www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

"အိမ်ပြန်လမ်းမှာ ပွဲကြမ်းပြလေသည်လား"

အချိန်ကတော့ တော်တော်ကြာခဲ့ပါပြီ။ အနီးစပ်ဆုံး ခန့်မှန်းကြည့်ရင် လွန်ခဲ့တဲ့ ကိုးနှစ်ဆယ်နှစ် ဝန်းကျင်ကာလတုန်းကပေါ့။ တရွာမပြောင်း သူကောင်းမဖြစ် စကားပုံအတိုင်း ရေကြည်ရာ မျက်နုရာ အလုပ်ရှာရင်းနဲ့ ရမယ့်ရလာတော့ တရုတ်နယ်စပ်တနေရာမှာအလုပ်ရပါလေရော။ နယ်စပ်ဆိုပေမယ့်လည်း မြို့ကြီးပြကြီးလို့ထင်ပြီး အထင်မကြီးလိုက်ပါနဲ့။ တောမကျ၊မြို့မကျ စကောစက မြို့လေးရယ်ပါ။

           သက်ကြီးခေါင်းချချိန်ရယ်လို့ မြန်မာလူမျိုးများ သတ်မှတ်ကြတဲ့ သန်းခေါင်သန်းလွဲအချိန်တွေမှ
 အလုပ်ကပြီးတတ်ပါတယ်။အိမ်ပြန်လာတဲ့ အချိန်ဆိုရင် လမ်းဘေးမှာ လူသွားလူလာလည်း မရှိသလောက် ဖြစ်နေပြီ။
နယ်စပ်မြို့ဆိုတော့လည်း ဥပဒေအာဏာစက် လက်လှမ်းမမီသလိုဖြစ်နေတာကြောင့် အမှုအခင်းထူပြောလွန်းလို့
ဈေးဆိုင်တွေ၊ အသေးစားအိမ်ဆိုင်လေးတွေက အစ စောစောစီးစီးသိမ်းပြီး ကိုယ့်အိမ်ထဲမှာကို တံခါးပိတ်နေကြတာများပါတယ်။

          အဲ့ဒီနေ့တုန်းကလည်း အိမ်ပြန်လာတဲ့အချိန်က ခါတိုင်းလိုပဲ ညဥ့်အတော်နက်နေပြီ။ ပြန်နေကျလမ်းအတိုင်း တယောက်တည်းပြန်လာတဲ့ လမ်းမပေါ်မှာ လူတယောက်စ၊ နှစ်ယောက်စလောက် လမ်းလျှောက်နေတာကလွဲလို့ ခွေးလေခွေးလွင့်၊ကြောင်လေကြောင်လွင့်တွေတောင်
ဒီည မတွေ့ရဘူး။ ညဥ့်နက်ပိုင်းကလည်းရောက်လာ၊ ဆောင်းလေအေးကလည်း ခါတိုင်းထက်ပိုပြီးတော့တိုက်နေပြန်တာကြောင့်ပဲလားတော့
မသိပါဘူး။ လူက ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ ဝတ်လာတဲ့ အနွေးထည်လေးကို ရင်ဘတ်နားရောက်တဲ့အထိ ခပ်ကပ်ကပ်ဆွဲတင်လိုက်ရင်း စိတ်ထဲမှာ ဖျားများဖျားမလားမသိဘူးဆိုတဲ့ အတွေးနဲ့ အကိုက်အခဲပျောက်ဆေး လိုလိုမယ်မယ်ဝယ်ထားဖို့ စဉ်းစားမိသွားတယ်။ ဒီအရပ်မှာက မိုးလင်းပေါက် (၂၄)နာရီဖွင့်
တဲ့ Mini Mart တွေ၊ ဘာတွေ များများစားစား မရှိတတ်ဘူး။ ဒီပြန်နေကျလမ်းမှာဆိုရင် ဆေးဝယ်စရာ ဈေးဆိုင်လည်း ဒီအချိန်ဖွင့်လောက်တော့မှာမဟုတ်မှန်း စိတ်ထဲမှာ သိနေတယ်။ ညဈေးတန်းဘက်မှာတော့ ဒီအချိန်ဆိုရင် ဈေးဝယ်လို့ ရနိုင်သေးပေမယ့် ဘတ်စ်ကား တခါပြန်စီးနေရဦးမှာ။ တနေကုန်၊ တနေခမ်း အလုပ်ထားတဲ့အပြင် အိုဗာတိုင်လည်း ဆင်းထားရတော့ လူက အတော်နုံးနေပြီလေ။

