ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်မှာနေခဲ့ရစဉ်အချိန်တုန်းကတော့
မိဘတွေရဲ့ အရိပ်အာသာဝအောက်မှာမို့လို့လားတော့ မသိပါဘူး။ ဘာသာတရားနဲ့
ပတ်သက်လာရင် ကိုယ်တိုင်ကိုယ်ကျဖိဖိစီးစီးမလုပ်ဖြစ်သည့်တိုင်အောင်
လူကြီးမိဘတွေရဲ့ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေကြောင့်
အေးချမ်းလုံခြုံမှုရှိစွာနဲ့ ဘဝကို ဖြတ်သန်းခဲ့ရပါတယ်။ မိုးလင်းပြီဆိုတာနဲ့
ကြေးစည်သံလေး တလွင်လွင်နဲ့ ဆွမ်းတော်ကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊
အမျှပေးဝေသံတွေနဲ့အတူ နေ့တနေ့ကို နိဒါန်းအစပျိုးတတ်ကြတဲ့
လူကြီးမိဘဆရာသမားများရဲ့ မင်္ဂလာကျက်သရေရှိလှတဲ့ ဓလေ့စရိုက်တွေကြောင့်
တောင့်တကြောင့်ကျမှုနည်းပါးစွာနဲ့ ကိုယ့်ဘဝကို ဖြတ်သန်းခဲ့ရတယ်ဆိုလည်း
မမှားပါဘူး။ မနက်ခင်းမိုးလင်းလာပြီဆိုတာနဲ့ အိမ်ရှေ့ကနေ " ဆွမ်းတော်ဗျို့ "
ဆိုတဲ့ အသံနဲ့အတူ ဘိုးဘွားမိဘတွေရဲ့ ဆွမ်းလောင်းနေကြတဲ့ ပုံပန်းသဏ္ဍာန်တွေက
ကပျာကယာ အိပ်ယာကနေ အတင်းအဓမ္မကုန်းရုန်းထပြီး အလုပ်ဝင်ကို
အချိန်မီရောက်အောင် အပြေးအလွှားသွားရတဲ့ စင်ကာပူနိုင်ငံရဲ့ သက်ပြင်းဖောက်
မနက်ခင်းတွေထဲမှာ တခါတခါတော့ အာရုံထဲကို ရောက်လာတတ်စမြဲပါ။ အရွယ်လေး
အထိုက်အလျောက်ရလာတော့ တိုင်းတပါးက ဘွဲ့လက်မှတ်လေးများရထားရင်
လူရှိန်တာပေါ့ရယ်လို့ မိဘတွေကို နားပူနားဆာဂျီကျပြီး အထုပ်ကလေးဆွဲကာ
လေယာဉ်ပေါ်တက်လို့ စင်ကာပူဆိုတဲ့ ကျွန်းနိုင်ငံဆီကို
စတင်ခြေဆန့်ခဲ့တဲ့အချိန်ကစပြီး ကျက်သရေမင်္ဂလာရှိလှတဲ့ မနက်ခင်းတွေကို တသသနဲ့
တမ်းတနေခဲ့ရုံအပြင် ဘာများတတ်နိုင်ဦးမှာလဲလေ...။
လေယာဉ်ပေါ်ကနေ စဆင်းကတည်းက စတင်ပြီး ပူပင်သောကတွေနဲ့ ရင်ဆိုင်တတ်ရလွန်းလှတဲ့ စင်ကာပူကျွန်းနိုင်ငံကို ခြေချကာစအချိန်တုန်းကတော့ ဘာဆိုဘာမှ မသိသေးပါဘူး။
အနေကြာလာလို့ ဟိုနားဒီနား လမ်းသလားတတ်လာတဲ့အချိန်ရောက်လာတော့
သြော်..စင်ကာပူဆိုတာ တရုတ်လူမျိုးတွေ အများကြီးနေတဲ့ ရန်ကုန်က လသာမြို့နယ်ကို မိတ္တူစက်ကြီးထဲထည့်ပြီး ဆိုဒ်ကြီးချဲ့ထားသလိုပါပဲလားဆိုပြီးတော့ မနှိုင်းကောင်း နှိုင်းကောင်း စိတ်ထဲမှာ တွေးလိုက်မိပါသေးတယ်။
