တာရာမင်းဝေ (သို့မဟုတ်) ခေတ်တစ်ခေတ်၏အလင်းပွင့်ရင်ခုန်သံများ
ဟိုး...အဝေးကောင်းကင်ဆီမှာ
တိမ်ရုပ်တွေက...မုဆိုးဖြစ်လိုက်..သားကောင်ဖြစ်လိုက်
အဲဒီတစ်ခေတ်တုန်းကလည်း
ရင်ခုန်သံတွေကို စီးချင်းထိုးလို့
မီးမလင်းသော ညဉ့်နက်တွေတိုင်း
ကျွန်တော်တို့ ... ခင်ဗျားရဲ့ ကဗျာတွေထဲ စီးဝင်ဖူးတယ်
`သေသောသူကြာရင်မေ့ ´ လို့
ဘယ်လိုမသမာသူတွေကများ ဟောကြားခဲ့လဲ
ခင်ဗျားရဲ့စကားလုံးတွေယူသုံး
လူတစ်ချို့ကတော့ပြုံးပျော်နေကြ
ခွင့်လွှတ်ခြင်းတရားတွေနဲ့
ကောင်းကင်ဘုံရဲ့တစ်နေရာမှာ
ခင်ဗျားကတော့..ခေတ်တစ်ခေတ်ရဲ့ မီးရှူးတိုင်ကို
ဆက်လက်ထွန်းညှိနေဦးမှာပေါ့<!--more-->
`လွမ်းလိုက်တာ သူငယ်ချင်း ´ လို့
ဘယ်လိုနတ်ဆိုးတွေကများ
ဘယ်လိုအတုအယောင်မျိုးတွေသယ်ပိုးလို့
လွမ်းခြင်းတရားတွေဟောနေဦးမလဲ
မိုးလှိုင်ညပြောသလိုပေါ့
(ခင်ဗျားဟာ)
မာန်နတ်ရဲ့အတွင်းသားကိုမှ
လှိုက်လှိုက်လှဲလှဲ တောင့်တတဲ့
မှော်သားမီးလျှံပါ
ဆန်းသစ်တဲ့စကားလုံးဖွဲ့စည်းမှုတွေနဲ့
ယဉ်ကျေးမှုတစ်ခေတ်ကိုဖန်ဆင်း
ခင်ဗျား..အသက်သွင်းခဲ့တယ်
ပန်းခေတ်က လမင်း
ချစ်သောနှင်းဆီဖြူ..သီဟသစ်
မီးတောက်ရစ်သမ်
အို...ကျောင်းဖွင့်ချိန်
အာဏာရှင်ကိုဖီဆန်ဖို့
ခင်ဗျားရဲ့သွေးတွေဟာလည်း ရဲရဲနီလို့
ကလောင်ဟာ ဓါးသွားတမျှ ထက်ရှနေခဲ့
ကျွန်တော်တို့ ရူးရူးမူးမူး
ခံစားချက်တွေအလူးလူး
ခင်ဗျားကလည်း ထူးတယ်လေ
အမှန်တရားကို ဖက်တွယ်လို့
ခပ်ရဲရဲတွက်ပြသွားတဲ့ပုစ္ဆာတွေမှာ
အရာအားလုံးဟာ ငြိမ်သက်ဆွံ့အလို့...
ရင်ခွင်ဟာ ဒိုးယိုပေါက်မြင်ရလောက်အောင်
လင်းရှင်းလွန်းတယ်
ဗုံတီးသံတွေ ဆူညံပေမယ့်
မိုးကတော့မရွာသေးဘူးကွယ်
တရားသူကြီးတွေလည်း စီရင်ချက်ချနေဆဲ
အဘိဓမ္မာဆရာကလည်း တရားဟောနေဆဲ
ဘုရားကျောင်းက ခေါင်းလောင်းသံလည်း
လွင့်ပြာဝေနေဆဲ....
လူငယ်တွေလည်း...ကဗျာတွေ ရွတ်ဆိုနေဆဲ....
တချိန်ချိန်တော့ပြန်တွေ့နိုင်ကောင်းပါရဲ့
နံရံတစ်ဖက်ခြားတဲ့ မရဏတောင်ကြားမှာ
အထီးကျန်ဂါထာတွေ ရွတ်ဆိုလို့
ကျွန်တော်တို့ ပြန်ဆုံတွေ့ကြဦးမယ်
အဲဒီအခါမှာ..
ရောင်နီတွေလည်း လင်းဝေဖြာလို့
ခင်ဗျားချစ်သောကဗျာများလည်း
စိမ့်သက်ကြည်သာ ချမ်းမြေ့လို့
စိ မ့် သ က် ကြ ည် သာ ချ မ်းေ မြ့  လို့  . . . .
သက်တန့်ချို
0 comments:
Post a Comment