ကျွန်တော့်အသက်
၂ နှစ်ခွဲကစလို့ ၅ နှစ်လောက်အထိ သရဲဆိုတဲ့အကောင်ကို ကြောက်စရာလို့
မထင်ခဲ့ပါ။ အကြောင်းရင်းကတော့ သရဲထက် ကျွန်တော်က ပိုကြောက်စရာကောင်းလို့
ထင်ပါသည်။ ကျောင်းစမတက်ခင် အထိ ဘော်ကြိုဆိုသည့် ရွာလေးမှာ
ကျွန်တော်နေခဲ့သည်။ မွေးသမိခင် အမေနဲ့ပေါ့။ အမေ့လက်ထဲမှာ ကျွန်တော့်အတွက်
အမြဲကိုင်ထားတာကတော့ ကိုက်တံ။ ထိုကိုက်တံနှင့် တဒေါင်ဒေါင်
အခေါက်ခံခဲ့ရသည်။ ဘယ်လို ရိုက်ရိုက် ပုံမပျက်တာကတော့ ကျွန်တော်...။
ဘော်ကြိုမှာ
ဒုဌ၀တီမြစ် (မြစ်ငယ်) မြစ်ရှိသည်။ လူအင်မတန်စားပါသည်။ အထူးသဖြင့်
ဧည့်သည်များကို ပိုစားသည်။ တစ်နှစ်တစ်ခါ ကျင်းပသည့် တပေါင်းဘုရားပွဲတွင်
လူစိမ်းတစ်ယောက် အနည်းဆုံးသေသည်။ မြစ်ေ၇မှာ အင်မတန်စိမ်းလှသည်။
စိမ်းသည့်အလျောက် ရေစီးအင်မတန်သန်သည်။ အောက်ကို ငုံ့ကြည့်လိုက်လျှင်
ရေမှော်များကြားမှ မမြင်ရသည့် အနက်။ ဒီမြစ်ဟာ ကျွန်တော့်အတွက် ကစားစရာပဲ..
အဟားဟား.. ဘယ်သူကြောက်ကြောက်.. ဂျပန်မကြောက်...။ ဘာလို့လဲဆိုတော့
ဟိုးဘက်ကမ်းမှာ ကြံတွေ စိုက်သည်။ ကြံသကာဖိုတွေရှိသည်။ ဒီရွာမှာ
ဘယ်သူလာစားစား ဘယ်သူမှ မဆူ။ အ၀ကျွေးသည်။ ထိုကြံများကို စားချင်သောကြောင့်
အနိုင်ယူနေကျ အပေါင်းအသင်းများကို ခြိမ်းခြောက်.. လှေကို
မလှော်တတ်လှော်တတ်လှော်.. ကမ်းကူးပြီး သွားနေကျ။ (ထိုကိစ္စကို
အမေမသိခဲ့ပါ... ဟီး.. ထိုစဉ်က အပေါင်းသင်းများမှာလည်း ကလေးပင်ရနေပြီဟု
ကြားသည်။)
တနေ့ညနေခင်းပေါ့..။
ဒီမြစ်မှာ ရေချိုးနေကျဆိုတော့ ကျွန်တော်တို့ ကလေးတသိုက်
ဂွေးတန်းလန်းလေးတွေနဲ့ ဟိုပြေးဆော့ ဒီပြေးဆော့ပေါ့...။ ဆော့နေရင်း
ဟိုးမြစ်လယ်မှာ မည်းမည်းကြီးတစ်ခု စီးလာတာကို တွေ့လိုက်မိသည်။
ဖောင်းဖောင်းကြီး။ သေချာကြည့်တော့ ထမီကြီးဖြစ်နေသည်။ ထမီက လေခိုပြီး
ရေပေါ်မှာ ပူစီဖောင်းလို ဖြစ်နေသည်။ အလောင်းတစ်လောင်းလို့ သိလိုက်မိသည်။
