စားပွဲပေါ်မှ တားရော့ကဒ်တွေကိုတစ်လှည့်... တားရော့ဆရာကို
တစ်လှည့်ကြည့်ရင်း မိုးသွယ် စိုးထိတ်လာမိသည်။ သိသာစွာ ပျက်ယွင်းသွားခဲ့သော
မျက်နှာကို ပြုပြင်ဖို့ သတိမရအားနိုင်လောက်အောင် သူ့ကံကြမ္မာတွေက
ဖမ်းစားချိမ်းခြောက်လိုက်ပြီထင်သည်။ မျက်တောင်နှစ်ခုကို ဆက်တော့မလောက်
ကုတ်ထားရင်း တားရော့ကဒ်တွေကို အထပ်ထပ် ပြန်ကြည့်လိုက် တစ်ယောက်ထဲ
တီးတိုးရွတ်လိုက်ဖြင့် တားရော့ဆရာတစ်ယောက် အလုပ်ရှုပ်လေလေ မိုးသွယ်
စိတ်အားငယ်လေလေဖြစ်သည်။ သူ ရှည်ပြီး တားရော့လာမေးမိတာ မှားပြီထင်သည်။
စိတ်ညစ်ညူးစွာ ဘေးမှ အကူလိုက်လာသော သင်းမြအေး၏ လက်ကို ခပ်တင်းတင်းသာ
ဆုပ်ထားမိသည်။ သင်းမြအေး၏လက်တွေမှာလဲ ချွေးစေးစတို့ စိုထိုင်းနေတာကို
ခံစားနေရသည်။
“Your name is Moe Thwe, right?"
"Yes, I am"
"How old are you? I mean the exact age"
"Um... I'm twenty eight. Yeah, in my twenty eight"
"You are really sure about your age, aren't you?"
"Of course, I am..."
"Are you staying in one of the HDB flats at East area?"
"Yeah. I am currently staying in Bedok"
"Oh.. .My... "
"What's wrong?"
"I see the shadow of complete dooms on your path"
"Sorry...?"
"Yeah... The Darkness will swallow your soul"
"What are you talking about? What 'Shadow'? What Darkness?"
"Be careful. If possible, don't go back to the east. There is someone or something awaiting for your return, but not in a positive manner."
"Can you stop scaring me?"
"I am not scaring you miss. I am telling you the truth. The only way to avoid your destiny is to hold back from entering their reign of negative energy."
"Ok. Enough! Stop telling me all those bullshit. I'm done here. How much?"
"I am not taking anything from a dead person"
"What....? What did you just Say?"
“လာပါ မိုးသွယ်ရယ်...။ ပေါက်ကရတွေကို နားထောင်မနေပါနဲ့...”
သင်းမြအေး လက်ကို ဆွဲ၍ အတင်းခေါ်သွား၍သာ..။ မဟုတ်လို့ကတော့ မိုးသွယ်တစ်ယောက် ပေါက်ကွဲမိတော့မည်..။ ဘာတွေမှန်းမသိ..။ လူကို ခြိမ်းခြောက်နေလိုက်တာ.။ ဘာတဲ့.။ လုံးဝကို အမှောင်တိကျနေသည်တဲ့..။ ဘာတဲ့ မကောင်းတဲ့ အင်အားနယ်ပယ်ထဲ မဝင်နဲ့တဲ့..။ Bedok မှာ သူနေလာတာ ခြောက်နှစ်ကျော်ခဲ့ပြီ..။ ဘာမှ ထွေထွေထူးထူး ဖြစ်တာလဲ မရှိဖူးပါ..။ ပြီးတော့ ပြောလိုက်သေးသည်။ လူသေနားက ဥာဏ်ပူဇော်ခ မယူဘူးတဲ့..။ စိတ်ဆိုးဒေါသထွက်လွန်း၍ မိုးသွယ်အသားတို့ တစ်ဆတ်ဆတ်တုန်နေသည်။
“ငါ့ကိုက လျှာရှည်မိတာ သင်းရယ်...။ ငါ စိတ်ကုန်လိုက်တာ..”
