www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

*** ဂျော်နီလေးရဲ့ဟာသများ…

*** လက်တွေ့အသုံးချပညာ…

…မုန့်မှာထားသော အိမ်တစ်အိမ်ကို ဂျော်နီ ပီဇာမုန့်သွားပို့ရတယ်၊
“ဘောက်ဆူး ဘယ်လောက်ပေးရမလဲ” မုန့်လက်ခံတဲ့လူကြီးက အသံခပ်အစ်အစ်နဲ့ မေးတယ်။
“ကျွန်တော်က အခုမှ ပထမဆုံးအကြိမ် အိမ်ကို ပို့ပေးဖူးတာပါ၊ ဟိုကောင်တွေကတော့ ဦးလေးဆီက ငွေတစ်မတ် ဆုကြေးရရင် မင်းသိပ်တော်လို့ပဲလို့ ပြောလိုက်တယ်” ဂျော်နီက ခပ်ရို့ရို့ ပြန်ဖြေတယ်။
“ဟုတ်သလား၊ အခု ငါက မင်းကို ငါးဒေါ်လာ “တစ်” ပေးလိုက်မယ်ကွာ”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဒီပိုက်ဆံကို ကျွန်တော်တို့အဖွဲ့ရဲ့ စုငွေထဲကို ထည့်လိုက်ပါ့မယ်”
“ဒါနဲ့ ငါ့တူက ကျောင်းမှာ ဘာတွေ သင်နေသလဲ” လူကြီးက စပ်စုတယ်။
“အသုံးချစိတ်ပညာပါ” ဖြေပြီးတာနဲ့ ဂျော်နီ လှည့်ပြန်လာခဲ့တယ်။


*** အရှည်ဆုံးမြစ်…

…ဆရာက ပထ၀ီဘာသာသင်နေတယ်၊ သူက မြစ်ကြီးတွေအကြောင်း ရှင်းပြနေရင်း အခုလို မေးတယ်။
“ကမ္ဘာမှာ အရှည်ဆုံးမြစ်ကို သိသလား ဂျော်နီ”
“ဆရာ မသိရင် ကျွန်တော်စာအုပ်ထဲမှာ ရှာပေးမယ်လေ” ဂျော်နီက ခပ်တည်တည်ပဲ ထဖြေတယ်။ 




*** အလောင်းအစား…
…ဂျော်နီ ကျောင်းအသစ်မှာ ကျောင်းတက်ရမှာမို့ သူ့ဖေဖေက ဆရာမကို လိုက်အပ်တယ်။ သားက အလောင်းအစား အလွန်ဝါသနာပါတဲ့အကြောင်းလည်း ဆရာမကို သူက သတိပေးတယ်။ ဆရာမက ကိစ္စမရှိပါဘူး၊ ဒီထက်မကဆိုးတဲ့ ကျောင်းသားတွေကိုတောင် သူကိုင်တွယ်နိုင်ပါတယ်ဆိုပြီး စိတ်ချလက်ချ ထားခဲ့ဖို့ပြောတယ်။
…ညနေကျောင်းဆင်းချိန်ကျတော့ သူ့ဖေဖေက ဂျော်နီကို လာကြိုရင်း အခြေအနေ ဘယ်လိုရှိသလဲလို့ သူ့ဆရာမကို မေးတယ်။
“ကျွန်မ သူ့အလောင်းအစား ၀ါသနာကို ရိုက်ချိုးပစ်လိုက်ပြီ” ဆရာမက ပြောတယ်။ “သူက ကျွန်မတင်ပါးမှာ မှဲ့ကြီးတစ်လုံးရှိတယ်လို့ ငါးဒေါ်လာကြေး အလောင်းအစား ထပ်လာတယ်။ ခုတော့ သူ ရှုံးသွားပြီလေ”
“တောက်…ဒီကောင်ကွာ” ဂျော်နီ့ဖေဖေ အတော် ဒေါကန်သွားပုံရတယ်။
“ဘာဖြစ်လို့လဲရှင့်” ဆရာမ မျက်စိလည်သွားတယ်။
“မနက်က ဒီကောင် ကျုပ်နဲ့  ဒေါ်လာတစ်ရာကြေး အလောင်းအစား လုပ်သွားတယ်လေ။ ဒီနေ့ ဆရာမ တင်ပါးကို သူရအောင် ကြည့်ခဲ့မယ်တဲ့”