အဲဒီအချိန်ပဲ လှေတစ်စီး ဒီဘက်ကမ်းကို လှေအလာ.. မြစ်လယ်မှာ ထိုအလောင်းနှင့်
တိုက်မိကြသည်။ ရုတ်တရက်.. ထိုအလောင်းမှ နွားအော်သံကဲ့သို့သော
အသံတစ်ခုထွက်လာသည်။ ဒေါသတကြီး တုံ့ပြန်လိုက်သောအသံ..။ ထိုလှေကို
အမြန်လှော်လာရန် ၀ိုင်းအော်ပြောကြသည်။ ထိုညမှာပဲ ထိုအလောင်းကို
ဆယ်ယူလိုက်ကြသည်။ ဆေးစစ်ချက်အရ ထိုအလောင်းသည် ရေနစ်သေသည်မဟုတ်။
လူသတ်မှုတစ်ခုမှ အလောင်းတစ်လောင်းမျောလာခြင်းပင်ဖြစ်သည်။ ထိုသရဲကို အသက် ၃
နှစ်လောက်မှာ ကြုံဖူးလိုက်သော်လည်း ကျွန်တော့်မှာတော့ မပြောင်းလဲသော
အကြောင်းတရား...။ မြစ်ထဲမှာ ဆော့မြဲ... ပြေးမြဲ.. ကြံသွားစားမြဲ.....။
တခုတော့ရှိသည်။
သရဲဆိုတာကို မကြောက်ပေမယ့် ဇီးကွက်ကိုတော့ အင်မတန်ကြောက်ပါသည်။ အဲဒီရွာ
ကျွန်တော့်အိမ်ဘေးမှာ သစ်ပင် အုပ်အုပ်ဆိုင်းဆိုင်းလေးရှိသည်။ ညဆို
ဇီးကွက်များခိုကာ အော်တတ်သည်။ ထိုအသံကြားလို့ကတော့
လူကြီးတစ်ယောက်ယောက်ပေါင်ပေါ်ကို အမြန်ဆုံး သွားထိုင်တတ်ပါသည်။ ဤမျှ
အထိသည်ကား ဘာမထီသည့် အာဇာနည် ဂျပန်ကောင်လေး ဘ၀ပင်ဖြစ်ပေတော့သည်။
ဒီလိုနှင့်
အသက်လည်း ၅ နှစ်ပြည့်လာ။ မြို့မှာနေပြီး ကျောင်းတက်ရပြီ။ တကယ်တမ်းတော့
ကျွန်တော် စာကျက်မပျင်းပါဘူး။ ဒါပေမယ့် ဘာလို့လဲမသိ.. တအိမ်လုံး
ပထမရအောင်ချည်း လုပ်ခိုင်းနေသည်။ ည ထမင်းစားပြီးတာနဲ့
ပုံမှန်စာကြည့်စားပွဲမှာ စာကျက်တာပဲ..။ တခါတခါ မောတော့ နားမှာပေါ့..။
ဒါကို အဖေက မရဘူး..။ သူ့သားငယ်အသံတိတ်တာနဲ့ ထခြောက်တော့သည်။
လူပုလေးဆိုသည့် တစ္ဆေနှင့်။
ကျွန်တော့်အိမ်မှာ
ငါးမွေးကန်သုံးကန်ရှိသည်။ ထိုငါးကန်ဟိုးဘက်အစပ်မှာ မှန်ကူပင်(တခြားဒေသမှ
လူများ သိမည်မထင်ပါ)အုပ်အုပ်ဆိုင်းဆိုင်းကြီးရှိသည်။ အဖေဖြီးထားတာကတော့
အဲဒီတောထဲမှာ လူပုလေးနေတယ်တဲ့..။ သူက စာရင်းစာအုပ်လေးကိုင်ပြီးတော့
စာမကျက်တဲ့ ကလေးတွေကို လိုက်မှတ်သတဲ့..။ စာတကယ်မလုပ်ရင်
