www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

“မလှည့်စားအပ် စုန်းနဲ့နတ် (ဇာတ်သိမ်းပိုင်း)”


“ညီး ဘာကြောင့် ဒီလိုလုပ်လဲ ပြောစမ်း ငါ့ကို” မျက်နှာချင်းဆိုင်အနေအထားလောက်ရောက်တော့ ဒေါ်ဖွား မေကမေးလိုက်တယ်။ မဖြူကခေါင်းကိုသာငုံ့ထားပြီး ဘာတုံ့ပြန်မှု မှမလုပ်။ “ဟဲ့ ငါမေးနေတယ် မဖြေဘူးလား” လို့ ခပ်ဆက်ဆက်လေးငေါက်လိုက်မှ မဖြူဘက်က တုန်တုန်ရင်ရင်နဲ့ “ဒီကောင်မ ကျုပ်ကိုစော်ကားတယ်၊ ကျုပ်ကို လူပုံ အလယ်မှာ အရှက် ခွဲတယ် . . .” သူပြောတဲ့ အသံက မဖြူရဲ့ အသံတော့အသံပဲ ဒါပေမယ့် အရင်လို စာစာ စာစာ မဟုတ်တာတော့ သေချာတယ်၊ ဒါနဲ့ ဒေါ်ဖွားမေ က ဆက်ပြီး “တယ် . . ငါလုပ်လိုက်ရ” “ငါ့အပိုင် မဟုတ်လို့ နင် သက်သာတယ်မှတ်၊ ဒါငါ့ သားသမီးတွေ၊ ဒါငါ့မြေးတွေ” “သိတဲ့ တတ်တဲ့သူတွေကို ဆုံးမရလွယ်တယ်၊ ဘာမှမသိတဲ့ နင်တို့လိုမလောက်လေး မလောက်စား မနူးမနပ်တွေကို ဆုံးမရတာပိုခက်တယ် . . . နင့်ကြိုးနင်ဖြည်မလား၊ ငါဖြတ်ရ မလား” မဖြူကတုပ်တုပ်မှမလှုပ်။ သူတို့နှစ်ယောက်ကိုကြည့်ရတာ ကြက်တောင်ရိုက်ပွဲကြည့်ရသလိုပဲ ဒေါ်ဖွားမေက မေးရင်ကျနော့်အကြည့်ကဒေါ်ဖွားမေဆီရောက်လိုက်၊ ပြီးရင် မဖြူဘက်ကဘာပြန်ပြောမလဲဆိုတာကြည့်လိုက်နဲ့ အခု ချိန်ပြန်တွေးမိရင်တော့ရယ်ချင်သား။ အဲသည်အချိန်မှာ ဒေါ်ဖွားမေ ပုံစံကိုမှတ်မိသလောက်ပြောရရင် ခါးကိုထောက် ထားပြီး ပေါင်ကတော့နဲနဲကားသလိုပဲ၊ မျက်လုံးကလဲပြူးထားသလိုပုံ၊ အမှန်တော့ ပြူးထားတယ်ဆိုတာထက် မျက်ခုံး နှစ်ဖက်ကိုအပေါ်ကိုပင့်ထားတာလို့ပြောရင်ပိုမှန်မယ်။ ကျနော်တို့တွေက ပုံမှန်ဆို မျက်ခုံးပင့်ပြီးအချိန်တော်တော်ကြာ စကားမပြောကြပါဘူး၊ ဒါပေမယ့် ဒေါ်ဖွားမေကတော့ နတ်စ၀င်ကတည်းက အဲသည်လိုမျိုး မျက်ခုံးကြီးပင့်ထားလိုက် တာနတ်ထွက်တဲ့အထိပါပဲ။ တခြားနတ်ကတော်တွေနတ်ဝင်သလို ခေါင်းကြီးလှုပ်ရမ်းနေတာ၊ မျက်နှာကြောကိုရှုံ့ထား သလိုမျိုးတော့မရှိပါ။ လုပ်စားတဲ့လူလဲမဟုတ်တော့ သူနတ်ဝင်ရင်တကယ်ဝင်တယ်လို့လူကြီးတွေပြောတာကြားဖူးပါ တယ်။