မိုးကြိုးတွေ အတောင့်လိုက် ပစ်မခံရတာ ကံကောင်း။ မဟုတ်လို့လား ဒီမှာက သွားလေရာ တရုတ်မျက်နှာလို့ပြောရင်တောင် မမှားပါလောက်ပါဘူးနော့။ ချာရာဏသီရွှေပြည်ကြီးမှာနေစဉ်တုန်းကတော့ ပေါက်ဖော်တို့ရိုးရာ တစ္ဆေကြီးကန်တော့ပွဲတို့၊ သရဲမွေးတယ်တို့ဆိုတာတွေကို ကြားဖူးတာကလွဲလို့ ကြုံလည်းမကြုံဖူးပေါင်တော်။
ဒီကျွန်းကြီးပေါ်ရောက်တော့မှပဲ ဟိုလူ့ကိုမေးလိုက်၊ ဂူးဂဲလ်ထဲမှာ ပြူးတူးပြဲတဲနဲ့ ရှာလိုက် လုပ်တော့မှပဲ သူတို့ရိုးရာတစ္ဆေကြီး ကန်တော့ပွဲအကြောင်းကို တီးမိခေါက်မိရှိတော့တယ်။ တရုတ် ပြက္ခဒိန်ရဲ့ ချိရွဲ့ လို့ ခေါ်တဲ့ (၇)လပိုင်းဟာ ပေါက်ဖော်တို့ ရဲ့ Halloween@Ghost Festival ဖြစ်ပါသတဲ့။ ဒီကာလမှာ သေလွန်သူတို့ ရဲ့ ဝိညာဉ်တွေက ယာယီဗီစာရလို့လူ့ ပြည်လူ့ ရွာကို ခေတ္တ ပြန်လာကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒီကာလမှာ တရုတ်လူမျိုးတွေက အိမ်ပြင်မှာ သေလွန်သူတို့ အတွက် ရည်စူးပြီး အစားအသောက် အမွှေးတိုင်၊ ဖယောင်းတိုင် စတာတွေနဲ့ ပူဇော်ပသကြတယ်။
အဲဒီလို ပသတဲ့ အစားအသောက်ကို ယူမစားကောင်းသလို အမွှေးတိုင်တို့  စက္ကူပိုက်ဆံတို့  မီးရှို့လို့  ထွက်တဲ့ပြာကိုလည်း တက်မနင်းကောင်းဘူးတဲ့။ အဲ့ဒါတွေကို သတိမထားမိလို့ တရက်တည်းမှာ ပြဿနာကို (၂)ခါရှာမိခဲ့တာကို ပြန်ပြောင်းပြောရမယ်ဆိုရင်တော့ အမှိုက်ပုံးနဲ့ အမှတ်မှားရာက စတာပါပဲ..။
အိမ်အောက်မှာ သူတို့ရဲ့ ရွှေစက္ကူ၊ ငွေစက္ကူတွေထည့်ပြီး မီးရှို့တဲ့ သံပုံးလေးတလုံးကို ရွှေဥာဏ်တော်စူးရှလွန်းတဲ့ ဟော့ဒီက မယ်မင်းကြီးမက အမှိုက်ပုံးအောင့်မေ့ပြီး
ခပ်တည်တည်နဲ့ အိမ်မှာရှိတဲ့ အမှိုက်တွေကို သွားပစ်လိုက်မိတယ်။ ကံဇာတာများ ခေချင်ပြီလားဟေ့ဆိုရင်
ဘယ်တော့မှ ကိစ္စက တခါနဲ့ မပြတ်ဘူး။ အဲ့ဒီနေ့က ကျောင်းသွားရင်းနဲ့ ကျောင်းနားမှာလည်း အဲ့ဒါမျိုးပုံးတလုံးတွေ့တာနဲ့ ရော့..အင့်ဆိုပြီး ထပ်ပြီးတော့ အားပေးလိုက်မိသေးတာ။ ကျောင်းခန်းထဲရောက်တော့ အဲ့ဒီအမှိုက်ပစ်မိတဲ့ကိစ္စကိုလည်း စာသင်နေရင်းနဲ့ စိတ်ထဲမယ် မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။ စာသင်ချိန်ပြီးတော့