ဂုတ်ချိုးပစ်မတဲ့ဗျား...။ ခြောက်လှန့်ထားတာကတော့ အပီပဲ...။ ကျွန်တော်ကလည်း
လူပုလေးမပြောနဲ့ အဲဒီ အပင်အုပ်အုပ်ဆိုင်းဆိုင်းကို နည်းနည်းမှောင်လာရင်
မကြည့်ရဲတော့ဘူး..။ ငယ်ငယ်က သတ္တိတွေ ဘယ်ရောက်ကုန်ပါလိမ့်..။ (ဒီနည်းက
ကျွန်တော့်ကို စာကျက်ချင်လာအောင် နှိုးဆွနိုင်ခဲ့ပေမယ့် ကြောက်စိတ်တွေကို
မသိမသာထည့်ပေးခဲ့တယ်ဆိုတာ အဖေမသိခဲ့ဘူး.. ထိုအချိန်ကစလို့
ကျွန်တော့်သတ္တိတွေ လျော့ပါးလာခဲ့သည်)။
နောက်
ကျွန်တော်နဲ့ ရင်းနှီးသော သရဲတစ်ကောင်ရှိသေးသည်။ သူကအမြဲတမ်း ကျွန်တော့်
အိမ်မက်ထဲကို လာသည်။ သူ့ကိုတော့ ကျွန်တော်တကယ်ကြောက်ပါသည်။ အိပ်မက်ထဲမှာ
ကျွန်တော်က အိပ်နေသည်။ ကုတင်အစွန်းကို ကျောခိုင်းပြီး နံရံဖက်လှည့်ကာ
အိပ်နေသည်။ အိပ်နေရင်း အိပ်နေရင်း နောက်ကျောမှာ တစုံတရောက်ရှိသလိုလို
ခံစားလာမိသည်။ ဘယ်လိုမှ မနေနိုင်သည့်အဆုံး လှည့်ကြည့်မိတော့.. နောက်မှ
ရပ်နေသည့် ကြောင်မျက်နှာနှင့် သရဲ...။ ဒီအိပ်မက်ကို မှတ်မှတ်ရရ ၅ ခါလောက်
မက်ခဲ့ဖူးသည်။ မက်တိုင်းလည်း အသည်းအသန် ထငိုဖူုးသည်။ တခါမက်ပြီးလျှင်
အဖေနှင့် အမေကြားဝင်အိပ်မှ နွေးထွေးစွာ အိပ်ပျော်ခဲ့ရသည်။ သူသည်
ကျွန်တော့်ဘ၀မှာ အရက်စက်ဆုံး သရဲတစ်ကောင်ဖြစ်ခဲ့သည်။
နောက်အဖြစ်အပျက်ကတော့
ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းဆုံးသောနေ့ကပင်ဖြစ်သည်။ (ဒီအကြောင်းကို
ဘလော့ခ်တစ်ပုဒ်အဖြစ် ရေးပြီးခဲ့ပြီ)။ ထိုည... သူငယ်ချင်း အသုဘက အပြန်။
မီးဖွင့်လျက်ပင် အိပ်နေမိသည်။ ခြင်ထောင်ဖြူလွလွကို ငေးရင်းနဲ့
ဝမ်းနည်းမိသည်။ သူ့ကို ထိုးခဲ့ဖူးသည့်အတွက် သူပြန်လာလက်စားချေမလားလို့
ကြောက်နေမိသည်။ သူငယ်ချင်းကို မကျွတ်လွတ်ဘူးလို့ မဆိုလိုချင်ပါ။ ဒါပေမယ့်
ကျွန်တော့် သင်္ချိုင်းကုန်းကို သွားခဲ့သည်။ တစုံတခုများ
ကပ်ပါလာမလားလို့လည်း တွေးနေမိသည်။ နေရင်းထိုင်ရင် အနံ့တခုခုကို