အဲသည်လိုနဲ့မဖြူဘက်ကဘာမှပြန်မပြောတော့ ဒေါ်ဖွားမေက “ငါကိုယ်တိုင်ဖြတ်မယ်” လို့ဆိုပါတယ်။ ပြီးတော့ “ရွှီ . . ” ဆိုပြီးလေတစ်ချက်ချွန်ပါတယ်၊ သူလေချွန်တာကိုမြင်အောင်ပြောရရင် ကားစပယ်ယာတွေလို ဆောင့်ချွန်တာမျိုးမဟုတ်ပဲ၊ သုံးလေး စက္ကန့်လောက်အသာလေး “ရွှီ . . ” ဆိုပြီးချွန်လိုက်တာပါ။ ပြီးတော့ သူ့ညာ ဘက်လက်ကဓါးလိုလို ဒုတ်လိုလို တစ်ခုခု ကိုဆုပ်ကိုင်လိုက်သလိုလုပ်ပါတယ်။ အဲသည်ဓါးလိုပုံစံကိုမဖြူရဲ့ ဘယ် ဘက် ပခုံးနားကိုဝင့်ပြီး ဘယ်ကညာ သုံးကြိမ်တိတိ ဖြည်းဖြည်းချင်း သပ်ချပါတယ်။ သုံးကြိမ်မြောက်လဲချပြီးရော ခေါင်းငုံ့ ထားတဲ့မဖြူဆီကနေ ‘အင်း’ လဲမဟုတ် ‘အား’ လဲမဟုတ်ပဲ ခွေးပေါက်စလေးတွေအော်သလိုမျိုး ‘အီး’ ဆိုတဲ့ အသံမျိုးထွက်လာပါတယ်၊ ပြီးတော့ ‘ရှူး’ ဆိုတဲ့သက်ပြင်းရှည်ကြီးလဲချလိုက်ပါသေးတယ်။ အဲသည်အချိန်မှာမဖြူရဲ့ ပုံကမိုင် ၇၀ လောက်မာရသွန်ပြေးပြီးမှပန်းဝင်လာတဲ့သူပုံစံမျိုး အရမ်းကိုနွမ်းနယ်နေပုံပေါက်ပါတယ်။ ချက်ချင်းပဲကျ လာတဲ့ချွေး လုံးတွေဆိုတာ သူများတွေပြောသလိုကွမ်းသီးလုံးလောက်မရှိပေမယ့် ရွေးစေ့အရွယ်လောက်တော့ရှိပါ တယ်။ သူ့ရင် ဘက်ကလဲ ဖားဖိုကြီးလို ဖောင်းလိုက်ပိန်လိုက်နဲ့ ခေါင်းကတော့မော့လာပါပြီ။ မျက်လုံးကလဲ ကလယ် ကလယ်နဲ့၊ ဘာမှတော့မပြောနိုင်သေး။
အဲသည်အချိန်မှာ ဒေါ်ဖွားမေကလည်း ဆက်တီပေါ်ထိုင်နေပါပြီ၊ နှုတ်ကလည်း “ကျွတ် . . ကျွတ် မ၀င်တာ ကြာလို့လား မသိဘူး မောလိုက်တာ. .” ပြီးတော့မဖြူကိုကြည့်ပြီးကျနော့်ကို “ဟဲ့အငယ်ကောင် နင့်အစ်မကို ဘုရား စင်ကသောက်တော်ရေ တိုက်လိုက်ဦး . .”