၂၀၀၅ခုနှစ်
ဇူလိုင်လက လန်ဒန်မြို့၌ မြေအောက်မီးရထား အသေခံဗုံးခွဲ တိုက်ခိုက်မှုကို
နမူနာယူကာ ထိုသို့မီးရထားဗုံးခွဲ တိုက်ခိုက်မှုများကို ကာကွယ်နိုင်မည့်
မီးရထားပုံစံကို နယူးကာဆယ် တက္ကသိုလ်မှ သိပံ္ပပညာရှင်များက
တီထွင်လျက်ရှိကြောင်း သတင်းများအရ သိရသည်။ အီးယူ၏ အထောက်အပံ့အဖြစ်
ပြုလုပ်ခဲ့သည့် ဆီကူရီမီထရိုအမည်ရှိ ယင်းစီမံကိန်းကို လွန်ခဲ့သည့်
သုံးနှစ်ခန့်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ယင်းမီးရထားပုံစံသည်
စီးနင်းလိုက်ပါသည့် ခရီးသည်များကို ဗုံးဒဏ်မှ အကာအကွယ်
ပေးထားနိုင်မည်ဖြစ်သည်။ ဗုံးခွဲတိုက်ခိုက်ခံရသော မီးရထား၏ အဓိကပြဿနာရပ်မှာ
အရာဝတ္ထုများ ပျက်ဆီးလွှင့်စင်ခြင်းဖြစ်ပြီး ထိုအရာဝတ္ထုများကြောင့်သာ
ခရီးသည်များ သေကြေဒဏ်ရာရမှုများကို အဓိက ဖြစ်ပေါ်စေလေ့ရှိကြောင်း
ထိုစီမံကိန်းမှ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုနာအိုနေးလ်က သတင်းထောက်များကို
ပြောကြားသွားခဲ့သည်။ ထိုမီးရထားပုံစံတွင် ပေါက်ကွဲမှုအရှိန်ကို
လျှော့ချပေးနိုင် မည့်စနစ်နှင့် ဗုံးပေါက်ကွဲမှုကြောင့် အပျက်အစီး
အစိတ်အပိုင်းများ လွင့်စင်မှုများကို လျှော့ချပေးနိုင်မည့် စနစ်များ
ပါဝင်သည်။ ထို့ပြင် မီးရထားတွဲများတွင် တပ်ဆင်ထားသည့်
အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်မရာများက ဗုံးပေါက်ကွဲမှု
အခြေအနေများကို အနှေးပြကွက်များဖြင့် အသေးစိတ်ကြည့်ရှု စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်နိုင်မည်ဖြစ်သည်။
by swesonemedia
0 comments:
Post a Comment