ပါဝင်ပစ္စည်းများ
ကြက်သား(အသား) - ၁၀ ကျပ်သား၊
တရုတ်ပဲငါးပိ (ယိုးဒယားမှဝင်သော ပုလင်းနှင့်ပဲငါးပိ) - ထမင်းစားဇွန်း ၃ ဇွန်း၊
စိမ်းပြီးနုနေတဲ့ ကညွတ်ဆယ်ချောင်းစည်း - တစ်တည်း
ကြက်သွန်နီ - လေးလုံး။
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားအသားလေးတွေကိုပဲ ခပ်ပါးပါးလှီးပြီး ဟင်းခတ်မှုန့် ဆား၊ နနွင်းတို့နဲ့ နယ်ပြီး နှပ်ထားပါ။ ကညွတ်အချောင်းလေးတွေကိုတော့ ရေစင်အောင်ဆေးပြီး အရင်းပိုင်းက ခပ်ရင့်ရင့်အပိုင်းတွေကို လှီးဖြတ်လိုက်ပါ။ ပြီးရင်တော့ အနေတော် သုံးပိုင်းပိုင်းပြီး ကညွတ်ချောင်းလေးတွေကို ခပ်ဖွဖွလေး ဓားပြားရိုက်ရပါမယ်။ အချောင်းလေးတွေ ပုံမပျက်စေဖို့ အရေးကြီးပါတယ်။ နောက်ဆုံးပြင်ရမှာကတော့ ကြက်သွန်ဥနီပဲ ဖြစ်ပါတယ်။ ကြက်သွန်နီကို အလုံးလိုက် အကွင်းလေးတွေကွင်းပြီး လှီးထားရပါမယ်။
စချက်ပြီဆိုရင်တော့ ဆီအနည်းငယ်ထဲကို ကြက်သွန်နီကို အရင်ထည့်ပြီး အကွင်းလိုက်လေးတွေ ထွက်သွားတဲ့အထိ မွှေပေးပါ။ ပြီးရင် ကြက်သားထည့်ပြီး ဆီနဲ့ လုံးသွားအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ ကြက်သားနူးသွားအောင် ရေနည်းနည်း ထည့်ပြီး အုပ်ပေးပါ။ ရေခန်းသွားပြီး ဆီသံ ညံလာပြီဆိုရင်တော့ ဓားပြားရိုက်ထားတဲ့ ကညွတ်ကို မီးပြင်းပြင်းမှာထည့်ပြီး မွှေပေးပါ။ မီးအားကောင်းမှ ကညွတ်က အစိမ်းရောင် မပျက်ဘဲ နူးညံ့သွားမှာပါ။
အသီးအရွက်ကို ကျက်မှ၊ နူးမှ ကြိုက်တဲ့သူတွေကတော့ ရေလေးနည်းနည်း ဖျန်းပေးပြီး မွှေပေးရပါမယ်။ ကညွတ်ချောင်းလေးတွေ စိမ်းပြီး နူးလောက်ပြီးဆိုရင်တော့ ပုလင်းထဲက တရုတ်ပဲငါးပိကို သုံးဇွန်းလောက်ခပ်ထည့်ပါ။ ပဲငါးပိအရည်က အလေးဘက် သွားတာကြောင့် ခပ်ပေါ့ပေါ့စားချင်သူတွေ အရည်ကို စစ်ပြီး ပဲအစေ့လေးတွေကိုပဲ ထည့်သင့်ပါတယ်။ အရသာပေါ်ကြည့်ပြီး အရည်ကိုချိန်ဆပြီး ထပ်ထည့်လို့လည်း ရပါတယ်။ ပဲငါးပိထည့်ပြီးသွားရင်တော့ ၃၊၄ ခါလောက်မွှေပေးပြီး ချလိုက်လို့ရပါပြီ။
Ref : 7 Day News

0 comments:
Post a Comment