောင်းတွေဟာ သူတို့နှောက်ရှက်ထာနှင့် ဒုက္ခဖြစ်ကုန်ကြရောပေါ့။ မင်းက ရန်သူကို အားပေးချင်လို့လား"
ကျွန်တော့်ရည်ရွယ်ချက်က တမျိုးပါဆရာရယ်။ ဒီပညာကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် အတော်ခရီးရောက်နိုင်တဲ့ ပညာမျိုးမို့ အဘိုးတန်တဲ့နေရာမျိုးမှာ အသုံးချစရာ လက်နက်ကောင်းတမျိုးဘဲ ဆရာလေးရဲ့။ ခုတော့ သူတို့ဟာတွေက "၀ါးလုံးခေါင်းထဲလသာ"ဆိုတာလို ကိုယ့်အမျိုးသားချင်းတွေကိုသာ ထစ်ခနဲဆို ပြုစားသတ်ဖြတ်တတ်ကြတဲ့ အလေ့ကြောင့် နာမည်ဆိုးနေတဲ့ လက်ဝဲလမ်းပညာရပ်များ ဖြစ်နေရတယ်။ ကျွန်တော့်ရဲ့ရည်ရွယ်ချက်ကတော့ နောက်ထပ်ဖွဲ့စည်းရမဲ့ ကဝေအသင်းကြီးဟာ လက်ဝဲဂိုဏ်းပညာတွေကို ရှေးကထက် ထက်မြတ်ထွန်းကားလာအောင် ကြိုးစားကြဘို့နဲ့ မိမိတို့တတ်တဲ့ပညာနဲ့ ကိုယ့်မြန်မာအမျိုးသားများကို ပြုစားနှိပ်စက်ခြင်းမရှိစေဘဲ ဥပဒေစည်းမျဉ်း အကြပ်အတီးလုပ်ပြီး တားမြစ်ထားခြင်း သစ္စာရေတိုက်ခြင်းတို့နှင့် ကာကွယ်ထားစေချင်တယ်။ တကယ့်တကယ်အရေးကျမှ ကဝေအသင်းကြီးက တညီတညွတ်ထည်း....."
"မင်းနှယ်ကွာ ရှာရှာဖွေဖွေရှိလိုက်တာ။ ကဝေအသင်းဖွဲ့ဘို့က ထားပါအုံး။ ကဝေမပြောနှင့် စုန်းပညာကလေးလောက် အခြေတယ်မိတဲ့ဟာကတောင် စုန်းရယ်လို့ လူသိမခံဝံ့ကြဘူး။ သူတို့ကို တလမ်းသွားဆိုပြီး ရိုးရိုးလူများက ဆေးဘော်ကြောဘက်မလုပ်မှာ သိပ်စိုးရိမ်ကြတယ်။ ဒီတော့ ဘယ်မှာ လူသိရှင်ကြား ကဝေအသင်းဖွဲ့စည်းဝံ့မှာတုန်းကွဲ့"
"အဲဒါခက်ထာဘဲ ဆရာလေးရာ။ နို့ နေစမ်းပါအုံး။ သူတို့ကို ဘာပြုလို့ တလမ်းသွားခေါ်ရတာလဲ။ ဒီပညာတတ်ရုံနဲ့ ဒီလောက်ဘဲအပြစ်ကကြီးသွားရောလား"
"မကောင်းမှုတွေပြုအားကြီးလို့ တလမ်းသွား ကမ္ဘာ့သစ်ငုတ် ကမ္ဘာ့ခလုတ် ကမ္ဘာ့ဆူးညှောင့်လို့ ဆိုထားတယ်ကွဲ့"
"ကဲ ဆရာရယ် ဒီပညာကို တတ်ရုံတတ်ထားပြီး ဘယ်သူ့ကိုမှ မပြုစားမညှင်းဆဲသေးရင်ကော"
