၁၉ ဇူလိုင်
ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်၊
ဒို့မျိုးစဉ်ဆက်တိုင်သတည်း။
ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။
မိုးရက်မိုးခါ၊ ဖြစ်လေပါလည်း၊
ရှုသာမြင်ကွင်း၊ နံနက်ခင်းနှင့်၊
ယင်းသည့်စနေ၊ ဂြိုဟ်ဆိုးမွှေခဲ့။
တွင်းဝန်ရုံးဆီ၊ ဆယ်နာရီနှင့်၊
စွန်းသည်ဟိုဘက်၊ နာရီဝက်တွင်၊
ပြည်တွက်ရေးရာ၊ များဝန်တာကို၊
ဖြာဖြာတနည်း၊ ခေါင်းဆောင်ကြီးတို့၊
စုစည်းတတွေ၊ ဆွေးနွေးနေစဉ်......။
ဂျစ်ကားစိမ်းမှ၊ ဆင်းသက်ကြပြီး၊
လက်မှတော်မီ၊ စတင်ချီလျက်၊
တပ်မည်နံပါတ်၊ “ဆယ့်နှစ်”မှတ်သည့်၊
စစ်တပ်ဝတ်စုံ၊ အရေခြုံတို့၊
စုပြုံတက်သွား၊ မိနစ်ခြားဝယ်....၊
နားကွဲမတတ်၊ ဒလစပ်လျှင်၊
ပစ်ခတ်ဆူညံ၊ သေနတ်သံတို့၊
မိုးယံကိုဖေါက်၊ လေဝယ်နှောက်သည်....၊
ထက်အောက်ဝန်းကျင် တုန်သတည်း။
ကျည်ပွင့်သံလည်း....၊
မိုးယံကိုဖွင့်၊ လေဝယ်လွင့်သည်၊
ယမ်းပွင့်ယမ်းခိုး ဝေသတည်း။
ဗိုလ်ချုပ်အောင်ဆန်း၊ ပြည့်ချစ်ပန်းနှင့်၊
ခေါင်နန်းစာဆို၊ ဦးဘချိုပြင်၊
ကြည်ညိုဆပွါး၊ ဒို့အားထားသည့်၊
စော်ဘွားမိုင်းပွန်၊ လူရည်ချွန်လှ၊
သခင်မြနှင့်...၊
တကွတူပြိုင်၊ မန်းဘခိုင်.....၊
ကြိုင်လှိုင်သတင်း၊ ဦးဘဝင်း...၊
ပျံ့သင်းဂုဏ်ဒြပ်၊ ဦးရာဇတ်တို့၊
ပစ်ခတ်ခံရ၊ ဆောင်းခန်းမဝယ်၊
လဲကျသက်ဆုံး၊ သွေးနီဖုံးသည်...၊
ဆုံးရှုံးခဲ့ရ လေပြီတကား။
ဤသတင်းလျှင်၊
ချက်ချင်းပျံ့သွား၊ ပြည်သူ့နားသို့၊
သိကြားမကြာ၊ ပြည်လုံးမှာလည်း၊
သည်းညှာပျက်ပြုန်း၊ ကြိမ်မီးအုံးသို့၊
ယူကျုံးမရ၊ မျက်ရည်ကျခဲ့...၊
တသနှမြော၊ အသေစောဟု၊
သောကလှိုက်ဖို၊ ရှိုက်ငင်ငိုမိ၊
ရက်ကိုလစား၊ ချိန်တွေများသည်၊
ခုကား ဆယ့်ရှစ်နှစ် တိုင်ခဲ့ပြီ။(......မှတ်ချက်=၁၉၆၄ခုနှစ်က ကဗျာပါ.....)
ပြည့်လွတ်လပ်ရေး၊ အသက်ပေး၍၊
စတေးခံသွား၊ ခေါင်းဆောင်များတွက်၊
ဒို့ကားတဖန်၊ ဆောင်ရွက်ရန်ကား၊
မိမြန်အတွက်၊ စွမ်းသည့်ဘက်မှ၊
ဆထက်ကြိုးကုတ်၊ အားမာန်ထုတ်၍၊
ဗိုလ်ချုပ်ချမှတ်၊ လမ်းစဉ်မြတ်ကို၊
ကျင့်အပ်လိုက်နာ၊ သွားရန်သာတည်း။
ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်တည့်။
ဇူလိုင်ဆယ့်ကိုး၊ တပ်လှန့်နှိုးသည်.....၊
ဒို့မျိုးစဉ်ဆက် တိုင်သတည်း။
ထွဏ်းနေနွယ်။
မူရင်းစာသားအတိုင်း ရေးသားလိုက်ပါတယ် သူငယ်ချင်းတို့...............










0 comments:
Post a Comment