“အင်း.... ငါတောင် ကြက်သီး တော်တော်ထသွားတယ်.။ ပြောနေပုံက အတည်ပေါက်ကြီးနဲ့..”
“သွားစမ်းပါ သင်းရာ..။ မိုးသွယ်တို့ စလုံးမှာ နေလာတာ ခြောက်နှစ်ရှိပြီ..။ ဘယ်တုန်းကမှ ကိုယ့်အိမ်ကိုယ်ပြန်လို့ ဒုက္ခရောက်မယ်လို့ အပြောမခံခဲ့ဖူးဘူး..။ ဒီလူနဲ့ကျမှ..”
“သတိလေးတော့ထားပေါ့.. မိုးသွယ်ရယ်..”
“တော်ပါသင်းရာ..။ အဲဒါတွေ စိတ်ထဲထားနေရင် အလကား စိတ်ခြောက်ခြားတယ်..”
“အေးပါ အေးပါ..”
ထို့နောက် စကားစပြတ်သွားပြီး မိုးသွယ်တို့ ဘတ်စ်ကားဂိတ်လေးဆီကို ရောက်လာကြသည်။ သင်းမြအေးကို ပြောသာ ပြောလိုက်ရသည်။ မိုးသွယ်စိတ်ထဲတော့ သိပ်ပြီး မရွှင်ပြချင်တော့..။ လေးလံထိုင်းမိုင်းနေခဲ့သည်။ စိတ်ကလဲ အဲဒီ မကောင်းတဲ့ အင်အားနယ်ပယ်ဆိုတာကြီးကို အထပ်ထပ် ကြားယောင်မိနေသည်။ ခေါင်းကို ခပ်ပြင်းပြင်းခါယမ်းလိုက်ပြီး သင်းမြအေးဘက် လှည့်လိုက်တော့...
“ဟဲ့.. သင်း.. ဘာဖြစ်နေတာလဲ..။ ဘယ်သူ့ကို ငေးနေတာလဲ..”
“ဟိုဘက်လမ်းမှာ..။ ငါတို့ကို လူတစ်ယောက် ကြည့်နေတယ်..၊ ငါ အဲဒီလူကို မြင်ဖူးသလိုပဲ..။”
“ဘယ်မှာလဲ..”
“ကားမှတ်တိုင် အလယ်ခုံနားလေးမှာ..။ ကုတ်အိကျီအနက်နဲ့...”
သင်းမြအေး ပြရာလှမ်းကြည့်လိုက်တော့ သူတို့ဆီ စူးစိုက်ကြည့်နေသော ယောက်ျားတစ်ဦးကို တွေ့လိုက်ရသည်။ စင်ကာပူလို ပူပြင်းသော နိုင်ငံမှာ ကုတ်အိကျီကြီးကို ဝတ်ထားတာကို မြင်လိုက်ရတော့ အထာကျမနေ..။ သေချာ စူးစမ်းရန် ပြင်နေတုန်းမှာပင် ဘတ်စ်ကားတစ်စီး ဖြတ်သွားသည်။ ကားလွန်သွားတော့ ထို ရပ်နေသောသူကို မတွေ့ရတော့..။ အငွေ့ပြန်သလို ပျောက်သွားခဲ့သည်။ တွေ့လို တွေ့ငြား လိုက်ရှာကြည့်သော်လည်း မတွေ့ရတော့..။ ထိုစဉ်မှာပင် မိုးသွယ် စီးရမည့် ဘတ်စ်နံပါတ် ဆယ့်လေး ကားမှတ်တိုင်မှာ ထိုးရပ်လာသည်။
“ကဲ.. သင်း.. ငါသွားတော့မယ်..၊ ညအိပ်ခါနီးကျရင် ဖုန်းဆက်ဟာ..”
“အေးအေး...”