"ဒီလိုဆိုရင်တော့ တလမ်းသွားခေါ်လောက်အောင် မဆိုးသေးဘူးဆိုရမှာပေါ့။ သို့ပေမဲ့ ပညာတတ်သွားကတဲက ကိုယ့်ပညာစွမ်း မစွမ်းကို အကဲဖြတ်တဲ့အနေနဲ့ အနည်းဆုံး အပြစ်မရှိတဲ့လူ လေးငါးဆယ်လောက်တော့ သက်သက် ဓားစာခံဖြစ်သွားရသေးတာဘဲ။ ပြီတော့ သူတို့သင်ရတဲ့ပညာထဲမှာကိုဘဲ လူတပါးရဲ့အသက်တွေဟာ ဆေးဘက်ဝင်နေပြန်တယ်။ ဒီတော့ဘယ်သက်သာမတုန်း"
"ဟာ ပညာကြီးပွားထွန်းကားအောင် လုပ်ယူရမှာဆိုတော့ ဒါလောက်တော့စွန့်စားရမှာပေါ့။ ထာဝရအပြစ်ကြီးမကျူးလွန်ဘဲနေရင်တော်ပါပြီ။ ကျွန်တော့်သဘောက လက်ဝဲလမ်းပညာထွန်းကားလာအောင် အကြံသစ် ဥာဏ်သစ် တွေဖြည့်စွက်ပြီး ရှေးကထက် ပိုပြီးထက်မြတ် အသုံးဝင်လာအောင် ကြိုးစားစေချင်တယ်။ တခုသဘောမကျတာလဲ ရှိသေးတယ်ဆရာလေးရဲ့။ ဒီလက်ဝဲလမ်းပညာကို ရှေးအခါက ထွန်းကားခဲ့သလောက် နောက်ပေါက်လူ နောင်လာနောက်သားတွေအတွက်ဆိုပြီး အဂ္ဂိယကျမ်း တုမ္မိရပ်ကျမ်း ဆေးကျမ်း ဓာတ်ကျမ်း ဗေဒင်ကျမ်းများလို ဟုတ်ဟုတ်ငြားငြား အစဉ်အလာ လက်သုံးပြုသွားဘို့ စုန်းကဝေ ပညာနည်းများကို စာတစောင် ကျမ်းတဘွဲ့မထားခဲ့ဘဲ တယောက်နှင့်တယောက် သားစဉ်မြေးဆက် အနည်းငယ်သာ ပညာဝေငှထားခဲ့တာကို မကြေနပ်ဘူး။ ကဝေသင်းဖွဲ့စည်းပြီး လက်ဝဲလမ်းပညာတိုးပွားဖြစ်ထွန်းလာတဲ့အခါ ကျကျနန စာတစောင်ကျမ်းတဘွဲ့ ပြုထားဘို့ အကြံပေးချင်တယ်ဆရာ"
"မောင်လှဝင်းရယ် ဘာများစိတ်ကူးရလို့ လက်ဝဲလမ်းကို စွဲစွဲလမ်းလမ်း တိုးတက်ကြီးပွားစေချင်ရတာလဲ။ အခုလို လက်ဝဲလမ်းပညာ မကြီးပွား မတိုးတက်တဲ့အချိန်အခါတောင် ဆရာလေးတို့နားမနေရတဲ့အထဲ မင့်စိတ်ကူးမျိုးအတိုင်း ဖြစ်မြောက်သွားရင် မခက်သေးဘူးလား"
"ဒီလိုပါဆရာလေးရဲ့။ ခုနင်က ကျွန်တော်ပြောပကော။ ကိုယ့်မြန်မာအမျိုးသားဟူသရွေ့ကို လုံးလုံးမနှိပ်စက်ပါဘူးဆိုတဲ့ ကတိသစ္စာကြီးတခုမြဲသွားကြတော့ ဆရာလေးတို့ ပင်ပမ်းဘို့အကွက်မရှိပါဘူး။ ကိုယ့်လူမျိုးတွေလဲမနစ်နာပါဘူး"
"ဘုရားမကြိုက်တဲ့ အလုပ်တွေပါကွယ်"
