www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

အိမ်မက်ဆိုးများ မက်တတ်သော ဟောလိုဝင်း ပွဲတော်ည

အောက်တိုဘာလ(၃၁)ရက်နေ့ ညနေပိုင်းကို ဟောလိုဝင်းညနေခင်းအဖြစ် ကမ္ဘာနဲ့အ၀ှမ်း ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကြတဲ့ ယဉ်ကျေးမှုဟာ ယနေ့ တော်တော်လေး ကျယ်ပြန့်လာပါပြီ၊ ဘာသာတရားကိုးကွယ်ယုံကြည်မှုကို အပြင်းအထန် ဝေဖန်ဆန်းစစ်နေတဲ့ ယနေ့ခေတ် ကမ္ဘာ့လူငယ်တွေအကြား သရဲတစ္ဆေဆိုတာ ရင်ခုန်စရာ ကြည်နူးပျော်ရွှင်စရာပေးတဲ့ ပုံပြင်တစ်ပုဒ်လို ဖြစ်လာပါပြီ။ အထူးခြားဆုံးကတော့ယနေ့ (၂၁)ရာစု လူငယ်များဟာ သရဲတစ္ဆေဆိုရင် နောက်ဆုတ်သွားမယ့် ပုံစံမျိုး မဟုတ်တော့ပဲ ရှေ့တစ်လှမ်းတိုးပြီး စူးစမ်းဖို့မှတ်တမ်းတင်ဖို့ ခွန်အားသတ္တိတွေ တိုးပွားလာအောင် ပေးစွမ်းနေသလိုလို ….။

၁၂ ရာစု အလယ်ခေတ် ခရစ်ယာန်ဘာသာ ယဉ်ကျေးမှုကတဆင့်မွေးဖွားလာခဲ့တဲ့ Halloween eve၊ All Saints' Day နဲ့ All Souls' Dayတို့ဟာ အောက်တိုဘာလ (၃၁)ရက်၊ နိုဝင်ဘာလ(၁)နဲ့ နိုဝင်ဘာလ(၂)ရက်နေ့များအဖြစ် ဆက်တိုက် ဖြစ်နေတာမို့ ဒီအချိန် ဒီကာလနဲ့ပက်သက်ပြီး နာမ်ဝိညာဉ်များနှင့် သက်ဆိုင်သော မှတ်တမ်းမှတ်ရာများကလည်း အမျိုးအစား ခပ်များများပါ။ ဆောင်းဦးပေါက်ရာသီ(Autumn)ရဲ့ နောက်ဆုံးလဖြစ်သော နိုဝင်ဘာလကို ကူးပြောင်းလာချိန် ကမ္ဘာ့မြောက်ပိုင်းဒေသတွေမှာ နေရဲ့ အလင်းရောင်ကိုရရှိမှု တဖြေးဖြေး လျှော့နည်းလာကြပါတယ်။ နံနက်ပိုင်း ၈ နာရီ၊၉ နာရီမှာ နေထွက်တာကို မတွေ့ရနိုင်သေးသလို၊ ညနေခင်း ၄ နာရီလောက်ကစပြီး တဖြေးဖြေး စတင် မှောင်မိုက်လာလေ့ရှိပါတယ်။