           တွေးရင်း၊ငေးရင်းနဲ့ လျှောက်လာရင်းက ခပ်လှမ်းလှမ်းတိုက်နားမှာ ဆိုင်းဘုတ်တခုကို အမှတ်မထင် တွေ့လိုက်တယ်။
မီးမပိတ်သေးပုံထောက်ရင်တော့ ဆိုင်မပိတ်လောက်သေးဘူး ထင်ပါရဲ့။ အဲ့ဒီလမ်းထဲကိုလည်း တခါမှ မဖြတ်လျှောက်ဘူးသေးတော့
ဘာဆိုင်မှန်းတော့ သေချာမသိဘူး။ ဒါပေမယ့် ဒီအချိန်ထိ ဖွင့်ထားသေးပုံထောက်ရင်တော့ Mart တခုတော့ ဖြစ်လိမ့်မယ်ထင်ပါရဲ့ဆိုပြီးကိုယ်လိုရာ ကိုယ်ဆွဲတွေးလိုက်မိတယ်။ ဆိုင်လေးရှိတဲ့နေရာကိုရောက်ဖို့က အတော်လေးတော့ လှမ်းနေသေးတယ်။ပတ်ဝန်းကျင် တခုလုံးကလည်း တိတ်ဆိတ်နေလိုက်တာများတော့ လမ်းလျှောက်လာရင်း ကိုယ့်ခြေသံနဲ့ အသံရှူသံကိုတောင် ပြန်ကြားနေရတယ်။လမ်းမပေါ်မှာ ကိုယ်တယောက်တည်းရှိနေသလို ခံစားချက်နဲ့အတူ အားငယ်စိတ်၊ ကြောက်စိတ်တွေလည်း နည်းနည်းတော့ ဝင်လာသလိုလိုရယ်။ကိုယ့်စိတ်ကိုယ် ပြန်အားတင်းပြီး လက်မှာပတ်ထားတဲ့ နာရီလေးကို ငုံ့ကြည့်ရင်း မီးလင်းနေတဲ့ ဆိုင်လေးရှိရာဆီကို ခပ်သွက်သွက် ပြေးသွားလိုက်တယ်။

