www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

" ~~V.I.P ခန်းမှာ တညတာ ~~"

ဒီတစ်ခါတော့ .. လူတော်တော်များများ စိတ်ဝင်စားလောက်ခဲ့တဲ့ မိုးဟေကိုဗီဒီယိုနဲ့ပတ်သက်တဲ့ ဟိုတယ်အကြောင်းကိုပြောပြချင်ပါတယ်။ ကိုယ်တွေ့မဟုတ်ပေမယ့် တဦးတည်းသောအစ်မ ကိုယ်တိုင်ကြုံခဲ့ရတာပါ။ နောက်ပြီးတော့ အဲဒီဟိုတယ်ဟာဆိုရင်လည်း ပိုင်ရှင်အဆက်ဆက်ပြောင်းပြီးပြီဆိုတော့ ဘယ်သူ့ကိုမှလည်း ထိခိုက်လောက်မယ်မထင်ဘူး။ မရည်ရွယ်ပဲ ထိခိုက်သလိုဖြစ်သွားရင်လည်း တောင်းပန်ပါတယ်ဆိုတာ ကြိုပြီးပြောထားပါရစေ။

                     စပြောရမယ်ဆိုရင်တော့ ကျွန်မတို့မိသားစုရဲ့ တနှစ်ကို နှစ်ခါ သုံးခါလောက်ခရီးထွက်တတ်တဲ့ အလေ့အထကနေစရမှာပါပဲ။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအဲဒါကစတာမို့လို့ပါ။ ကျွန်မတို့မိသားစုရဲ့ တနှစ် တခါခရီးမှာ မသွားမဖြစ် နှစ်တိုင်းရောက်ရတဲ့မြို့က မန္တလေးမြို့ပါ။ ဖေဖေက စစ်ကိုင်းတိုင်းနားက ရွာသစ်ကြီးမြို့ဇာတိဆိုတော့ မန္တလေးကနေဖြတ်ပြီးပဲ သွားရတာပါ ၊ဆွေမျိုးတချို့ကလည်း အဲဒီမှာပဲဆိုတော့ ခဏတော့တစ်ရက်တန်သည် နှစ်ရက်တန်သည်လောက်တော့ နေပေးရတာပေါ့။ အရင်ကတော့ ဆွေမျိုးတွေအိမ်မှာပဲ တည်းဖြစ်တာများပါတယ်။ ဒီတခေါက်ကတော့ ကျွန်မတို့ဦးလေး(မေမေ့ဘက်ကဦးလေး)ရဲ့ ဟိုတယ်မှာတည်းဖြစ်ကြတယ်။ ဟိုတယ်က အသစ်ကလည်းအသစ် ရှေ့မှာလည်းတစ်ခါ နှစ်ခါလောက်တည်းဖူးပြီးပြီ။ ဦးလေးပိုင်ဆိုတော့ မန်နေဂျာကအစ လူရင်းတွေကြီးပဲဆိုတော့ ထပ်သွားတည်းဖြစ်ကြတယ်။ ထုံးစံကသူဋ္ဌေး(ဦးလေး)နှင့် ဆွေမျိုးတွေလာရင် တခြားဘယ်ဧည့်သည်ကိုမှ မငှါးပဲထားရတဲ့ V.I.P ခန်းသုံးခန်းထဲက တခန်းခန်းကိုပဲပေးရတာပါ။ ဒီတခေါက်လည်း V.I.P ခန်းတခန်းရပါတယ်။ အရင်အခေါက်တွေတုန်းက တည်းနေကျအခန်းတော့မဟုတ်ဘူး။ မန်နေဂျာလည်း ပြောင်းသွားတာကိုး။ အရင်မန်နေဂျာက ဖေဖေနဲ့မေမေရဲ့ အရမ်းခင်ရတဲ့မိတ်ဆွေပါ။ သူကင်ဆာရောဂါတခုနဲ့ဆုံးသွားပြီးမှ ဦးလေးက ဆွေမျိုးနီးစပ်ထဲကတယောက်ကို ထပ်ခန့်ထားရတာပါ။ ကဲ ဇာတ်လမ်းကိုဆက်ရအောင်...။

