ကျွန်တော်တို့သူငယ်ချင်းတယောက်ရဲ့မွေးနေ့ညတုန်းကပေါ့ဗျာ ..။
ကျွန်တော်အဲ့ဒီတုန်းက နိုင်ငံခြားထွက်ဖို့
သင်တန်းတခုတက်နေတုန်း.......။အဲဒီကောင်မွေးနေ့ညမှာ
အကုန်လုံးသောက်စားကြပြီးတော့ တညလုံး အလေအလွင့်တွေလိုလျှောက်သွားကြတာ
မင်္ဂလာဒုံမြို့အနှံ့ပါပဲ ။ပထမ ခရေပင်လမ်းဆုံကနေ၊ ခရေပင်လမ်းမကြီးအတိုင်း
အမှတ်သုံးလမ်းဆုံ၊ အဲဒီကနေ ထောက်ကြံ့အထိ..။ အဲ့လို လမ်းသလားကြရင်းနဲ့
လမ်းမှာ သင်္ချိုင်းလေးတစ်ခု မြင်တော့ လူတွေက မူးလည်းမူး၊
အုပ်စုကလည်းတောင့်တော့ သုဿာန်မှာ အရက်သောက်ရတဲ့ သဘာဝဆန်မှု ဘာညာတွေ
ကြီးကြီးကျယ်ကျယ်တွေပြောပြီး အဲဒီသုဿာန်ထဲကရှားရှားပါးပါး
သုံးလေးလုံးလောက်သာရှိတဲ့ အုတ်ဂူပေါ်မှာတက်ပြီး
ဝိုင်းဖွဲ့သောက်ကြတယ်ဗျာ။...ပါးစပ်ကလည်းဗရမ်းဗတာတွေပြောကြဆိုကြအော်ဟစ်ကြနဲ့...အဟေး....ထင်တိုင်းကြဲနေကြတာ..။
အကိုလေးတို့လာသောက်ပါဦး၊ ဦးကြီးတို့လာသောက်ပါဦးပေါ့။
အဲဒါတွေပြီးတော့မှ ဆက်လက်ခရီးထွက်မယ်ဆိုပြီးကားပေါ်တက်ပြီး
မောင်းမယ်ဆိုတော့....သော့ကပျောက်နေတယ်။ အဲဒီမှာ လူတွေကမူးမူးနဲ့
မင်းတို့စမ်းတာလားး...အခုပေးရင်ပေးမပေးရင် မင်းတို့ဘိတွေကို
ဖျက်ဆီးပစ်မယ်....ဆိုပြီးပေါက်ကရတွေတယောက်တပေါက်ပြောကြဆိုကြ အဲဒီလိုနဲ့
ကျွန်တော်က ကဲ..သေသေချာချာရှာကြပါဦးကွာ...ဒီကောင်တွေသော့ယူထားလဲ
ကားမောင်းလို့ရတာမှမဟုတ်တာ (သရဲတွေကိုလိုင်စင်ပေးတယ်လို့လဲ
မကြားဖူးသေးဘူးလေ ဟုတ်ဘူးလား ) ကိုယ့်ဟာကိုယ် ပေါက်ကရနေရာတွေထားပြီး
သူများတွေကိုစွပ်စွဲမနေစမ်းပါနဲ့ဆိုပြီး ခေါင်းခန်းထဲကိုယ်တိုင်ဝင်ရှာတော့
ကားသော့က သော့ပေါက်မှာ တပ်လျက်တန်းလန်းဗျ။ ဒါပေမယ့်
ကျွန်တော်ကတော့ဒီကောင်တွေမူးမူးနဲ့ မေ့ကျန်ခဲ့တာပဲဖြစ်မယ်လို့
ယူဆလိုက်ပါတယ်။ (မောင်းတဲ့ကောင်က ပြောတာကတော့ စက်နှိုးမယ်လုပ်တော့မှ
သော့ပေါက်မှာမတွေ့လို့ သော့ပျောက်ပြီလို့ပြောတာလို့.. ပြန်ပြောတယ်ဗျ။)
အဲဒါနဲ့ မထူးပါဘူးဆိုပြီး ကျွန်တော်ပဲကားကိုမောင်းခဲ့လိုက်တယ်။
အဲဒီလိုနဲ့ ကျွန်တော်တို့ ဆက်ထွက်လာခဲ့တာ ရန်ကုန်မန္တလေးလမ်းမကြီးပေါ်ကတဆင့် ထောက်ကြံ့လမ်းဆုံကိုကျော်ခဲ့ပြီး ထောက်ကြံ့စစ်သင်္ချိုင်းနားရောက်တော့ ထောက်ကြံ့သုဿာန်ဆိုတာရှိတယ်ဗျ။(အခုတော့မရှိတော့ပါဘူး။ ကျွန်တော်မြန်မာပြည်ပြန်တော့ အမှတ်တရပြန်ကြည့်ခဲ့တယ်။ မွေးမြူရေးခြံတွေဖြစ်နေပြီဗျ။) အဲဒီနားလည်းရောက်ရော သူငယ်ချင်းတွေက ထပ်ဝင်မယ်တကဲကဲလုပ်နေတာနဲ့ ကျွန်တော်လည်းအ၀မှာကားရပ်ပေးလိုက်တယ်။ ၀င်တော့မလိုက်သွားတော့ဘူးဗျာ။ အဲ..