လို့လှမ်းပြောပါတယ်။ ကျနော်လည်း ဘုရားစင်သောက်တော်ရေကိုစွန့်ပြီး မဖြူကိုတိုက်တာ ဖန်ခွက်ကြီးအပြည့်ကိုသောက်လိုက်တာ ဂွက်၊ ဂွက်ဆိုပြီး နှစ်ကျိုက်ပဲ၊ ပြီးတော့မှ ‘ဟင်း . . ဟင်း’ ဆိုပြီးအသံထွက်လာတယ်။ ဒေါ်ဖွားမေကဆက်ပြီး “ပြီးရင် အန်တီ့ကိုလည်းရေအေးအေးလေး တစ်ခွက်လောက် တိုက်ပါဦး” ဆိုလို့ ကျနော်ရေခဲရေသွားထည့်မလို့ နောက်ဖေးကိုဝင်နေတုန်း ရှိသေးတယ်၊ “ဟဲ့ တံခါးကြီးလဲ ပွင့်လို့ပါ လား . . . အငယ်ကောင် . .” ဆိုပြီး ကျနော့်အမေ ၀င်လာပါတယ်။ လူကြီးမိဘတွေက တစ်ခုခုဖြစ်ရင် အငယ်ဆုံးကို အရင် မေးတတ်ကြတာ သဘာဝထင်တယ်နော်။ အငယ်ဆုံးလည်းဖြစ် အကဲဆုံးလည်းဖြစ်တတ်ကြလို့ အစိုးရိမ်ဆုံး လည်း ဖြစ်တတ်ကြတာနေမှာပေါ့ဗျာ၊ ကျနော်မပြောနဲ့ စာဖတ်ပရိတ်သတ်ကြီးထဲကအိမ်မှာ အငယ်ဆုံးလူတွေလည်း သည်လိုပဲနေကြမှာပဲနော်။
အမေကဆိုဖာပေါ်မှာထိုင်နေတဲ့ဒေါ်ဖွားမေကိုလည်းတွေ့ရော “အစ်မ၊ မလာစဖူး အလာထူးလို့ပါလား၊ နေ ကောင်းတယ်နော်” လို့လှမ်းနှုတ်ဆက်နေပါတယ်။ မဖြူကတော့ သက်တောင့်သက်သာထိုင်နေပါပြီ။ ကျနော်ကဘာ မှမပြောသေးပဲ ဒေါ်ဖွားမေအပြောကိုစောင့်နေပါတယ်။ ဒေါ်ဖွားမေက ရေသောက်ပြီးတော့မှ အမေ့ကို “ညီးသမီးဖြူဖြူ ကိုလေ အမှောင့်တိုက်လိုက်လို့။ အငယ်ကောင်က ဖြူဖြူဘာဖြစ်မှန်းမသိဘူး လိုက်ကြည့်ပါဦးဆိုပြီး ငါ့ကိုလမ်းမှာတွေ့ တုန်းပြောလို့ငါတက်လာတာ၊ အိမ်ထဲရောက်တာနဲ့နင့်သမီးဖြစ်နေတဲ့ပုံကိုကြည့်ပြီး ငါကသိလိုက်တယ်၊ ပြီးတော့ငါ လည်းနတ်ဝင်ချင်သလိုဖြစ်လာတာနဲ့စိတ်လျော့ပြီးဘုရားစင်ဘက်ကိုဦးတိုက်လိုက်တာ၊ ပဲခူးမယ်တော်ဟေ့ဝင်လာတာ နောက်တော့ငါလည်းမသိတော့ဘူး” ပြီးတော့ကျနော့်ဘက်ကိုလှည့်ပြီး “မယ်တော်ကြီးထုတ်ပေးလိုက်တာမှတ်လား” လို့မေးဆတ်ပြီးမေးလိုက်တော့ကျနော်လည်းခေါင်းငြိမ့်ပြလိုက်တယ်။ သူကပဲဆက်ပြီး “ဒါနဲ့နေပါဦး ညီးတို့အိမ်မှာ နတ် စင်တွေ ပုံတော်တွေလည်းမရှိပဲနဲ့” အဲသည်တော့အမေက အဖေ့ရိုးရာအကြောင်းပြောပြလိုက်တော့ “သူ့အဆက်တွေ ဖြစ်မှာပေါ့ အေ” လို့ပြောလိုက်ပြီး လက်ကျန်ရေလေးဆက်မော့လိုက်ပါတယ်။ အဖေကလည်းအိမ်ထဲဝင်လာတော့ ကျ နော်က ကျနော်သိသလောက်ဖြစ်ကြောင်းကုန်စင်ကိုပြန်ပြောပါတယ်။ အမေကတော့မဖြူနားသွားပြီး