                     ကျွန်မတို့အိမ်ကကားနဲ့ပဲသွားတာဆိုတော့ မန္တလေးကို ကိုးလို့ကန့်လန့်ညနေမရောက်တရောက် အချိန်ကြီးရောက်ပါတယ်။ ရောက်ရောက်ချင်း အထုပ်အပိုးတွေချ ခဏတဖြုတ်နားပြု၊ ရေချိုးပေါ့။ ကျွန်မရဲ့ အစ်မက ငယ်ငယ်ကတည်းက ဆံပင်ရှည်ထားသူဆိုတော့ ခုလိုခရီးထွက်ပြီး ဖုန်ကပ်ရင်မနေတတ်ဘူး ခေါင်းလျှော်လိုက်ရမှ။ ခုလည်း ခေါင်းလျှော်ပြီး ညီအမနှစ်ယောက် ဟိုတယ်အနှံ့လမ်းသလားပေါ့။ ကျွန်မကတော့ အဲဒီတုံးကမှ သုံးတန်း လေးတန်းလောက်ရှိအုံးမှာ၊ ခလေးဆိုတော့ ညနေစောင်းတွေဘာတွေမသိပါဘူး။ လျှောက်သွားရတော့ ပျော်နေတာပဲ ။အမကတော့အပျိုကလည်း အပျိုပေါက်ကလေး ပဲကလည်း များချင်တော့ ရေမခြောက်တခြောက်ဆံပင်ကို ဒီတိုင်းပဲဖားလျားချပြီးလျှောက်သွားတာ။ အဲဒီဟိုတယ်မှာပဲ ဖေဖေ့ညီတယောက်က အလုပ်လုပ်နေတာဆိုတော့ အဲဒီဦးလေးကိုအနိုင်ကျင့်ပြီး ဟိုတယ်ဝင်းအနှံ့လျှောက်ပြခိုင်းလိုက်တာ... နောက်ဆုံးအဖေက ညီအမနှစ်ယောက်စလုံးကို ညစာစားမယ်ဆိုပြီး ဗီတိုအာဏာနဲ့ပြန်လာခိုင်းမှပဲ အခန်းကိုပြန်လာဖြစ်တော့တယ်။

                       အပြင်မှာ ညစာထမင်းခဏတဖြုတ်ထွက်စားကြပြီး ဟိုတယ်လည်းပြန်ရောက်ရော.. မကြာပါဘူး အိပ်ရာဝင်ကြတော့တာပဲ။ ခရီးကပင်ပန်းတာတကြောင်း၊ညစာလည်း စားပြီးကြပြီဆိုတော့ အိပ်ငိုက်ကြပြီပေါ့။ အိပ်ခန်းထဲမှာ သူတို့က အိပ်ယာအနေအထားကို ဘယ်လိုလုပ်ထားပေးလဲဆိုတော့ နှစ်ယောက်အိပ်ကုတင်တလုံး၊ ကျွန်မတို့ ညီအမအတွက်က တစ်ယောက်အိပ်မွေ့ယာလေးနှစ်လုံး ကပ်လျက်ချထားပေးပါတယ်။ ကျွန်မက ရေချိုးခန်းနဲ့ကပ်လျက် ဒေါင့်စွန်းမှာပါ။ အမက အလယ်မှာ။ ဖေဖေနဲ့မေမေက ပြတင်းပေါက်နဲ့ကပ်လျက် (နောက်ဒေါင့်စွန်း)မှာ အိပ်တယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကြနေတုန်းမှာပဲ အမရဲ့အော်ငိုတဲ့အသံနဲ့ လန့်နိုးလာပါလေရော။ စိတ်ထဲမှာဘာထင်လိုက်သလဲဆိုတော့ နီးနီးနားနားမှာ မီးများလောင်လို့လားပေါ့နော်။ မီးသတ်ကားသံလည်း မကြား၊ ဖေဖေကလည်း အမကိုချော့ပြီး ပြန်အိပ်ခိုင်းနေတာရယ်။ မေမေကလည်း ဘုရားစာတွေရွတ်နေတာတွေ့တော့ နည်းနည်းလည်း ကြောင်သွားတယ်။ နောက်ပြီးဖေဖေက အမကျေနပ်အောင် ရေချိုးခန်းတံခါးကို လိုက်ဖွင့်ပြနေတော့ ဘာလဲဟပေါ့နော်။ အမကိုလှမ်းမေးတော့လည်း  အမက နင်ရောဟိုအသံကြီးကြားလားဆိုပြီးမေးမှ ပိုရှုပ်ကုန်တော့တယ်။ နောက်ဆုံးဖေဖေကနေရာလဲပြီး အမကို မေမေနဲ့သူ့နေရာမှာ အိပ်ခိုင်းလိုက်ပြီး သူကတော့ အမအိပ်တဲ့ ကျွန်မဘေးကနေရာမှာပေါ့။ ဘာဖြစ်တာလဲဆိုတာကို သိချင်ပေမယ့် အရမ်းကလည်း အိပ်ချင် ၊ဖေဖေကလည်း ကိုယ့်ဘေးနားရောက်လာတော့ စကားမများရဲဘူး။ မနက်ကျမှသေချာမေးမယ်ဆိုပြီး ပြန်အိပ်လိုက်တာ မနက်ကျတော့တော်တော်နှိုးယူရတယ် :D ။

