www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

နေရစ်ခဲ့တော့...

“မေသဲ.. ပြန်ပြီလား...”
“အင်း ပြန်ပြီ ယု...”
ထိုင်ခုံပေါ် လွှားတင်ထားသော ကုတ်အိကျီအနက်လေးကို လှမ်းဆွဲယူလိုက်ရင်း ယုသွယ် အမေးကို ဖြေလိုက်သည်။
“ဒီနေ့ အတိအကျ ရုံးဆင်းတယ်ပေါ့လေ...”
“အင်း.. ဟုတ်တယ်ယု... ဒီနေ့ မေသဲ ငြီးစီစီဖြစ်နေလို့...”
“အင်း.. အိမ်ပြန်ရောက်ရင် နားနားနေနေ နေလိုက်ပေါ့ မေသဲရယ်...။ ”
“အင်း.. မေသဲသွားလိုက်ဦးမယ်... ယုရေ...”
မေသဲဖြူတစ်ယောက် ခါတိုင်းလို အိမ်ပြန်ဖော်စောင့်မနေတော့ပဲ ရုံးပေါ်က ဆင်းလာလိုက်သည်။ ဒီနေ့မှပဲ ကိုကိုကလဲ ဘာတွေဖြစ်နေသည်မသိ..။ အွန်လိုင်းပေါ်မှာ ခိုးတွေ့တဲ့အချိန်လေးမှာတောင် စကားတွေက တောင်စဉ်ရေမရ...။ တစ်ချိန်လုံး ဂရုစိုက်ဖို့ချည်း မှာနေသည်။ မေသဲ ချွဲချင်နွဲ့ချင်တာ မှန်ပေမယ့် သူ့ကို ကလေးတစ်ယောက်လို တစ်ဗြစ်တောက်တောက်မှာနေရင်လဲ မနေတတ်ပြန်..။ မေသဲမကြိုက်..။ ထို့ကြောင့်လဲ ကိုကို ဆိုသည့် သန့်ခိုင်ဇော်နှင့် သမီးရည်းစားဖြစ်တော့ လူတွေ ဝိုင်းအံ့သြတာပေါ့..။ သူ့လို ကလေးမဟုတ် လူကြီးမဟုတ် ကောင်မလေးတစ်ယောက်ကို ဘာကြည့်ကြိုက်သည်မသိဆိုပြီး... ။ လူတွေက အမြင်ကပ်စရာ...။
“ဟွန်း.....”
တွေးရင်း မျက်မှောင်ကုတ်ကာ အသံပါထွက်သွားသဖြင့် လမ်းသွားလမ်းလာတွေ ကွက်ကြည့် ကွက်ကြည့်လုပ်ကုန်သည်။ ထိုအခါမှလဲ မေသဲ အာရုံတွေက လမ်းမပေါ်ပြန်ရောက်သည်လေ..။ ဘတ်စ်ကားမှတ်တိုင်နားမှာစောင့်နေတုန်း.. တောင်ငေးမြောက်ငေး လုပ်မိနေသည်။ စီးနေကြ ဘတ်စ်ကားလာတော့ မေသဲ အလုအယက် တိုးတက်လိုက်သည်။ ဒါမျိုးက မေသဲက ပိုးဟပ်ဖြူလေးလို နုဖပ်နေပေမယ့် ကျွမ်းကျင်မြန်ဆန်သည်။ ကားပေါ်အတင်းတက်ရင်း ကားမောင်းသမားကိုကျော်ကာ လမ်းတစ်ဘက်သို့အကြည့်အရောက်...
“ဟင်.. ကိုကို... ၊ ဟတူလိုက်တာ.. ကိုကိုလားမသိဘူး...”
လမ်းတစ်ဘက်ဆီမှ ဘတ်စ်ကားပေါ်မှ သူ့ဆီကို တည့်တည့်စိုက်ကြည့်နေသော လူတစ်ယောက်ကို လှမ်းတွေ့လိုက်သည်။ ရပ်ပြီး သေချာကြည့်နေဖို့ အချိန်မရတာကြောင့် ကားနောက်ထဲ အမြန်တိုးဝင်လိုက်ပြီး ပြတင်းပေါက်နားအတင်းကပ်သွားလိုက်သည်။
“အို.. ဟဲ့.. ဘယ်လိုဖြစ်နေတာလဲ...”
