ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းနာ ဂျော်ဂျီယိုအာမန်နီက ဖက်ရှင်တွဲဖက်
ပစ္စည်းတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ အရေးပါလာ နေပါတယ်။
လူအတော်များများဟာ ရှော့ပင်ထွက်တဲ့အခါ အဝတ်အစားကိုသာ
အာရုံပြုဝယ်ယူလေ့ရှိကြတယ်။ တွဲဖက်ပစ္စည်းတွေကို သိပ်ပြီးအရေးတယူ
မဝယ်ယူကြပါဘူး။ အမှန်တော့ လက်ရှိကမ္ဘာ့ဖက်ရှင်လောကမှာ အဝတ်အစားသာမက
တခြားတွဲဖက် ဖက်ရှင်ပစ္စည်းတွေလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြပါတယ်။
အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်မှာ ရှိသင့်၊ သုံးသင့်တဲ့
ဖက်ရှင်ပစ္စည်းတွေ ရှိပါတယ်။ အဲ့ဒီပစ္စည်းတွေဟာ အခြေခံရှိသင့်ရှိထိုက်တဲ့
ပစ္စည်းတွေလည်း ဖြစ်ကြပါတယ်။
ဘာကြောင့်တွဲဖက်ဖက်ရှင်တွေဟာ အရေးပါသလဲဆိုရင် အဝတ်အစားဟာ လူ့အတွက်အဓိကထား ဝတ်ဆင်တဲ့ အသုံးအဆောင်ထဲမှာပါပေမယ့် တွဲဖက်ဖက်ရှင်ပစ္စည်းတွေကျတော့ ဝတ်ဆင်တဲ့လူတစ်ယောက်ကို တံဆိပ်ကပ်ပေးလိုက်သလို တစ်မူထူးခြားစေပြီး ဝတ်ဆင်တဲ့အဝတ်အစားကိုလည်း ပိုမိုပေါ်လွင်သွားစေပါတယ်။
အမျိုးသမီးများအတွက် လည်ဆွဲ၊ စတော့ကင်း၊ ဆလင်းဘက်၊ ဦးထုပ် စတာတွေဟာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ တွဲဖက်တန်ဆာများပဲ ဖြစ်ပါတယ်။
လည်ဆွဲ
လည်ဆွဲ၊ ဆွဲကြိုးတို့ဟာ အမျိုးသမီးတိုင်း ဝတ်သင့်၊ရှိသင့်တဲ့ ရတနာတန်ဆာဖြစ်ပါတယ်။ ဆွဲကြိုးဆို ရွှေဆွဲကြိုးပဲအများဆုံး ဝတ်ဆင်ကြတဲ့ မြန်မာလူမျိုးတွေအတွက် ပုလဲကိုလည်း အစားထိုးအသုံးပြုနိုင်ပါသေးတယ်။ ပုလဲဟာ ဘယ်တော့မှ မဟောင်းနွမ်းတဲ့ ဖက်ရှင်လက်ဝတ်ရတနာ တစ်ခုဖြစ်ပါတယ်။ နောက်ပြီး ပွဲတိုးတဲ့ ဖက်ရှင်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ညဘက်ဒင်နာပါတီလို ပွဲမျိုး၊ အကယ်ဒမီပေးပွဲလိုဟာမျိုးမှာ ပုလဲ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်လက်ဝတ်ရတနာတစ်မျိုးဖြစ်ပါတယ်။
ခါးပတ်
ခါးပတ်ဟာလည်း အမျိုးသမီးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ တန်ဆာတွေထဲက တစ်ခုဖြစ်ပါတယ်။ ခါးပတ်ဟာ ယောင်္ကျား၊ မိန်းမနှစ်မျိုးစလုံးအတွက် လိုအပ်ပါတယ်။ အနက်ရောင် သို့မဟုတ် အညိုရောင်လေး ရွေးချယ်သင့်ပါတယ်။
စတော့ကင်း
စတော့ကင်းတွေဟာ ရှိုးပွဲတွေအတွက်ရော၊ အလုပ်ခွင်တိုင်းမှာပါ ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ပစ္စည်းဖြစ်ပါတယ်။ အနက်ရောင် စတော့ကင်းနဲ့ မီးခိုးရောင် ရုံးဝတ်စုံတို့ဟာ ပနံရပါတယ်။
သားရေအိတ်
ပိုက်ဆံအိတ်၊ စလင်းဘက်တို့ဟာလည်း အမျိုးသမီးတိုင်းအတွက် အပြင်ထွက်တိုင်း မပါမဖြစ်ရှိသင့်ပါတယ်။ အရောင်ဖျော့ဖျော့၊ အသားရောင်အိတ်တို့ဟာ ဝတ်စုံတော်တော်များများနဲ့ လိုက်ဖက်မှုရှိပါတယ်။