သင်းမြအေးကို နှုတ်ဆက်ပြီး ကားပေါ်တက်လာလိုက်သည်။ ထိုင်စရာနေရာ အသင့်တွေ့ရသဖြင့် ဝင်ထိုင်လိုက်သည်။ ထို့နောက် လုပ်နေကျအတိုင်း ကားစထွက်တော့ သင်းမြအေးကို လက်ပြရန် ပြတင်းပေါက်ဖက်လှည့်လိုက်သည်။
“ဟင်....ဟိုလူ...”
မိုးသွယ်တစ်ယောက် ရုတ်တရက် ကြောင်အသွားရသည်။ ခုနက ပျောက်ခြင်းမလှ ပျောက်သွားခဲ့သော ထိုကုတ်အိကျီနှင့်သူက သင်းမြအေး အနောက်မှာ ရပ်နေသည်လေ..။ မိုးသွယ် ဖုန်းကို အမြန်ထုတ်ပြီး သင်းမြအေးကို ခေါ်လိုက်သည်။ ဖုန်းက မအား..။ကားနောက်ကို လှည့်ကြည့်လိုက်တော့ သင်းမြအေး ဖုန်းမကိုင်ထားတာကို တွေ့ရတော့ ပိုပြီး စိုးရိမ်သွားရသည်။ ဖုန်းကို ထပ်ခေါ်ကြည့်သည်။ ဒီတစ်ခါကျတော့ ဖုန်းပိတ်ထားသည်တဲ့..။ ထပ်ပြီး ကြိုးစားကြည့်သည်။ မထူး..။ မိုးသွယ် ထိုင်ရာမှ ထလိုက်သည်။ ကားရပ်ရန် ခလုပ်ကို အလောတစ်ကြီး နှိပ်ပြီး ကားအရပ်ကို စောင့်နေလိုက်သည်။ နောက်တစ်မှတ်တိုင်မှာ ရပ်တော့ ကားပေါ်မှ အသော့လေး ပြေးဆင်းမိသည်။ သူ စတက်ခဲ့သည့် ကားမှတ်တိုင်က တော်တော်လှမ်းလှမ်းမှာ.။ မိုးသွယ် ခပ်မြန်မြန် အပြေးတစ်ပိုင်းလျှောက်သွားရင်း လက်ကလဲ ဖုန်းကို အကြိမ်ကြိမ် ခေါ်ဖို့ ကြိုးစားနေမိသည်။ ဖုန်းက လုံးဝမဝင်..။
ကားမှတ်တိုင်နားရောက်တော့ သင်းမြအေးကိုရော ဟိုလူကိုရော မတွေ့ရတော့ပါ..။ ကားမှတ်တိုင်ကို အာရုံစိုက်ပြီး ပြေးလာရသောကြောင့် သင်းမြအေးစီးနေကျ ဘတ်စ်ကား ဖြတ်သွား မဖြတ်သွားကို သတိမထားမိလိုက်..။ မိုးသွယ် ထူပူသွားရသည်။ တက္ကဆီတစ်စီးကို အသင့်တွေ့သဖြင့် ဖမ်းတားလိုက်သည်။ သင်းမြအေးနေသော Pasir Ris ကို လိုက်သွားကြည့်ဖို့ ဆုံးဖြတ်မိသည်ကိုး..။
အလျင်စလို လိုက်လာမိပြီးမှ သင်းမြအေး နေသော ဘလောက်နံပါတ်မှာ 715 လား 517 လား မမှတ်မိတော့..။ ဖြစ်ချင်ရာဖြစ်ဟု ၅၁၇ တွင် ချပေးခိုင်းလိုက်သည်။ တိုက်ကြီးကို မော့ကြည့်လိုက်တော့ သင်းမြအေးနေသောနေရာမဟုတ်တာ သေချာနေခဲ့သည်။ မိုးသွယ် စိတ်ညစ်သွားရသည်။ တက္ကစီမှာလဲ ထွက်သွားခဲ့ပြီလေ..။ ကားလမ်းမကလဲ ဘယ်ဘက်မှာမှန်း ရုတ်တရက် မမှတ်ထားမိ..။ ထို့ကြောင့် တိုင်ဘေးမှ လမ်းလေးအတိုင်း တည့်တည့်လျှောက်သွားလိုက်သည်။ တိုက်တန်းဆုံးရင်တော့ ကားလမ်းလာမည်လေ..။