ကားပေါ်မှ ထွက်ပေါ်လာသော ငြိုငြင်ငြူစူသံတွေကို ဂရုမစိုက်အားပဲ လမ်းမတစ်ဘက်သို့ အသည်းအသန်လိုက်ကြည့်မိသည်။ ခုနက တွေ့လိုက်သော ကိုကိုနှင့်တူသောသူ ရှိမနေတော့..။
“ငါ... စိတ်ထင်တာပဲနေမှာပါလေ...။ သြော်ကိုကိုရယ်... မေသဲစိတ်ကို အဲလောက်တောင် လွှမ်းမိုးရသလားကွယ်...”
ကိုယ့်ကိုယ်ကို ဖြေသိမ့်တွေးလေးတွေးရင်း မေသဲ ကားပေါ်မှာ ငြိမ်သက်လိုက်ပါလာလိုက်သည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အိပ်ယာပေါ်ကို ဆလင်းဘက်ကို ပစ်တင်လိုက်ရင်း မှန်တင်ခုံရှေ့မှာ မေသဲ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
“ဟူး..................... မောလိုက်တာ..”
တစ်ယောက်ယောက်ကို ပြောသလို ရေရွှတ်လိုက်ရင်း မေသဲ မှန်ထဲသို့ လှမ်းကြည့်လိုက်သည်။
“ဟင်.....”
ကုတင်ပေါ်တွင် လူတစ်ယောက်ထိုင်နေသလို မြင်လိုက်ရ၍ အလန့်တကြား လှည့်ကြည့်မိသည်။ ဘာမှ ရှိမနေ...။
“မေသဲဖြူ.. နင်တော့ ရူးတော့မယ်ထင်တယ်.. စိတ်အေးအေးထားစမ်း.. ”
ကိုယ့်ကိုယ်ကို ကြိမ်းမောင်းလိုက်ရင်း စိတ်ကြည်လင်သွားအောင် ရေမိုးချိုးဖို့ပြင်သည်။ ရေချိုးခန်းတံခါးကိုဖွင့်ပြီး ရေချိုးကန်ထဲသို့ ရေနွေးကို အနေတော်စပ်လိုက်သည်။ ထို့နောက် ဆပ်ပြာဘူးကို ယူပြီး ရေချိုးကန်ထဲသို့ အသာလေး လောင်းထည့်ကာ စပ်လိုက်သည်။ ထွက်လာသောအနံ့သည် ခါတိုင်းထက်ပိုမိုမွှေးပျံ့နေသလိုလို...။ ဘာဘာညာညာ သိပ်မတွေးတော့ပဲ ရေချိုးကန်ထဲသို့ မေသဲ ဝင်ပြီး စိမ်နေလိုက်သည်။ ပင်ပမ်းထားမှုကြောင့်လားမသိ မျက်ခွံတို့ မှေးစင်းလာရသည်။ ရုတ်တရက် အိပ်ပျော်သွားသလိုလို ဘာလိုလို ဖြစ်သွားချိန်တွင် သူ့ပုခုံးကို တစ်ယောက်ယောက် ဖွဖွလေး ဆုပ်ထားသလို ခံစားလာရသဖြင့်.. မေသဲ လန့်နိုးလာခဲ့သည်။ အလန့်တကြားလှည့်ကြည့်လိုက်တော့ ဘာမှ ရှိမနေ..။ ထိုစဉ်မှာပင် မီးက ဖြတ်ကနဲ မှောင်ကျသွားသည်...
“အမေ့....”
ရုတ်တရက်မို့ မေသဲလဲ အမှောင်ထဲတွင် ကြောင်လျက်သား...။ ထိုစဉ်မှာပင် ရေချိုးကန်ခြေရင်းဘက်လောက်မှ အသက်ရှူသံတစ်ခုကို ကြားလိုက်ရသည်...။
“ဘယ်... သူ.. လဲ....”
