ဒီနေ့ မဟာသင်္ကြန်ရဲ့
ဒုတိယအကြတ်နေ့ ဖြစ်ပါတယ်။ လည်လို့ရတဲ့သူတွေက လည်ကြပြီး မလည်နိုင်တဲ့သူတွေက
အိမ်မှာ ငိုင်နေတာမျိုး မဖြစ်ရအောင် မြန်မာ့ရိုးရာ မုန့်လက်ဆောင်း
လုပ်စားရအောင်လားနော်။ မုန့်လက်ဆောင်းဆိုရာမှာ မုန့်ဖတ်လေးတေကို
အများအားဖြင့် ဈေးထဲကနေ လွယ်လွယ်ကူကူ ဝယ်ယူလို့ရပါတယ်။ ဒါပေမဲ့
ဝယ်မရတဲ့နေရာမှာဆိုရင်တော့ လုပ်စားဖို့ ခက်ပြီပေါ့နော်။ အဲဒီလို ဝယ်မရရင်
မိမိကိုယ်တိုင် လုပ်စားလို့ဖြစ်အောင် မုန့်လက်ဆောင်း လုပ်နည်းကို ပြန်လည်
မျှဝေချင်ပါတယ်။ ကိုယ်တိုင် မုန့်လက်ဆောင်းဖတ် လုပ်ချင်သူ၊
ပြည်ပရောက်နေလို့ မုန့်လက်ဆောင်းဖတ် ဝယ်မရသူများအတွက် အသုံးဝင်မယ်လို့
မျှော်လင့်ပါတယ်ရှင်။
မုန့်လက်ဆောင်းလုပ်ဖို့အတွက် အရေးအကြီးဆုံးအချက်က လုပ်မဲ့ဆန်ဟာ ဆန်မာ ဖြစ်ဖို့လိုပါတယ်။ ဆန်ပျော့ဖြစ်ရင် ဘယ်လိုနည်းနဲ့မှ မုန့်လက်ဆောင်းဖတ် မရနိုင်ပါဘူး။ မြန်မာဆန်ဆိုရင် မနော်ဟရီလို ဆန်အမာစားမျိုးမှ လုပ်လို့ရတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ ရှိရင်တော့ ဆန်ကို အမှုန့်ကြိတ်စက်ကို ပို့ပြီး ကြိတ်ခိုင်းလို့ ရပေမဲ့ ပြည်ပက လူတွေအတွက်တော့ အမှုန့်ကြိတ်ဖို့ ခက်မယ် ထင်ပါတယ်။ ဒီအတွက် မိမိအိမ်မှာရှိတဲ့ Blender လေးနဲ့ဘဲ အဆင်ပြေအောင် လုပ်နိုင်ပါတယ်။
ပထမဦးဆုံး မုန့်လက်ဆောင်းဖတ် လုပ်မဲ့ဆန်မာကို ရေစိမ်ထားပါတယ်။ မနက်လုပ်မယ်ဆိုရင် ညကတည်းက စိမ်ထားပြီး မနက်ကျ ဆန်ကို ရေစစ်ထားပါတယ်။ ရေစစ်လို့ ခြောက်ပြီဆိုရင် ဆန်ကို Blender ထဲ နည်းနည်းစီထည့်ပြီး ကြိတ်နိုင်ပါပြီ။ ဆန်ချည်းသက်သက် မကြိတ်ဘဲ ရေနည်းနည်းစီ ရောထည့်ပြီးလည်း ကြိတ်နိုင်ပါတယ်။ ဆန်မှုန့်တွေ ရလာရင် အိုးတစ်လုံးထဲမှာ အရည်ဖျော်ပါတယ်။
ကြိတ်ပြီးဆန်မှုန့်များ
အရည်ဖျော်ထားသည့်ဆန်မှုန့်

ဆန်မှုန့်ဖျော်ထားတာကို
ပိတ်ပါးစ၊ ရေစစ်တစ်ခုခုဖြင့် စစ်ပါတယ်.. ရေစစ်ပေါ်တင်ကျန်နေတဲ့ အဖတ်တွေကို
Blender ထဲပြန်ထည့်ပြီး ပြန်ကြိတ်ပါမယ်။