လမ်းဆုံးသွားတော့ ထင်သလို ဖြစ်မလာ..။ ကားလမ်းမတွေ့ပဲ ပန်းခြံအစပ်ကို ရောက်သွားသည်။ Pasir Ris Park.. ထိုအခါမှ ရုတ်တရက်မှတ်မိသည်။ သင်းမြအေးတို့ တိုက်ပေါ်ကကြည့်လျှင် ပင်လယ်ကြီးကို မြင်နေရသည်ပဲ..။ မိုးသွယ်မှတ်မိသွားသည်။ ထို့ကြောင့်ကမ်းခြေအတိုင်း လျှောက်ပြီး ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ကမ်းခြေရောက်ရင် အကင်ခုံတွေ နံပါတ်ကြည့်လိုက်တာနှင့် သင်းမြအေးတို့အိမ်ကို သူသွားတတ်ပြီလေ..။ အကင်ခုံ ငါးဆယ့်ခွန် တစ်ဝိုက်ရောက်ပြီဆိုလျှင် လမ်းပေါ်ပြန်ထွက်လိုက်ရင် သင်းမြအေးတို့ တိုက်အောက်ရောက်ပြီ..။ အခုမှ မိုးသွယ်တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။ ကမ်းခြေဘက်ကို ဦးတည်လျှောက်ရင်း ဖုန်းထပ်ဆက်ဖို့ကြိုးစားလိုက်သည်။ ထုံးစံအတိုင်း ဖုန်းကမဝင်..။ မိုးသွယ် စိတ်ညစ်သွားရသည်။ သူ လျှာရှည်ပြီး တားရော့သွားမေးမိတာ တော်တော်မှားသွားခဲ့ပြီလား..။ စိတ်ထဲမှလဲ ထိုတားရော့ဆရာပြောသော လူသေနားက ဥာဏ်ပူဇော်ခမယူဘူး ဆိုသော စကားကို ပြန်ကြားယောင်လာသည်။
“တောက်....”
စိတ်ချဉ်ပေါက်လာပြီး မိုးသွယ် တက်ခေါက်မိသည်။ ခပ်လှမ်းလှမ်းမှာ အကင်ခုံတွေ လှမ်းမြင်နေရပြီ..။ မိုးသွယ် ဝမ်းသာအားရ ခပ်သွက်သွက်လျှောက်သွားမလို့ လုပ်တုန်း အကင်ခုံတွေနားက လူအုပ်ထဲတွင် ခုနက ကားဂိတ်ကလူကို တွေ့လိုက်ရသလိုဖြစ်သွား၍ ခြေလှမ်းတို့ တုံ့ဆိုင်းသွားရသည်။ တော်သေးသည်။ ကမ်းခြေက မီးတိုင်လေးတွေ ထွန်းထား၍..။ ထိုစဉ်မှာပင် လူအုပ်ထဲမှ ထို ကားဂိတ်ကလူ သူ့ဆီသို့ ဦးတည်လျှောက်လာသည်ကို တွေ့လိုက်ရသည်။ မိုးသွယ်.. ရုတ်တရက် ဘာလုပ်ရမည်မသိဖြစ်သွားခဲ့သည်။ ထို့နောက် ခြေလှမ်းများကို ညာဘက်သို့ ဆတ်ကနဲကွေ့လိုက်ကာ လူသွားလမ်းတစ်လျှောက် ခပ်သွက်သွက်လျှောက်သွားလိုက်မိသည်။ နောက်သို့ အသာလေး လှည့်ကြည့်လိုက်တော့ ခုနကလူ ပြေးလာတာကို တွေ့လိုက်ရသည်။
“အား.....”