မေသဲ စကားသံတို့ မပီပြင်ချင်တော့..။ ထိုစဉ် ခြေရင်းဘက်မှနေ၍ ညင်သာသော ခြေလှမ်းတို့ကြားလိုက်ရပြီး တစ်ဖြည်းဖြည်း သူ့နှင့်နီးကပ်လာတာကို ခံစားမိသည်..။ ထို့နောက် အေးစက်သော လက်တို့က မေသဲရဲ့ ပုခုံးကို တို့ထိလာတော့...
“အားးးးးးးးးးးးးးးးးးးးးးးးးးးး”
အသံကုန်ဟစ်အော်လိုက်ရင်း မေသဲ မျက်စိတို့ စုံမှိတ်လိုက်မိသည်။ ထိုစဉ်မှာပင်.... မီးရောင်တို့ ပြန်လည် ဖြာလင်းလာတော့သည်။ မျက်စိတို့ကို မရဲတရဲ ဖွင့်ကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေ...။ မေသဲ ရေချိုးကန်မှ အမြန်ထပြီး တဘက်ကို ပတ်ကာ ခပ်သုတ်သုတ် ထွက်လိုက်သည်။ ရေချိုးကန်မှ ရေကိုပင် မဖွင့်ထုတ်မိ...။ ရေချိုးခန်းတံခါးကို ပိတ်မယ်အလုပ် ရေချိုးကန်ထဲသို့ တစ်ယောက်ယောက် ဆင်းသွားသလို အသံတွေကို ကြားလိုက်ရသည်..။ မေသဲ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိသည်။
“မေသဲဖြူ.. နင် ရေဖွင့်ထုတ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး...”
ပြန်ဝင်ရကောင်းနိုး ဒီတိုင်းပိတ်ရကောင်းနိုးနဲ့ ချီတုံချတုံဖြစ်နေသည်။ ထို့နောက်မထူးသဘောပိုက်ကာ ရေချိုးခန်းတံခါးကို ဒီတိုင်းသာ ပိတ်ချလိုက်တော့သည်။ ကိုယ်ကို ရေခြောက်အောင်သုတ်ပြီး ညအိပ်ဝတ်စုံကို တစ်ခါတည်း ကောက်စွပ်ထားမိသည်။ ထို့နောက် ညစာစားဖို့ကိုပင် သတိမရတော့ပဲ ကုတင်ပေါ်သို့တက်ကာ စောင်အောင်ဝင်ပြီး ကိုယ့်ကိုယ်ကို လုံခြုံရာတစ်ခု အတင်းရှာနေမိသည်။ နာရီကို ကြည့်လိုက်တော့ ခုနစ်နာရီ...။
“ရေမြေခြားသွားရတော့..မင်းလေးကို ထားခဲ့ရပြီပေါ့....”
ဖုန်းရုတ်တရက်ဝင်လာသည်။ ကိုကို့ဖုန်း....။ မေသဲ ဝမ်းသာ အားတက်သွားရသည်...။
“ကို.. ကို...”
ဖုန်းကို အလောတကြီးပင် ထူးလိုက်သည်....
“..............................”
တစ်ဘက်မှ အသက်ရှူသံ ခပ်လေးလေးကို ကြားရတော့ မေသဲ စိတ်ပူသွားရသည်လေ....
“ကိုကို.. နေမကောင်းဘူးလားဟင်.. ကို...”
“သဲ... ............. ကို........................... ကို. ဘာ............... ထား...................ဟင်...”
တစ်ဘက်မှ ပြန်ပြောလာသော စကားတွေက ပြတ်တောင်းပြီး မပီပြင်နေ....။
“ကို... သဲမကြားရဘူး...”
“........................................ ”
“ကို... သဲပြောတာကြားလား... ဟဲလို.. ကို...”
“အင်း... ကြား.... တယ်...”
“ကို.. နေမကောင်းဘူးလားကွာ.. သဲ စိတ်ပူလာပြီ....”