ခြေဆုပ်လက် နယ်လုပ်ပေးနေပါတယ်။ အဖေက မဖြစ်ဘူးဆရာတော်ကြီးဆီသွားမယ်၊ ဇော်ဇော့်ကိုလှမ်းခေါ်ဆိုလို့ယောက်ဖရဲ့ရုံးကို ဆက်တာ ဖြစ်ချင်တော့ ယောက်ဖကိုဇော်က အိမ်ပြန်ထမင်းစားမယ်ဆိုပြီးထွက်သွားပြီလို့သူ့ရုံးကလှမ်းပြောပါတယ်။ သြော် ဒါကြောင့်အစ်မက ဈေးတွေဘာတွေသွား၊ ဟင်းချက်ဖို့လုပ်နေတာ သူ့လင်တော်မောင်အတွက်ကိုး၊ ကံကောင်း လို့တစ်အိမ်လုံးအပင်းမသွင်းခံရတာ လို့တောင်ကြံဖန်တွေးမိသေးတယ်။ ညားခါစလင်မယားတွေများ သည်လိုချည်းပဲ၊ ခုကျတော့များ ဒင်းတို့နှစ်ယောက်က တကျက်ကျက်။
ဆရာတော်ကြီးကျောင်းက သန်လျင်မှာဆိုတော့ ကျနော်တို့လည်းကားဆီဖြည့်၊ ဘီးပိုတင် (အဲသည်ခေတ်က လမ်းတွေကကြမ်းတာကိုး) ပြင်ဆင်စရာရှိတာပြင်နေတုန်း ယောက်ဖကရောက်လာတော့ အတိုချုန်းပြောပြပြီး တစ် အိမ်လုံးသွားကြတာပေါ့၊ ဒေါ်ဖွားမေကတော့ သူအိမ်သူပြန်သွားပါပြီ။ ကားကလည်း ပါပလေကာအမိုးပွင့်ဆိုတော့အ ဖေရယ်၊အမေရယ် ကျနော်ရယ်ကနောက်မှာ၊ သူတို့လင်မယားကရှေ့ခန်းကပေါ့။ မိဘမေတ္တာများ ကျနော်မှတ်မိသေး တယ်၊ အဖေကဦးထုပ်လေးဆောင်း၊ အမေကပုဝါလေးခြုံပြီးနေပူထဲမှာ၊ ခါတိုင်းသွားရင်တော့ပြောင်းပြန်ပေါ့ အဖေတို့ ကရှေ့ခန်းမှာ။ ဒီလိုနဲ့ပဲဆရာတော်ကြီးကျောင်းကိုရောက်တော့ ဆွမ်းစားချိန်ပြီးလို့လားမသိ ဦးဇင်းတွေကလဲကျိန်း၊ ဧည့်သည်တွေလည်းမရှိတော့အတော်ပဲဖြစ်သွားတာပေါ့။ ဆရာတော်ကြီးကပရောဂကုတဲ့နေရာမှာနာမည်ကြီးပဲ။ ကျနော်တို့လည်း ဆရာတော်ကြီးကိုဖူးပြီးတော့ ယောက်ဖကမဖြူအကြောင်းလျှောက်တော့ဆရာတော်က ပြုံးပြီးမဖြူ ကို “ညီးအကြောင်းပြောပါဦး” မေးပါတယ်။ ဆရာတော့်အပြုံးက အဖြေသိပြီးသားဆရာက တပည့်ကိုအဖြေမေးနေတဲ့ ပုံစံမျိုးပါပဲ။ ဆရာတော်ကဒကာမတွေကိုညီးနဲ့ကျုပ်လို့သုံးပြီး ဒကာတွေကိုတော့ မင်း နဲ့ငါ လို့ ပဲသုံးပါတယ်။ အဲသည် တော့မဖြူကသူ့ဖြစ်ကြောင်းကုန်စင်ကိုအခုလိုပြောပါတယ်။