လွန်ခဲ့သော (၂)နှစ်ခန့်က စာရေးသူဟာ ဟောလိုဝင်း ပွဲတော်တစ်ခုဆီ ရောက်ခဲ့ဖူးပါတယ်၊ အသိမိတ်ဆွေ အတော်များများလည်းအဲဒီပွဲကို သူတို့ရဲ့ သားသမီးတွေနဲ့ ဆူဆူညံညံ ပျော်ပျော်ရွှင်ရွှင်ပါဝင် ဆင်နွှဲကြပါတယ်။ ပွဲကို ဦးဆောင်ကျင်းပတဲ့ ဇနီးမောင်နှံဟာယူလန်(Jylland) ကျွန်း၊ အတွင်းဖက်ချောင်ကျကျ ကျေးရွာတစ်ခုမှာနေထိုင်သူတွေပါ၊ ပွဲလုပ်မယ့် ညနေခင်း သူတို့အိမ်ကို အချိန်နည်းနည်းစောပြီး ရောက်သွားတော့ သူတို့ခြံထဲ လျှောက်ပြီးကြည့်မိပါတယ်၊ သူတို့ခြံဟာ ဘုရားကျောင်းနဲ့ ကျောချင်းကပ်ပါ၊ခရစ်ယာန်ဘာသာရေး ထုံးစံအတိုင်း ဘုရားကျောင်းဝန်းထဲမှာသင်္ချိုင်းအုတ်ဂူတွေလည်း ရှိပါတယ်၊ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း အမြဲတမ်း ပြုလုပ်ထားပုံရတဲ့ ဘုရားကျောင်းထဲကသင်္ချိုင်းမြေဟာ ကြောက်စရာ အသွင်သဏ္ဍာန်မျိုး လုံးဝ မရှိပါ။

အိမ်ရှင် လင်မယားနှစ်ဦးမှာ ခင်ပွန်းဖြစ်သူဟာ ဘာသာမဲ့တစ်ဦးပါ၊ ဘယ်ဘာသာတရားမှ မကိုးကွယ်ပါဘူး၊ ကွန်မြူနစ် မာ့စ်ဝါဒီလို ရုပ်ဝါဒီမျိုးလည်း မဟုတ်ပါဘူး၊ သို့ပေမယ့် သူ့ကြည့်လိုက်ရင်အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်လို့ လူချစ်လူခင်လည်းအင်မတန် ပေါပါတယ်။ အမျိုးသမီးကတော့ ဗုဒ္ဓဘာသာဝင်ပါ။သူတို့လင်မယားဟာ အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေပါ၊ ငွေရေးကြေးရေးလည်း ပြည့်စုံပါတယ်။ သို့ပေမယ့်စီးပွားရေးနဲ့ ပက်သက်လာရင် ညတရေးနိုးတောင် အရောင်းအ၀ယ်ထ'လုပ်မယ့် လူစားမျိုးတွေပါ။ ဒီလိုနဲ့ ပွဲတော်စတဲ့အချိန်ကလေးတွေက မျက်နှာဖုံးတွေ စွပ်၊ သရဲပုံစံ မျက်နှာပေါ် ဆေးချယ်ပြီး အိမ်အရေအတွက် အနည်းငယ်ပဲ ရှိတဲ့ အဲဒီရွာထဲက အိမ်တွေဆီတစ်အိမ်တက် တစ်အိမ်ဆင်း တံခါးတွေခေါက်ပြီး ချောကလက်တို့အအေးဗူးတို့ အလှူလိုက်ခံကြပါတယ်။ ဘာသာတရား လုံးဝ မကိုးကွယ်တဲ့ အိမ်ရှင်မိတ်ဆွေအပါအ၀င် စာရေးသူနဲ့ တခြား လူကြီးအရွယ် သုံး … လေးဦးဟာ ကလေးတချို့ကို ရွာထဲက အိမ်တွေဆီဦးဆောင် ခေါ်သွားပြီး ဟောလိုဝင်း အလှူခံထွက်ကြပါတယ်။

