www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ကရုဏာတရား၊မုဒိတာတရား ဆိုသည်မှာ

ကရုဏာတရား ဆိုသည်မှာ...................................

ကာယဗလကြီးသူတို့က ကိုယ်ကာယနည်းသူတို့ကို နိုင်ထက်ကလူ ပြုတတ်ကြ၏။ ဉာဏ်ပညာ ကြီးသူတို့က ဉာဏ်ပညာနည်းသူတို့ကို နှိမ်တတ်ကြ၏။ ဘုန်းကံကြီးသူတို့ကလည်း ဘုန်းကံ နည်းသူတို့အပေါ် အထင်သေး အမြင်သေးဖြင့် ဆက်ဆံတတ်ကြပေသည်။ ထိုသို့ဖြစ်ခြင်းမှာ ကရုဏာဓာတ် နည်းပါးမှုကြောင့်ဖြစ်၏။ ကရုဏာဓာတ်ခေါင်းပါးသောအရပ်၌ ခွန်အား နည်းသူတို့အတွက် နေစရာလည်း,မရ၊ စားစရာလည်း,မ၀၊ ၀တ်စရာလည်း
,မလှမပ ဖြစ်ကြရ ပေသည်။ ကျားက သမင်ကို စား၏။ ကျားကို မုဆိုးက မြှားဖြင့်ခွင်း၏။ ကရုဏာတရား ခေါင်းပါးမှု၏မြင်ကွင်း အလွန်ပင် အရုပ်ဆိုးလှပေသည်။ ကရုဏာတရားခေါင်းပါး၍ အချင်းချင်း ရက်စက်ကြမ်းကြုတ်နေသမျှ ရန်မီးမငြိမ်း ကိလေသာအပူမီးသာ ဖောင်းပွစေတော့၏။

ကရုဏာတရား ကြီးမားကြသောသူတော်ကောင်းတို့သည် ဘေးဒုက္ခအခက်အခဲများ ကြုံတွေ့ နေကြသူ၊ မိမိထက်ပိုပြီး ဆင်းရဲဒုက္ခရောက်သူတို့ကိုတွေ့လျှင် သနားကြင်နာစိတ်များဖြစ်ကာ “သူတို့ကို ငါဘာများကူညီ ပေးနိုင်ပါမည်နည်း”ဟု တွေးကြပေသည်။ ကူညီနိုင်သလောက် ကူညီချင်စိတ်များ တဖွားဖွားဖြစ်ကြပြီး ထိုဒုက္ခရောက်နေသူအပေါင်းတို့အား လှူဒါန်းပေးကမ်း ခြင်းအမှုများကိုလည်း လွန်စွာနှစ်သက်တော်မူကြပေ သည်။ လာဘ်လာဘပေါခြင်း၊ လာဘ်လာဘနည်းခြင်း၊ အချီးအမွမ်းခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ အခြွေအရံပေါခြင်း၊ အခြွေအရံ နည်းခြင်း၊ ချမ်းသာခြင်းနှင့်ပြည့်စုံခြင်း၊ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရခြင်းစသည့် လောကဓံတရား တို့သည် တစ်ပြေးတည်းရှိနေသည်မဟုတ်၊ အနိမ့်အမြင့်ရှိတတ်သည့်သဘောသာလျှင် လောကဓမ္မတာဖြစ်သည့် အတွက် ဒုက္ခဆင်းရဲနှင့် လူတိုင်းတွေ့ကြုံကြရ၏။ ထိုအချိန်၌ အချင်းချင်းကူညီဖေးမခြင်းအမှုသည် သူတော်တို့၏အလုပ်ပင်ဖြစ်သည်။ မိမိ၌ရှိသော အခွင့် အရေးကောင်းတို့ကို မိမိတစ်ယောက်တည်းမခံစား၊ သူတစ်ပါးတို့ကိုလည်း ဝေမျှခံစား သုံးဆောင်မည်ဟူသောစိတ်ထားသည် သူတော်ကောင်းတို့၏ ကရုဏာစိတ်ထားပင်တည်း။ သည့်ထက် မြင့်မြတ်သည့်စိတ် မွေးမြူနိုင်သည့်အခါ မိမိရထားသည့် အခွင့်အရေးကိုပင် မိမိ မသုံးဆောင်တော့ဘဲ သူတစ်ပါးအတွက် စွန့်လွှတ်နိုင်ပေသည်..

