အသင့်တော်ဆုံး ဒေါက်မြင့်ဖိနပ် ဘယ်လိုရွေးမှာလဲ
ဒေါက်မြင့်ဖိနပ်ကို စီးရတဲ့ကောင်းကျိုးတွေက ခြေလှမ်းတိုင်းဟာ စတိုင်ကျနေပြီး သင့်အရပ်ဟာ နဂိုထက် ပိုရှည်သွားကာ ကြည့်ကောင်းစေပါတယ်။ ခန္ဓာကိုယ် ကိုလည်း သွယ်သွားသလို ထင်ရစေပါတယ်။ ဒါပေမဲ့ တချို့အမျိုးသမီးတွေမှာတော့ ခြေသန်းထိပ်က ခြေသည်းခွံတွေ မည်းနက်လာတာမျိုး၊ ခြေဖဝါးတွေ ကျိန်းတာမျိုးနဲ့ ခြေထောက်အမာရွတ် အညိုအမည်းစွဲတာမျိုးတွေ ကြုံတွေ့လာ ရတာကြောင့် အခက်တွေ့ကြရပါတယ်။ သင့်အတွက် မှန်ကန်တဲ့ ဒေါက်မြင့်ဖိနပ်ရွေးဖို့ဆိုရင် ဖိနပ်စတင်ဝယ်တဲ့ အချိန်ကစရမှာပါ။
ဒေါက်မြင့်ဖိနပ် ဝယ်မယ်ဆိုရင် သင်အရင်က ဝတ်ဆင်ခဲ့တဲ့ ဖိနပ်အရွယ်အစားအတိုင်း ပြောပြီး ဘယ်တော့မှ မဝယ်ပါနဲ့။ သင့်အသက်အရွယ်နဲ့အမျှ သင့်ခြေထောက် အနေအထားနဲ့ အရွယ်အစားဟာ အများကြီး မပြောင်းလဲရင်တောင် အနည်းငယ်တော့ ကြီးလာမှာပါ။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်ဆိုရင် ခြေထောက်အရွယ်အစား ပိုပြီးကွာခြားနေတတ်ပါတယ်။ ဒါကြောင့် ဖိနပ်ဝယ်တိုင်း သင့်ခြေထောက်နဲ့တိုင်းပြီး ဝယ်ဖို့လိုပါတယ်။
သင့်ခြေချောင်းလေးတွေ လှုပ်ရှားလို့ရနိုင်မယ့် အကျယ်အဝန်းရှိတဲ့ ကွင်းထိုးဖိနပ်မျိုး၊ ရှူးဖိနပ်မျိုးကို ရွေးပါ။ ဒါမှ ခြေချောင်းတွေ ကျပ်ညပ်မှုမရှိတော့ဘဲ ခြေသည်းမှာ ညိုမည်းမှုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ခြေဖနောင့်အပိတ်ဖိနပ်ဆိုရင်လည်း ဖိနပ်ဝတ်ကြည့်ပြီးလို့ ခြေဖနောင့်ကို မြှောက်ကြည့်တဲ့အခါမှာ ကျွတ်ထွက်မသွားရုံနဲ့ မလုံလောက်ပါဘူး။ သက်သောင့်သက်သာရှိပြီး နာကျင်မှုကင်းဖို့ လိုပါတယ်။ သင့်ခြေထောက်ဟာ ဖိနပ်ထိပ်အဝိုင်းနဲ့ သင့်တော်တဲ့ ခြေပြားကြီးတဲ့ ခြေထောက်လား၊ ဖိနပ်ထိပ်အချွန်နဲ့ သင့်တော်တဲ့ သွယ်တဲ့ခြေထောက်လား ဆိုတာပေါ်မူတည်ပြီး ဖိနပ်အမျိုးအစား ရွေးပါ။
ခြေပြားကြီးသူက ထိပ်ပိုင်းချွန်တဲ့ ဒေါက်မြင့်ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်ခဲ့မယ်ဆိုရင်တော့ ခြေဖဝါးနာကျင်မှုကြောင့် ဘယ်လိုမှ စမတ်ကျနိုင်မှာ မဟုတ်ပါဘူး။ သုံးလက်မ၊ လေးလက်မလောက်ထိမြင့်ပြီး လှပတဲ့ ဒေါက်မြင့်ဖိနပ်တွေရှိပေမယ့် အချိန်ကြာကြာ ဝတ်ဆင်တာကြောင့် ခြေထောက်မှာ ဖိအားတွေဖြစ်စေပြီး ခြေထောက်အရိုးတွေမှာ နာကျင်မှုကို ခံစားရစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒေါက်အမြင့်ကတော့ တစ်လက်မ ဒါမှမဟုတ် နှစ်လက်မလောက်ပဲ မြင့်ရမှာပါ။
အခုဈေးကွက်တွေမှာရှိတဲ့ ဖိနပ်တွေက ခြေထောက်သွင်းရာမှာ လူတိုင်းနဲ့ အဆင်ပြေ အောင် အရမ်းကြီးလည်း မကျယ်၊ အရမ်းကြီးလည်း မကျဉ်းတဲ့ အလယ်အလတ်စား ဆိုက်တွေ များပါတယ်။ တကယ်လို့ သင်က ခြေထောက်ပြန့်ကျယ်သူဆိုရင် သင်နဲ့သင့်တော်မယ့် အကျယ်အဝန်းရှိတဲ့ ဖိနပ်မျိုးရအောင် ဖိနပ်ဆိုင်က ကျွမ်းကျင်တဲ့ ဝန်ထမ်းနဲ့တိုင်ပင်ပြီး အော်ဒါမှာယူ ဝတ်ဆင်နိုင်ပါတယ်။ ဖိနပ်အောက်ခံကလည်း အရေးကြီးပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတာကြောင့် သင့်ခြေထောက် တစ်ခုလုံးရဲ့အားဟာ သင့်ဖိနပ်အောက်ခံပေါ်ကို ကျလာရမှာပါ။ သင်ဟာ ခြေဆီထွက်သူဆိုရင် ပြောင်ချောနေတဲ့ သားရေအောက်ခံတွေကြောင့် ချော်လဲနိုင်ပါတယ်။
ဒါကြောင့် ဖိနပ်ကိုစီးပြီး သုံးလေးပတ်လောက် ဆိုင်ထဲမှာ ပတ်လျှောက်ကြည့်ပါ။ ဒေါက်မြင့် ဖိနပ်စီးတာကြောင့် ခြေထောက်ညောင်းညာမှုကို ပယ်ဖျောက်စေနိုင်မယ့် လွယ်ကူတဲ့ လေ့ကျင့်ခန်းလေးတစ်ခုကို ပြုလုပ်ကြည့်ပါ။ အလုပ်ကထိုင်ခုံမှာ ထိုင်နေရင်ပဲဖြစ်ဖြစ်၊ အိမ်အပြန် ကားပေါ်မှာ ထိုင်ရင်းပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ထိုင်ခုံမှာ မတ်မတ်ထိုင် လိုက်ပြီး ဖိနပ်ကိုချွတ်ထားကာ သင့်ခြေဖဝါးနဲ့ ခြေချောင်းလေးတွေကို အပေါ်ကို လှန်တင်လိုက်၊ အောက်ဘက်ကို ဆိုက်ချလိုက် ကစားပေးတာဟာ ခြေထောက် ညောင်းညာမှုကို ပြေပျောက်စေတဲ့အပြင် ကြွက်သားတွေလည်း သန်မာလာစေပါတယ်။
by Good Health

0 comments:
Post a Comment