နှစ်လွှာပေါင်းမှ
တစ်ရွက်ဆိုပြီး ငယ်ငယ်တုန်းက စွယ်တော်ရွက်လေးတွေကို လက်ဆောင်လေးတွေရပြီး
စာအုပ်ကြားထဲ အလှသိမ်းထားတာတွေ လုပ်ခဲ့ကြဖူးမယ် ထင်ပါတယ်နော်။ :P
စွယ်တော်ရွက်လေးတွေဟာ အသည်းနှလုံးရဲ့ သင်္ကေတမို့ ချစ်စရာကောင်းသလို၊
စွယ်တော်ရွက်နုလေးတွေနဲ့ ပန်းကလေးတွေကလည်း စားလို့ကောင်းပါတယ်။
တစ်ချို့တော့ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ တစ်ချို့သော အရပ်တွေမှာတော့
စွယ်တော်ရွက်နုလေးတွေနဲ့ အပွင့်ကို ဟင်းလုပ်စားလို့ ရတယ်ဆိုတာကိုပါ။
ဒါကြောင့် ဒီတစ်ပတ် စားသောက်ဖွယ်ရာ အကြောင်းမှာ
စွယ်တော်ပန်းပွင့်သုပ်နည်းကို ဖော်ပြချင်ပါတယ်။ စွယ်တော်ပန်းကို
ထူးထူးဆန်းဆန်းလုပ်ပြီး သုပ်စားတာ မဟုတ်ရပါ။ ရှမ်းပြည်
မြောက်ပိုင်းဖက်မှာတော့ စွယ်တော်ပန်းတွေ ပွင့်တဲ့ ခုလို ရာသီမျိုးမှာ
တောတောင်တွေမှာ ပွင့်ဝေနေတဲ့ စွယ်တော်ပန်းတွေ ကို ပြုတ်ပြီး ဈေးတွေ မှာ
ရောင်းချတတ်ပါတယ်။ အဲဒီပြုတ်ပြီးသားကို သုပ်စားကြတာ၊ သုပ်ရောင်းကြ ပါတယ်။
ဒါကြောင့်လည်း ရှမ်းပြည်နယ်မှာ စားခဲ့ရတဲ့ စွယ်တော်ပွင့် သုပ်နည်းကလေး ကို
ဖော်ပြ ပါမယ်နော်။
စွယ်တော်ပန်းသုပ်
ပြုတ်ထားတဲ့ စွယ်တော်ပန်းတွေပါ။ စွယ်တော်ပွင့်တွေဟာ ပြုတ်လိုက်ရင် အရောင်တွေ ကျွတ်ကုန်ပါတယ်။
တကယ်လို့များ
ဈေးက ဝယ်လာတဲ့ စွယ်တော်ပွင့်တော်ဆိုရင် မိမိအိမ်မှာ တစ်ခါထပ်ပြီး
ရေနွေးဆူဆူနဲ့ ခဏလောက် ပြန်ပြုတ်ပြီး ရေအေးမှာ စိမ်ထားလိုက်ပါတယ်။
ပြုတ်ထားတဲ့
အပွင့်တွေကို ဓါးလေးနဲ့ သင့်သင့်သလို လှီးဖြတ်ပြီး မြေပဲဆန်၊
ပုဇွန်ခြောက်မှုန့်၊ ဆီကျက်၊ ဆား၊ အရသာမှုန့် စသည်တို့ထည့်ပြီး သုပ်ရုံပါဘဲ။
အဆာပလာ စုံရင် နယ်လိုက်လို့ရပါပြီ။
အပေါ်ကနေ ကြက်သွန်ကြော်လည်း ဖြူးလိုက်ရင် စားချင်စဖွယ် စွယ်တော်ပန်းသုပ် အဆိမ့်သုပ်ရပါပြီ။
စွယ်တော်ပန်းသုပ် ဆိမ့်ဆိမ့်လေး
စွယ်တော်ပန်းကိုဘဲ
နောက်ထပ် နည်းတစ်မျိုးနဲ့ သုပ်တာကို ဖော်ပြချင်ပါသေးတယ်။ အဲဒီနည်းကတော့
ငယ်ငယ်ကတည်းက အိမ်မှာ ကျွန်မတို့အမေက သုပ်ကျွေးလေ့ရှိခဲ့တဲ့ နည်းဖြစ်ပါတယ်။
အလွယ်ကတော့ ရှမ်းသုပ်လို့ ခေါ်နိုင်ပါတယ်။ အဲဒါက ငပိကိုချက်ပြီး သုပ်တာ