သူငယ်ချင်းတွေနဲ့အတူ သန့်စင်ခန်းကိုသွားကြတယ်။ အတူပါလာသူတွေအားလုံးက ယောက်ျားလေးတွေဖြစ်နေပြီး ကိုယ်တယောက်တည်း မိန်းခလေးဖြစ်နေတော့ အမျိုးသမီးအိမ်သာရှိရာဆီကို တယောက်တည်း ချီတက်ခဲ့ရတော့တာပေါ့လေ။
အထဲရောက်တော့ အိမ်သာနှစ်လုံးရှိတဲ့အထဲက ဒုတိယအိမ်သာထဲကို ဝင်လိုက်တယ်။ အိမ်သာတက်နေရင်းက ဘေးကပ်လျက်အိမ်သာအခန်းက ရေဆွဲချတဲ့အသံကို ကြားလိုက်ရတယ်။
အိမ်သာခန်းတွေက နံရံအောက်ခြေမှာ နေရာလွတ်ချန်ထားလေတော့ စပ်စုချင်စိတ်ကလေးနဲ့ ဘာရယ်မဟုတ်
လှမ်းကြည့်လိုက်မိတော့ ခြေထောက်မမြင်ရဘူး။ ဘိုထိုင်အိမ်သာမှာ ဆောင့်ကြောင့်လေးထိုင်ပြီး ကိစ္စရှင်းတယ်ဆိုရင်လည်း ဖိနပ်လေးတော့ ချွတ်သင့်တာပေါ့။ ခုတော့ ဖိနပ်မချွတ်ပဲနဲ့ အိမ်သာခွက်ပေါ်တက်တယ်ဆိုတော့ အတော့်ကို စတန်းဒတ်မရှိတာပဲလို့တောင် စိတ်ထဲမှာ မှတ်ချက်ပေးလိုက်မိပါသေး။ ခဏကြာတော့ လက်ဆေးတဲ့အသံကြားလိုက်ရလို့
ထပ်ပြီးတော့ စပ်စုမိတော့မှပဲ ကိုယ်ကြုံနေရတာ ဘာမှန်းကို တန်းနေအောင် သိတော့တယ်။ ဘေစင်မှာ လက်ဆေးပါတယ်ဆိုနေမှတော့ ဘယ်သူက ခြေထောက်အောက်မချပဲ ဆေးလို့ရမှာတဲ့တုန်း။ လေပေါ်မှာပျံဝဲပြီး လက်ဆေးတယ်ဆိုရအောင်လည်း စူပါဂဲလ်လည်းမဟုတ်။ စူပါဝူးမင်းလည်း မဟုတ်လောက်ပါဘူး။ ပိုပြီးတော့ သေချာအောင်လို့
ကပျာကယာအိမ်သာကနေ အပြင်ကိုထွက်ကြည့်တော့ လှေခါးတံခါးကလည်း ပိတ်လျက်သား။ ဓါတ်လှေခါးကလည်း ရပ်နေတယ်။
စောစောက အိမ်သာထဲမှာ တခြားလူတယောက်ယောက်ရှိနေခဲ့မယ်ဆိုရင် ဒီလှေခါးနဲ့ ဓါတ်လှေခါးမှာ တခုမဟုတ် တခုကိုသုံးပြီးမှ
ခရီးဆက်နိုင်မှာလေ။ လှေခါးကနေ အဆင်းအတက်လုပ်တယ်ဆိုရင်လည်း လှေခါးတံခါးကို ဖွင့်တဲ့ပိတ်တဲ့အသံကို ကြားကိုကြားရမှာ မုချ။ ဓါတ်လှေခါးကို သုံးတယ်ဆိုလို့ရှိရင်လည်း ဓါတ်လှေခါးတံခါးပေါက် အပေါ်မှာ တပ်ထားတဲ့ အချက်ပြမီးမှာ
အထပ်တွေပြောင်းနေရမှာပေါ့။ စာသင်ခန်းထဲကို ဝင်သွားတယ်ဆိုရင်လည်း တံခါးသံတော့ကြားရမှာပဲလေ။ အခုတော့ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လို့။ စိတ်ထဲမှာ ကြောက်စိတ်လေးဝင်မိပေမယ့် ကိုယ့်စိတ်ကထင်တာပဲ ဖြစ်မှာပါလေလို့ ကိုယ့်ကိုယ်ကို ပြန်အားပေးပြီး ထွက်လာခဲ့လိုက်တယ်။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့လို့ အကျိုးအကြောင်းပြောဖြစ်တော့မှ တခုခုများ အမှားအယွင်းလုပ်ထားမိသေးလားလို့ မေးကြတယ်။ ဒီတော့မှ မနက်တုန်းက အိမ်မှာတခါနဲ့ ကျောင်းမှာတခါ မီးရှို့ထားတဲ့ သံပုံးလေးတွေကို အမှိုက်ပုံးအမှတ်နဲ့ အမှိုက်တွေ ပစ်လိုက်မိတယ်လို့ အဖြေပေးလိုက်မိတယ်။ ဒီတော့မှ သူတို့က တညီတညွတ်တည်း မှတ်ချက်ပေးတာက အိမ်သာမှာကြုံလာတာ လူမဟုတ်ဘူး..