"ဘုရားမကြိုက်တာတော့ မှန်ပါတယ်ဆရာလေးရယ်။ မြတ်စွာဘုရားအကြိုက်ကတော့ ရှိသမျှလူတွေကို မိန်းမ ယောင်္ကျားမကျန် လောဘ ဒေါသသိမ်းပြီး အကုန် ဘုန်းကြီး မယ်သီလလုပ် တရားအားထုတ် ကမ္မဌာန်းဝင်တဘ၀နဲ့ သောတာပန် သဒါဂါမ် အနာဂါမ် အရဟတ္တမက် အရဟတ္တဖိုလ်တည် နိဗ္ဗာန်ရောက်ကုန်ကြပြီး စကြ၀ဠာအနန္တဆိုတဲ့ သံသရာလောကကြီးမှာ သတ္တ၀ါဆိုလို့ ပရွက်ဆိတ်ကလေး တကောင်တမြီးမှ အကပ်အသပ်မရှိတော့ဘဲ ကမ္ဘာကြီး ပါးစပ်ဟောင်းလောင်း အူဟောင်းလောင်းနှင့် ကျန်ရစ်တာ ကြိုက်တော်မူကြမှာပေါ့။ သို့သော်လဲ ဘယ်သူမှ ဘုရားအကြိုက်ကို ရုတ်တရက်တဗြုံလုံးမလိုက်နိုင်ကြသေးတဲ့ ပုထုဇဉ်တွေဆိုတော့ ရင့်သူတွေ ကျွတ်တမ်းဝင်သွားပေမဲ့ ကျန်ရစ်တဲ့အနုစား သားတွဲလဲ မယားတွဲလဲအတွက် ကြီးနိုင်ငယ်ညှင်းဆဲခံရတဲ့အဖြစ်မျိုးမရောက်ရအောင် လူမလေး ခွေးမလေး ဘ၀မျိုးနှင့် မနေရအောင် ကိုယ့်အသားထဲကလောက်ဖြစ်ပြီး ကိုယ့်ကိုပြန်ကိုက်တဲ့ အမိုက်နာ အငတ်နာတွေကင်းရှင်းအောင် ကာကွယ်နိုင်တဲ့နည်းနှင့် စည်းစည်းလုံးလုံး ကာကွယ်မှဖြစ်ကြတော့မယ်။ မကာကွယ်နိုင်ရင် သူများနင်းပြားဖြစ်ရုံမက ငတ်တလှဲ့ပြတ်တလှဲ့ဆိုတဲ့ ကျွန်ဘ၀က မကျွတ်နိုင် "အူမ မတောင့်တော့ သီလမစောင့်နိုင် ဆွမ်းရေးထက် ၀မ်းရေးခက်တယ်"ဆိုသလို ၀မ်းမ၀ရင် ဘယ်ကလာပြီး ဒါန သီလ ဘာဝနာ ဆိုတဲ့ နိဗ္ဗာန်ရောက်ကြောင်းကိစ္စတွေ လုပ်နိုင်တော့မလဲ လူတွေ ဆင်းရဲ ငတ်ပြတ်လေ နိဗ္ဗာန်ရောက်ဘို့နဲ့ဝေးလေဘဲ။ ဒီတော့ ကျွန်ဘ၀ကလွတ်ပြီး စည်းစည်းလုံးလုံး အတန်းမြင့်မြင့် ချမ်းသာလမ်းပွင့်သွားရင် အူမတောင့်ပြီး သီလစောင့်နိုင်မယ်။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ အားထုတ်နိုင်မယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်းတရားရဲ့ ပထမလှေခါးထစ်ဟာ ကျွန်ဘ၀ကလွတ်မြောက်ဘို့ လွတ်လပ်ရေးရဘို့ကို ရှေးဦးစွာ ကြိုးကြိုးစားစား တက်ရမဲ့ လှေခါးထစ်ပါဆရာလေးရဲ့"