စိတ်ကြိုက်ဖြစ်ပြီဆိုရင် ထုံးအရည်ကြည် ထည့်ကာ မီးဖိုပေါ်တင်ပြီး ကျိုပေးပါမယ်။ မုန့်လက်ဆောင်းဖတ်အတွက် ထုံးအရည်ကြည်ကလည်း မဖြစ်မနေ ထည့်ဖို့လိုအပ်ပါတယ် မဟုတ်ရင် မုန့်ဖတ် ခဲမှာ မဟုတ်လို့ပါ။ မီးဖိုပေါ် တင်ထားတုန်းမှာလည်း အောက်မှာ အနည်ထိုင်ပြီး ခဲမသွားအောင် အဆက်မပြတ် မွှေပေးရပါမယ်။ အကယ်၍ မုန့်ဖတ် အစိမ်းရောင်လေးဖြစ်ချင်ရင် ဆွမ်းမွှေးရွက်လို့ခေါ်တဲ့ Padan Leaves ကို စက်နဲ့ကြိတ်လို့ ရလာတဲ့ အစိမ်းရောင် အရည်တွေကို မုန့်ကျိုတုန်း ရောထည့်ပေးရင် အစိမ်းရောင် မုန့်လက်ဆောင်းဖတ်တွေ ရနိုင်ပါတယ်။
ရေခမ်းစပြုလာရင် မီးနည်းနည်းနဲ့ပျစ်လာအောင် ဆက်တိုက်မွှေပေးရပါမယ်
ရေခမ်းသွားပြီး စေးပျစ်နေတဲ့ အနှစ်များရပါပြီ။
မုန့်လက်ဆောင်းဖတ် ညှစ်မဲ့ ဇွန်းအကြီးစားတွေပါ။
ပျစ်နေအောင်ကျိုထားတဲ့ မုန့်ဖတ်တွေကို ဆန်ကာပေါက်ပါတဲ့ ဇွန်းထဲကို နည်းနည်းစီ ထည့်ပြီး ဇွန်းနောက်တစ်ချောင်းနဲ့ ခပ်သာသာလေး ဖိနှိပ်ပေးရင် မုန့်တွေဟာ ဆန်ကာပေါက်ကနေ စိမ့်ကျပြီး အောက်က ရေအေးအေးထဲ ကျသွားပါမယ်။
ရေအေးအေးထဲက မုန့်လက်ဆောင်းဖတ်ကလေးများ
အခုလို မုန့်ဖတ် အစိမ်းရောင်ဖြစ်ဖို့ ကျွန်မက မြန်မာပြည်မှာအသုံးများတဲ့ သစ်ခွ ဖျော်ရည်အနည်းငယ်ထည့်ပြီး ရေခဲနဲ့ စိမ်ထားတာ ဖြစ်ပါတယ်.
ဒါဆိုရင် ချိုချိုအေးအေး အနံ့မွှေးမွှေး မုန့်လက်ဆောင်းဖတ်လေး ရပါတယ်။
အုန့်နို့ကို နို့ဆီ၊ သကြား၊ ဆားအနည်းငယ်တို့ဖြင့် အချိုရည် ဖျော်ပြီးရေခဲတွေထည့်ကာ အေးအောင်ထားထားပါတယ်။
မုန့်လက်ဆောင်းအတွက် လိုအပ်တဲ့ အဆာပလာတွေပါ။ အမဲရောင်က ငချိပ်ပါ။ မရှိလျှင် မထည့်ဘဲနေလို့ရပါတယ်။ အဝါရောင်က နှမ်းကို မညက်တညက် ထောင်းထားတာပါ။ ပန်းကန်လုံးအသေးနောက်တစ်ခုမှာ နှင်းရည်လို့ ခေါ်ကြတဲ့ နံသာပု အရည်ကို ရေနဲ့ရောထားတာပါ။ ကျွန်မတို့ကတော့ နံသပွတ်လို့ ခေါ်ပါတယ်။ မုန့်လက်ဆောင်းမှာ အဲဒီအရည်လေးပါမှ မွှေးကြိုင်ပြီး သောက်လို့ အလွန်ကောင်းပါတယ်။ အုန့်နို့နဲ့ မသောက်ချင်ဘဲ ထန်းညက်ရည်နဲ့ သောက်ချင်တယ်ဆိုရင်လည်း ထန်းညက်ရည်ကျိုပြီး အုန့်နို့အစား ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။
မုန့်ဖတ်၊ အုန့်နို့ရည်၊ နှမ်း၊ ငချိပ်၊ နံ့သာပုရည် စသည်တို့ စုံအောင်ထည့်ပြီးပြီမို့ သင်းပျံ့မွှေးကြိုင်နေတဲ့ မုန့်လက်ဆောင်းကို ရပါပြီ

0 comments:
Post a Comment