“တပည့်တော်သည်မနက်ဈေးသွားပါတယ်ဘုရား၊ အိပ်ရာထနောက်ကျလို့တပည့်တော်ဈေးရောက်တော့ ဈေးခေါင်းကွဲတော့မယ့်အချိန်ကိုတောင်ရောက်နေပြီ၊ တပည့်တော်အမျိုးသားကငါးဟင်းစားချင်တယ်ဆိုလို့ ငါးတန်း ဘက်ကိုသွားတော့ငါးဆိုင်တော်တော်များများမှာသိပ်မလတ်တဲ့ ငါးတွေပဲရှိတယ်၊ စိတ်တိုင်းမကျတာနဲ့အပြင်ဘက် တန်းမှာဗန်းနဲ့ထိုင်ရောင်းတဲ့ ပျံကျဈေးသည်ဆီကငါးကိုကြိုက်လို့ ၅၀ သားချိန်ပြီးဝယ်လိုက်ပါတယ်။ ငါးရောင်းတဲ့ ကောင်မလေးကလည်းခပ်ငယ်ငယ်ပါ၊ ၁၉၊ ၂၀ လောက်ပဲရှိမယ်ထင်တယ်ဘုရား။ အဲတာနဲ့တပည့်တော်ကငါးဝယ်ပြီး လို့စိတ်ထဲမှာအလေးမပြည့်ဘူးထင်တာနဲ့ဈေးရုံးကသမာဓိချိန်ခွင်မှာချိန်ကြည့်တော့ ၃၅ ကျပ်သားသာသာပဲရှိပါတယ် ဘုရား၊ တပည့်တော်လည်း ၀န်ထမ်းတစ်ယောက်ကိုခေါ်ပြီး ငါးသည်ဆီပြန်သွားပြီးတော့ အလေးမပြည့်တဲ့အကြောင်း ပြောတော့သူက၀န်မခံပဲပြန်ရန်တွေ့ပါတယ်၊ ‘ကျေနပ်မှဝယ်၊ မကျေနပ်ရင်မ၀ယ်နဲ့၊ ကျေနပ်လို့ဝယ်ပြီးမှဘာမှလာမ ပြောနဲ့’ အဲ့လိုမျိုးတွေပြောပြီးရန်တွေ့ပါတယ်ဘုရား၊ တပည့်တော်လည်း ကိုယ်ကမှန်တဲ့ဘက်ဆိုတော့ခွန်းကြီးခွန်း ငယ်အခြေအတင်ဖြစ်မိပါတယ်။ ဈေးဝန်ထမ်းကလည်းဘာမှမပြောပဲရပ်ကြည့်နေပါတယ်။ တပည့်တော်တို့လည်း အော်ကြီးဟစ်ကျယ်ဖြစ်လာပါတယ်ဘုရား။ သူကတပည့်တော်ကိုညစ်ညစ်ပတ်ပတ်တွေဆဲလို့ တပည့်တော်လည်းဒေါ သထွက်လွန်းလို့ ‘အောက်တန်းစားမ၊ အဆင့်မရှိတဲ့လမ်းဘေးဈေးသည်မ’ လို့ပြန်ပြောမိတယ်ထင်တာပဲဘုရား၊ လက် တော့မပါကြပါဘူး၊ ဒါပေမယ့်လူကတဆတ်ဆတ်တုန်နေပြီး အသံတွေတောင်ပြာကုန်ပါတယ်ဘုရား။ အဲတာနဲ့တခြား ဈေးဝယ်သူတွေကပဲတပည့်တော်ကိုဆွဲပြီး ‘ညီမလေး၊ စိတ်လျော့ လာ ပြန်ရအောင်’ လို့ဝိုင်းဖြောင်းဖျတော့ တပည့် တော်လည်းပြန်လှည့်မယ်ရှိသေးတယ်သူ့ပါးစပ်ကတပည့်တော်ကို ‘-ာသည်မ’ (ကန်တော့ပါဘုရား) ဆိုပြီးလှမ်းအော် တော့တပည့်တော်လည်း ထောင်းကနဲဖြစ်သွားပြီး ‘သေချင်းဆိုးမ’ ဆိုပြီးခေါက်ထီးနဲ့သူ့ကိုလှည့်မကြည့်ပဲပစ်ပေါက် လိုက်မိပါတယ်ဘုရား၊ တပည့်တော်ပခုံးက ဆစ်ကနဲဖြစ်သွားလို့ သူတစ်ခုခုနဲ့ ပြန်ပစ်သလားဆိုပြီး