                         မနက်လည်းကျရော နံနက်စာ စားရင်းနဲ့မှ အစ်မကသေချာပြောပြတယ်။ ညက အကုန်လုံးအိပ်မောကြနေတဲ့အချိန်ကြီး။ သူလည်း ဘာမှန်းမသိပဲ လန့်နိုးလာတယ်တဲ့။ အဲဒီမှာ ရေချိုးခန်းထဲကနေ နာနာကျင်ကျင်နဲ့ အားအားဆိုပြီး အော်နေတဲ့အသံကိုကြားရောတဲ့။ ပထမတော့ ဖေဖေအိမ်သာတက်ရင်း ဝမ်းများချုပ်နေလို့လားပေါ့နော်။ တဖြည်းဖြည်းနဲ့ အသံက ပိုကျယ်လာတဲ့အပြင်ကို သူကြက်သီးတွေထပြီး အရမ်းလန့်လာရောတဲ့။ ကုတင်ပေါ်ကိုလည်း လှမ်းကြည့်လိုက်ရော ဖေဖေက အိပ်မောတောင်ကျလို့တဲ့။ အဲဒီမှာ သူအိပ်ရာကလည်း မထရဲ၊ တခြားဘယ်သူမှမကြားရပဲ သူတယောက်တည်း ကြားနေရတယ်ဆိုကတည်းက ဒါသူ့ကိုပဲရည်ရွယ်ပြီး  ခြောက်တယ်ဆိုတာသိလိုက်ပြီ။ ဘုရားစာတွေလည်း ရွတ်လို့ အမြီးအမောက်ကလည်း မတဲ့နဲ့ သူနာရီဝက်လောက် အဲဒီအသံကြီးကို ဆက်တိုက်ကြားနေရတာတဲ့။ တကယ်ကို ပြောမပြတတ်လောက်အောင် နာနာကျင်ကျင်နဲ့ ဝေဒနာခံစားရသလိုကို တိတ်ဆိတ်နေတဲ့ညလယ်ကောင်မှာ အော်ငြီးနေတဲ့အသံကြီးက ကြာရင်ပိုဆိုးတော့မှာမို့လို့(အစ်မပြောတာတော့ သူသတိလစ်သွားမှာစိုးလို့) ရှိသမျှသတ္တိလေးစုပြီး ဖေဖေ့ကိုမရရအောင် အော်နှိုးလိုက်တာတဲ့။ ထူးဆန်းတာက သူအဲလိုအော်နှိုးလိုက်လိုက်ပြီးတပြိုင်နက်ပဲ အသံက ချက်ချင်းကိုတိတ်ပြီး ပျောက်သွားတာတဲ့။ ပိုထူးဆန်းတာက ဖေဖေနဲ့မေမေ့ကိုလည်း ကော်ဖီခွက်တွေ လှုပ်ပြလိုလှုပ်ပြ၊ ခွက်ကို အောက်ခံပန်းကန်ပြားနဲ့ တဆတ်ဆတ်ရိုက်ပြလိုရိုက်ပြ၊ ရေချိုးခန်းမီးဆိုတာတော့ ပိတ်လိုက်ဖွင့်လိုက်လုပ်ပြတာ ဘယ်နှခါမှန်းကိုမသိတော့ဘူးတဲ့။ ကျွန်မတယောက်တည်းသာ ဘာဆိုဘာမှမကြုံလိုက်ရတာ။

