www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ကဝေ့ဘဏ္ဍာ(၂)


"မဖြစ်နိုင်တာတွေ ပြောမနေပါနဲ့ကွယ်။ တော်တော်ကြာ ဂဠုန်ထစဉ်က နငယ်နကွင်းပိတ်ထိုးတဲ့လူတွေလိုက်ဖမ်းလို့ မြွေဆေးထိုးထားတဲ့ လူတွေရော ပီယဆေးထိုးထားတဲ့ လူတွေရော ဗြုတ်စပ်ဗြင်းတောင်းရောနှော အဖမ်းခံရသလို ကလေးအငိုတိတ်အောင် ခေါခွက်ပစ်တဲ့ သားသယ်အမေတွေပါ စုန်းနဲ့ဆက်သွယ်တယ်ဆိုပြီး အဖမ်းများခံနေရပါအုံးမယ်"

"ဟာ ဆရာကလဲ ဥပဒေစာအုပ်ထဲမှာ စုန်းဘမ်းပုဒ်မ မပါသေးပါဘူး။ မစိုးရိမ်ပါနဲ့"

"ဥပဒေခက်ထာလိုက်လို့ကွယ်။ ခုလုပ် ခုဖြစ်တာပေါ့။ ဘုရင်ခံနဲ့လခယူနေတဲ့ ဥပဒေပြုအမတ်တွေ ဘာလုပ်ဘို့ထားသလဲ"

"ကဲ ဆရာလေးရာ ဒါတွေနောက်တော့ရောက်ယားထားလိုက်ပါ။ ကျွန်တော် ခုပြောနေတာတွေမဖြစ်နိုင်ဘူးလား။ ဒီလက်ဝဲလမ်းဆိုတဲ့ပညာတွေ စုန်းကဝေ မှော်အတတ်တွေဟာ အရေးကြီး အရာရောက်နိုင်တဲ့ နေရာတွေမှာ အသုံးပြုသွားတတ်မယ်ဆိုရင် အင်မတန်အဘိုးတန်မှာဘဲ။ ရှေးကလဲ ဒီပညာမျိုးတွေကို ကျွန်တော်တို့ ဗမာရှင်ဘုရင်တွေ တပြည်နှင့်တပြည် စစ်ပြိုင်တိုက်ခိုက်တဲ့အခါတွေမှာ ထည့်ပြီးသုံးစွဲခဲ့ကြသေးတယ်လို့ ဗဟုသုတအဖြစ်နှင့်ပင် မှတ်သားရဘူးပါတယ်။ ဒီ အသုံးချပုံမျိုးတွေဟာ အထက်လမ်းပေါက်မြောက်တဲ့ ဆရာကြီးတွေရဲ့နည်းနဲ့လဲ ဖြစ်နိုင်ပါတယ်။ ပထမံဦးအောင်နှင့်ဘိုးတော်ဘုရားတို့ အတ္ထုပတ္တိမှာ ပထမံဦးအောင်က မရေမတွက်နိုင်တဲ့ စစ်သားတွေကို ဘိုးတော်ဘုရားအား ဘန်တီးပြခဲ့တယ်မဟုတ်ပါလား။ အဲ နို့ပေမဲ့ ပထမံဦးအောင်တို့လမ်းက အထက်လမ်းသမားတွေမို့ စွမ်းပင်စွမ်းသော်လဲ လောဘအတွက်နှင့်ဖြစ်စေ ဒေါသအာဃာတ တရားကြောင့်ဖြစ်စေ အသုံးမပြုခဲ့ကြဘူးဆရာလေးရဲ့ _
ဟော- ဗားမဲ့ဆရာတော် ဗားတမော့ဆရာတော် ဓမ္မစေတီ ဓမ္မပါလတို့ကြတော့ လက်ဝဲဂိုဏ်းနဲ့ အကျွမ်းဝင်တဲ့ ပညာတွေပါလာတော့ တိုင်းရေးပြည်ရေးထဲမှာ ၀င်ပြီးအသုံးချရပါတယ်။ အင်းဝ ဟံသာဝတီ ကေတုမတီတို့အရေးတွေမှာ အထင်အရှားပါတာဘဲ။ ဓမ္မစေတီနဲ့ဓမ္မပါလတို့ ထီးနန်းအတွက်နှင့် တယောက်တပြန် ပညာစွမ်းပြိုင်ကြတာများ ဘယ်လောက်အံ့အားသင့်ဖို့ကောင်းတဲ့ ပညာတွေလဲဆရာလေးရယ်။ အဲဒီပညာတွေကို ပြန်လည်စုဆောင်းရှာဖွေလိုက်စားပြီး ခေတ်မှီအောင် အသစ်ချဲ့ထွင်စီမံနိုင်ရင် "အတိုင်းထက်အလွန် တံခွန်နဲ့ဘုရား" ဆိုသလို ဖြစ်သွားမှာဘဲ။ ကျွန်တော်ခုလိုပြောနေတာဟာ ခုကာလ ဆေးရူး မှော်ရူးကလေးများလို ဆရာယောင်တွေညာတာကို နားဝင်ပြီး အထင်ကြီးနေတာလဲမဟုတ်ပါဘူး ဆရာလေးရဲ့။ ကျွန်တော့်သဘောဟာ ဘာမဆို ထိထိမိမိကလေး ဆုပ်မိကိုင်မိမှ အကျိုးအပြစ်ပြောချင်တဲ့ ၀ါသနာရှိပါတယ်။ ကောလိပ်မှာ အတန်ကြာကြာ အင်္ဂလိပ်စာတွေသင်ရလို့ ဒီလိုစုန်း ကဝေ မှော်ဆိုတဲ့ လက်ဝဲဂိုဏ်းပညာတွေကို အလကားဟာတွေရယ်လို့ အရမ်းမဲ့ မစုံစမ်းသေးဘဲ ရှော်ပစ်ချင်တဲ့ စိတ်လဲမရှိပါဘူး......
လိုက်တန်သလောက်လိုက်ပြီး တီးခေါက်ကြည့်မိလို့ လောကမှာ လက်ဝဲဂိုဏ်းပညာတမျိုးဟာ ရှိတော့ရှိတာဘဲ။ သို့ပေတဲ့ ဘာသာနဲ့ဆန့်ကျင်တဲ့ပညာတမျိုးမို့ အဘိုးမတန်ရှုံ့ချဘိနှိပ်ခံခဲ့ရလို့ တဖြည်းဖြည်းတိမ်ကောလာတယ်လို့ အယူရှိပါတယ်။ ဒါကြောင့်လဲ လောကီအကြိုက်ကြီးမဟုတ်သေးဘဲ အခါအခွင့်ကြည့်ပြီး အားကိုးရာမဲ့တဲ့အခါမျိုးမှာ တတ်နိုင်ရာရရာ အကူအညီမျိုး တခုခုကိုလိုလားသင့်တယ်လို့ ဆိုချင်ပါတယ်