လှည့်ကြည့်လိုက် တော့ သူပြန်ပစ်လိုက်တာ ခေါင်းခု (ပုဆိုးစုတ်)နဲ့ပါဘုရား၊ လူတွေကလဲဝိုင်းဆွဲတော့တပည့်တော်လည်းပြန်လာခဲ့ပါ တယ်ဘုရား။ အိမ်ရောက်တော့ အ၀တ်အစားလဲမလို့လုပ်တုန်းပဲရှိသေးတယ် ဒူးတွေကသူ့အလိုလိုညွတ်သွားပြီး ဖင် ထိုင်ရက်ကျသွားပါတယ်ဘုရား၊ တပည့်တော်အရာရာကိုသိနေမြင်နေပေမယ့် ခြေတွေလက်တွေ လှုပ်လို့မရ၊အော်လို့ လဲမရ တစ်ယောက်ယောက်ကအနောက်ကနေ သိုင်းဖက်ထားသလိုမျိုး အစ်အစ် ကြီးဖြစ်နေပါတယ်ဘုရား၊ မောင် လေးလာခေါ်တာလဲသိပါတယ်၊ သူ့လက်ကိုပုတ်လိုက်တာရော ဒေါ်ဖွားမေရောက်လာတာရောအားလုံးကို တွေ့ပါ တယ်ဘုရား၊ တပည့်တော်အတင်းရုန်းတာလဲမရ ကြောက်တာတစ်ခုပဲသိတယ်ဘုရား။ ဒေါ်ဖွားမေတပည့်တော်ပခုံးကို သပ်ချလိုက်တော့မှ ပြန်လှုပ်လို့ရတယ်ဘုရား” ဆိုပြီး ခရေစေ့တွင်းကျ လျှောက်ပါတယ်။
ဆရာတော်ဘုရားက ဖြည်းဖြည်းချင်းခေါင်းညှိမ့်ပြီးတရားပေးပါတယ် “ပြုသူအသစ် ဖြစ်သူအဟောင်း တဲ့၊ ဥပါ ဒါန်ကြောင့်ဥပါဒ်ရောက်တာ တရားသဘောနဲ့သာဆင်ခြင်ကြ။ တကယ်တော့ ဟိုကလေးမလေးကသူပညာတတ်နေ တာသူ့ဟာသူတောင်မသိဘူး၊ မအေလုပ်တဲ့သူက တစ်နေ့နည်းနည်းချင်းပေးနေတာ၊ ညီးတို့နှစ်ယောက်ကလဲ အရွယ် ချင်းကလဲ မတိမ်းမယိမ်းတွေ၊ ညီးကထီးနဲ့ပေါက်လိုက်တော့ ဟိုကလဲကျိန်ဆဲပြီးလက်ထဲရှိတာနဲ့ပေါက်လိုက်တာ နဂို ကလဲ ပညာအခံလေးကလဲရှိနေတော့ သူ့စိတ်သန္ဓေကညီးဆီကို ကပ်ပါလာတာပဲ၊ ပညာနဲ့သာလုပ်လိုက်ရင်တော့ တော်တော်ရှင်းယူရမယ်။ အခုဘာမှပူမနေကြနဲ့ ကျွဲမကြီးကအကုန်ရှင်းပြီးသွားပြီ။” ကျွဲမကြီးဆိုတာ ဘုန်းဘုန်းက နံကရိုင်းမယ်တော်ကိုပြောတာပါ။ “မင်းတို့လဲမှတ်ထားကြ ကိုယ်မမြင်ဘူး၊ မကြုံဖူးဘူးဆိုတိုင်းမရှိဘူးလို့တထစ်ချမ ထင်ကြနဲ့ လောကမှာမင်းတို့ဉာဏ်လောက်နဲ့မသိနိုင်တာတွေအများကြီး။ ငါ့ရန်ကုန်ကဆရာတော် သူ့ကျောင်းကိုစ ထိုင်တော့ သူတို့ကငါ့ဆရာကို လာတောင်းကြတယ်၊ နေရာလေးပေးဖို့။ ငါ့ဆရာတော်ကအားလုံးကိုတော့မပေးဘူး၊ သာသနာအတွက်အကျိုးရှိမယ့် သူကိုပဲငါ့ဆရာတော်က