"ဟာ ဆိုင်တာပေါ့ ဆရာလေးရဲ့။ ခုနင်က ဆရာလေးပြောတယ်မဟုတ်လား။ ဘုရားမကြိုက်တဲ့အလုပ်တွေဆို ကျွန်တော်တို့မြန်မာပြည်ရဲ့ ကိုယ့်မင်းကိုယ့်ချင်း ဘုရင်တပါးဖြစ်ခဲ့ဘူးတဲ့ မင်းတုန်းမင်းတရားကြီးဟာ ဘုရားမကြိုက်တဲ့ အလုပ်မလုပ်လိုတဲ့ ဆန္ဒကြောင့် လက်နက်တွေမလုပ်ရ၊ လက်နက်လုပ်ခြင်းဟာ ထာဝရအကုသိုလ်ကြီးကို တည်ဆောက်ထားတာနဲ့တူတယ်ဆိုပြီး တားမြစ်ပိတ်ပင်တော်မူခဲ့လို့ သူများနိုင်ငံလို ဗုံးတွေ အမြောက်တွေ သေနတ်တွေ ပခုံးချင်းယှဉ်လုပ်နိုင်ရက်သားနဲ့ လုပ်မထားရတော့ မင်းတဆက်ဖြစ်တဲ့ သီပေါမင်းလက်ထက်ရောက်တော့ လက်နက်အင်အားနည်းတဲ့အတွက် မထီမဲ့မြင်နဲ့ ကြက် ငှက်ဘမ်းသလို ချော့ချောက်ပြီး ဆောင်ယူသွားတာ ခံရတယ်မဟုတ်လား"ကာလံ ဒေသံ အဂ္ဂံ"ဆိုတာလို အခါခပ်သိမ်း လောကုတ္တရာတွေးနေရမှာက လောကီနဲ့မဆက်ဆံတဲ့ သူတော် သူမြတ်များရဲ့ အလုပ်ပါ။ လောကကြီးထဲမှာ အိမ်ရာထောင်နေတဲ့ လောကီသားတွေဆိုတော့ အခါအခွင့်ကြည့်ပြီး လောကဓမ္မမျှတသင့်လျှော်အောင် အသုံးချတတ်ရပါတယ်။ လောကကြီးရဲ့ အလေ့အကျင့်ကြီးဟာ မျက်နှာငယ်ရာဖိထောင်းချင်ကြတဲ့ စရိုက်ဆိုးရှိတယ်။ ကော်ရင်ဂျီကုလားကို လူတကာနိုင်ချင်သလို ကော်ရင်ဂျီကုလားလောက်နီးနီး မျက်နှာငယ်တဲ့ ရွာထဲက ဘိုးဒေါင်းကလေးကြည့်စမ်းပါ။ ခွေးကကျယ်ချင် ၀က်ကကျယ်ချင် လူကနိုင်ချင် ခွေးကနိုင်ချင် မခံလို့ပြန်ပက်ရင်ကော သူ့ဆရာ ဦးဘိုးငတ်က မျက်နှာကြီးရာ အစာခွံ့ရာ ဟတ်တတ်စွဲခေါင်းညွတ်ပါပြီး ဆန်ရင်းနာနာဖွပ်တာခံရတာဘဲ။ အဲ ဒါ လောကကြီးရဲ့ဓမ္မတာပဲ။ ဒီလောကစရိုက်ကိုက"မိုက်နိုင်ရင်လူလိမ်မာ၊ ညာနိုင်ရင်ထမင်းဝ၊ အိမ်ရှင်ကိုဧည့်သည်က မျက်စောင်းထိုးငြူစူပြီး၊ တောင်ရာပဲခင်းရှင်ကို မြောက်စုပ်တွေက မောင်းနှင့်ထုတ်"တဲ့ တေးထပ်ထဲက လောကခေတ်ကြီးမျိုးမို့ စိပ်ပုတီးကိုင်သွားတဲ့လူထက်၊ ခြောက်လုံးပြူးခါးထိုးသွားနိုင်တဲ့လူကိုမှ ပိုပြီး ကြောက်ရွံ့ကြည်ညို ခန့်ညားကြတယ်။ ဟစ်တလာနဲ့ မူဆိုလိုနီကို ဧရာမအင်ပိုင်ယာရှင်တွေက ဖင်တုန်အောင်လန့်နေတာဘာကြောင့်လဲ မိုက်ဝံ့လို့ ရဲဝံ့လို့ အင်အားတောင့်လို့"မဟုတ်ပါလား ဆရာလေးရယ်-