ဟု အကယ်ပင် စိတ်ပါလက်ပါ ရှည်လျားစွာ ပြောနေသဖြင့် ကျွန်တော်လည်း မောင်လှဝင်း၏ သဘောအယူအဆကို အတော်အသင့်ကြေနပ်လာမိပါတော့သည်။"

         မောင်လှဝင်းကား သာမည စိတ်နေသဘောထားရှိသော လူစားမျိုးမဟုတ်ဘဲ တခုခုကို နက်နဲစွာစုံစမ်း၍ လက်ဆုပ်လက်ကိုင်တွေ့ပြီးမှ အကျိုးအပြစ်ကို ဝေဘန်ချက်ချတတ်သူတဦးဖြစ်ကြောင်း သိရပါသည်။ ၎င်း၏စိတ်နေစိတ်ထားမှာလည်း အတော်ပင် အထက်တန်းကျသူတဦးဖြစ်၏။ ဘီအေတွင် နှစ်နှစ်ဆက်၍ကျခဲ့ပြီးနောက် ကျွန်စိတ်ပေါက်သော ကျွန်မွှေးကို ဆွဲနှုပ်ဖယ်ရှားလိုက်သည့်အချိန်ကစ၍ ဘွဲ့ဒီဂရီအတွက် ဆက်လက်အောင်ပန်းမခူးတော့ဘဲ အယ်လ်ပါကားအင်္ကျီနက်အရှည်စားကြီးကို လားလားမျှမခုံမင်တော့သည့်အားလျော်စွာ ရှမ်းပြည်မြောက်ပိုင်းသို့ တက်လာပြီး အလကားဖြစ်နေသည့် တောတောင်မြေရိုင်းများကို စော်ဘွားများထံမှ ဧကပေါင်းများစွာ ဂရမ်ယူအခွန်ထမ်းပြီး တောင်တန်းနှင့် မြေပြန့်ဟူသ၍တို့တွင် သစ်တော်ပင် ကော်ဖီပင်စသော အဘိုးတန် အသီးအပင်များကို ကျယ်ဝန်းသောခြံကြီးများနှင့် တပည့်လက်သားအများငှား၍ အကြီးအကျယ်စိုက်ပျိုးကာ မြန်မာတပြည်လုံးကို ဝေငှဖြန့်ဖြူး သစ်သီးကုန်ကူးနေသူဖြစ်ပေ၏။