မှောင်မဲပြီး တိတ်ဆိတ်ကာစ ညနေစောင်းရဲ့ မှောင်ရိပ်ပျိုချိန်မှာအဲဒီရွာထဲမှာတော့ တဟေးဟေး တဟားဟားနဲ့ ရယ်သံတွေလွှမ်းခြုံနေပါတယ်။ ဒီလိုနဲ့ ခဏလောက်နေတော့ မိတ်ဆွေခြံရဲ့အနောက်ဖက်မှာ ရှိတဲ့ ဘုရားကျောင်းလမ်းပေါ် စာရေးသူတို့အုပ်စုရောက်လာကြပါတယ်၊ အဲဒီအချိန်မှာ ဘုရားကျောင်း ရှေ့တည့်တည့်က ခြံထဲကနေ ခွေးတစ်ကောင်ရဲ့ စွဲစွဲငင်ငင် အူလိုက်တဲ့ အသံကြောင့် လမ်းလျှောက်လာကြတဲ့ တစ်ဖွဲ့လုံး ခေတ္တတိတ်ဆိတ်သွားပါတယ်။ ဟောလိုဝင်းပွဲတော် ဦးဆောင်ကျင်းပတဲ့ မိတ်ဆွေကိုသူ့နံဘေးက အသိတစ်ယောက်ကနေ မေးလိုက်ပါတယ် …အခု ခွေးအူသံ ထွက်လာတဲ့ ခြံက မင်း ထပ်ဝယ်လိုက်တဲ့ ခြံလားတဲ့၊ အဲဒီခြံမှာ သရဲခြောက်တယ်လို့ ခြံနီးနားချင်းတွေ ပြောတာကြားဖူးတယ်တဲ့ … အဲလိုလည်း မေးလိုက်ရော စာရေးသူရဲ့မိတ်ဆွေက သရဲတစ္ဆေကို သူအနေနဲ့ လုံးဝ မယုံကြည်ကြောင်း၊ လက်မခံကြောင်း ပြန်ပြောပါတယ်၊ အခုလို ခွေးအူသံဟာ တခါတရံ အခုလိုအဲဒီခြံထဲမှာရှိတဲ့ အိမ်ကနေ ထွက်လာသလိုလို ကြားရကြောင်းလည်း သူက ဆက်ပြောပါတယ်။

လက်ရှိ သူတို့ဇနီးမောင်နှံနေထိုင်တဲ့ ခြံနဲ့ သူတို့ထပ်ဝယ်လိုက်တဲ့ခြံဟာ အဝေးကြီးတော့ မဟုတ်ပါ၊ လက်ရှိခြံနဲ့ ဘုရားကျောင်းကကျောချင်းကပ် ဖင်ချင်းပေါက်၊ ထပ်ဝယ်တဲ့ခြံက ဘုရားကျောင်းရှေ့က ကားလမ်းရဲ့တစ်ဖက် မျက်နှာချင်းဆိုင်မှာပါ၊ စာရေးသူကသူ့ကို အခုလို အလယ်ကနေ သင်္ချိုင်းမြေ ကြားခံနေတဲ့ တစ်ဖက်အဆောက်အဦးမျိုးကို မ၀ယ်ယူသင့်ကြောင်း ပြောပြပါတယ်။စာရေးသူရဲ့ မိတ်ဆွေက သူ ထပ်ဝယ်လိုက်တဲ့ ခြံဟာ ဈေးအင်မတန်ပေါကြောင်း၊ အခုလို ဈေးချိုချို ၀ယ်ရဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စဖြစ်ကြောင်း၊ သူ့ဇနီးနဲ့ တခြားမိတ်ဆွေတွေကလည်း အခုလိုကြားမှာ သင်္ချိုင်းမြေ ကြားခံဖြစ်သွားမယ့် တစ်ဖက်ခြံကို ထပ် မ၀ယ်ဖို့ သူ့ကို တားကြကြောင်း ပြောပြပါတယ်၊ သရဲတစ္ဆေနာမ်ဝိညာဉ်ကို လုံးဝ လက်မခံတဲ့ သူ့အတွက် ပြဿနာ လုံးဝမရှိကြောင်းပဲထပ်ခါတလဲလဲ ပြောပြပါတယ်။ သို့ပေမယ့် ခွေးမရှိပဲ ထူးထူးဆန်းဆန်းခွေးအူသံထွက်လာတာကို သူလည်း အဖြေ ရှာမတွေ့ပါ။