ဘုရားရှင်သည် လောကကို တစ်နေ့လျှင် ခြောက်ကြိမ်ကြည့်ရှုတော်မူပါသည်။ ကရုဏာသမာ ပတ်ဝင်စားတော်မူခြင်းဟုလည်းခေါ်၏။ ထိုသို့ကရုဏာသမာပတ်ဝင်စားရာ၌ စတုတ္ထဈာန်အထိ ပင်ရောက်တော်မူကြောင်း မှတ်သားသိရှိရပါသည်။ ထိုသို့ နေ့စဉ်ကြည့်ရှုတော်မူပြီး သတ္တ၀ါ တို့ကို ကယ်တင်နိုင်ခြင်းရှိ/မရှိဆင်ခြင်ပြီး ကယ်တင်နိုင်သည့်သတ္တ၀ါဖြစ်က သံသရာမှ လွတ်မြောက်ကြောင်း၊ ဘေးဒုက္ခမှ ကင်းလွတ်ကြောင်း တရားဟောကြားဆုံးမပြီး လမ်းမှန်ပြ ကယ်တင်ပေးတော်မူ၏။ ထိုသို့ ကယ်တင်ရာ၌ တန်ခိုးတော်ဖြင့် ချမ်းသာစေဟူ၍ ဖန်ဆင်း ပေးခြင်းမျိုးမဟုတ်။ သတ္တ၀ါတို့သည် “အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်ကိုသာ အားကိုးအားထားရာ”ဖြစ်ခြင်းကြောင့် မိမိပြုလုပ်သော မနောကံအမှု၊ ၀စီကံအမှု၊ ကာယကံ အမှုတို့သာလျှင် မိမိအကျိုးကိုဖြစ်ထွန်းစေသည်ဖြစ်ခြင်းကြောင့် သတ္တ၀ါတို့၏ ထိုအမှုတို့ ကောင်းအောင် ဆုံးမပေးခြင်း၊ ဆောင်ရွက်ပေးခြင်းကို ဘုရားရှင်က ကယ်တင်တော်မူခြင်းဟု ဆိုလိုခြင်းဖြစ်ပါသည်။

မြန်မာစကားပုံ၌ “လဲနေသူကို ထူပေးပါ၊ အားငယ်သူကို အားပေးပါ”ဆိုသောစကားများသည် အချင်းချင်း ကရုဏာထားကြရန်အတွက် နှိုးဆော်ထားသောပညာရှိတို့စကားဖြစ်၏။ ယခုခေတ် မိဘမဲ့ ကလေးဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မျက်မမြင်စောင့်ရှောက်ရေးကျောင်း၊ အခမဲ့ ဆေးကုခန်း၊ ဆေးပေးခန်းများ၊ နားမကြားသူများကျောင်း၊ အနာကြီးရောဂါသည်စခန်း အစရှိသည်ဖြင့် ဘ၀အကျိုးပေးမကောင်းသူ၊ အိုမင်းမစွမ်းကြသူတို့ကို ၀ိုင်းဝန်းပြီး ကူညီဖေးမ စောင့်ရှောက်ကြသည်မှာ ကရုဏာစိတ်ရှိသူတို့၏ မွန်မြတ်သောဆောင်ရွက်မှုတို့ဖြစ်ပေသည်။

ကရုဏာဘာဝနာပွါးများရာ၌ ဆင်းရဲဒုက္ခရောက်နေသူတို့ကိုအာရုံပြု၍ ဆင်းရဲဒုက္ခရောက်နေ ခြင်းမှ လွတ်မြောက်ကြပါစေ၊ ဘေးရန်တွေ့နေကြသူတို့ကိုအာရုံပြု၍ ဘေးရန်အပေါင်းမှ လွန် မြောက်ကြပါစေ၊ စိုးရိမ်သောကတို့ဖြင့် ပူဆွေးနေသူတို့ကိုအာရုံပြု၍ စိုးရိမ်သောကရောက်နေ ခြင်းမှ ကျော်လွှားနိုင်ကြပါစေဟူ၍ ပွါးများရပေသည်။ ကရုဏာအစား သောက၀င်လာတတ် သောကြောင့် သတိရှိရပေမည်။ ဒုက္ခရောက်နေသူကို မြင်တွေ့ရသည့်အခါ သနားကရုဏာ ဖြစ်မိခြင်းမှ သောကသို့ရောက်ပြီး ငိုးကြွေးမိတတ်၏။ တစ်ခါတစ်ရံ သနားစရာဟု နှလုံးသွင်းမိ ခြင်းကနေ နှလုံးမသာမယာဖြစ်ရခြင်းတို့မှာ ကရုဏာစိတ်မှ သတိဉာဏ်ကင်းလွတ်၍ သောက သို့ရောက်သွားခြင်းပင်ဖြစ်၏။ ထို့ကြောင့် အကြောင်းအကျိုးဆက်စပ်မှုကို ဆင်ခြင်ခြင်း သတိဉာဏ် ရှေ့သွားရှိရန်မှာ အချိန်တိုင်းလိုအပ်လှပေသည်။

Photo: ကရုဏာတရား ဆိုသည်မှာ...................................

