ပါဝင်ပစ္စည်းများ
မုန်ညင်းဖြူထုပ်ကြီးကြီး - ၅၀ ကျပ်သား
မုန်လာဥနီ - တစ်ဥ
(မီးခြစ်ဆံအရွယ် အမြောင်းရှည်ရှည် လေးများ လှီးထားပါ)
မုန်လာဥဖြူ - နှစ်ဥ
(တစ်စင်တီမီတာအထူရှိ အဝိုင်းလေးများ သို့မဟုတ် နှစ်သက်ရာပုံစံလှီးထားပါ)
ကြက်သွန်မြိတ် - ခုနှစ်ပင်
(လက်နှစ်ဆစ်ခန့်စီ ဖြတ်ထားပါ)
ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
ယိုးဒယား ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ဆားကြမ်း - ထမင်းစားဇွန်း လေးဇွန်း
စားပွဲတင်ဆား - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ကြက်သွန်နီ နုပ်နုပ်စင်း - တစ်ဥ
ကြက်သွန်ဖြူ နုပ်နုပ်စင်း - အမြွှာသေး ငါးမြွှာ
ငရုတ်သီးခြောက် အပုတောင့် - ငါးကျပ်သား
သကြား၊ နှမ်းလှော် - ထမင်းစားဇွန်း တစ်ဇွန်းစီ
ပြုလုပ်ပုံ အဆင့်ဆင့်
၁။ ပထမဦးစွာ မုန်ညင်းဖြူထုပ်ကို တစ်ရွက်ခြင်းခွာ၍ ရေစင်အောင်ဆေးပါ။ ရေဆေးပြီးသော မုန်ညင်းရွက်များကို ရေစစ်၍ ဆားကြမ်းဖြင့် တစ်ရွက်ခြင်း ပွတ်ထားပါ။ ပြီးလျှင်အိုးကြီးကြီးတစ်လုံးထဲထည့်ကာ ဖုံးအုပ်ပြီး ၆ နာရီကြာခန့် သိပ်ထားပါ။
၂။ မုန်ညင်းသိပ်ထားတုန်းမှာ ငရုတ်သီးခြောက်များကို ကတ်ကြေးဖြင့် ခပ်ထူထူညှပ်၍ ၁၀ မိနစ်ခန့် ရေစိမ်ထားပါ။ ငရုတ်သီးများ ပျော့၍ပွလာလျှင် သစ်သီးဖျော်စက်ထဲထည့်ကာ ရေထမင်းစားဇွန်း တစ်ဇွန်းခန့်နှင့်အတူ ရော၍ကြိတ်ပါ။ ငရုတ်သီးအနှစ် ကောင်းကောင်းကို ရပါမည်။
၃။ မုန်ညင်းသိပ်ထားချိန် ခြောက်နာရီပြည့်လျှင် အရွက်တွင်ပွတ်ထားသော ဆားများ စင်သွားအောင် ရေဆေးပါ။ ရေနှစ်ခေါက်ခန့်ဆေးပြီးနောက် ရေစင်အောင် ခပ်ဖွဖွ ညှပ်ပစ်ပါ။
၎။နောက်ဆုံးအဆင့်အနေနှင့် မုန်ညင်းဖြူရွက်၊ ငရုတ်သီးအနှစ်နှင့် ကျန်သောပါဝင်ပစ္စည်း အဆာပလာ အကုန်လုံးကို ဇလုံကြီးကြီးတစ်လုံးထဲထည့်၍ ပလတ်စတစ်လက်အိတ်စွပ်ကာ လက်နှစ်ဖက်ဖြင့် အားရပါးရနယ်ပါ။ အပေါ့အငန်မြည်း၍ ချိန်ဆထည့်ပါ။ နယ်ပြီးသား ကင်မ်ချီများကို ပလတ်စတစ်ဘူးများဖြင့် သိပ်ထည့်ကာ လေလုံအောင်ဖုံး၍ အခန်း အပူချိန်တွင် တစ်ရက်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် လေးရက်ခန့်ထားပြီးပါက အချဉ်ပေါက်လာပြီး အသင့်စားသုံးနိုင်ပါပြီ။
မှတ်ချက်။ ။ စစိမ်တဲ့ရက်မှ ငါးရက်ပြည့်ပြီးနောက်ပိုင်းတွင် ကင်မ်ချီဟာ တစ်နေ့ ထက်တစ်နေ့ ပိုပိုချဉ်လာတဲ့အတွက် တစ်ပတ်အတွင်း ကုန်အောင်စားပါမှ အကောင်းဆုံး အရသာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကင်မ်ချီကို မုန်ညင်းဖြူ တစ်မျိုးတည်း နှစ်သက်ပါက မုန်လာဥနီနဲ့ မုန်လာဥဖြူတို့ကို မထည့်ဘဲ ချန်ထားခဲ့နိုင်ပါတယ်။
Ref : Good Health

0 comments:
Post a Comment