        မောင်လှဝင်း၏အလုပ်မှာ သေးသေးနုတ်နုတ်မဟုတ်ဘဲ အကြီးအကျယ်စိုက်ပျိုးရောင်းချခြင်းကြောင့် နှစ်ချုပ်တွင် ၀င်ငွေအမြတ်များစွာ ပေါ်နေသည်တိုင်အောင် ရောင့်ရဲတင်းတိမ်နေသူမဟုတ်ဘဲ သူ၏ကော်ဖီခြံမှ ထွက်သော ကော်ဖီစေ့များကို နိုင်ငံခြားက၀င်လာသော ကော်ဖီများနှင့် ပြိုင်ဆိုင်တိုက်ခိုက်ရန်အမှုံ့ပြု၍ သံစည်သွင်းရန်နှင့် ခြံထွက်သစ်သီးများကိုလည်း နိုင်ငံရင်းနှင့်နိုင်ငံခြားသို့ စည်သွင်း၍ တင်ပို့နိုင်သည်အထိ စက်ကိရိယာများ ကြံစည်စုဆောင်းနေဆဲဖြစ်ရာ နောင်အခါတွင် မောင်လှဝင်း၏လုပ်ငန်းမှာ ပျင်းရိစွာကျောခင်းနေတတ်သော အလုပ်လက်မဲ့ မြန်မာတက်လူကလေးများအလယ်တွင် ဂုဏ်တင်စံယူရန် အလုပ်ကြီးတခုဖြစ်လာမည်ဟု မျှော်လင့်နိုင်သောကြောင့် မောင်လှဝင်းမှာ ရှမ်းပြည်တွင် သာမန်ခြံပိုင်ရှင်တဦးအဖြစ်နှင့် မထင်မရှားနေသော်လည်း မြန်မာပြည်၌မူကား ၎င်း၏ပေးရသော အမြတ်တော်ကြေးနှင့်ပင် သူဌေးဟုလူတိုင်းက အရေးပေးလောက်သော အခြေအနေတွင် တည်နေလျှက်ရှိပါသည်။