စာရေးသူ - ထွန်းထွန်းလှိုင်
မုဒိတာတရား ဆိုသည်မှာ..............................

“စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊ ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။”ဟူသော မန်လည်ဆရာ တော်ဘုရားကြီး၏ မဃဒေ၀လင်္ကာသည် အချင်းချင်း မနာလို၊ ၀န်တိုစိတ်များ မထားဘဲ သူတစ်ပါးချမ်းသာခြင်းကို ၀မ်းမြောက်ဝမ်းသာဖြစ်ကာ မုဒိတာပွါးရန် ဆုံးမထားပါသည်။ ဘုရားရှင်ကလည်း သတ္တ၀ါတွေ ချမ်းသာချင်လျက် မချမ်းသာဘဲ ဆင်းရဲနေလျက်သာ ရှိနေကြ ခြင်းမှာ ဣဿာ၊ မစ္ဆရိယစိတ်များကြောင့်ပင်ဖြစ်သည်ဟူ၍ နတ်သားတစ်ပ
ါး၏ မေးလျှောက် ခြင်းကို ဖြေကြားတော်မူခဲ့ပေသည်။

နှလုံးသွင်းနေရုံဖြင့် အကုသိုလ်ရနေသည့်အလုပ်မှာ သူတစ်ပါးချမ်းသာအား ဣဿာမစ္ဆရိယ ပွါးနေသောအလုပ်ဖြစ်သလို နှလုံးသွင်းနေရုံဖြင့် ကုသိုလ်တရားဖြစ်နေသောအလုပ်မှာလည်း သူတစ်ပါးတို့၏ချမ်းသာအား မုဒိတာပွါးနေသည့်အလုပ်ပင်ဖြစ်၏။ ကောင်းမှုပြုတတ်သူကိုမြင် လျှင် “မွန်မြတ်လိုက်တာ၊ ဂုဏ်ယူစရာ ကောင်းလိုက်တာ”ဟူ၍ မုဒိတာပွါးလိုက်လျှင် ကိုယ်ပါ သူကောင်းမှုပြုသလို ကုသိုလ်တွေဖြစ်နိုင်သော်လည်း သူတစ်ပါးကုသိုလ်လုပ်နေသည့်အလုပ် ကို ၀မ်းမြောက်ဝမ်းသာ မုဒိတာမပွါးနိုင်ဘဲ မဲ့ရွဲ့စောင်းမြောင်းတတ်သောသူတို့မှာကား နေရင်းထိုင်ရင်ပင် မိမိအတွက် ငရဲမီးများကို မိမိကိုယ်တိုင်မွှေးနေသလိုဖြစ်တော့၏။

ပညာဉာဏ်အလင်းမရသူတို့မှာ သာသနာတွင်းလူဖြစ်ရသော်လည်း ရခဲလှသည့်ဒုလ္လဘတရား ကို ကြုံတောင့်ကြုံခဲ၊ ရတောင့်ရခဲဟူ၍ သတိမရှိနိုင်တော့ဘဲ ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်တို့ဖြင့် နေကုန်အောင် အချိန်ကိုအသုံးချကြပေသည်။ သောက်မယ်၊ စားမယ်၊ ပျော်မယ်၊ ပါးမယ်ဟူ၍ အချိန်ကို အသုံးချနေကြတော့၏။ ထိုသို့မြင်တွေရလျှင်လည်း ကရုဏာ ထား၍ သံဝေဂပွါးရမည်ဖြစ်ပါသည်။ “မင်းတို့မလို့ ငွေရှိလို့ အရက်ကောင်းကောင်း ၀ယ်သောက်နိုင်တယ်၊ တို့ဖြင့် ငွေမရှိလို့ ထန်းရေခါးလေးတောင် မသောက်နိုင်ဘူး”ဟူ၍ သူတစ်ပါးမကောင်းမှုကို ၀မ်းမြောက်ဝမ်းသာအားပေးခြင်းမျိုးကို မုဒိတာပွါးခြင်းဟု မဆိုလိုပေ။

သူ၏ချမ်းသာကြွယ်ဝနေခြင်းကို မုဒိတာပွါးပေးရသော်လည်း မကောင်းမှုလုပ်ခြင်းကိုကား အားပေးအားမြှောက် မလုပ်မိရန် သတိရှိသင့်ပေသည်။ တချို့လူကြီးများသည် လူငယ်များ အရက်သောက် မိန်းမရှုပ်သည်ကို မည်သို့ခွင့်လွှတ်ပြီး တလွဲမုဒိတာပွါးကြသနည်းဆိုရလျှင် “လူငယ်ပဲ ဒီလောက်တော့ ရှိမှာပဲ။ ငယ်တုန်း ပျော်ထားကြကွ။ ကြီးလာလျှင် သားတွေသမီးတွေနဲ့ ငယ်ငယ်ကလို ရှုပ်လို့ပွေလို့ မကောင်းဘူးဟ။ မင်းတို့ခေတ်မင်းတို့ခါမှာ နည်းစနစ်တွေက ကောင်းတော့ အကာအကွယ်တွေက ပေါသနဲ့ ဟန်ကျသကွာ”ဟူ၍ ဖြစ်၏။