            ဆိုင်နဲ့ အတော်နီးလာပြီးမှ မျက်စိထဲမှာ မြင်လိုက်ရတာက Mart မဟုတ်ပဲ အဝတ်လျှော်ဆိုင်(Laundry) ကြီးဖြစ်နေတယ်။ စိတ်တော်တော်ကိုညစ်သွားတာ။ ပြီးမှ စိတ်ထဲမှာ သတိတခု ဖျတ်ခနဲဝင်လာတာက  ဘယ်လောင်ဒရီဆိုင်မှ ဒီလို အချိန်ထိ ဖွင့်လေ့မရှိတာကိုပဲ။ တွေးလို့မှ မဆုံးသေးဘူး။ ဆိုင် အထဲက အဝတ်လျှော်စက်ကြီး ဖွင့်တဲ့ အသံကြီး ထွက်လာတယ်။ အရေးထဲမှာ အရာပေါ်ဆိုသလိုပဲ လေတွေကလည်းပိုပြီး ကြမ်းကြမ်းတိုက်လာသလိုပဲ။ အသည်းထဲကတောင် စိမ့်စိမ့် တက်လာတယ်။ အဝတ်လျှော်ဆိုင်နဲ့ ကိုယ့်လာရင်းကိစ္စနဲ့ ဘာမှမဆိုင်တာမို့လာရာလမ်းကို ပြန်လှမ်းမယ် ပြင်တုန်း ရှိသေး အထဲကနေ တံခါးဖွင့်လိုက်တဲ့အသံ ပီပီသသကြီးကို ကြားလိုက်ရပါလေရော။အဝတ်လျှော်တဲ့ စက်သံကြီးကလဲ တဂီဂီနဲ့ နားထင်ကြောတွေပါမက ခေါင်းပေါ်က ဆံပင်တွေပါ အကုန် ထောင်လာသလိုမျိုးကြီး
ခံစားမိလာတယ်။ ဆိုင်တံခါးကတော့ တကယ်ကို ပွင့်လာခဲ့တာ။ ပြီးတော့ တံခါးဝကနေ  လူတစ်ယောက် ပိုပြီး တိတိကျကျ ပြောရရင်တော့မိန်းကလေးတစ်ယောက် ကျောပေးပြီး ထွက်လာတယ်။ အသက် ဘယ်နားက ထွက်ရ ကောင်းမလဲလို့တောင် ဆုံးဖြတ်လို့မရတဲ့ အချိန် ဖြစ်နေမှန်း သိနေပေမဲ့
ဒီဖက်ကို လှည့်လာမယ့် မျက်နှာကို စူးစမ်းချင်နေသေးတယ်။ (ဆန့်ကျင်ဖက် လိင်ဆိုတာ ဆွဲဆောင်မှုအားက အဲ့လောက်ပြင်းမှန်း အခုနေပြန်တွေးမှသဘောပေါက်တယ်)။  မထူးဘူး လာမဲ့ဘေး ပြေးတွေ့မယ်လို့ တင်းခံပြီး ကြည့်လိုက်တာ ဆိုင်ထဲကထွက်လာတဲ့
ကောင်မလေးက ကျောခိုင်းရက်နဲ့ ခေါင်းကြီး တစ်ခုလုံး ဒီဘက် လည်လာတာ။ မြန်မာသရဲကားမှာတောင် သရဲပင်တိုင်မင်းသမီး စံပယ်မိုးတို့အဲ့လို အက်ရှင်မျိုး မလုပ်တတ်လောက်သေးဘူး။
ဟာ ဘယ်ပြောကောင်းမလဲ
အဲ့တော့မှ နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲ ဆိုပြီး ပြေးလိုက်တာ ခုနက ဖျားချင်နေတဲ့ အဖျားတောင်
ဘယ်ချောင်ကပ်သွားမှန်း မသိတော့ဘူး။ ပြေးလိုက်တာ အိမ်ခန်းနား ရောက်ခါနီးတော့မှ
အသက်ခက်ခက်ခဲခဲ ရှုနေရပြီး မောသလို ရှိတာနဲ့ တိုက်ခန်းတွေ စောင့်နေကျ အစောင့်အဘိုးဆီက ရေတစ်ခွက် တောင်းသောက်လိုက်ရတယ်။

        ရေသောက်ပြီး အိမ်ခန်းအပေါ် ပြန်တက်ဖို့လုပ်တာ ကျေးဇူးတင်တယ်တောင် မပြောခဲ့ရလို့
အားနာနာနဲ့ အဲ့အဖိုးကို လှမ်းကြည့်လိုက်တာ......
ဟိုက် !
 ပြန်ကြည့်လိုက်တဲ့ အချိန်မှာ အဲ့ security အဖိုးဟာ နံရံထဲ ဝင်သွားပါလေရော။

        ဖျားချင်သလိုဖြစ်ပြီး အူကြောင်ကျားနဲ့  စိတ်ခြောက်ခြားပြီး တကယ်မရှိတာတွေကို ရှိတယ်ထင်ပြီး ပေါက်တတ်ကရတွေများ
 မြင်နေရတာများလားဆိုပြီး ကိုယ့်စိတ်ကိုအားတင်းပြီး ထပ်ကြည့်လိုက်တော့ ဘယ်သူ့မှ မရှိတော့ဘူး။
ကြောက်ကြောက်နဲ့ အခန်းအမြန်ဝင်ပြီး အိပ်ယာဝင်လိုက်ရတယ်။ အဲ့ညက ရေလည်း မချိုးဖြစ်တော့ဘူး။
ဖျားချင်သလိုကလည်းဖြစ်နေပြန်၊ အေးကလည်းအေးမို့ စောင်ခေါင်းမြီးခြုံပြီး တချိုးတည်း အိပ်ချလိုက်တော့တာ။
ဒါတောင် တော်တော်နဲ့ အိပ်မပျော်နိုင်ဘူး။ လမ်းမှာ မြင်လာတာတွေ ပြန်တွေးပြီး လန့်နေလို့။