ဖြစ်ပါတယ်။
စွယ်တော်ပန်းတွေကို သုပ်ဖို့ ကြက်သွန်နီ ငရုပ်သီးစိမ်းတို့ထည့်ထားပါတယ်။
ခရမ်းချဉ်သီး ၂လုံးလောက်ကို အနေတော်လှီးထားပါတယ်။
ဒါက ငပိချက် အလွယ်ချက်နည်းပါ။ အိုးထဲကို ရေအနည်းငယ်ထည့်၊ ဆီအနည်းငယ်( ပါလေကာ)ထည့်၊ ပုဇွန်ခြောက်ထည့်၊ ငပိနည်းနည်း ထည့်ပါတယ်။
အိုးဆူရင်
ခရမ်းချဉ်သီးများကို ထည့်လိုက်ပါတယ်။ ဒီနေရာမှာ အိမ်မှာတော့
ခရမ်းချဉ်သီးအစား ကျွန်မတို့ ကချင်ပြည်နယ်မှာ သုံးလေ့ရှိတဲ့
မျှစ်တို့ခြောက် (မျှစ်ချဉ်ကို သေးသေးပါးပါးရှည်ရှည်လှီးပြီး
အခြောက်လှမ်းထားတာ) ကို ထည့်ပါတယ်။ သို့ပေမဲ့ မျှစ်တို့ခြောက်ကို
လူတော်တော်များများက သိပ် မသိကြတာကြောင့် ခရမ်းချဉ်သီးကို သုံးထားတာပါ။
ရေခမ်းပြီး အရည်နည်းနည်းသာ ကျန်ရင် ချလို့ရပါပြီ
ခရမ်းချဉ်သီး ငပိချက် ထားတာကို စွယ်တော်ပန်းပွင့်ထဲ ထည့်လိုက်ပါတယ်။ ထို့နောက် ဆား၊ အရသာမှုန့် စသည်တို့ထည့်ပြီး နယ်လို့ရပါပြီ
ခရမ်းချဉ်သီးနဲ့ ငရုပ်သီးတို့ကြောင့် အချဉ်နဲ့ အစပ်အရသာ ဖြစ်တဲ့ စွယ်တော်ပန်းသုပ်ပါ
နံနံပင် နှစ်သက်ရင် နံနံပင်ထည့်ပြီး စားလို့ရပါတယ်။
စွယ်တော်ရွက်ဟင်းချို
စွယ်တော်ရွက်ကို
ဟင်းချိုချက်ကြသလို တစ်ချို့ကလည်း ကြော်စားတတ်ကြပါတယ်။ တစ်လက်စတည်းမှာ
စွယ်တော်ရွက်နုကို ဟင်းချိုချက်စားတဲ့နည်းကို ဖော်ပြချင်ပါသေးတယ်နော်။
အဲဒီဟင်းချိုချက်နည်းကလည်း ရှမ်းပြည်မှာ စားခဲ့ရတဲ့ချက်နည်းဖြစ်ပါတယ်။
စွယ်တော်ရွက်နုများ
စွယ်တော်ရွက် ဟင်းချို ချက်ဖို့ လိုအပ်တာတွေပါ။ ပဲပုတ် အနည်းငယ်၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ငရုပ်သီး
ဟင်းအိုးတည်ပါတယ်။ ရေထည့်ပြီး ဆား၊ ကြက်သွန်ဖြူ၊နီ၊ ပဲပုတ်ကို ခြေထည့်ပါတယ်။ ဆီအနည်းငယ်ထည့်ပါတယ်။
ဟင်းအိုးဆူရင်
စွယ်တော်ရွက်နဲ့ အခြား မိမိနှစ်သက်ရာ အရွက်များကို ခပ်လိုက်ပါတယ်။
ငရုပ်သီးထည့်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်များ သင့်တော်သလို ထည့်နိုင်ပါတယ်။
ဟင်းချို ပူပူလေးနဲ့ ထမင်းစားနိုင်ပါပြီ။
by missgreenlady
by missgreenlady










0 comments:
Post a Comment