မိုးသွယ် အလန့်တကြားပြေးမိသည်။ “ငါ တားရော့ဆရာစကားကို နားမထောင်မိတာ မှားပြီထင်ပါရဲ့..။ အခုက စင်ကာပူ အရှေ့ခြမ်းမှာမှ အရှေ့ဘက်အစွန်ကို ငါရောက်နေပြီ..” စိတ်ထဲမှ ကိုယ့်ကိုယ်ကို ကျိန်ဆဲရင်း မိုးသွယ်ပြေးသွားလိုက်သည်။ ကမ်းခြေကလူတွေကိုလဲ အကူအညီမတောင်းရဲ..။ မလေးလူမျိုးတွေများသည်ကိုး.။ သူက မိန်းကလေးတစ်ယောက်ထဲဆိုတော့ လူမှားပြီး အကူအညီတောင်းမိမှာလဲ ကြောက်မိသည်။ ပြေးရင်း မိုးသွယ် တောအုပ်အတွင်းသို့ရောက်လာခဲ့သည်။ မီးရောင်တွေ ရှိနေပေမယ့် အလင်းအားက ကျသွားခဲ့ပြီ..။ နောက်သို့လှည့်ကြည့်လိုက်တော့ ခုနကလူ ရှိမနေတော့..။ မိုးသွယ် လမ်းဘေးက ခုံလေးတစ်ခုံမှာ ဝင်ထိုင်ရင်း အမောဖြေမိသည်။ ထိုစဉ် အနောက်တည့်တည့်မှ သစ်ကိုင်းကြိုးသံကြား၍ လှည့်ကြည့်လိုက်တော့..
“အား.. အမယ်လေး...”
မိုးသွယ်တစ်ယောက် အလန့်တကြားအော်ပြီး ကားမီးရောင်များ မြင်နေရသော လမ်းမဘက်သို့ အားကုန်ပြေးမိသည်။ သူ မြင်လိုက်ရတာက ဆံပင်ဖားလျားချပြီး လက်နှစ်ဘက်ဆန့်ကာ သူ့ဆီလာနေသော မိန်းမတစ်ယောက်..။ ညာဘက်ကို ကြည့်လိုက်တော့ ခုနက ပျောက်သွားခဲ့သောသူက သူ့ကို မှီလုမှီခင်ဖြစ်နေတာကို တွေ့လိုက်ရသည်။ မိုးသွယ်တစ်ယောက် ကြောက်လှန့်တစ်ကြားဖြင့် မျက်စိစုံမိတ်ကာ ပြေးထွက်လိုက်သည်။ ပါးစပ်မှလဲ..
“အား... သွား... မလာနဲ့.. မလာကြနဲ့....”
ရုတ်တရက် ခြေအောက်မှာ နိမ့်ကနဲ ဖြစ်သွားတာကို ခံစားမိလိုက်သည်။
“တီ..........................................”
“အား... မိုးသွယ်...................................”
သူ နောက်ဆုံးကြားလိုက်သည်မှာ သင်းမြအေး၏ အော်သံ....။
“ဒုန်း.....”
“ကျွီ........”
++++++++++++++++++++++++++++++++++++++++++++++++++++++++
သင်းမြအေးတစ်ယောက် လူမောင်ကို ဖက်ပြီးငိုနေမိသည်။ သူတို့ဘေးမှာတော့ ကုတ်အိကျီအနက်ရောင်ကို ကိုင်ပြီး အံ့အားသင့်နေသော မိုးယံ..။ သူတို့ရှေ့ လူအုပ်ကြားထဲမှာတော့ ကားလမ်းပေါ်မှာ သွေးအိုင်ထဲ ခွေခွေလေး လဲနေသော မိုးသွယ်..။
“ငါ့ကြောင့် မိုးသွယ် အခုလိုဖြစ်တာ.. အီး..... အီး...”
ပြောရင်း အားမရှိတော့သလို ခွေကျသွားသော သင်းမြအေးကို လူမောင်တစ်ယောက် ဖက်ထားလိုက်ရသည်။
“သင်းရယ်..။ အဲလိုမပြောပါနဲ့..။ မောင်တို့အားလုံး အပြစ်မကင်းပါဘူး..။ သင်းတစ်ယောက်ထဲကြောင့်မဟုတ်ပါဘူး.။ မောင့်ကြောင့်ပါ..။ မောင် အဲလိုသာ စနောက်ဖို့ အကြံမပေးခဲ့ဘူးဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး...”