ဦးထုပ်
အမျိုးသမီးတွေအတွက် ဦးထုပ်ဟာ နေအပူအတွက်သာမက၊ မျက်နှာနဲ့ မျက်လုံးအတွက်လည်း ကာကွယ်မှုပေးတဲ့ အသုံးအဆောင်တစ်ခု ဖြစ်ပါတယ်။ အပန်းဖြေ ခရီးထွက်တဲ့အခါပဲ ဖြစ်ဖြစ်၊ ကမ်းခြေလျှောက်တဲ့ အခါပဲဖြစ်ဖြစ် လျှာကြီးကြီး ဦးထုပ်တွေဟာ အမျိုးသမီးတွေကို ပိုမိုနွဲ့နှောင်းတဲ့ဟန် ပေါ်လာစေပါတယ်။ တစ်ချို့အမျိုးသမီးတွေဟာ ဦးထုပ်နဲ့မှ ပိုပြီးလိုက်ကြပါတယ်။ ဥပမာ-ဂေါက်သီးမယ်မစ်ရှဲဝီ ဆိုရင် ဦးထုပ်နဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။ အမျိုးသားများအတွက်ကတော့ လက်ပတ်နာရီ၊ မျက်မှန်၊ အိတ်တို့ဟာ မရှိမဖြစ်ရှိထားသင့်တဲ့ပစ္စည်းတွေပါ။
လည်သာခါးပတ်
အနက်ရောင် သို့မဟုတ် အညိုရောင် လည်သာခါးပတ်လေးဟာ ယောကျာ်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်တန်ဆာ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ လည်သာခါးပတ်အနက်၊ အညိုတွေကို သာမန်ထသွားထလာအတွက် ဝတ်ဆင်နိုင်သလို ပွဲလမ်းသဘင်တွေမှာလည်း ဝတ်ဆင်နိုင်ပါတယ်။
လက်ပတ်နာရီ
နာရီတွေဟာလည်း ယောကျာင်္းတွေ ဝတ်ဆင်သင့်တဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ နာရီဟာ ယောကျာင်္းတစ်ယောက်ကို Classic ဆန်ပါတယ်။ ယောကျာ်းလည်းပီသစေတဲ့ ဟန်ရှိပါတယ်။ အနက်ရောင်အိမ်နဲ့ ငွေကြိုးတို့လိုဟာမျိုးတို့ဟာ ယောကျာင်္းတော်တော်များများနဲ့ လိုက်ဖက်မှုရှိပါတယ်။ ငွေကြိုးမဝတ်ချင်ရင် သားရေကြိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
အိတ်
ကျောင်းသားဆိုရင် ကျောင်းသုံးလွယ်အိတ် ဒီဇိုင်းတွေ၊ ရုံးဝန်ထမ်းသမားဆိုရင် ရုံးလွယ်အိတ်တွေ အမျိုးမျိုးရှိပါတယ်။ လွယ်အိတ်ဟာလည်း ယောက်ျား တစ်ယောက်ကို သပ်ရပ်မှု၊ ဖက်ရှင်ကျမှုနဲ့ ပရော်ဖက်ရှင်နယ် ဆန်စေပါတယ်။
မျက်မှန်
သူရိန်နေမင်းရဲ့ ဒဏ်ကို ကာကွယ်ဖို့အတွက် မျက်မှန်ဟာ လက်နက်တစ်ခု ဖြစ်စေပါတယ်။ ဖက်ရှင်အတွက်သာမက မျက်လုံးကိုလည်း အပူရှိန်မှ ကာကွယ်ပေးတဲ့ 2 in 1 tool တစ်ခုဖြစ်ပါတယ်။ မျက်မှန်ဟာ နွေကာလမှ ဝတ်ဆင်နိုင်တာမဟုတ်ဘဲ တခြားဥတုတွေမှာလည်း ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ပစ္စည်းတစ်ခုပါ။
တွဲဖက်ပစ္စည်းတွေဟာ အဝတ်အစားလိုပဲ ကာလံ၊ ဒေသံ၊ ရွေးပါတယ်။ ဖန်စီပစ္စည်းတွေဟာ ရှိုးပွဲတို့လိုနေရာမျိုးမှာ သင့်တော်ပေမဲ့ ကိန်းကြီးခန်းကြီးနိုင်တဲ့ ပွဲမျိုးကျရင် သင့်တော်လိုက်ဖက်ခြင်းမရှိပါ။ အဝတ်အစားကို ပံ့ပိုးမှုမရှိဘဲ ကန့်လန့်တိုက်သွားပါလိမ့်မယ်။ ဖက်ရှင်တွဲဖက်ပစ္စည်းတွေကိုလည်း နေရာတကျ အသုံးချဝတ်ဆင်တတ်မှ အဆင်ပြေ ချောမွေ့လိုက်ဖက်မှုရှိပါလိမ့်မည်။

0 comments:
Post a Comment