(ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏ)
ပဋ္ဌာန်းကျမ်းကြီး၏ ပမာဏကို ဆဋ္ဌမူအရ ကောက်နှုတ်ဖော်ပြရလျှင် ပါဠိတော် အုပ်ရေ (၅)အုပ်၊
စာမျက်နှာပေါင်း (၂၄၆၀)မျက်နှာရှိသည်၊
အသံမစဲ ရွတ်ဖတ်ရန်အချိန် (၁၃၂)နာရီ ကြာသည်။
(ပေယျာလ မြှုပ်ကွက်များကို ဖော်ပြရွတ်ဆိုလျှင် တစ်သက်လုံး ရွတ်ဖတ်၍ မကုန်နိုင်ပါ။)
(ပဋ္ဌာန်း၏ အနက်သဘောနှင့် နက်နဲခြင်း)
ပဋ္ဌာန်း၏ အနက်သဘော (၃)ရပ်ရှိသည်။ ထိုအနက်သဘောများမှာ---
၁။ များစွာသော အကြောင်းတရားတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၂။ (၂၄)ပါးသော ပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံ အခြင်းအရာတို့ကို အကျယ်တဝင့် ဖွင့်ဆိုဝေဖန်ရာ ဖြစ်ခြင်း။
၃။ သဗ္ဗညုတဉာဏ်တော်၏ မထိမပါး လူးလွန့်မြူးကွန့် ကျက်စားရာဖြစ်ခြင်းတို့ ဖြစ်ပါသည်။
(ပဋ္ဌာန်းတရားတော်၏ နက်နဲခြင်း ၄-မျိုးရှိရာ ထို ၄-မျိုးမှာ)
၁။ ဓမ္မဂမ္ဘီရ=ဝေါဟာရ စကားလုံး၊ ပုဒ်၊ ဝါကျတို့၏ နက်နဲခြင်း။
၂။ အတ္ထဂမ္ဘီရ=အနက်အဓိပ္ပါယ် သဘော၏ နက်နဲခြင်း။
၃။ ဒေသနာဂမ္ဘီရ=ဟောပုံ ဟောနည်း အစီအစဉ် နက်နဲခြင်း။
၎။ ပဋိဝေဓဂမ္ဘီရ=ထိုးထွင်းသိမြင် ဉာဏ်ပညာ၏ နက်နဲခြင်းတို့ ဖြစ်ပါသည်။
(ပဋ္ဌာန်းတရား ဟောကြားခဲ့ခြင်းနှင့် တန်ခိုးကြီးရခြင်း)
မြတ်စွာဘုရားသည် ဤပဋ္ဌာန်းတရားတော်ကို ဟောကြားခဲ့ခြင်းမှာ---
၁။ မြတ်စွာဘုရားသခင် သက်တော် (၄၂)နှစ်၊ ဝါတော် (၇)ဝါမြောက်တွင် ဟောကြားခဲ့သည်။
၂။ တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် ဟောကြားခဲ့သည်။
၃။ နတ်ဗြဟ္မာပရိသတ်အား ဟောကြားခဲ့သည်။
၎။ မယ်တော်မိနတ်သားအား နို့ဖိုးဆပ်တရားအဖြစ် ကျေးဇူးဆပ်လို၍ ဟောကြားခဲ့ခြင်း ဖြစ်သည်။
ပဋ္ဌာန်းတရားတော်သည် အစွမ်းထက်၊ တန်ခိုးထက်သော တရားတော် ဖြစ်ပါသည်။ ဤသို့လျှင် တန်ခိုးကြီးရခြင်းမှာလည်း ဂုဏ်ရည် ၃-ပါးနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ထို့ဂုဏ်ရည် ၃-ပါးမှာ---
၁။ သိမ်မွေ့မြင့်မြတ်၍ နက်နဲကြီးကျယ်သော တရားဖြစ်ခြင်း။
၂။ တန်ခိုးကြီးသည့် နတ်ဗြဟ္မာများ ရိုသေမြတ်နိုးသည့်တရား ဖြစ်ခြင်း။
၃။ သာသနာ တည်တံ့ရေးအတွက် ရှေ့တန်းခံတပ်ကြီး ဖြစ်ခြင်းတို့မှာ ပဋ္ဌာန်းတရားတော်၏ ဂုဏ်ရည်များ ဖြစ်ပါသည်။
ပဋ္ဌာန်းတန်ခိုး၊ ပဋ္ဌာန်းအကျိုးများကို လက်တွေ့သိရှိခံစားကြရပါသည်။ မြန်မာပြည် တနံတလျားရှိ ဗုဒ္ဓဘာသာဝင်တိုင်း မိမိတို့ကျေးရွာ၊ နယ်ပယ်၊ မြို့ပြများတွင် “သက်ဝင်ယုံကြည် သဒ္ဓါမှီပြီး အရှည်ခိုင်မြဲ ပဋ္ဌာန်းပွဲကို ကျင်းပပူဇော်ကြပါက မုန်တိုင်းမမွှေ, ပဋ္ဌာန်းမြေသို့, ဆန်ရေစပါး, ပေါကြွယ်များပြီး, စီးပွားဥစ္စာ, တိုးတက်ကာဖြင့်, ရပ်ရွာအေးချမ်း, ဘေးမသန်းဘဲ, စိတ်ဝမ်းကြည်သာ, ရှိကြမည်မှာ, မလွဲဧကန်, ဖြစ်ပါသည်။
* အတုမရှိ၊ မြတ်မုနိ၏
အဘိဓမ္မာ၊ မြတ်သြဇာတွင်
ရသာဆီနှစ်၊ ပဋ္ဌာန်းဖြစ်၏။
* သာသနာသုံးရပ်၊ မြဲခိုင်မတ်ဖို့
ခံတပ်ဆောက်တည်၊ ပဋ္ဌာန်းစည်ကို
မြည်သံဟိန်းဟိန်း၊ မိုးသို့ခြိမ်းလျက်
စောင့်ထိန်းဘာသာ၊ သာသနာသည်
ကမ္ဘာထွင်း၍ လင်းပါစေ---
ဝဠာချင်း၍ ဝင်းပါစေ---
credit to ဟိတ်ဟဏ် (လှိုင်သာယာ)
..............
ပဋ္ဌာန်းတရားတော်ကြီးမြန်မာပြန်လေ.လာလိုသူများအတွက်
မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ဟောကြားတော်မူသော
"အခြေပြုပဋ္ဌာန်းတရာတော်" စာအုပ်ကို အောက်ပါ လင်.မှ
download ယူနိုင်ပါသည်။
http://www.mediafire.com/view/?darq8cms548abpg
by အနှိုင်းမဲ.စာတိုပေစများ

0 comments:
Post a Comment