မိမိချက်မဲ့ ငါးဥကို ရေစင်စင်ဆေးပါတယ်။
ကျွန်မတို့အရပ်မှာတော့ ငါးရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ ငါးအူ၊ ငါးစီဖောင်း၊
စသည်တို့ကိုလည်း စားလေ့ရှိပါ တယ်။ ခုလည်းငါးဥသာမက ငါးစီဖောင်းတွေကိုလည်း
ထည့်ချက်ပါမယ်။ ပထမဆုံး ချက်ပြုတ်မယ့် ငါးဥ၊ ငါးစီဖောင်း စတာတွေ
အားလုံးကို ရေနဲ့ စင်အောင် သေသေချာချာ ဆေးကြောလိုက်ပါတယ်။
ထို့နောက် ငါးဥကို အတုံးလေးများတုံး၊ ငါးစီဖောင်းတို့ကိုလည်း
တစ်လမခန့်ဖြတ်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူထောင်း၊
ငရုပ်သီးစိမ်းပါးပါးလှီး၊ ဆား၊ အရသာမှုန့်၊ ငံပြာရည်၊ အရောင်တင်မှုန့်၊
နနွင်းမှုန့်၊ ရှမ်းနံနံ၊ ဖက်ဖယ် စတဲ့ ဟင်းခတ်အမွှေးအကြိုင်ရွက်တို့ကို
ထည့်ပါတယ်။ အချဉ်အရသာအတွက် ချဉ်စော်ခါးသီးခြောက် (သို့မဟုတ်)
မက်လင်သီးခြောက် နည်းနည်းကို ပါးပါးလှီးထည့်ပါတယ်။ ၄င်းတို့ မရှိပါက
သံပုရာသီး အနည်းငယ်ကိုလည်း လှီးလို့ဖြစ်ဖြစ်၊ အရည်ညှစ်လို့ ဖြစ်ဖြစ်
ထည့်နိုင်ပါသေးတယ်။ ဟင်းကျက်သွားတဲ့အခါ ဟင်းအိုးချခါနီးကိုထည့်ဖို့ နံနံနဲ့
ဖက်ဖယ်ရွက်ကို အားလုံးမထည့်ဘဲ အနည်းငယ် ချန်ထားပါတယ်။
အစပ်ကြိုက်တတ်ရင်တော့ ငရုပ်သီးစိမ်းများများထည့်နိုင်ပါတယ်။
ကျွန်မတော့ တော်သင့်ရုံလောက် ထည့်လိုက်ပါတယ်။
ကချင်ချက်ဟာ ဆီသတ်ပြီး ချက်တာမျိုးမဟုတ်ပါဘူး။
ချဉ်ချဉ်စပ်စပ် မွှေးမွှေးကြိုင်ကြိုင်နဲ့ ဆီကို ပမာဏ အနည်းဆုံးသုံးပြီး
ဆီလှယ်၊ ရေလှယ် ချက်တာမျိုးပါ။ ဒါကြောင့် ဆီမသတ်ဘဲ
အိုးထဲကို ရေထည့်လိုက်ပြီး မီးပေါ်တည်လိုက်ပါတယ်။
ရေဆူလာရင် ရောမွှေပြီး အဖုံးအုပ်ထားလိုက်ပါတယ်။
ငါးဥနဲ့ စီဖောင်းများ သေချာကျက်စေရန် ရေကို ၂ရေခန့်
ခန်းအောင်ချက်ပါတယ်။ ရေခမ်းသွားရင် နံနံရွက်နဲ့ ဖက်ဖယ်ရွက် ချန်ထားတာကို
ထပ်ထည့်ပြီး မွှေလိုက်ပါတယ်။
ချဉ်ချဉ်စပ်စပ် အရသာရှိတဲ့ ငါးဥချက်လေးရပါပြီ။ ကျွန်မတို့ ကချင်ပြည်နယ်မှာ
အသုံးများတဲ့ ဖက်ဖယ်ရွက်လေးက ဟင်းကို မွှေးနေစေပြီးတော့ မိုးအေးအေးမှာ
ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက် ဖြစ်စေမှာ အမှန်ပဲဖြစ်ပါတယ်။
ထမင်းမြိန်မဲ့ ငါးဥချက်ဟင်းပါ။
မန်ကျည်းသီးထောင်းသုပ်
************
နောက်ထပ် ချက်စားဖြစ်တဲ့ ဟင်းတစ်မျိုးအနေနဲ့
မန်ကျည်းသီးစိမ်းကို ထောင်းပြီး သုပ်ထားတာလေး ပြောပြချင်ပါသေးတယ်။
မန်ကျည်းသီး နုနုတွေကို ဈေးကဝယ်၊ ရေစင်အောင်ဆေး၊ အပေါ်က အခွံလေးတွေကို
ဓါးနဲ့ခြစ်လိုက်ပါတယ်။ အဲဒီနောက် ငရုပ်ဆုံထဲ နည်းနည်းချင်းစီ
ထည့်ထောင်းပါတယ်။ မန်ကျည်းသီးတွေဟာ အချိန်နည်းနည်း ကြာလာတာနဲ့
တဖြေးဖြေးချင်း မဲသွားတတ်ပါတယ်။ ဒါကြောင့် မန်ကျည်းသီးကို ထောင်းကတည်းက
ဆားနည်းနည်းစီထည့်ထောင်းရပါတယ်။
မန်ကျည်းသီးထောင်းထဲကို ဆား၊ အရသာမှုန့်၊ ပုဇွန်ခြောက်၊ ငရုပ်သီးစိမ်း၊
ကြက်သွန်နီပါးပါးလှီး၊ ငပိအနည်းငယ်တို့ကို ထည့်ပါတယ်။ ထို့နောက်
ပဲဆီအစိမ်းကို ထည့်ပါတယ်။ မန်ကျည်းသီးကို အချဉ်ပေါ့စေရန်နှင့်
စားလို့သင့်တော်တဲ့ အရသာရစေဖို့ ဆီများများထည့်ပါတယ်။
၎င်းအဆာပလာများကို ရောနယ်လိုက်ရင် မန်ကျည်းသီးစိမ်းထောင်းကို ဆီစိမ်းလေးဆမ်းပြီး သုပ်ထားတဲ့ ဟင်းတစ်ခွက် ရပါပြီ။
ချဉ်ချဉ်စပ်စပ် မန်ကျည်းသီးစိမ်းထောင်းသုပ်ပါ။ မန်ကျည်းသီးထောင်း၊
ငါးဥဟင်း၊ ဟင်းချိုပူပူ တစ်ခွက်နဲ့ ဆိုရင် ဘယ်သူ့ကို မေးမေး
မိုးအေးအေးရာသီမှာ ခံတွင်းမြိန်စေမယ့် ဟင်းတွေ ဖြစ်နေမှာ သေချာပါတယ်နော်။
by missgreenlady
by missgreenlady










0 comments:
Post a Comment