တဲ့။ သူတို့အတွက် ရည်စူးပြီး ပူဇော်ထားတဲ့ ရွှေစက္ကူ၊ ငွေစက္ကူတွေထည့်တဲ့ပုံးထဲကို ညစ်တီးညစ်ပတ်အမှိုက်တွေလာထည့်လို့ စိတ်ဆိုးပြီး သတိပေးတာတဲ့လေ။
နောက်တခုလည်း ပြောစရာကျန်နေသေးတယ်။ ပြောလက်စနဲ့ တခါတည်း ပြောလိုက်တာပဲကောင်းပါတယ်။ နောက်ထပ်ရေးဖြစ်ဖို့ဆိုတာကလည်း အတော်မလွယ်တဲ့ကိစ္စကိုး။ ဒီတခါကြုံရတာကတော့ ကိုယ်တိုင်မဟုတ်ပါဘူး။ အရင်နေခဲ့တဲ့ အိမ်ရဲ့ အိမ်ရှင်အစ်မကြီး ပြန်ပြောပြတာ။ သူ့သူငယ်ချင်းတယောက်က အလုပ်ပိတ်ရက်မှာ ဈေးဝယ်ထွက်ရင်းနဲ့ ဖက်ခေါင်းအုံးကြီးတလုံး ဝယ်ပြီးပြန်လာပါသတဲ့။
အလုပ်နားရက်မှာ တနေကုန်လမ်းသလားပြီး အိမ်ပြန်လာတော့ လူကပင်ပမ်းနေတာနဲ့ ခေါင်းအုံးကို တလမ်းလုံး တရွတ်တိုက်ဆွဲလာတယ်တဲ့လေ။ ဒီမှာက လမ်းတွေမှာ သစ်သီးတွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေနဲ့ ပူဇော်ပသထားကြတာတွေ ရှိတယ်ဟုတ်။ တချို့က ထီဂဏန်းတောင်းဖို့၊ တချို့လည်း စီးပွားရေးကောင်းဖို့၊ ပညာရေးအောင်မြင်ဖို့ဆိုပြီး ခေါင်းစဉ်အမျိုးစုံနဲ့ ဆုတောင်းပူဇော်ထားကြတဲ့ ကန်တော့ပွဲလို့ပဲ မြန်မာလို တိုက်ရိုက်အနက်ပြန်ရတော့မှာပါပဲ။
အင်း... သူတို့တိုင်းပြည်မှာ အပူဇော်ခံ၊ အပသခံ အတန်းအစားဆိုပေမယ့် ရိုင်းရိုင်းပြောရရင်တော့ အောက်တန်းစားလို့ပဲ ဆိုရလေမလား။ ဟုတ်တယ်လေ။ လူတကာ ခြေနင်းတဲ့ လမ်းပေါ်မှာ စားပွဲမပါ၊ ခုံမပါ ဒီတိုင်းကြီး စားရတော့လည်း အောက်တန်းစားလို့ပဲ ပြောရတော့မှာပဲ။ ကိုယ်တွေဆီက အမေဂျမ်းတို့၊ မမနှဲတို့၊ ကိုကြီးကျော်တို့ကိုများ အဲ့လိုမျိုး ပွဲပေးမိရင်တော့လား..။ ဟွင်းဟွင်း။ နတ်တွေ စိတ်မဆိုးခင် နတ်ကတော်တွေက အရင်ပွဲကြမ်းမှာ အသေအချာပေါ့။
စင်ကာပူမှာ လူဖြစ်ရတာ လူဖြစ်ရကျိုး နပ်ပေမယ့်၊ နတ်ဖြစ်ရင်တော့ နတ်ဖြစ်ကျိုး မနပ်ပေဘူးဆိုတာကိုတော့ ကြပ်ကြပ်သာ သတိပြုကြလေကုန်။ အဲ့ဒီ ကန်တော့ပွဲထဲက အသီးတွေကို သူ့ခေါင်းအုံးကြီးနဲ့ ဝင်တိုက်မိသွားတယ်။