အဲဒီမတိုင်ခင်က သူတို့ ဇနီးမောင်နှံဟာ ခွေးအူသံ ထွက်လာတဲ့အဲဒီခြံထဲမှာ အိမ်အသစ် ဆောက်ဖို့အတွက် အိမ်အဟောင်းကိုဖြိုချကြပါတယ်၊ အလုပ်သမားခ ဈေးကြီးလို့ဆိုပြီး သူတို့လင်မယားဟာ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ အိမ်ဟောင်းဖျက်တဲ့အလုပ်ကို လုပ်ကြပါတယ်။ တညမှာ ဇနီးဖြစ်သူဟာ အိမ်မက်တစ်ခုကို မက်ပါတယ်၊ အိမ်မက်ထဲတွင် ကုတင်ပေါ်မှာ သူ့ခင်ပွန်းတစ်ဦးတည်း အိမ်ပျော်နေပါတယ်၊ ကုတင်နံဘေးကနေ အစွယ်တငေါငေါဖြင့်ဒေါသထွက်နေသော ခွေးတစ်ကောင်က သူ့ယောက်ျားကို ကြည့်ရင်းဟောင်နေပါတယ်။ သူ့ယောက်ျားက အိပ်ပျော်နေရာကနေ လုံးဝမနိုးပါ၊ နောက်ဆုံးမှာ ခွေးက သူတို့ ကုတင်ပေါ် ခုန်တက်လာလို့ဇနီးသည်ဖြစ်သူ လန့်ပြီး အော်လိုက်ချိန်မှာ အိမ်မက်ကနေ လန့်ပြီးနိုးလာတယ်တဲ့ ...။

သူတို့လင်မယားက အဲဒီအိမ်မက်ကို ရယ်စရာအဖြစ် ဟောလိုဝင်းပါတီပွဲ ရောက်လာသူ အားလုံးကို ပြောပြပါတယ်။ မကြာခင် အဲဒီခြံထဲက အိမ်ဟောင်းဖြိုတာ ပြီးတော့မှာမို့လို့ ခွေးလည်း ဟောင်နိုင်တော့မှ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ မိတ်ဆွေများက သတိထားဖို့ တိုက်တွန်းမှုဟာ သူတို့လင်မယားအတွက် အရာ မထင်တော့ပါ။… အခုလို ဟောလိုဝင်းအချိန်ကာလမှာ ပေါက်ကရ အိမ်မက်ဆိုးတွေမက်တာ မထူးဆန်းပါဘူး … လို့ သူတို့ လင်မယားက ဆိုကြပါတယ်။

ဒီလိုနဲ့ဒီလိုနဲ့ဒီလိုနဲ့ … တစ်နေ့မှာတော့ စိတ်မကောင်းဖွယ် သတင်းစကားတစ်ခုကြားရပါတော့တယ်၊ ခင်ပွန်းဖြစ်သူဟာ ခြံထဲမှာ သန့်ရှင်းရေးလုပ်မယ်လို့ ပြောပြီး ထွက်သွားပါတယ်၊ တစ်နာရီပြီး တစ်နာရီ၊ အချိန်တော်တော်ကြာတဲ့အထိ အိမ်ထဲ ပြန်မလာပါ၊ ဒါကြောင့် ခြံအတွင်းလိုက်ရှာလိုက်တော့ သင်္ချိုင်းမြေနဲ့ ကပ်ရပ် ခြံထောင့်တစ်နေရာမှာ လဲကျနေတာကို တွေ့ရပါတယ်၊ ခြံနီးနားချင်းတွေ အကူအညီနဲ့ ဆေးရုံ အရေးပေါ်ကားကို ချက်ချင်းဆိုသလို ခေါ်ယူနိုင်ခဲ့ပါတယ်၊သို့ပေမယ့် … လဲကျနေတာကို တွေ့ရတဲ့ အချိန်ကတည်းကသူ့ခင်ပွန်းတွင် အသက်မရှိတော့ပါ …အဲဒီနောက်ပိုင်းက စပြီး သူတို့ထပ်မံဝယ်ယူခဲ့တဲ့ ခြံထဲကနေခွေးအူသံ ထွက်မလာတော့ပါ ….။

-စစ်ငြိမ်းဒီရေ

Credit to: http://www.pyustate.com/2011/11/blog-post.html

(၀ိညာဉ်)


by facebook page

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်