      မနက်မိုးလင်းတော့မှ သိရတာက အိမ်ခန်းစောင့်တဲ့ အဖိုးက ယူနန်ပြည်နယ်ကို ခွင့်တင်ပြီးထွက်သွားရင်းက
 အသွားမှာ ကားမှောက်ဆုံးတာ သုံးရက်လောက်ရှိပြီတဲ့။
အလုပ်လုပ်တဲ့နေရာက နယ်စပ်ဆိုပေမဲ့ ဘာသာခြား လူမျိုးခြားတွေ ဖြစ်နေတာရယ်ကြောင့်ရော၊
 အားလုံး ကိုယ့်အလုပ်နဲ့ ကိုယ် သီးသန့် နေတာကြာတာကြောင့်ရောမို့
ကိုယ့်နီးနား ဝန်းကျင်မှာ ဖြစ်တာတွေကို သတိမထားမိကြတာများတယ်။ အလုပ်သွားပြန်ရက်တွေမှာ
 အဲ့အဖိုးမရှိတော့တာကို သတိမထားလိုက်မိဘူး။

         ပထမ ကြုံခဲ့ရတဲ့ လောင်ဒရီဆိုင် ဇာတ်လမ်းကလည်း အဲ့မှာနေတာ တော်တော်လေးကြာတော့မှ
စပ်စပ်စုစု လိုက်မေးကြည့်လို့သိရတာက အဲ့လောင်ဒရီဆိုင်မှာ ကောင်မလေးတစ်ယောက် အသတ်ခံရဖူးတယ်တဲ့။
သတ်ပြီးတော့ အလောင်းကို အဝတ်လျှော်စက်ထဲ ထည့်သွားတာတဲ့။ အမှုကတော့ တော်တော်ကြာပြီ။
အဲ့ဆိုင်ပိတ်ထားတာလည်း အဲ့ဒီလူသတ်မှုဖြစ်ကတည်းကပဲတဲ့။ အဲ့ဒီအမှုဖြစ်တဲ့ အချိန်မှာ ဒီလူက မြန်မာပြည်မှာပဲရှိနေသေးတာ။
ပြီးတော့ အဲ့ဘက်ခြမ်းနယ်စပ်က တရုတ်တွေက နည်းနည်းကြမ်းတယ် ရိုင်းတယ် မြို့ကြီးပြကြီး ပေကျင်းတို့လို မဟုတ်ဘူး။
အဲ့ဒီ လောင်ဒရီဆိုင်လို အမှုဖြစ်ပြီးသေတဲ့ နေရာမှာ အမွှေးတိုင်လေးငါးတိုင်ရယ်နဲ့ တရုတ်ပယောဂဆရာပေးတဲ့ ဆေးအင်းလိုမျိုး
 တရုတ်စာတွေရေးထားတဲ့ စာရွက်တစ်ရွက်ပဲကပ်ထားတာ။ တရားနာတာ၊ ဘာညာလည်း မလုပ်ကြဘူး။
အယူမရှိကြလို့ နေမှာပါလေ။ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့။ အဲ......ကိုယ်နဲ့ဆိုင်တဲ့ အလုပ်တခုတော့
မဖြစ်ဖြစ်အောင် လုပ်ဖြစ်သွားတာရှိတယ်။ အဲ့ဒါကတော့ အလုပ်လည်းပြောင်း၊ အိမ်ခန်းလည်း ပြောင်းလိုက်တော့တာပါပဲ။
ပြီးတော့ ညဘက်တွေ အပြင်သွားတဲ့အခါ ကောင်မလေးတွေတွေ့တိုင်းလည်း အငမ်းမရ မကြည့်ဖြစ်တော့တဲ့ အကျင့်ကောင်းလေး တခုတော့အဲ့အချိန်ကတည်းကနေ ခုထိ စွဲစွဲမြဲမြဲလုပ်ဖြစ်သွားပါတော့တယ်။


by သရဲအကြောင်းပြောကြမယ်

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်