လူက ပင်ပမ်းနေတော့ ပြန်တောင်းပန်ရကောင်းမှန်းလည်း အရေးမစိုက်ပဲ ပြန်ရောက်ရောက်ချင်း အိပ်ယာထဲဝင်အိပ်လိုက်တယ်။ အဲ့ဒီညကစပြီးတော့ သူ့ကိုယ်ပေါ်ကို ယောက်ျားကြီးတယောက် တက်ဖိပြီး ညှစ်လည်းညှစ်(လည်ပင်းကို)၊ တရုတ်လိုတွေလည်း နိပုဟောင်၊ ဝခုပြောင်၊ အိရှောင်ကွမ်းလား သူတလုံးမှနားမလည်တဲ့ စကားတွေပြောတာကို (၅) ညဆက်တိုက် အိပ်မက်ထဲမှာ ကြုံရပါလေရော။ အဲ...(၅) ည ပြည့်ပြီးတဲ့နောက်တော့ အိပ်မက်ထဲက ပေါက်ဖော်ကိုကိုလည်း ပေါ်မလာတော့ဘူးဆိုပဲ။ တခါတည်းပြောထားရဦးမယ်။ (၅)ညဆိုတာ လူတွေ အိပ်တဲ့ ညပေါင်း (၅)ညကို ပြောတာနော်။ ချာရာဏသီရွှေပြည်ကြီးမှာ နိုင်ငံရေးလုပ်ရင် ဆွဲထည့်တဲ့ ပုဒ်မ(၅)ညနဲ့ အမှတ်မှားပြီး သရဲရော၊လူပါ ထောင်ထဲရောက်သွားသလားဆိုပြီး ဒွိဟ ပွားနေရမှာစိုးလို့ ကိုယ်ရေးတာ ကို သေချာအနက်ပြန်ပေးထားရတာ။
ဖက်ခေါင်းအုံးကြီး တရွတ်တိုက်ဆွဲလာမိတဲ့လူခမျာမယ် ကြောက်အားလန့်အားနဲ့ ဘုန်းကြီးကျောင်းက ပရိတ်ချည်၊ ပရိတ်ကြိုးတွေ၊ ပရိတ်သဲတွေ၊ ပရိတ်ရေတွေ အိမ်ယူလာပြီး ပရိတ်သဲတွေပက်၊ ပရိတ်ရေတွေလောင်းနဲ့ အလုပ်အတော်များသွားရရှာသတဲ့။
စင်ကာပူမှာ နေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေလည်း သွားတဲ့လာတဲ့အခါများမယ် အမှိုက်ပုံးနဲ့တော့ အမှတ်မမှားကြပါလေနဲ့။ သွားတဲ့လာတဲ့အခါများမယ် သူတို့ အရှင်သခင် ဘိုးဘိုးဘွားဘွားတွေအတွက် ရည်စူးထားတဲ့ လမ်းဘေးက အပုံလေးများတွေ့ရင် သတိကြပ်ကြပ်ထားပြီးသာ ရှောင်ကြပါလေ၊ ရှားကြပါလေလို့ပဲ ပြောပါရစေ။
ကိုယ်တိုင် တခါကြုံပြီဆိုတော့လည်း နည်းနည်းတော့ ဖြုံသွားတာ အမှန်ပါ။
နောက်ပြီးတော့ သူတို့တိုင်းပြည်နဲ့ ကိုယ့်တိုင်းပြည် လူနေမှုအဆင့်အတန်းခြင်းယှဉ်ရင် သူတို့ဆီက သာကောင်းသာနိုင်ပေမယ့် နတ်အချင်းချင်း ပါဝါအနိမ့်အမြင့်တိုင်းရင်တော့ ကိုယ်တွေဆီမှာ ကန္နားနဲ့ ပွဲနဲ့ စတန်းဒါတ်ရှိရှိ ပွဲတော်တည်သုံးဆောင်ခွင့်ရတဲ့ (၃၇) မင်းကုန်သော နတ်မင်းများကိုတော့ဖြင့် စင်ကာပူသား ထိုနတ်များ ဘယ်လိုနည်းနဲ့မှ တုနှိုင်းလို့ မယှဉ်နိုင်ကြောင်း ကြံဖန်လို့ ဂုဏ်ယူနိုင်သေးကြောင်းပါ။
by သရဲအကြောင်းပြောကြမယ်

0 comments:
Post a Comment