                        အဲဒီညက အဖြစ်အပျက်တွေကြောင့် နောက်တညကို တခြားအခန်း ပြောင်းခိုင်းလိုက်ရတော့တယ်။ နောက်တခန်းကတော့ အေးအေးဆေးဆေးပါပဲ။ ရန်ကုန်ပြန်ရောက်တော့မှ ဦးလေးက ဖြစ်ကြောင်းကုန်စင် ရှင်းတော်မူတယ်။ ဧည့်သည်တွေအရမ်းကျလို့ V.I.P အခန်းတွေပါ ငှါးထားရတာကြောင့်မို့လို့  တည်းနေကျအခန်းက လူရှိနေလို့ အဲဒီအခန်းကို ပေးလိုက်ရတာဖြစ်ကြောင်း၊ ခုပေးတဲ့အခန်းကလည်း V.I.P အခန်းထဲကပဲဖြစ်ပြီးတော့  အရင်က မန်နေဂျာမဆုံးခင်က နေဖူးတာတခုပဲ ခြွင်းချက်ရှိကြောင်းပြောပါတယ်။ အဲဒီတော့မှ ဖေဖေနဲ့မေမေလည်း ဇာတ်ရည်လည်ပါတော့တယ်။ သူတို့နှစ်ယောက်လုံးနဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေဖြစ်တဲ့အပြင် အလွန်တရာ အကျီစားသန်သူဖြစ်တာတကြောင်း၊ သူရှိကြောင်း ဖေဖေနဲ့မေမေကိုပြချင်တာတကြောင်း ၊ပြီးတော့အဲဒီမန်နေဂျာဦးလေးကြီးကလေ (ကန်တော့ ကန်တော့) စအိုကင်ဆာနဲ့ဆုံးတာဆိုတော့ သူမသေခင် ဝေဒနာတော်တော်ခံစားခဲ့ရမယ့်ပုံပဲ။ အဲဒီမှာ ကံထူးရှင်ကျွန်မရဲ့အစ်မက သူ့ရဲ့ ကျီစားဒဏ်ကို အခံလိုက်ရဆုံးပေါ့။ ဘာပဲပြောပြောလေ ကျွန်မရဲ့ အစ်မလည်းနောက်ကို နေဝင်ရီတရောမှာ ဆံပင်ဖားလျားနဲ့ လမ်းမသလားရဲတော့ဘူး :D သူကကံကောင်းလို့ မန်နေဂျာသရဲပဲတွေ့တာ မဟုတ်ရင်သူကုလားသရဲနဲ့တွေ့မှာ :P ဘာလို့လဲဆိုတော့ အဲဒီဟိုတယ်နေရာက အရင်ကကုလားသချိုင်းနေရာတဲ့။ အဲဒီဟိုတယ်မှာ အလုပ်လုပ်တဲ့သူတွေကတော့ ပြောပြကြတယ်။ သူတို့လည်း ခဏခဏမြင်ဖူးတယ်တဲ့။ သေချာတာကတော့ အဲဒီမြေနေရာမှာ ဟိုတယ်စဆောက်တုန်းကတည်းက  ဦးလေးကို ကုလားမတယောက်က အိပ်မက်လာလာပေးပြီး ဆက်မဆောက်ဖို့တားတာကို ဦးလေးက ရအောင်လုပ်လို့ ဦးလေးနေတဲ့ရန်ကုန်ကအိမ်အထိ လိုက်လာနှောင့်ယှက်တာကို ဦးလေးနဲ့မိသားစုဝင်တွေ ခံလိုက်ရပါသေးတယ်။ နေ့လယ်ဘက်ကြီး ကိုယ့်အခန်းမှာကိုယ်အိပ်နေတဲ့ အစ်မတယောက်ကို အိပ်ယာကလည်းနိုးရော ကုတင်နဲ့မျက်နှာခြင်းဆိုင်ဘက်က ရေချိုးခန်းထဲကနေ ငုတ်တုတ်ကြီး ထိုင်ကြည့်နေတဲ့ ကုလားမသရဲကတော့ တော်တော်ကို အတင့်ရဲလွန်းပါတယ်။ နှစ်ကာလ တော်တော်လေးကြာသွားပြီ ဆိုတော့ ဟိုတယ်က ဟိုမန်နေဂျာသရဲတော့ ရှိချင်မှရှိတော့မှာပါ။ ကဲ မိုးဟေကိုကတော့ V.I.P အခန်းနဲ့မတွေ့လိုက်ရလို့ lotionလိမ်းပြီးနံမည်ကြီးသွားတယ်ထင်တယ်နော် :PPP



ဖြစ်ရပ်မှန်အကြောင်းအရာများကို မကြာခဏ မျှဝေပေးသော မWai Thi အား အထူးကျေးဇူးတင်ပါကြောင်း


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်