      ကျွန်တော် ကိစ္စတခုကြောင့် ဆရာကြီး၏ စေခိုင်းချက်အရ ရောက်လာရသော ရှမ်းရွာကလေး၌မူ မောင်လှဝင်းနေထိုင်ရာ တောင်ကုန်းပေါ်ရှိ တထပ်ဘင်္ဂလိုသဏ္ဍာန် အင်္ဂလိပ်ဆန်ဆန်ဆောက်လုပ်ထားသော ကျောက်တိုက်ကလေးနှင့်များစွာမဝေးလှပေ။ အိမ်ကလေးမှာ တောင်တလုံး၏ခုလပ်ဖြစ်သော ကမ္ဘားရံကိုမှီ၍ဆောက်လုပ်ထားပြီး အိမ်ကလေးရှေ့ဘက်တ၀ိုက်တွင် လှပစွာပြုပြင်စိုက်ပျိုးထားသော ပန်းမျိုးစုံဥယျာဉ်ကလေးမှာလည်း အထူးပင်စိတ်ပျော်ရွှင်ဘွယ် ဖြစ်စေပါသည်။ ထိုအိမ်နှင့်တောင်ကုန်းတ၀ိုက် နောက်ဘက်မှာမူကား တမျှော်တခေါ် မြင်မဆုံးသော ကော်ဖီခြံကြီးများနှင့် သစ်တော် စပြစ် ကျွဲကော လိမ္မော်ခြံများဖြင့် ကျောထောက်နောက်ခံ ခြံရံလျှက်ရှိလေ၏။
မောင်လှဝင်းမှာ ရှမ်းပြည်တွင် အနေကြာသူဖြစ်သည်တကြောင်း နဂိုကလည်း လက်ဝဲဂိုဏ်းပညာကို အတော်အသင့် စုံစမ်းလာသူဖြစ်သည်တကြောင်းကြောင့် စုန်းကဝေ မှော်စသည့် ပညာသည်များအကြောင်းကို အတော်စုံလင်အောင် စုဆောင်းမှတ်သားထားခဲ့သူဖြစ်သည်အားလျော်စွာ ကျွန်တော်ထိုရွာသို့ရောက်၍ မောင်လှဝင်းနှင့်တွေ့သည့် အချိန်ကစပြီး မောင်လှဝင်းမှာ ကျွန်တော်အား များစွာအာရုံပြုလျှက် ခင်မင်ရင်းနှီးသောသူတစ်ဦးဖြစ်လာသည်တိုင်အောင်ပြုစုကာ သူ၏နေထိုင်ရာအိမ်သို့ မကြာခဏဘိတ်ခေါ်ပြီး ကျွန်တော်တွေ့ကြုံခဲ့ရသော စုန်းကဝေများအကြောင်း အောက်လမ်းလက်ဝဲဂိုဏ်းများအကြောင်းကို စုံစမ်းမှတ်သားလျှက်ရှိရာ မောင်လှဝင်း၏ဇနီးသယ်ကလေး မရင်နွဲ့မှာလည်း လင်ယောင်္ကျားက အလေးအမြတ်ပြုထားသော ဧည့်သည်တဦးဖြစ်သော ကျွန်တော်အား အိမ်သူမတို့ဝတ္တရားကို လိုလေသေးမရှိရအောင် ဆောင်ရွက်ပါသည်။ မရင်နွဲ့မှာ မြေလတ်သူကလေးဖြစ်သည့် အားလျော်စွာ မရင်နွဲ့ဟူသော အမည်သညာနှင့် လိုက်လျောအောင်ပင် ယဉ်ယဉ်နွဲ့နွဲ့နှင့်လှပချောမွေ့သူကလေး ဖြစ်ပါသည်။
လူကယဉ်ယဉ်နွဲ့နွဲ့ရှိသလောက်လည်း အမူအယာ အနေအထိုင် အပြောအဆိုမှစ၍ အပြစ်ပြစရာမရှိအောင် နူးညံ့သိမ်မွေ့လှသဖြင့် မိန်းမကောင်းလက္ခဏာများစွာ ပြီသသည့်အလျောက် မောင်လှဝင်းကလည်း ကိုယ်လုံးကိုယ်ပေါက် ထွားကြိုင်းပြည့်တင်းလျှက် ကြက်သရေရှိသော မျက်နှာတို့ကြောင့် ယောင်္ကျားကောင်းပြီသပြီး မြင့်မြတ်အထက်တန်းကျသော စိတ်နေစိတ်ထားအကြံဥာဏ်ကောင်းများနှင့် ပြည့်စုံသူဖြစ်လေရာ ဤလင်ဤမယားတို့မှာ များစွာ ရှေ့သွားနောက်လိုက်ညီလှပါပေသည်ဟု တွေ့ရတိုင်းပင် ကျွန်တော်၏စိတ်တွင်းမှ အစဉ်ချီးမွမ်းလျက်ရှိပါတော့၏။