“ကောင်း... ပါတယ်.... သဲ.. ဘာလို့ .. ကို့ကို ...... ကြောက်...”
“ဟင်.. ကို.. ဘာပြောနေတာလဲ.. ဘာကိုကြောက်တာလဲ...”
“သဲ... ထွက်..... တယ်... ထား... တယ်..  ကို... တစ်ယောက်...”
“ကို.. သဲ သေချာမကြားရဘူး... ကို...”“ကို... မောတယ်... ”
“ကို.............. သဲငိုချင်လာပြီကိုရာ... ဘာဖြစ်နေတာလဲ.. နေမကောင်းဘူးလား.. ကောင်းတယ်လဲပြောသေးတယ်.. ကို့အသံကမမှန်ဘူး.. တအားမောနေတဲ့အသံနဲ့.. သဲကိုပြောပါ.. သဲဘာလုပ်ပေးရမှာလဲ.. သဲဘာလုပ်ပေးနိုင်လဲ.. ကို.. သဲတအားစိတ်ပူတယ်ကွာ.. ”
“သဲ................ စိတ်မပူ................. ကို..... အဆင်ပြေ..............”
“အာ................... ကို........................... သဲ တစ်ကယ်ငိုမိတော့မယ်ကွာ... ကို................”
မေသဲ တအားစိုးရိမ်လာမိပြီလေ...။ ဒါကြောင့် လက်ပ်တော့ပ်လေးကိုဖွင့်ပြီး ကိုကိုနှင့် တစ်နိုင်ငံထဲတွင် အလုပ်လုပ်နေသူတို့ကို ဆက်သွယ်ဖို့ ဖေ့စ်ဘွတ်ခ်ကို ဝင်ဖို့ ကြိုးစားရသည်..။ တစ်ဘက်ကလဲ ဖုန်းကို အမျှင်မပြတ်ပြောနေမိသည်...
“ကို.................. မောနေရင်လဲ နားပြီးပြော..။ တစ်လုံးချင်း အေးဆေးပြော.. သဲ စိတ်ရှည်လက်ရှည်နားထောင်မယ်.. ကိုအခု ဘာဖြစ်နေလဲ..”
“အင်း........................ ကို... အခု ... သဲဘေး.......”
“ဟုတ်.....”
“.....................................”
“ကို...........”
“......................................”
“ကို... သဲကို ဘေးမှာ ရှိနေစေချင်တယ်ပြောတာလား...”
“ဟင့်.. အင်း.. မဟုတ်..... ဘူး...”
“ဟင်... ဘာကြီးလဲကိုရာ..”
“သဲ.. ဘေး..... မှာ.... ရှိ...”
“ဟုတ်...”
“တယ်.....”
“ဟင်.. သဲဘေးမှာ ရှိနေချင်တယ်ပြောတာလားကိုရယ်... ။ ကိုရယ်.. ပြန်လာခဲ့ပါတော့... ရှိရမှာပါ..။ သဲဘေးမှာပဲ ရှိရမှာပါ..။ ကိုပင်ပမ်းလိုက်တာ... သဲ.. ဟင့်.... ဟင့်.. သဲ ဘေးမှာပဲ ပြန်လာနေပါကိုရယ်...။ ဟင့်.. ကိုရှိရင် သဲဘဝက ပြည့်စုံပါတယ်..။ သဲတို့ တူတူ ကြိုးပမ်းရုန်းကန်ကြမယ်လေ... နော်... ဟင့်..”
“သဲ.... မဟုတ်....... မငို..... ကို... စိတ်.. မကောင်း....”
“ဟင့်.. ကိုက အဝေးမှာ ပင်ပမ်းနေတာ ကိုရာ... သဲတို့ နီးဖို့အတွက်နဲ့ ကို ဒီလောက် ရုန်းကန်နေတာ သဲ.. ဟင့်.. မခံစားနိုင်တော့ဘူး.. သဲ အရမ်းလွမ်းတယ်ကိုရာ...။ ပြန်လာလိုက်ပါ.. ကိုလဲ ခနခန နေမကောင်းဖြစ်နေတာ သဲစိတ်ပူတယ်...”