ဒါပေမယ့် ဒီကောင်တွေ မူးမူးနဲ့အော်ဟစ် ငိုယိုနေတာတွေတော့ကြားသဗျ။ အောင်မလေး..အန်တီရဲ့ သားကိုထားခဲ့ဘီလား..ဆိုတာကပါသေး..အစုံပါပဲဗျာ။တကယ်သာ ဟိုက ထွက်လိုက်လာလို့ကတော့ ဒီအချိန်မှာ ကျွန်တော် ဒီစာတောင်ရေးနိုင်ပါလိမ့်ဦးမယ်မထင်ဘူး....။
တနာရီလောက်ကြာတော့မှ.....ယိုင်ထိုးယိုင်ထိုးနဲ့ထွက်လာကြတယ်။ ပြီးတော့ သွားမယ်ဆိုတာနဲ့ ကားကိုမောင်းထွက်လိုက်တာ စထွက်ကတည်းက ကားသွားပုံတမျိုးကြီးပဲဗျာ။ ကားက ညာတစ်ခြမ်းကိုဆွဲ..ဆွဲ..နေတာ ပထမတော့ ကားဘီးလေများလျော့သလားပေါ့..အဲဒီအထွက်ကနေ ရွှေညောင်ပင်ကုန်းတက်အထိကတော့ အတက်ဆိုတော့ သိပ်မသိသာဘူးဗျ။ အဲဒီကနေ ကုန်းစဆင်းတော့ ပြဿနာတက်တော့တာပဲ။ ကားကတခြမ်းဆွဲတာ လုံးဝထိန်းလို့မရတော့ဘူးဗျာ။.. ပြီးတော့အဲဒီညာဘက်မှာကလည်း နာမည်ကျော် နွယ်ခွေချောက်ကြီးက ရှိနေတယ်။ အဲဒီချောက်ကလည်း ကျသွားတဲ့ကားမှာ အသက်ရှင်တယ်ဆိုတာ ခပ်ရှားရှားပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှထိန်းမရတဲ့အဆုံး ဟန်းဒ်ဘရိတ်ပါဆွဲပြီး ကားကိုရပ်လိုက်ရတယ်။ ပြီးတော့ ကားပေါ်ကဆင်းပြီး ပြဿနာကိုပြောမယ်လုပ်တော့..ကားနောက်ခန်းမှာ တွေ့လိုက်ရတာက
"ဒေါ်သိန်းတင် (၅၁)နှစ်"
တဲ့ဗျာ။ မှတ်တိုင်ကိုနှုတ်လာပြီး ကားနောက်ခန်းကဘော်ဒီမှာ ချည်လာကြတာဗျ။ ကျွန်တော်လည်း စိတ်ကလည်းတိုတိုနဲ့ လက်သည်တရားခံ ဘယ်သူလည်းလို့မေးတော့ အမူးတွေကဘာပြောလည်းဆိုတော့ အန္တရာယ်ကင်းအောင်ဆိုပြီး လက်ဝါးကပ်တိုင်နဲ့တူလို့ ယူလာပြီးချည်ထားတာတဲ့ဗျာ။... အဲဒီတော့မှကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ရွတ်ဖတ်ပြီး 'ကျွန်တော်တို့ မှားယွင်းပြီး ယူဆောင်လာခဲ့မိပါတယ်။ အခုသင့်နေရာကို ပြန်ပို့ပါ့မယ်။ ကျွန်တော်တို့ကိုလည်း အနှောင့်အယှက်မပေးပါနဲ့ဆိုပြီး တောင်းပန်လို့ ပြန်ပို့လိုက်ရတယ်....။ ပြန်ပို့ပြီးတော့ အိမ်ကိုပြန်မောင်းလာတဲ့ လမ်းတလျှောက်လုံး ဘုရားစာကို မပြတ်ရွတ်လာခဲ့ရကြောင်းပါ ခင်ဗျာ။ စောစောတုန်းက စတီယာရင် တခြမ်းဆွဲနေတဲ့ကားက ဘယ်ဝပ်ရှော့ကိုမှ မပို့ရပဲ ချက်ချင်းလက်ငင်း အကောင်းပကတိပြန်ဖြစ်သွားခြင်းမှာ အတော်ပင်အံ့သြဖွယ်ရာပင်
အန်တီကြီးဒေါ်သိန်းတင်ကို တောင်းပန်ချင်သော
အက်ဒမင်-ရွာတော်ရှင်
Credit to Myanmar cyber media forum
by facebook page

0 comments:
Post a Comment