ခပ်လှမ်းလှမ်းမှ ချဉ်းကပ်လာနေသော ဆေးရုံကား၏အသံကို နားထောင်နေရင်း သင်းမြအေးတို့၏စိတ်အစဉ်က မကြာသေးခင် ကာလကို ရောက်သွားခဲ့သည်...။
++++++++++++++++++++++++++++++++++++++++++++++++++++++++++
မိုးသွယ် ကားပေါ်တက်သွားတော့ သင်းမြအေး ထိုင်ခုံမှာ ပြန်ထိုင်နေမိသည်။ ထိုစဉ်
“မသင်းမြအေးနော်....၊”
ယောက်ျားတစ်ယောက်၏ အသံကို ကြား၍ လှည့်ကြည့်လိုက်တော့ ခုနက လမ်းတစ်ဘက်က လူ..။
“အမေ့....”
“ဟာ.. ဘယ်လိုဖြစ်တာလဲ .. ကျွန်တော့်ရုပ်က ဘီလူးရုပ်ထွက်နေလို့လား..”
“ရှင်... ရှင်.. ဘယ်သူလဲ..”
“ကျွန်တော် မိုးယံပါ..။ အန်တီသိန်းရဲ့ သားပါ...၊ ငယ်တုန်းက အမ ကျွန်တော့ကို စာပြပေးဖူးတယ်လေ...”
“မိုးယံ..။ သြော်.. မောင်လေး.. လန့်တာကွာ..။ အစ်မနဲ့ အစ်မ သူငယ်ချင်းက တားရော့သွားမေးလာတာ.။ ဟိုဆရာက ပေါက်ကရပြောလွှတ်လာလို့ ဒီမှာ အသည်းငယ်နေတာ.”
“ဖြစ်ရမယ်..။ ”
“အင်း.. မင်းကလဲ ထွားလာလိုက်တာ..။ မှတ်တောင် မမှတ်မိဘူး..။ မင်းသာမိတ်မဆက်ရင် အမတော့ တစ်ကယ် သိမှာ မဟုတ်တော့ဘူး..”
“ဟုတ်... အမနဲ့က အဆက်အသွယ်သိပ်မလုပ်ဖြစ်တာလဲ ပါပါတယ်.။ ကိုလူမောင်နဲ့တော့ ကျွန်တော် အွန်လိုင်းမှာ တွေ့ဖြစ်တယ်.။ အခုလဲ ကိုလူမောင်က မင်းအမကို သွားနောက်လိုက်ဦးဆိုပြီး လွှတ်လိုက်လို့ ကျွန်တော်ရောက်လာတာ..”
“အင်း.. ဒါကြောင့်ကိုး.. အဲဒါမို့စဉ်းစားနေတာ အမဒီမှာရှိတာ မင်းဘယ်လိုသိလဲပေါ့..”
“ကိုလူမောင်က ပြောတယ်.. အမ ကို ဘာတဲ့ ပစားရစ် ကမ်းခြေဆိုလား အဲဒီကို ကျွန်တော့ကို လိုက်ပို့ခိုင်းတဲ့.. သူတို့ အဲဒီမှာ သူငယ်ချင်းတွေနဲ့ အသားကင်လုပ်ပြီး ကျွန်တော့ကို ကြိုဆိုမလို့တဲ့..”
ထိုစဉ် ဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ မိုးသွယ်..။ ရုတ်တရက် စချင်စိတ်ပေါက်လာသဖြင့် သင်းမြအေး ဖုန်းကို ဘီးဇီးတုံး ပေးလိုက်သည်။
“မင်းမှာ ဖုန်းပါတယ်မလား မိုးယံ..”
“ဟုတ်..”