“..................”
“နော်ကို.... သဲ ဖေဖေနဲ့ မေမေကို သဲသေချာပြောထားတယ်.. ဖေဖေနဲ့မေမေလဲ စိတ်မကောင်းဖြစ်ပါတယ်.. ကို ဘာမှ စိတ်ပူမနေနဲ့.. သဲတို့ အဆင်ပြေပါတယ်... ကိုပြန်လာခဲ့နော်...”
“..........................”
“ကို..... သဲပြောတာကြားလား...”
ပြောနေရင်း လက်တော့ပ်လေးကို ကြည့်မိတော့ ဖေ့စ်ဘွတ်ခ်ထဲ ရောက်နေပြီဖြစ်တာကို တွေ့လိုက်ရသည်..။ ချက်ချင်းပဲ သူငယ်ချင်းစာရင်းထဲမှ ကိုကို့အချစ်ဆုံးဘော်ဒါ သက်နိုင်ထွန်း အကောင့်ကို ဖွင့်လိုက်သည်..။ တင်ထားသော စတေးတပ်စ်ကို မြင်တော့ မေသဲ မျက်စိတို့ ပြာသွားရသည်..။
“ဒီနေ့ ဆိုဒ်နံပါတ်သုံးမှာ မတော်တဆမှုဖြစ်တယ်.. မြန်မာနိုင်ငံသား သုံးယောက်လုံးပါသွားတယ်.. ကောင်းရာ သုဂတိ လားပါစေ...”
“ဟင်ူ... မဖြစ်နိုင်ဘူး.. .လုံးဝမဖြစ်နိုင်ဘူး.. ငါ့မျက်စေ့မှားနေတာ.. မေသဲဖြူ နင်စိတ်ဂယောင်ခြောက်ခြားဖြစ်နေတာ...”
မေသဲ ကိုယ့်ကိုယ်ကို ရေရွတ်မြည်တမ်းရင်း ကိုကို့အကောင့်ကို ဖွင့်လိုက်သည်.. ။ ကိုကို့ နံရံပေါ်မှာ.....

“သူငယ်ချင်း သန့်ခိုင်ဇော်... ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ...”
“ဖြစ်ရလေ သူငယ်ချင်းရယ်...”
“တောက်.. ငါမယုံနိုင်ဘူး... မင်း ပြန်လာခဲ့ ဇော်ကြီး...”
“ကိုဇော်... တစ်ကယ်ပဲလားဗျာ.. မယုံနိုင်ဘူး... ခင်ဗျားကြီး ဘာလို့ အလောတကြီး ထွက်သွားရတာလဲ...”
စာတွေကို ဆက်ဖတ်ဖို့ မေသဲဖြူ အားမရှိတော့..။ မျက်လုံးတွေ ဝေဝါးလာခဲ့သည်...။ နံရံတစ်ခုလုံးအပြည့် ကိုကို့အတွက် ဝမ်းနည်းဆုတောင်းတွေ...။ မေသဲ အချိန်ကို ကြည့်ဖို့ သတိရမိသည်...။ မြန်မာစံတော်ချိန် သုံးနာရီ...။
“ဟင်.. ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ဒီလူတွေ လျှောက်ရေးနေတာ...”
ဟုတ်သည်...။ သုံးနာရီမှာ မေသဲနှင့် ကိုကို အွန်လိုင်းမှာ ခိုးချက်ကြသည်ပဲ..။ ဘယ်လိုမှ မဖြစ်နိုင်..။ သုံးနာရီမှာ မတော်တဆမှုဖြစ်ပြီး ကိုကို ဆုံးသွားတယ်ဆိုတာ..။ လုံးဝကို မဖြစ်နိုင်.. မေသဲနှင့်ချက်နေတာကြီး..။ စဉ်းစားရင်းမှ ကိုကို့စကားတွေက တောင်စဉ်ရေမရ ကစဉ့်ကလျားတွေ ဖြစ်နေတာ မေသဲ သတိရလာသည်..။ ထိုစဉ်မှာပင် လက်ထဲမှာ ကိုင်ထားသော ဖုန်းမှ...
