တစ်နေ့မှာ နတ်ပြည်ကသိကြားမင်းနဲ့ ငရဲပြည်ကငရဲမင်းတို့ တွေ့ဆုံပြီး
နတ်ပြည်နဲ့ ငရဲပြည်ကိုတိုက်ရိုက်ဆက်သွယ်ပေးမယ့် အထူးအမြန်ရထားလမ်းကြီး
တစ်လမ်းအမြန်ဖောက်ဖို့ သဘောတူသတဲ့..။ ကြားဘူတာအနေနဲ့ လူ့ပြည်ကိုသတ်မှတ်ပြီး
နှစ်ဖက်ရဲ့ လမ်းဖောက်လုပ်ရေးရဲ့ ဆုံမှတ်ကလည်း လူ့ပြည်ပဲဖြစ်ပါတယ်တဲ့..။
ငရဲပြည်ကဖောက်လာတဲ့လမ်းပိုင်းနဲ့ နတ်ပြည်ကဖောက်လာတဲ့လမ်းပိုင်း နှစ်ဖက်ဟာ
အလယ်ဖြစ်တဲ့ လူ့ပြည်မှာလာဆုံမယ်ဆိုပြီး သဘောတူကြသတဲ့..။
ဒီလိုနဲ့ ငရဲမင်းကြီးလည်း အားကြိုးမာန်တက်နဲ့ ဖောက်လိုက်တာ တစ်ပါတ်လောက်ကြာတော့ လူ့ပြည်ရောက်ဖို့ လမ်းခုလတ်ကို ရောက်လာရောတဲ့..။ “ငါ့ဖက်ကတောင် ဒီလောက်ပြီးနေပြီဆိုတော့ နတ်ပြည်ဖက်ကလည်း တော်တော်ပြီးလောက်ပြီ”..ဆိုပြီး အပေါ်ကိုမော့ကြည့်တော့.. ဘာလုပ်ငန်းမှမစသေးတာတွေ့သတဲ့..။ ဒါနဲ့ “သူတို့ဖက်က ပြီးတယ်မပြီးတယ်က သူတို့အပိုင်းပဲ..။ ကိုယ့်ဖက်ကတော့ တာဝန်ကျေဖို့လိုတယ်”…လို့ စိတ်ကတွေးပြီး ရထားလမ်းကြီးဆက်ဖောက်တာပေါ့..။ နောက်တစ်ပါတ်လောက်ထပ်ကြာတော့ ငရဲမင်းကြီးရဲ့ ရထားလမ်းကြီးက သတ်မှတ်ဆုံရပ်ဖြစ်တဲ့ လူ့ပြည်ကိုရောက်လာပါရော…။ ဒီတော့ ငရဲမင်းကြီးလည်း အပေါ်ကိုတစ်ခါ ထပ်မော့ကြည့်တော့ နတ်ပြည်ဖက်က ဘာလှုပ်လှုပ်ရှားရှားရှိတယ်မှ မတွေ့တော့ နဲနဲတင်းသွားတယ်..။ “ဒီလောက်ဖြစ်တဲ့ သိကြားမင်းဆိုတဲ့ကောင်.. အလကားရေသာခိုနေတယ်.. မထူးဘူး..တစ်ခါတည်းဖောက်လက်စနဲ့ ငါကပဲဒီလမ်းကို နတ်ပြည်အထိအပြီးဖောက်လိုက်တော့မယ်..”..ဆိုပြီး ဒေါနဲ့မောနဲ့အမိန့်ပေးပြီး ဆက်ဖောက်လိုက်တဲ့ ရထားလမ်းကြီးလည်း နောက်နှစ်ပါတ်လောက်ကြတော့ နတ်ပြည်တံခါးဝထိ ရောက်လေရော ဆိုပဲ…။
ဒါနဲ့ ငရဲမင်းကြီးလည်း သိကြားမင်းကိုတွေ့ပြီး ပွမ်တော့တာပေါ့…။ “ခင်ဗျားကြီးကပြောတော့ တစ်မျိုး.. လုပ်တော့တစ်မျိုး..။ ခုပေးမယ်ပြောပြီး အချိန်ဆွဲနေတာ.. နှစ်တွေလည်းမနဲတော့ဘူး… ဘာဖြစ်တယ်ညာဖြစ်တယ်…”..ပေါ့..။ ဒီတော့ သိကြားမင်းက လေသံအေးလေးနဲ့ပြန်ဖြေရှင်းပါတယ်..။
“အင်း…ခင်ဗျားပြောတော့လည်း ခံရတော့မှာပဲဗျ..။ မတတ်နိုင်ဘူးလေဗျာ..။ အင်ဂျင်နီယာတို့၊ဆောက်လုပ်ရေးအရာရှိတို့၊ကန်ထရိုက်တို့ ဆိုတာ သေရင်ခင်ဗျားဆီပဲ ရောက်တာကလား..။ ကျူပ်ဆီမှာ အဲလိုကောင်တွေမရှိတော့ အလုပ်ဘယ်ကစလုပ်ရမှန်းကိုမသိတာ..။ “…တဲ့ဗျား…။

0 comments:
Post a Comment