ကြက်ဆီထမင်းကို ( Hainanese Chicken
Rice) ဟိုင်နန်ကြက်ဆီထမင်းလို့ ခေါ်ကြတာကိုတွေ့ရပါတယ်။ ဘာဖြစ်လို့ ဟိုင်နန်
ကြက်ဆီထမင်းလို့ ခေါ်ရတာလဲလို့ လေ့လာကြည့်တော့ ကြက်ဆီထမင်းရဲ့
မူလဇာတိရင်းမြစ်ဟာ တရုတ်ပြည် ဟိုင်နန် ကျွန်းက ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ
ဟိုင်နန်ကျွန်းက လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က မလေးရှား၊
စင်္ကာပူကျွန်း
စသည်တို့ဘက်ကို ပြောင်းရွေ့အခြေချ နေထိုင်ဖို့ ရောက်လာခဲ့ကြရာမှ အဲဒီ
ကြက်ဆီထမင်း ချက်နည်းဟာ ဟိုင်နန်ကျွန်းက တရုတ်လူမျိုးတွေနဲ့အတူ ပါလာပြီး
စင်္ကာပူ၊ မလေး၊ ဗီယက်နမ်၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ နာမည်ကျော် စားစရာ
တစ်မျိုးအဖြစ် ထင်ရှားလာခဲ့ရာ ကျွန်မတို့မြန်မာပြည်မှာပါ လူကြိုက်များတဲ့
စားသောက်ဖွယ် ဖြစ်လာခဲ့ပြီ။
မိမိတို့ရဲ့
အားလပ်ရက်တွေမှာ ချက်ပြုတ်စားတာဘဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့
စားဖို့ဖြစ်ဖြစ်၊ လှူဖို့ဖြစ်ဖြစ် ၊ ရောင်းဖို့ဖြစ်ဖြစ် အရသာလည်းရှိ၊
အမြင်လည်းလှ၊ အဆင်ပြေသင့်တော်တဲ့ ကြက်ဆီထမင်းပါ။
by missgreenlady
ဘယ်အချိန်စားစား မရိုးနိုင်အောင်
စားကောင်းလှတဲ့ ကြက်ဆီထမင်းဟာ လူကြိုက်လည်း များလှပါတယ်။ ကြက်ဆီထမင်း
ချက်ဖို့အတွက် ပထမဦးစွာ အဆီများများ ဝဖြိုးဖြိုး
ကြက်တစ်ကောင်ကို ရွေးချယ်ကာ ဆားနဲ့ ပွတ်ဆေးပြီး ရေစင်အောင်ဆေးပါတယ်။
ကြက်ထဲက ပါလာတဲ့ အဆီပြင်တွေကို သပ်သပ် ဖယ်ထားလိုက် ပါတယ်။ တကယ်လို့
အဆီပြင်မပါရင်လည်း ဖယ်ထားဖို့ မလိုပါဘူး။ ပြီးရင် ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊
အရသာမှုန့်၊ နာနတ်ပွင့်၊ ဖာလာသီး ( ၄င်း ၂မျိုးကို တရုတ်လိုတော့ ချောက်ကော၊
ပါးကောလို့ ခေါ်ကြပါတယ်) တို့ကို ထည့်ကာ ၄င်းကြက်သားကို
ရေမြုပ်အောင်ထည့်ပြီး ကြက်သားများ နူးလာတဲ့ထိ ပြုတ်ပါတယ်။ ကြက်ကို
အကောင်လိုက် ပြုတ်နိုင်သလို ခုတ်ထစ်ပြီး အဆင်ပြေသလိုပြုတ်နိုင်ပါတယ်။
ကျွန်မတော့ အိုး နည်းနည်းသေးတဲ့အတွက် တစ်ပိုင်းစီ
ခုတ်လိုက်ပြီး ပြုတ်လိုက်ပါတယ်။
ကြက်သားကိုပြုတ်ခြင်း
ဒါကတော့ ကြက်မှာပါတဲ့ အဆီတွေပါ
အဲဒါကို ဆီနည်းနည်းထည့်ပြီး ကြော်လိုက်ရင် အဝါရောင် သန်းနေတဲ့ ကြက်ဆီတွေ ထွက်လာပါတယ်။ အဲဒီနည်းနဲ့ ကြက်ဆီကို ရနိုင်ပါတယ်။
ကြက်သားပြုတ်နေတုန်းမှာလည်း
ကြက်ဆီတွေ ထွက်လာတတ်ပါတယ်။ အဲဒီဆီကို ခပ်ခပ်ပြီး ယူထားရင်လည်း ကြက်ဆီကို
ရပါတယ်။ ကြက်သားနူးလာရင် အသားတွေကို ဆယ်ထားလိုက်ပြီး ရေခဲရေ အေးအေးထဲမှာ
ခနလောက် စိမ်ထားလိုက်ရင် အရေခွံတင်းနေတဲ့ ကြက်သားပြုတ်ကို ရပါတယ်။