       မောင်လှဝင်းလည်း သူ၏ခြံထွက်သစ်သီးမျိုးစုံ ယိုမျိုးစုံတို့နှင့် ဧည့်ခံကျွေးမွေးရင်း စကားတပြောပြောနှင့် ရှိခဲ့ရာမှ တမေ့တမောကြာလာသောအခါ မရင်နွဲ့မှာ ညနေခင်းအချိန်ဖြစ်သဖြင့် ဘုရားပန်းလဲရန်အလို့ငှာ ပန်းခြင်းနှင့်ကပ်ကျေးငယ်တခုကိုကိုင်ပြီး ပန်းခြံထဲသို့ဆင်းခါ ဖြူ နီ ၀ါ ရွှေ အထွေထွေသော ပန်းခိုင်ကလေးများကို ကိုက်ညှပ်ခူးယူနေသည်ကို ကျွန်တော်တို့အိမ်ရှေ့ဆင်ဝင် ကျောက်ဝရံတာကလေးအတွင်းမှ အတိုင်းသားမြင်ရပါသည်။ ကျွန်တော်နှင့်မောင်လှဝင်းတို့လည်း အထက်ပါစကားများကို သူတပြန် ငါတလှည့်ဆိုသလို ပြောဆိုနေကြစဉ် ပန်းခြံထဲမှ မရင်နွဲ့မှာ စူးရှစွာဟစ်အော်ပြီး လက်ထဲကပန်းခြင်းကို ပစ်ချကာ ကျွန်တော်တို့ရှိရာသို့ ပြေးလာသဖြင့် ကျွန်တော်နှင့်မောင်လှဝင်းတို့မှာလည်း-

"မရင်နွဲ့- ဘာလဲ-ဘာလဲ"

ဟု ပြာပြာသလဲမေးမြန်းရင်း ပြေးလာသော မရင်နွဲ့ဆီသို့ပြေးသွားမိကြပါသည်။ မရင်နွဲ့ကားမောင်လှဝင်း၏ ရင်ခွင်ထဲသို့ရောက်နေသည်တိုင်အောင် မောနေသေးလျက် ကြောက်လန့်သောအရှိန်ကြောင့် မျက်လုံးကလေး ပြူးတူးပြဲတဲဖြစ်ခါ နခမ်းမှာလည်း ဖြူရော်လျှက်ရှိသည်ကို တွေ့ရပါသည်။

"နွဲ့ ဘာဖြစ်တာလဲ ဟင် ပြောစမ်းပါအုန်း"

ဟု မောင်လှဝင်းကမေးမှ မရင်နွဲ့ကပြေးလာရာဆီသို့ ကြောက်ကြောက်လန့်လန့်နှင့် လက်ညွှန်ပြပြီး-

"ဟိုနားမှာ နွဲ့တွေ့ခဲ့ရတယ်။ ခု မရှိတော့ဘူး။ ကျောက်တုံးကြီးကြားထဲ ၀င်သွားပြီ။ နွဲ့သိပ်ကြောက်သွားတာဘဲ"

ဟု တုန်တုန်ရီရီ ထစ်ထစ်ငေါ့ငေါ့နှင့် ပြောရာ လှဝင်းမှာ ရယ်မောပြီး-

"အမယ်လေး ဟဲ့ နွဲ့။ ကြောက်တတ် လန့်တတ်လိုက်တာလဲ လွန်ရောကိုးကွဲ့။ ဒီလိုဘဲ တခါတခါ လန့်လန့်ပြေးလာရော ပြီးတော့ သွားကြည့်လဲဘာမှမရှိဘူး။ ဒီနားရောက်တိုင်း သူလန့်လန့်ပြီးပြေးလာတာဘဲ။ ဒီနားကိုလဲ မသွားဘဲမနေနိုင်ဘူး။ ပန်းခြံထဲမို့ဆင်းရင် သူဒီနားရောက်သွားတာချည်းဘဲတွေ့ရတာဘဲ"

ဟု ရယ်ရင်းပြောင်လှောင်ပြောပြီး အစေခံမကလေး တယောက်ကိုရေယူခိုင်း၍-

"ရော့-ရော့ ပြေးလာရတာနဲ့ မောသွားပြီ ရေကလေးများသောက်အုံး"

ဟု မယားကို ခပ်ပြုံးပြုံး ယုယုယယလုပ်နေလေ၏။ သို့နှင့် မရင်နွဲ့မှာအကြောက်မပြေသေးဘဲ လှဝင်းဤသို့ပြောသည်ကိုပင် မခံချင်သလိုကြည့်ကာ-

"နွဲ့ တကယ်တွေ့ခဲ့တာပါ ကိုကိုရဲ့။ သိပ်ကြောက်တာဘဲ"

"ဘာများတွေ့ခဲ့ရတာလဲနွဲ့ရဲ့"

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်