မပြောမဆို သင်းမြအေး ဖုန်းကို ပါဝါပိတ်ချလိုက်သည်။
“မင်းဖုန်းကို အမခနသုံးမယ်..။ အမ သူငယ်ချင်း မိုးသွယ်ကို နောက်ချင်လို့..။ သူ့ကို ကမ်းခြေ လာခိုင်းရင် သူလာမှာမဟုတ်ဘူး..။ အဲဒီတော့ မင်းနဲ့ အမတွဲနေတာ သူမြင်သွားရင်တော့ စိုးရိမ်ပြီး အမအိမ်ကို သူလိုက်လာလောက်တယ်..၊ အဲဒီကျမှ မင်းနဲ့ မိတ်ဆက်ပေးမယ်..။ အရမ်းခင်ဖို့ကောင်းတာ..”
“ဟုတ်..”
“ကဲလာ တက္ကဆီနဲ့ ပြေးကြမယ်..”
တက္ကဆီကို ငှားပြီး ကမ်းခြေရှိရာ ထွက်လာတော့ ကားမှတ်တိုင်က ခွာပြီး မကြာခင်မှာပင် မိုးသွယ်ကို သူရှိရာ ဘတ်စ်ကားဂိတ်ဆီသို့ အပြေးတစ်ပိုင်း ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ လက်ထဲမှာလဲ ဖုန်းကို တစ်ကိုင်ကိုင်ဖြင့်..။ အကြံတော့အောင်ပေပြီ..။ တားရော့ဆရာကို ကျေးဇူးတင်ရမည်..။ ကားပေါ်မှာ မိုးယံကို အကြောင်းစုံပြောပြနေလိုက်သည်။
“ဟားဟား.. လုပ်ပြီ အမတော့.။ အစ်မသူငယ်ချင်း အရမ်းလန့်သွားပါဦးမယ်..”
“ရတယ်..။ ဒီကောင်က ဒီလောက်တော့ စိတ်မာပါတယ်ဟ...။ အစ်မအိမ်ကို သူရောက်မှ အမဖုန်းဆက်ပြီး သူ့ကို သွားခေါ်လိုက်မယ်.။ အထုတော့ ခံရမယ်..”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီလိုနှင့် ကမ်းခြေမှာ မိုးသွယ်အလာကို စောင့်နေတုန်း မိုးသွယ်ကို ကမ်းခြေဘက်ဆင်းလာတာ အမှတ်မထင် မြင်လိုက်ရတော့ အကြောင်းစုံကို ကြားထားပြီးသော လူမောင်က သူရဲခြောက်ကြဖို့ အကြံပေးသဖြင့် မိုးယံကို မိုးသွယ်နောက် လိုက်ခိုင်းကြည့်ကြသည်။ မိုးသွယ် တစ်ကယ် ထွက်ပြေးတော့ သင်းမြအေးပါ မိုးသွယ်ကို သူရဲပုံစံဖြင့် နောက်က စလိုက်သည်။ မိုးယံကလဲ ပုန်းနေသော သစ်ပင် အကွယ်မှ ထွက်ကာ ဖမ်းမည့်ပုံလုပ်လိုက်တော့..မိုးသွယ်တစ်ယောက် အကြောက်လွန်ပြီး မျက်စိစုံမှိတ် ကားလမ်းမပေါ် တက်ပြေးတော့သည်။ ညအချိန်မို့ မောင်းနေသောကားများကလဲ အရှိန်ပြင်းသည်။ မိုးသွယ်ကို မရှောင်လိုက်နိုင်ပဲ... တည့်တည့် ဝင်တိုက်မိတော့.......
အခုတော့ ပျော်ချင်လို့ စလိုက်သည်မှာ တစ်သက်ဖြေဆည်စရာ မရနိုင်တော့သော ဇာတ်သိမ်းခန်းသို့....... သင်းမြအေး နားထဲတွင် တားရော့ဆရာပြောလိုက်သော....
“ကျုပ်က လူသေဆီက ပိုက်ဆံမယူဘူး..” ဟူသော စကားကိုသာ အထပ်ထပ် ကြားယောင်နေမိတော့သည်....။
အားလုံးကို လေးစားလျှက်..
စိုင်းမွန်း
by facebook page

0 comments:
Post a Comment