နေချင်နေဆိုပြီးပေးနေလိုက်တာပဲ။ နောက်နေ့ကြတော့ ဘယ်ကလာလို့ဘယ်သူတွေမှန်းမသိပါဘူး နတ်ရုပ်လှူ ပါရစေဆိုပြီး သူတို့ဟာသူတို့နတ်ကွန်းတွေဆောက် နတ်ရုပ် တွေလှူသွားကြတာပဲ။” ဆရာတော်မိန့်မှကျနော်တွေးမိတယ်အဲသည့်ကျောင်းဝင်းထဲမှာ နတ်ကွန်းတချို့ရှိ တယ်။ မှတ်မိသလောက်ပြောရရင် ဦးရှင်ကြီး၊ ပုပ္ပါးမယ်တော်နဲ့သားနှစ်ယောက်၊ မင်းမဟာဂီရိ၊ ဦးတီပွား၊ မဟာ ပိန္နဲနတ် တွေကိုသူ့နန်းနဲ့သူရှိတယ်။ ပဲခူးမယ်တော်နန်းတော့မရှိပါ။ သူပြောသလို သူ့အပိုင်မဟုတ်လို့မနေချင်ဘူးထင်ပါ့။ ကျနော်တို့လဲအဲသည်ကျောင်းကိုရောက်ဖူးတော့ သိနေပါတယ်။ ငယ်ငယ်တုန်းကကြောက်လို့ အဲသည်နားမသွား ကြဘူး။ နတ်ရုပ်ကြီးတွေကလူအရွယ်ထက်ကြီးပြီးသိပ်အသက်ဝင်ပါတယ်။ အဲသည်ကျောင်းကတော့ဝင်ဒါမီယာထဲမှာရှိတယ်။ ဒါနဲ့ဆရာတော်ကဆက်ပြီး “ဘယ်သူဘယ်ဝါမှန်းသိပေမယ့် နင့်သမီးအပြစ်လဲပါတယ်။ အမုန်းမပွားကြနဲ့တော့ကြားလား” လို့မိန့်ပြီး အားလုံးကို ရေမန်းတွေတိုက် ချည်မန်းကွင်းတွေချည် ပေးပါတယ်။ အိမ်မှာဖြန်းဖို့ပရိတ်ရေလဲပေးလိုက်ပါတယ်။ ကျောင်းမှာ နေ့ဆွမ်းအလှူရှိလို့ဆိုပြီးဆရာတော်က ထမင်း ကျွေးပါတယ်။ ဗိုက်ဆာဆာနဲ့တစ်အိမ်သားလုံးအားပေးခဲ့ တာပေါ့။ ပြီးတော့မှ အားလုံးပဲ အေးအေးဆေးဆေးပဲ ပြန် လာကြပါတယ်။ အဖေကသူ့သမီးဈေးသွားတာ မလိုက်ပေး လို့ဆိုပြီး ကျနော့်ကိုမြည်တွန်နေပါသေးတယ်။ ဟုတ်တော့ဟုတ်ပါတယ် ကျနော် လိုက်သွားရင်ဖြစ်ချင်မှဖြစ်မှာလေ။
အိမ်ရောက်တော့ကျနော့်အကြံပေးချက်အတိုင်း အမေက ကျန်တဲ့ငါးတွေကိုပြုတ် ထမင်းနဲ့နယ်ပြီး လမ်းထဲက ခွေးတွေကိုကျွှေးလိုက်တာ ခွေးတွေအတွက်ကတော့ပွဲတော်ပဲ။ နောက်နေ့အမေလဲ ဈေးကိုမသိသာသွားပြီးစနည်းနာ တော့ ဆန်ဆိုင်ကအသိအဒေါ်ကြီးကအခုလိုဖောက်သည်ချပါတယ်။ “ခါတိုင်း သူ့အမေပဲဈေးထွက်တာ ခုသူ့အမေ နေမကောင်းလို့ဆိုလား သူတစ်ယောက်ပဲထွက်တာလေးငါးရက်ပဲရှိဦးမယ်။ အရောင်းအ၀ယ်မကျွမ်းသေးတော့ အမှား