ရလိုက်မိသည်။ အတော်ခံရခက်သည့် အနံ့။ ဘာအနံ့လို့ပင် အခုတိုင်ဝေခွဲလို့မရ..။
အမေတို့ကို ခေါ်ပြသည်။ အိမ်ခန်းအနံ့ လိုက်ရှာသည်။ မတွေ့..။
အိမ်အပြင်ကလာသလားလို့ လိုက်ကြည့်တော့လည်း အပြင်မှာ ဘာအနံ့မှ မရခဲ့...။
အဲဒီည အမေပရိတ်ရွတ်သံကြားမှာ အိပ်ပျော်အောင်ကြိုးစားခဲ့ဖူးသည်။
နောက်အဖြစ်ကတော့
ကျွန်တော်မကြောက်သော သရဲခြောက်ခြင်းမည်ပါသည်။ သရဲပေါသော စင်္ကပူတွင်ပါ။
သူငယ်ချင်းတစ်ယောက်ဆီ လိုက်အိပ်သောည..။ သူတို့အိမ်သည်
လူငယ်များချည်းနေသည့်အတွက် လွတ်လပ်သည်။ ဘယ်သူလာလာ အားလုံး အဆင်ပြေသည်။
သူငယ်ချင်းအခန်းမှာ ၂ ယောက်နေသည်။ အခန်းဖော်က အပေါ်မှာ အိပ်သည်။ သူငယ်ချင်းက
အောက်မှ အိပ်သည်။ နှစ်ထပ်ကုတင်ပေါ့ဗျာ...။ တညမှာတော့ ၁၁ ခွဲလောက်
ကျွန်တော်ကုတင်အောက်ထပ်မှာ အိပ်ဖို့ ပြင်နေမိသည်။ ဒီကောင်တွေက တညလုံး
ဒိုတာခုတ်နေတတ်တာကြောင့်.. မစောင့်ချင်တော့..။ အဲဒါနဲ့
အခန်းတံခါးကိုပိတ်ပြီး တစ်ယောက်တည်း အိပ်နေမိသည်။ ရုတ်တရက် တစုံတရာ
ကုတင်ပေါ်တက်သွားတာ သိလိုက်သည်။ (နှစ်ထပ်ကုတင်အပေါ်သို့ လူတက်လျှင်
ကုတင်တစ်ခုလုံး ခါသွားလေ့ရှိသည် ) ဒါမထူးဆန်း..။ သူငယ်ချင်းအခန်းဖော်က
ဒိုတာတပွဲနားရင် ကုတင်ပေါ်တက်ပြီး ပုတီးလာစိပ်တတ်သည်။ ပြီးရင် ဆက်ဆော့သည်။
သူပဲထင်ပြီး ကျွန်တော်ဆက်အိပ်သည်။ သူပုတီးစိပ်တုန်း ငါအပေါ့သွားဦးမယ်လို့
နှလုံးပြုပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ကုတင်အပေါ်ထပ်ကို ကြည့်လိုက်တော့
ဘယ်သူမှ မရှိ...။ တံခါးကို ဖွင့်ထွက်လိုက်တော့ ထိုအခန်းဖော်က အပြင်းအထန်
ဒိုတာခုတ်နေသည်။ ဒီတခါကတော့ ဘယ်လိုမှ မလွဲသော သရဲခြောက်ခြင်းလို့
တပ်အပ်သိလိုက်မိသည်။ ထူးဆန်းစွာပင် ထိုအိမ်မှ သရဲများကို
ကျွန်တော်မကြောက်ခဲ့ပါ။ အပြောအဆိုအရ သားအမိနှစ်ယောက်ဟု ဆိုသည်။ ညဘက်
ဆက်တီတွေမှာ ထိုင်နေတတ်သည်ဟုလည်း ဆိုသည်။
by syn-pages
0 comments:
Post a Comment