ဒီတော့ ကျွန်တော်တို့တွေမှာလဲ လက်နက်ဆို ထွာညိုဒုတ်မှ မကိုင်ရတဲ့ဘ၀မှာ ဘယ်သူကလာနှိပ်နှိပ် ကြိပ်ခံရတာတွေများလှပြီ။ မခံလို့ပြန်လုပ်ရင်လည်း လုပ်တဲ့အတွက်ကတမျိုး အပြစ်ရပြီး နာလဲနာ နံလဲနံဆိုတဲ့ ပဏ္ဏားကြီးစကားလိုမို့ "လူရိုသေ ရှင်ရိုသေ"ဆိုသလို အဲဒီလက်ဝဲအောက်လမ်းပညာကလေးတွေ ထွန်းကားရင်ဖြင့် ရုတ်တရက်လူမစော်ကားဝံ့ပေဘူးလားလို့။ နောက် လိမ်မာသလိုသုံးသွားရင်လဲ ဟစ်တလာကို ကမ္ဘာကလန့်သလို လန့်ချင်လန့်လာမှာဘဲ"
"မလုပ်ပါနဲ့ မောင်လှဝင်းရာ မြန်မာပြည်ကို စုန်းပြည်လို့ကျော်စောသတင်းဖြစ်သွားပါအုံးမယ်"
"အဲဒီလို ကျော်စောပြီး ဘယ်သူမှလာမဆက်ဆံကြရင်လဲ အကောင်းသားဘဲ။ ကျွန်တော်တကယ်ပြောနေတာ။ စုန်းကဝေပညာဟာ သေသေချာချာအသုံးချလို့ရအောင်ပြုပြင်ရင် အင်မတန်အဘိုးတန်မယ်ဆရာရဲ့။ ကဝေမကြီးတယောက်ဟာ ထိုင်ရာမထ သူ့အိမ်ထဲမှာ သူ့ဘာသာနေရင်း အဝေးကလူတစ်ယောက်ကို လက်နက်မသုံးရဘဲ သက်သေမရှိ လက်ပုံစံမကျန်ရစ်တဲ့နည်းနဲ့ ရူးရင်လဲရူးစေနိုင်တယ်။ သေရင်လည်း သေစေနိုင်တယ်မဟုတ်လား။ ခုလိုပညာဆုတ်ယုတ်နေတဲ့ခေတ်ကြီးထဲမှာတောင် လူပြုစားလို့ရူးနေတဲ့လူတွေ သေသွားတဲ့လူတွေသေပြီး ဆေးရုံကရင်ခွဲတဲ့အခါ ဗိုက်ထဲက အပင်းတုံးတွေ သရေစတွေ ဆံချည်မြှင်ထွေးထွေး ပါပါလာတာ မကြာမကြာ တွေ့ကြရပါသေးတယ်။ ဒီနည်းတွေကိုချဲ့ထွင်ပြီး စီမံလိုက်ရင် သိပ်အဘိုးတန်မယ်။ ဟို အနောက်နိုင်ငံဆီမှာ အဆိပ်ငွေ့ ဗုံးအမျိုးမျိုးခေတ်ဆန်အောင် ကြံစည်လုပ်ကိုင်တဲ့ လောကဓာတ်ဆရာတွေ လက်ဖျားငွေသီးသလို ဒီပညာကိုချဲ့ထွင်ပြီးတဲ့အခါ လက်နက်စုဆောင်းနေတဲ့ နယ်ချဲ့သမားတွေ ရောင်းစားအုံးတော့ ငွေတွေအများကြီးရမှာဘဲ " "
0 comments:
Post a Comment