*** ဗိုက်ထဲမှာ…
…ဥယျာဉ်ထဲမှာ တစ်ခုခုကို မြေဖို့နေတဲ့ မေရီကို ဂျော်နီ မြင်သွားတယ်၊ မျက်လုံးတွေမို့ပြီး ငိုထားတဲ့ပုံပေါက်နေတဲ့ မေရီကို စူးစမ်းချင်စိတ်နဲ့ သူမေးကြည့်တယ်။
“ဘာလုပ်နေတာလဲ မေရီ”
“ငါ့ရွှေငါးလေး သေသွားလို့ သူ့ကို မြေမြုပ်နေတာ” မေရီက မော့မကြည့်ဘဲနဲ့ ပြောတယ်။
“အို ဟုတ်လား၊ ရွှေငါးလေးကို မြေမြုပ်တာ ကျင်းက အကြီးကြီးပါလား” ဂျော်နီ့အသံက ဂရုဏာသံနဲ့ အံ့သြဟန် ရောစွက်နေတယ်။
“ဟုတ်တယ်၊ ငါ့ရွှေငါးက နင်ကြောင်ရဲ့ ဗိုက်ထဲမှာလေ” မေရီက နောက်ဆုံး မြေကြီးတစ်ဆုပ်ကို ဖို့ရင်း ဖြေလိုက်တယ်။



*** ဒဿမကိန်း…
…ဆရာမက ဒဿမကိန်းတွေရဲ့အကြောင်း သင်နေတယ်။ သူက ကျောက်သင်ပုန်းပေါ်မှာ ၁၀.၉ လို့ ချရေးပြပြီးမှ ဒဿမ(.)ကို ဖျက်ပစ်လိုက်တယ်။
“ကဲ ဂျော်နီ၊ အခု ဒဿမ ဘယ်ရောက်သွားပြီလဲ”
…ဂျော်နီက မဆိုင်းမတွဘဲ ချက်ချင်းထဖြေတယ်။
“ဘောဖျက်မှာပါသွားပြီ ဆရာမ”





*** ဒါပဲလုပ်…
…ဆရာက စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ သူတို့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တွေအကြောင်း သင်ပြီးတဲ့နောက် သူ့တပည့်တွေ ဘယ်လောက်မှတ်မိသလဲဆိုတာ ပြန်မေးကြည့်တယ်။
“ဂျိုး ဖြေပါဦး၊ ခင်မင်ဖော်ရွေတဲ့ ကောင်းကင်ရင်ခွင်ဆီကို ပျံသန်းလာခဲ့ပါ ဆိုတာ ဘယ်ကုမ္ပဏီရဲ့ဆောင်ပုဒ်လဲ ”
…ဂျိုးက အဲဒီဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ လေယာဉ်ကုမ္ပဏီရဲ့ အမည်ကို မှန်အောင်ဖြေနိုင်တယ်။
“လင်ဒါ ဖြေပါဦး၊ သူမပါဘဲ အိမ်ကနေ ဘယ်မှမသွားပါနဲ့ဆိုတာက ဘယ်ကုမ္ပဏီရဲ့ဆောင်ပုဒ်လဲ”
…လင်ဒါက အကြွေးဝယ်ကတ်ပြားတွေထုတ်တဲ့ ဘဏ်ရဲ့နာမည်ကို မှန်အောင်ဖြေနိုင်တယ်။
“ကဲ ဒီတစ်ခါတော့ ဂျော်နီ့အလှည့်ပဲ၊ ဒါပဲလုပ် ဆိုတဲ့ ဆောင်ပုဒ်ကကော ဘယ်ကုမ္ပဏီရဲ့ ဆောင်ပုဒ်လဲ၊ မှန်အောင် ဖြေပါ။”
…ဂျော်နီက သွက်သွက်လက်လက် ထဖြေတယ်။
“မာမီပါ”