မြတ်ဗုဒ္ဓ၏အဆုံးအမကား “အပြစ်ကင်းကွာ၊ စိတ်ချမ်းသာ၊ မှတ်ပါကုသိုလ်သဘောတည်း”ဟူ၍ ဖြစ်ပေသည်။ အပြစ်မကင်းသော စိတ်ချမ်းသာခြင်းမျိုးမှန်သမျှ မိမိ၏နှလုံးသွင်း၊ အပြော၊ အလုပ်တို့သည် စိတ်ချမ်းသာနေသော်လည်း ကုသိုလ်တရားမဖြစ်နိုင်ပေ။ အပြစ်ကင်းအောင် နေမှ စိတ်ချမ်းသာမှုအစစ်ရသလို ကုသိုလ်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် မုဒိတာပွါးများ ရာတွင် သူတစ်ပါးတို့၏ကောင်းကျိုးရရှိခြင်း၊ ကောင်းသောအမှု ဆောင်ရွက်နိုင်ခြင်းတို့ကို ၀မ်းမြောက်ဝမ်းသာဖြစ်ရပေမည်။

ဗုဒ္ဓဘာသာသူတော်စင်များ ကောင်းမှုပြုပြီးတိုင်း အမျှဝေကာ ကြေးစည်ထု၊ ခေါင်းလောင်းထိုး ကြသည်မှာ မိမိ၏ကောင်းမှုအဖို့ဘာဂကို သူတစ်ပါးတို့အားလည်း ၀မ်းမြောက်စေလိုသောဆန္ဒ၊ မိမိရသကဲ့သို့ ရနိုင်ကြစေလိုသောဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်၏။ ထိုသို့ကြားသိရလျှင် “အသင်၏ ပညာနှင့်ယှဉ်သော ကုသိုလ်တို့အား သာဓုခေါ်ပါ၏”ဟူ၍ ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ၎င်း၏ကောင်းမှုပြုနိုင်ခြင်း၊ မိမိထက် သာလွန်မွန်မြတ်သော အားထုတ်နိုင်ခြင်း တရားတို့ကို မုဒိတာပွါးများရပေသည်။

သူတစ်ပါးတို့၏ ကောင်းမြတ်သောအကျိုးတရားရရှိနေခြင်း၊ အခွင့်ထူးခံစားနေရခြင်း၊ မိမိထက် သာလွန်မြင့်မြတ်နေခြင်း၊ မိမိထက် ကောင်းမှုတရားများ ပိုမိုဆောင်ရွက်နိုင်ခြင်း စသည့် အရည်အချင်းကောင်းများနှင့် ကုံလုံကြွယ်ဝနေသူတို့နှင့်တွေ့လျှင် ဣဿာမစ္ဆရိယစိတ်များ မဖြစ်ပွါးဘဲ မုဒိတာပွါး၍ ကုသိုလ်တရားများ တိုးပွါးအောင် နှလုံးသွင်းသင့်ပေသည်။ ထိုသို့ သူတစ်ပါးတို့၏ ချမ်းသာခြင်းအား မုဒိတာပွါးနေခြင်းသည် ငွေကုန်စရာမလို၊ အချိန်ပေးပြီး ဆောင်ရွက်နေစရာမလိုဘဲရရှိသည့် ပါရမီကုသိုလ်ထူးပင်ဖြစ်၏။ ထို့နောက် သူတစ်ပါးတို့၏ စည်းစိမ်ဥစ္စာ ပေါကြွယ်ဝခြင်းကို မုဒိတာပွါးနေရုံဖြင့် ရောင့်ရဲမနေဘဲ မိမိက စောင့်ရှောက်ပေး နိုင်ပါက စောင့်ရှောက်ပေးခြင်း၊ သည့်ထက်မက တိုးပွါးအောင်အကြံပြုပေးနိုင်က အကြံဉာဏ် ပေးခြင်း စသည်ဖြင့် သူတစ်ပါးတို့၏ကောင်းကျိုးချမ်းသာရရှိရေးအတွက် အားထုတ်ကြိုးပမ်း သင့်ပေသည်။

Photo: မုဒိတာတရား ဆိုသည်မှာ..............................

—

(စာရေးသူ - ထွန်းထွန်းလှိုင်)
by facebook page

0 comments:

Post a Comment

Blog Archive

လပ်ကီးမြို့တော်