အဲဒီကြက်သားတွေကို မိမိနှစ်သက်သလို အနေတော် အတုံးလေးများ တုံးထားနိုင်သလို
အသားများ လွှာရင်လည်း လွှားထားနိုင်ပါတယ်။
ကြက်သားပြုတ်ရည်ပါ။
ခူးခပ်ထားတဲ့ ကြက်ဆီတွေကို ရေခန်းအောင်တည်ပြီး ရေခန်းတာနဲ့ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ ဖာလာပွင့်တို့ကို ဆီသတ်ပါတယ်
ထို့နောက် ကြက်ဆီထမင်းချက်ရန် ရေဆေးထားတဲ့ ဆန်ကို ထည့်ပြီး ဆန်အနည်းငယ် ဝါရောင်သန်းလာတဲ့အထိ ကြော်ပါတယ်။
ထို့နောက်
( Rice cooker) ထမင်းအိုးထဲ ဆန်ကိုထည့်လိုက်ပြီး ဆား၊ ကြက်သားမှုန့်၊
ဆွမ်းမွှေးရွက် ( မရှိက မထည့်လည်း ရပါတယ်) ကြက်သားပြုတ်ရည်တို့ကို
မိမိဆန်နဲ့ သင့်တော်တဲ့ ပမဏကို ထည့်လိုက်ပြီး ထမင်းကျက်ပြီး
အနံ့လေး မွှေးလာတဲ့အထိ ချက်ပါ။ ထမင်းအိုး တည်ထားတုန်းမှာဘဲ
အနံ့လေးက မွှေးကြိုင်လာတာကို ခံစားရပါလိမ့်မယ်။
ထမင်း ကျက်သွားတဲ့အခါ ကြက်ဆီလက်ကျန် ရှိနေသေးရင် ထမင်းအိုးထဲ လောင်းထည့်ပြီး ဆီတွေ နှံ့သွားစေဖို့ အပေါ်အောက် အနည်းငယ်မွှေပေးပါ။
ပန်းကန်လုံးတစ်ခုထဲ
ထမင်းကို လက်နဲ့ အသာသိပ်ထည့်ပြီး ပန်းကန်ပြားပေါ် မှောက်ချလိုက်ရင်
ပုံစံတကျ လှပတဲ့ ထမင်းလေးကို ရပါမယ်။ ပြီးရင် ၄င်းနဲ့ တွဲဖက် စားသောက်ဖို့
ကြက်သား၊ ဥနီ၊ သခွားသီး၊ ပူစီနံ၊ နံနံတို့ကို နှစ်သက်သလို အလှဆင်ပါ။
(ကြက်သား အများကြီးစားရင် ချောင်းဆိုးမယ်။ သုံးတုံးထဲ စားနော် ) :P:P
ကြက်ဆီထမင်း၊ ဗာလချောင်ကြော်၊ ပဲငပိဆော့စ်၊ ငရုပ်ဆောစ့်၊ မုန်ညင်းချဉ်၊ ကြက်ပြုတ်ရည်
ကြက်ဆီထမင်းကို
အချို့ဆိုင်တွေမှာ ဗာလချောင်ကြော်နဲ့ တွဲဖက်ပြီး လာချပေးပါတယ်။ တကယ်လို့
ဗာလချောင်ကြော်ပါ ထည့်မယ်ဆိုရင် ကြက်သွန်နီ
ပါးပါးလှီးပြီး ရွေဝါရောင်သန်းလာအောင် ကြော်ပါတယ်။ ကြက်သွန်ဖြူကိုလည်း
၎င်းအတိုင်း သီးသန့်စီ ကြော်ပါတယ်။ ကြော်ပြီးဆယ်ထားကာ ဆီ စစ်ထားလိုက်ပါတယ်။
ထို့နောက် ပုဇွန်ခြောက်ကို ရေဆေး ညက်အောင် ထောင်း( စက်နဲ့ ကြိတ်) ထားပြီး
ဆီနဲ့ ကြော်ပါတယ်။ နနွင်း၊ အရောင်တင်မှုန့် ထည့်ပါတယ်။ ငရုပ်သီးကြမ်းမှုန့်
နှစ်သက်သလောက် ထည့်ပါတယ်။ ဆား၊ အရသာမှုန့် ထည့်ပါတယ်။ ငပိအနည်းငယ်၊ ငံပြာရည်
အနည်းငယ်ထည့်ပါတယ်။ အချိန်အနည်းငယ် ကြော်ပြီးနောက် ပုဇွန်ခြောက်များ
ကျွတ်လာရင် ပန်းကန်ဖြင့် ခူးထားလိုက်ပြီး အေးသွားတဲ့အခါမှ ကြက်သွန်နီကြော်၊
ကြက်သွန်ဖြူကြော်၊ ပုဇွန်ခြောက်ကြော်တို့ကို ရောမွေလိုက်ရင်
ဗာလချောင်ကြော် ရပါတယ်။ ပူတုန်းမှာ မရောရပါဘူး။ ရောလိုက်ရင် ကြက်သွန်တွေ
မကြွပ်ဘဲ ပျော့သွားတတ်ပါတယ်။
ဗာလချောင်ကြော်
by missgreenlady










0 comments:
Post a Comment