*** တကယ်လုပ်မယ့်သူတွေ…
…သားတော်မောင် ဂျော်နီ သင်္ချာညံလွန်းလို့ မိဘတွေ စိတ်ညစ်နေကြတယ်။ ကျူရှင်ဆရာပေါင်းစုံသာမက ဗေဒင်ဆရာတွေဆီ၊ နတ်ကတော်တွေဆီအထိလည်း ရောက်ပြီးပြီ။ ဂျော်နီရဲ့အခြေအနေ တိုးတက်မလာဘူး။ နောက်ဆုံးတော့ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပေးချက်အရ ခရစ်ယာန်ကက်သလစ်ကျောင်းတစ်ခုက ဖွင့်ထားတဲ့ကျောင်းကို ပို့လိုက်တယ်။
…ထူးခြားမှုက ပထမဆုံး ကျောင်းကပြန်လာတဲ့နေ့မှာ စတယ်။ ခါတိုင်း အကစားမက်တဲ့ ဂျော်နီဟာ ကျောင်းက ပြန်ရောက်တာနဲ့ သူ့အခန်းထဲကို တန်းတန်းမတ်မတ် ၀င်သွားပြီး သင်္ချာပုစ္ဆာတွေနဲ့ နပမ်းလုံးတော့တယ်။ ထမင်းစားပြီးတော့လည်း စာကြည့်စားပွဲကို ချက်ချင်းပြန်ထိုင်တာ ညအိပ်ချိန်အထိပဲ။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက် ကြိုးစားနေလိုက်တာ နောက်တစ်လ လပတ်စာမေးပွဲဖြေပြီးချိန်မှာတော့ သင်္ချာဘာသာမှာ “အေ” အဆင့်ရတဲ့ သားတော်မောင်ရဲ့ တိုးတက်မှုကို မယုံနိုင်စရာ တွေ့လိုက်ကြရတယ်။
…အံ့သြ၀မ်းသာနေတဲ့ အဖေနဲ့အမေက ဂျော်နီရဲ့အခန်းထဲထိလိုက်ပြီး စကားပြောကြတယ်။
“သားအခုလို အေ အဆင့်ရအောင် တိုးတက်လာတာ သီလရှင်တွေကြောင့်လား” အမေက တအံ့တသြနဲ့ မေးတယ်။
“မဟုတ်ဘူး”
“ဒါဆို အနီးကပ်သင်ပေးတဲ့ ဆရာမကြောင့်လား”  အဖေက ၀င်မေးတယ်။
“မဟုတ်ဘူး”
“စာအုပ်တွေကြောင့်လား”
“မဟုတ်ဘူး”
“သင်ပုံသင်နည်းကောင်းလို့လား”
“မဟုတ်ဘူး”
“ဒါဆို ဘာကြောင့်လဲ” အဖေနဲ့အမေက ဂျော်နီကို တစ်ယောက်တစ်လှည့် ၀ိုင်းမေးနေကြတယ်။
“တစ်ခုမှ မဟုတ်ဘူး”
…ဂျော်နီက သူ “အေ” အဆင့်ရတဲ့အကြောင်းကို အခုလို ရှင်းပြတယ်။
“ကျောင်းကို စရောက်တဲ့နေ့က အ၀င်ဝမှာ ချိတ်ထားတဲ့ပုံ တစ်ပုံကို တွေ့တယ်မဟုတ်လား၊ လက်ဝါးကပ်တိုင်မှာ သံရိုက်ခံထားရတဲ့ လူတစ်ယောက်ရဲ့ပုံလေ၊ အဲဒီပုံကို တွေ့လိုက်ကတည်းက ဒီကျောင်းက တကယ်လုပ်မယ့်ကျောင်းဆိုတာ သိသာတယ်လေ”


*** လက်လျော့ပြီလား…
…မျက်နှာကို ပေါင်းတင်တဲ့ ဆေးရည်တွေနဲ့ လိမ်းကျံနေတဲ့ အမေကို စိတ်ဝင်တစားကြည့်ရင်း ဂျော်နီက မေးတယ်။
“အမေ ဘာလို့ အဲဒါတွေ လိမ်းနေတာလဲ”
“လှအောင်လို့ပေါ့ သားရဲ့”
…နောက်မိနစ်အနည်းငယ်ကြာတော့ မျက်နှာပေါ်က ဆေးတွေကို ဖျက်ပစ်နေတဲ့ အမေကို ကြည့်ရင်း ဂျော်နီက ထပ်မေးတယ်။
“ဘာဖြစ်လို့လဲ အမေ၊ လက်လျှော့လိုက်ပြီလား”

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်