မှားအယွင်းယွင်းတွေဖြစ်တာပေါ့။ ဒါကြောင့်လဲအစ်မသမီးနဲ့ရန်ဖြစ်တာနေမှာပေါ့။ အဲသည်နေ့ကလည်းအစ်မသမီးနဲ့ လဲဖြစ်ပြီးရောငုတ်တုတ်ကြီးထိုင်နေတာတစ်မေ့ပဲ။ ပြီးတော့နေမကောင်းဘူးဆိုပြီးပြန်သွားတယ်။ ဒီနေ့လဲလာတာမ တွေ့ဘူး။” အဲသည်နေ့ကစပြီး သူတို့ သည်ဈေးမှာလာမရောင်းတော့ပါဘူး။ ဖြစ်နိုင်တာတစ်ခုက နေမကောင်းတဲ့သူ့ အမေက သူ့ကျန်းမာရေးအခြေအနေမကောင်းတော့ မှန်းသိလို့ သူ့သမီးကိုပညာတွေထည့်ပေးနေပုံရတယ်။ ထူးဆန်းတာတစ်ခုက သူ မဖြူကို လက်ခုနဲ့ပစ်လိုက်တဲ့နေရာရယ် ကျနော့်လက်ကိုမဖြူမပုတ်ခင်က ကျနော်သွားလှုပ်လိုက်တဲ့နေရာရယ်၊ ဒေါ်ဖွားမေ ဓါးပုံစံလုပ်ပြီးသပ်ချသွားတဲ့နေရာရယ် တွေကတစ်နေရာထဲတွေဖြစ်နေတာပါပဲ။ အမေလည်းဒေါ်ဖွားမေ ကိုလုံချည်တစ်ကွင်းနဲ့သွားကန်တော့လိုက်သေးတယ်။ ၀ါမ၀င်ခင်ပဲ အမေကရိုးရာပွဲပေးလိုက်ပါတယ်။ ကျနော်လဲ အဲသည်အချိန်ကစ ပြီး တရုတ်နတ်၊ ကုလားနတ်၊ ဗမာနတ်အကုန်တွေ့တာနဲ့မေတ္တာပို့ အမျှဝေပေးတာပါပဲ။ ရှိရှိမရှိရှိ ယုံယုံ မယုံယုံ မေတ္တာပို့တာကကောင်းတဲ့အလုပ်ပဲမဟုတ်လား။ သည်အဖြစ်အပျက်ထဲက စကားလုံးအားလုံးဟာ ၏၊သည် မရွေးမမှန်နိုင်ပေမယ့် အနီးစပ်ဆုံးကိုသေချာပြန်စဉ်းစားပြီးရေးထားတာပါ။ ကျနော့်ရှေ့မှာဖြစ်ပျက်ခဲ့တာတွေမို့လို့ နောက် ၁၅ နှစ်ကြာလည်းမေ့မှာမဟုတ်ပါဘူး။ အားလုံးအတွက်ဗဟုသုတရတယ်ဆိုရင် ကျနော်ရေးရကျိုးနပ်ပါပြီ။
နှစ်သစ်မှာအားလုံးကျန်းမာပျော်ရွှင်ကြပါစေ။ အမင်္ဂလာသတင်းများကြားရခြင်းမှကင်းကြပါစေ။
နောက်ကျတဲ့အတွက်ခွင့်လွှတ်ပါ။ နောက်ဆိုလည်းကိုယ်တွေ့အဖြစ်အပျက်တွေနဲ့ စိတ်ချရတဲ့မိတ်ဆွေတွေ ရဲ့အဖြစ်အပျက်တွေကို အခုလိုလေကြောမရှည်ပဲ တိုတိုတုတ်တုတ် ကြိုးစားပြီးတင်ပေးပါ့မယ်။ အသိအမှတ်ပြုလက်ခံပေးတဲ့ အက်ဒ်မင်ညီအစ်ကို မမ များ (ဓါတ်ပုံတွေမှာညီမအရွယ်မတွေ့လို့ပါ :D) အားအထူး ကျေးဇူးတင်ရှိပါတယ်။
ဆော်လမွန်ဘုရင်ကြီး


0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်