သရဲဆိုလို့ တော်တော်စိတ်ဝင်စားပါ၏။ ဒါမဲ့ တစ်ခါမှတော့
ခြောက်တာမခံဖူးသေးဘူး။ ကြုံလည်းမကြုံချင်ပါဘူး။ တော်ကြာသူများတွေပြောသလို
မျက်နှာမှာဘာမှမရှိဘူးဆို ဒုက္ခ..။ အိမ်သာထဲမှာလည်း အနေများတယ်ပြောကြတယ်။
ကျနော်အခုနေရာမှာ အိမ်သာက နည်းနည်းလှမ်းတယ်။ တော်ကြာ ချစ်လို့လာကျီစယ်ရင်
အာခိမိဒီကြီးလိုဖြစ်နေမှာ။ သူက ရေချိုးရင်းထပြေးတာဆိုတော့
သန့်သန့်ရှင်းရှင်း ... ကိုယ်က အိမ်သာထဲက ပြေးရမှာဆိုတော့ EE
တန်းလန်းနဲ့....... တွေးရဲဘူး တွေးရဲဘူး သားသားကြောက်။
အတွေ့အကြုံတွေ ကိုယ်စီဖလှယ်ကြတော့ ကျနော်သိတာလေးလည်း ပြောပြချင်ပါတယ်။ အမေတို့ရွာမှာ ဖြစ်ခဲ့တာလေးပေါ့။ အမေတို့ရွာကတော့ သောင်းဝေဦးဇာတ်လမ်းတွေထဲက ရွာတစ်ရွာပေါ့။ ရွာမှာ တပ်က ဗျူဟာကုန်းရှိတယ်။ ရွာကြီးတစ်ရွာလို့ ပြောလို့ရတယ်။ အဲဒီအချိန်တုန်းကတော့ အမည်းရောင်နယ်မြေပါ။ (အဖေတို့က စစ်ဆင်ရေးလာရင်းနဲ့ အမေနဲ့ဖူးစာဆုံတာ - ဖူးစာဆိုတာ အံ့သြပါ့ ဒီလောက်ဝေးကြီးဟာ - ဤကားစကားချပ်)
၁၉၆၀ နှစ်များဆီကပေါ့ ....အမေတို့ရွာအနီးမှာ တိုက်ကင်းထွက်လာတဲ့ တပ်ခွဲနဲ့ KNU နဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဖြစ်တာက လယ်ကွင်းအစပ်နားမှာလို့ ပြောတယ်။ (KNU ကို တပ်က ငပွေးလို့ခေါ်တယ် သိကြမှာပါနော် ..ကျနော်လည်းစာရိုက်ရင်း ဖောင့်ချိန်းရတာရှုပ်လို့ ငပွေးလို့ပဲပြောမယ် KNU ဟု သိကြပါကုန်) ကြိုစောင့်နေတဲ့ ငပွေးတွေက ကုန်းထိပ်တစ်ခုကနေလည်း ပွိုင့်ဖွိုက်(ထင်တာပဲ)နဲ့ ဆုတ်လမ်းကို ထိန်းချုပ်ထားတယ် ... မလူးသာ မလွန့်သာ အခြေအနေပေါ့ ... တပ်ဖက်က တပ်ကူတွေလည်းလာပါတယ် ... တိုက်ပွဲက နည်းနည်းကြီးတယ်လို့ ပြောရမလားပဲ နှစ်ရက်ကျော်လောက်ကြာတယ်.. နောက်ဆုံးတော့ ငပွေးတွေဆုတ်သွားပေမဲ့ နှစ်ဖက်စလုံး အကျအဆုံးတွေ ကိုယ်စီနဲ့ပေါ့ ...။
ဇာတ်လမ်းစတာက ဒီမှာပါ။ အလောင်းတွေကို သယ်ဖို့ ရွာကလှည်းတွေကို ဆင့်ပါတယ် ... ဘယ်နှစ်စီးလိုတယ်ပေါ့ ... အမိန့်နဲ့ဆိုတော့ လှည်းသမားတွေခမျာ သွားရတာပေါ့။ အဲဒါနဲ့ အလောင်းတွေကို လှည်းပေါ်တင်ပြီး သင်္ဂြိုဟ်မယ့် ကုန်းတစ်ခုစီကို သယ်ပို့ပေးရပါတယ်။ ရေတိမ်ချောင်းတစ်ခုကို ဖြတ်တော့ သိတဲ့အတိုင်း လှည်းဦးက ရှေ့ကိုနိမ့်ဆင်းသွားတဲ့အခါ နောက်ကအလောင်းတွေက လှည်းသမားကုတ်ကို လာပြီးခွစီးသလိုဖြစ်တာပါပဲ။ တစ်ချို့အလောင်းတွေက အသားတောင်ပွပြီး ကျချင်သလိုဖြစ်နေပါပြီ။ အသည်းငယ်တဲ့ လှည်းသမားတစ်ယောက်က နေရာမှာတင်မေ့ပြီး အပြင်းဖျားသွားပါတယ်။ (အဲဒါကြောင့် လူရွှင်တော်တွေပြောတာ အသည်းကြီးကြီးထား အသည်းကြီးကြီးထားဆိုတာ )
သတ်မှတ်နေရာမှာ အလောင်းတွေကိုထားပြီး ညရောက်တော့ မီးသင်္ဂြိုဟ်ပါတယ်။ အမေတို့ပြောတာတော့ ရွာထဲကနေတောင် မီးရောင်တွေကို မြင်နေရတယ်ဆိုပဲ။ အဲဒီတုန်းက ဖြစ်သွားတာလေးပါ။ နောက်ပိုင်းရွာမှာလည်း လူဦးရေများလာပြီး အမေတို့မောင်နှမတွေလည်း အရွယ်ရောက်လာကြတော့ အဘိုးက အမွေပေးတဲ့ခါ အဲ့ဒီမီးသင်္ဂြိုဟ်ခဲ့တဲ့ကုန်းကို အမေ့အကိုတစ်ယောက်က ရပါတယ်။ နှစ်တွေလည်း နည်းနည်းကြာခဲ့ပြီဆိုတော့ ဦးလေးကတော့ မကြောက်ဘူးပေါ့။ ကွမ်းသီးခြံစ,တည်ပါတယ်။ ညအိပ်ညနေသွားနေတဲ့အခါ သိပ်မခြောက်ပါဘူး။ ခြေထောက်လာဆွဲရုံလေးပါပဲ။ အဲလို ခြေထောက်လာဆွဲလိုက် ပြန်အိပ်လိုက်နဲ့ ခုဆို ကွမ်းသီးခြံကြီး ဖြစ်နေပါပြီ။ သရဲခမျာတွေလည်း သူတို့နေဖို့ အရိပ်အာဝါသလာစိုက်ပေးတာ သိသွားပုံရပါတယ်။နောက်ပိုင်းတော့ ခြောက်တယ် လှန့်တယ် အသံမကြားရတော့ပါဘူး...။
ကြားဖူးနားဝ ရှိသလောက် ပြန်ပြီး ဖောက်သည်ချတာပါ။
Credit to http://mmcybermedia.com/community/index.php
One of Admins
by facebook page

0 comments:
Post a Comment