“သဲ...................... အခု.. ဘေးမှာ... ကိုရှိ....”
မေသဲဖြူ ကိုင်ထားသော ဖုန်း လက်ထဲမှ လွှတ်ကျသွားခဲ့သည်..။ တစ်ခုခုကို မေသဲ နားလည်သွားခဲ့ပြီ.....။
“ကို.................”
အကျယ်ကြီးအော်မိပြီး မေသဲ အခန်းကို ပတ်ပြီး ကြည့်လိုက်သည်..။ အခုမှ နှာခေါင်းထဲသို့ တိုးဝင်နေသော ကိုကို သုံးနေကျ ရေမွှေးနံ့လေးကို သတိထားမိလာသည်..။ အို.. တစ်ခန်းလုံး ထုံမွှမ်းနေပါလား...။ မေသဲ မျက်ရည်ဥတို့ ပြိုဆင်းလာရသည်..။
“ကို.............................အီး......................... ဟင့်.... ဟင့်.. .ကို...........”
ငိုသံတွေနှင့် ပလုံးပထွေးအော်လိုက်ရင်း မေသဲ ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်..။ ရေချိုးကန်ဘောင်ပေါ်မှာတော့ ချစ်သက်တမ်း လေးနှစ်မြောက် အမှတ်တရပေးထားသော ရေမွှေးဘူးလေး...။ မေသဲ သိပ်ကြိုက်သည့် ရေမွှေးဘူးလေး...။ လူမြင်မှာစိုး၍ အံဆွဲထဲ အမြဲထည့်ပြီး သိမ်းထားသော ရေမွှေးဘူးလေး..။ မေသဲ... ရေချိုးကန်နားမှာ ပုံကနဲ ခွေကျသွားရသည်..။ ထိုစဉ်.. အနောက်မှ တစ်ယောက်ယောက်က ပုခုံးကို လာကိုင်တာကို သိလိုက်ရသည်..။ မေသဲ မရုန်းမိတော့...
“ကို.......................”
“....... သဲ... ကိုယ့်ကို ခွင့်လွှတ်ပါ....”
“ကိုရယ်... သဲကို ဘာလို့ ထားသွားတာလဲ.. ကို...”
“ကို.. ကတိမတည်နိုင်တော့ဘူး... ”
“မပြောနဲ့ မကြားချင်ဘူး.. ကိုပြန်လာပါ... ကိုပြန်လာပါ.. မေသဲကို မထားသွားရဘူး.. မေသဲဖြူဟာ သန့်ခိုင်ဇော်မရှိလို့မဖြစ်ဘူး..”
“သဲ.... နေရစ်ခဲ့တော့.....နော်....”
“အား... ကို............ မသွားရဘူး..”
ပြောပြောဆိုဆို မေသဲ အနောက်ကို ဆတ်ကနဲလှည့်ပြီး ဖက်လိုက်သည်...။ လေဟာနယ်ကိုသာ ဖက်မိပြီး မေသဲ ရေချိုးခန်းကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်..။ ပြန်မထနိုင်တော့ပဲ.. သည်းထန်စွာ ငိုကြွေးမိတော့သည်..။
“သမီး.. သမီး....”
ဝုန်းဒိုင်း ဝုန်းဒိုင်း အသံများနှင့် အခန်းတွင်းသို့ ဖေဖေနှင့် မေမေ ဝင်လာတာကို သိလိုက်သည်..။ ထို့နောက် မေသဲသည်လဲ အမှောင်ထဲသို့ တိုးဝင်သွားခဲ့ရတော့သည်..။ နားထဲမှာတော့ ကိုကိုပြောသွားသည့်.. နေရစ်ခဲ့တော့... ဆိုသော စကားကိုသာ အဖန်ဖန်ကြားနေမိသည်..။ ထို့နောက်မှာတော့ လုံးဝ အမှောင်ဆုံးဆီသို့ တိုးဝင်သွားရင်း ...................................

အားလုံးကိုလေးစားလျှက်..
စိုင်းမွန်း




by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်